ပိုးသားတိမ်မျှင် ကင်းစေချင်

ပိုးသားတိမ်မျှင် ကင်းစေချင်
Published 2 September 2017

ပခုက္ကူမြို့ သီတဂူစက္ခုဒါန တံတားဦးဆေးရုံသို့ မျက်စိလာရောက် ပြသနေသည့် ပခုက္ကူဒေသခံများအား မေ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ကျွန်တော်သည် စစ်တွေဆေးရုံကြီး မျက်စိကုသဆောင်တွင် တာဝန်ကျနေသော လက်ထောက ်ဆရာဝန်ဖြစ်သည်။ မျက်စိကုသဆောင်၏ ချစ်စဖွယ် ဓလေ့တစ်ခုမှာကား ဝန်ထမ်းအားလုံး မိသားစုလို လက်ပွန်းတတီး ဆက်ဆံတတ်ကြခြင်းပင်ဖြစ်သည်။

မျက်စိကုသဆောင်တွင် တာဝန်ကျနေစဉ်အတွင်း မျက်စိဝေဒနာရှင်မျိုးစုံနှင့် ထိတွေ့ခဲ့ဖူးပြီ။ မျက်စိကုသဆောင်သို့  လာရောက် ဆွေးနွေးတိုင်ပင်သော လူနာများမှာ အလွှာမျိုးစုံ။ မြို့နေလူတန်းစား ပါသလို ဟိုး ချင်းပြည် နယ် ပလက်ဝဘက်ကလည်း ရှိသည်။ ကျန်မာရေးအသိပညာရှိသူများ လာပြကြသကဲ့ သို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုပင် ကောင်းကောင်းနားမလည်သော အောက်ခြေလူတန်းစားများလည်း ပါသည်။ လူနာအများစုမှာ အတွင်းတိမ်ဝေဒနာရှင်များ ဖြစ်သည်။

တစ်ခုသော ညနေတွင် ကျွန်တော်သည် ခြေခင်းလက်ခင်းသာသဖြင့် အေးအေးလူလူ ဖေ့စ်ဘုတ်သုံးဖြစ်သည်။ ထိုအချိန်တွင် မျက်စိ ကုသဆောင်တွင် ဂျူတီကျနေသော သူနာပြု ဆရာမလေး ဖြူဖြူခင်  (ကျွန်တော်တို့အခေါ် ဘုတ်ဘုတ်) က “ဆရာကံရေ ဗီဒီယိုတစ်ခု ပို့လိုက်မယ်” ဟု Messengers မှ စကားလာ ပြောသည်။

“ဟဲ့ ဘုတ်ဘုတ် ဘာများလဲဟဲ့ အလန့်တကြားနဲ့”

“ကြည့်သာကြည့်လိုက်ပါ  ဆရာကံရေ” ဟုဆိုတော့ သူ ပို့လိုက်သော ဗီဒီယိုကို ဖွင့်ကြည့်ဖြစ်သည်။

အားလားလား။ အတွင်းတိမ်ခွဲထားသော အဘွားကြီးများ ဝိုင်းဖွဲ့ကနေကြတဲ့ ဗီဒီယိုပါလား။ သီချင်းကလည်း ဆိုလိုက်ကြသေးသည်။

“ပျော်လွန်းလို့တဲ့ ဆရာကံရေ။  မနက်ဖြန် ဆေးရုံက ဆင်းရတော့မှာမို့လို့တဲ့”

“ဟေ” ဟုသာ ရေရွတ်နိုင်သည်။

မနက် ဆေးရုံရောက်တော့ ပုံမှန်လူနာ ကြည့်နေကျအတိုင်း လိုက်ကြည့်ဖြစ်သည်။

“ဟာ အဘွား၊ မနေ့ညက ကနေတဲ့ အဘွား မဟုတ်ဘူးလား”

“ဟီး ဟုတ်တယ် ဆရာ။ ပျော်လွန်းလို့ ပါ။ မျက်စိခွဲပေးတဲ့ ဆရာကြီး ဒေါက်တာမိုးကျော်နဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ရာထူးရာကန်တွေ တိုးတက်ကြပါစေကွယ်” ဟု အထပ်ထပ် ဆုပေးရှာသည်။

ထိုအဘွားကြီးမှာ အသက် (၈၀) ကျော်ပြီ။ ပေါက်တောမြို့နယ် ဂြင်းချောင်းကျေးရွာမှ ဖြစ်သည်။ မျက်စိနှစ်ဖက်လုံးအတွင်း တိမ်ရောဂါဖြင့် ရေးရေးလေးသာ မြင်တော့သည်။ ရပ်ဆွေရပ်မျိုးများကလည်း

“အသက်ကဖြင့် ၈၀ ကျော်နေပြီ။ ခွဲစိတ်နေလို့ ဘာထူးမှာလဲ။ ဒီအတိုင်းပဲ ထားလိုက်ပါတော့” ဟု ဆိုသည်။

နိစ္စဓူဝကိစ္စတိုင်းကို သူတစ်ပါး အကူအညီဖြင့် ဖြေရှင်းနေရာမှ မျက်စိအလင်းရလာသော အမေအို၏ ပီတိကို ကျွန်တော် စာနာနိုင်ပါသည်။ ညတုန်းက ကသည့်အဖြစ်ကို ကရုဏာဒေါသောဖြင့် ပြောဦးမည်ဟု ရည်မှန်းထားသမျှတို့ ပြေလျော့သွားကြသည်။  “သေရမယ်ဆိုရင်တောင်မှ မြင်ပြီးမှပဲ သေမယ်” ဟု  ပြောသွားသော အဘွား၏ စကားတို့ ကြားယောင်နေမိသည်။

မှန်ပါသည်။ အဘွားလိုမျိုးကုသနိုင်သော ရောဂါဖြစ်ပါလျက် မကုသဘဲ စက္ခုအလင်း  ကွယ်ပျောက်နေသော လူနာပေါင်း မည်မျှ ရှိမည်လဲ။ ဆေးရုံဆေးခန်းသို့ မလာနိုင်၍လား၊ လာရကောင်းမှန်း မသိ၍ပဲလား။ အဘွားကဲ့ သို့ လူနာများ ဒုနှင့်ဒေး ရှိပါလိမ့်မည်။ ထိုသူများကို အပြစ်တင်စောကြောရန် ကျွန်တော်  မရဲပါ။ လူမှုစီးပွား အခြေအနေ၊ ကျန်းမာရေး ဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်ပါလိမ့်မည်။

အမှန်စင်စစ် အတွင်းတိမ်ရောဂါမှာ ကုသနိုင်သော မျက်စိကွယ်ရောဂါဖြစ်သည်။  ကမ္ဘာတစ်ဝန်း မျက်မမြင်ဖြစ်ရခြင်း၏ အဖြစ်အများဆုံး ရောဂါလည်းဖြစ်သည်။ အတွင်းတိမ် ဆိုသည်မှာ မျက်လုံးအတွင်းရှိ မှန်ဘီလူးငယ် အကြည်ဓာတ် ပျောက်ဆုံးသွားခြင်းပင်  ဖြစ်သည်။ အကြည်ဓာတ် ပျောက်ဆုံးသွားသဖြင့် မျက်လုံးအတွင်းသို့  အလင်း မဝင်ရောက်နိုင်တော့ချေ။ အကြည်ဓာတ်ပျောက်ဆုံးသော ပမာဏကို လိုက်၍ အတွင်းတိမ် အနုအရင့် အဖြစ် ဆရာဝန်များက သတ်မှတ်ကြသည်။

အတွင်းတိမ်ရောဂါ ဖြစ်ရသော အကြောင်းရင်းများစွာ ရှိသည်။ အသက်ကြီး၍ မှန်ဘီလူးငယ် အကြည်ဓာတ် ပျောက်ဆုံးခြင်းလည်း ဖြစ်နိုင်သည်။ ဆီးချိုကဲ့သို့သော ရောဂါမျိုးနှင့်လည်း တွဲဖြစ်တတ်သည်။ အရေပြားရောဂါအချို့နှင့် ဆက်စပ်သည်။ ရေတိမ် ရောဂါနှင့်လည်း တွဲဖက်ဖြစ်တတ်သည်။ အချို့လူနာများတွင် မျက်လုံးကို ထိခိုက်ဒဏ်ရာရမိ၍ ဒဏ်တိမ်စွဲကပ်သော အတွင်းတိမ်မျိုးလည်း ဖြစ်နိုင်သည်။

လူတိုင်း အသက် ၄၀ ကျော်သောအခါ  မှန်ဘီလူးငယ်၏ ကျုံ့ဆန့်နိုင်စွမ်း ကျလာသည်။ ထိုအခါ မျက်စိမှုန်လာတတ်သည်။ ထို အခြေအနေမျိုးကို မျက်မှန်တပ်ပေးခြင်းဖြင့်  ပုံမှန်အမြင် ပြန်ရတတ်သည်။ ထို့ကြောင့် အသက် ( ၄၀ ) ကျော် မျက်စိမှုန်လာသူများအနေဖြင့် အတွင်းတိမ်ကြောင့် မျက်စိမှုန်ခြင်း နှင့် မျက်မှန်လိုအပ်ခြင်းကြောင့် မျက်စိမှုန်ခြင်းကို ခွဲခြားနိုင်ရန်အတွက် မျက်စိအထူးကုဆရာဝန်နှင့် ပြသသင့်သည်။

အချို့လူနာများက မေးလေ့ရှိကြသည်။ အတွင်းတိမ် ဘယ်အချိန်မှာ ခွဲစိတ်မှုခံယူသင့်လဲ။ မေးသင့်သည့် မေးခွန်းတစ်ခုဖြစ်ပါသည်။  အတွင်းတိမ်ရောဂါသည် အရေးပေါ် ခွဲစိတ်ရန်လိုအပ်သော ရောဂါမျိုး မဟုတ်ပါ။ နိစ္စဓူဝလုပ်ငန်းများကို လုပ်ဆောင်ရန်ပင် စက္ခုအလင်း မရသောအခါ ခွဲစိတ်မှုခံယူသင့်သည်ဟု  အကြမ်းဖျင်း ပြော၍ရသည်။

သို့သော် အတွင်းတိမ်ကြောင့် ဆက်စပ် ဖြစ်ပေါ်တတ်သော ရေတိမ်ရောဂါ စွဲကပ်လာပါက ခွဲစိတ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဆရာဝန်များက ရှင်းပြရပါသည်။ ထိုအခြေအနေမျိုးတွင် စက္ခုအလင်းပမာဏနှင့် မသက်ဆိုင်ဘဲ ရောဂါအခြေအနေအရ ခွဲစိတ်ရခြင်းဖြစ်သည်။

အတွင်းတိမ် ခွဲစိတ်လိုက်လျှင် မျက်စိအလင်း ပြန်ရမည်လားဟု အချို့ကမေးကြသည်။ အတွင်းတိမ်ရောဂါ တစ်မျိုးတည်းသာရှိသော မျက်လုံးများဆိုလျှင် ခွဲစိတ်မှုအောင်မြင်ပါက မျက်စိအလင်းပြန်ရပါသည်။

အတွင်းတိမ် ခွဲစိတ်ခြင်းဆိုသည်မှာ အကြည်ဓာတ်ပျောက်ဆုံးနေသော မူလမှန်ဘီလူးငယ်ကိုထုတ်၍ အထူးပြုလုပ်ထားသော  မှန်ဘီလူးငယ်ဖြင့် အစားထိုးထည့်ပေးရသော  ခွဲစိတ်မှုမျိုးဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အအောင်မြင်ဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အတွင်းတိမ်ခွဲစိတ်ပြီးပါလျက်  မျက်စိနောက်ထဲရှိ အာရုံကြောအားနည်းမှုကြောင့် မျက်စိအလင်း လျော့နည်းရခြင်းမျိုးဖြစ်နိုင်သည်။ ခွဲစိတ်နေစဉ်အတွင်း မျက်စိသွေးယိုခြင်း၊ ခွဲစိတ်ပြီး ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ခြေရှိသည်။ ခွဲစိတ်ပြီး ပိုးဝင်ခြင်းမှာ ဖြစ်နိုင်ရန် ရာခိုင်နှုန်း နည်းပါးလွန်းသည်။ သို့သော် ဖြစ်နိုင်ခြေရှိသည်ကိုတော့ လူနာကို အသိပေးထားရသည်။

ထို နောက်ဆက်တွဲ ဆိုးကျိုးအနည်းငယ်မှလွဲ၍ အတွင်းတိမ်ခွဲစိတ်ခြင်းသည် ကမ္ဘာတစ်ဝန်း အအောင်မြင်ဆုံး ခွဲစိတ်မှုတစ်ခုပင် ဖြစ်သည်။

“မျက်စိအဆုံး နားအရှုံး”  ဟု ဆိုသကဲ့ သို့ မျက်စိအလင်း မရခြင်းသည် ကြီးစွာသော ဆုံးရှုံးမှုပင်ဖြစ်သည်။ ကုသနိုင်သော ရောဂါ  ဖြစ်ပါလျက် မျက်စိအလင်းမရကြသူတို့ ဒု နှင့်ဒေးပင် ရှိကြပါလိမ့်မည်။ ယနေ့ခေတ်တွင်  မျက်စိဆရာဝန်များက အလှမ်းဝေးသော ဒေသများအထိ မျက်စိဝေဒနာရှင်များကို  ကောက်သင်းကောက်၍ ကုသပေးနေကြသည်။

မျက်စိအလင်းပြန်ရ၍ ငယ်မူငယ်သွေးကြွကာ ကွေးနေအောင်ကသော အသက် (၈၀) ကျော် အဘွားကြီးမျိုး အများကြီး မြင်ချင်ပါ သေးသည်။ အားလုံးကို ပိုးသားတိမ်မျှင် ကင်းစေချင်လှပါသည်။