အမှောင်ကြားက အလင်းရောင်

အမှောင်ကြားက အလင်းရောင်
Published 4 October 2018

ဓာတ်ပုံ-ကြည်နိုင်

၂၀၁၈ ခုနှစ်ထဲ စီးပွားရေး အဆင်မပြေမှုတွေနဲ့အတူ အလုပ်တွေဖိစီးနေလို့ စာတွေသိပ်မရေးဖြစ်ပါဘူး။ မိတ်ဆွေစာပေသမားတွေက ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် စာမူတွေ တောင်းနေပေမဲ့ ပုံမှန်ရေးနေကျ သတင်းစာမှာတောင် တစ်လကို ဆောင်းပါးတစ်ပုဒ်ပါဖို့ စိတ်ကို မနည်းညွတ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မရေးချင်တဲ့ အကြောင်းအရာတွေ များနေလို့ ဖြစ်ပါတယ်။

အခုလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ထောက်ပြခဲ့လို့ တိုင်းသိပြည်သိ လူသတ်မှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုကြောင့် အရေးယူခံခဲ့ရတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် တရားရေးအရာရှိအချို့က လူမှုကွန်ရက်မှာ Black Profile တင်လာကြတာ တွေ့နေရပါတယ်။ ဒါဟာ ဘာကိုအားပေးနေတာနဲ့ တူနေသလဲဆိုတာ ထမင်းစားပြီး ကြီးပြင်းလာကြတဲ့သူတိုင်း သိကြပါတယ်။ ခပ်ပေါ့ပေါ့အရေးတော့ မဟုတ်ပါဘူး။

အောင်ရဲထွေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားရှင်လွှတ်လိုက်တုန်းကလည်း ယခုလိုပဲ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ဒီအမှုနဲ့ ပတ်သက်ပြီး တရားရှင်လွှတ်လိုက်တာဟာ ဥပဒေနဲ့ညီသလို ဘာလိုလိုနဲ့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် နေ့စဉ်ရက်ဆက် ရေးခဲ့ကြပါသေးတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတာဟာ တိုင်းပြည်ကို အမှောင်ခေတ်ထဲ ပြန်ရောက်ဖို့ တွန်းအားပေးရာ ရောက်နေသလို အမှောင်ကြားက ထွန်းသစ်စ ဒီမိုကရေစီ အလင်းရောင်အတွက် အရုပ်ဆိုးစေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ တုတ်၊ ဓား၊ သေနတ်ကိုင်စွဲပြီး ထင်ရာစိုင်းဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီကို ခေါင်းစဉ်တပ်ပြီး တုတ်၊ ဓား၊ သေနတ်ကိုင်စွဲကာ ထင်ရာစိုင်းနေကြမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကိုယ်ပိုင်တပ်တွေ ထောင်ကြရတော့မယ့် အဖြစ်မျိုး ရောက်ကုန်တော့မှာ ဖြစ်ပါတယ်။ အမှန်တရားအတွက် ဥပဒေရှိပါတယ်။ အမှန်တရားကို တုတ်၊ ဓား၊ သေနတ်တွေကိုင်ပြီး ဖြေရှင်းလို့ မရနိုင်ပါဘူး။ ထစ်ခနဲဆို တုတ်၊ ဓား၊ သေနတ် ကိုင်ပြီး ဖြေရှင်းနေကြတာဟာ ဥပဒေအထက်မှာ တုတ်တွေ၊ ဓားတွေ၊ သေနတ်တွေ ရှိနေကြတယ်လို့ တလွဲထင်နေကြသူတွေကြောင့် ပြည်သူတွေ ယခုလို အဖြစ်ဆိုးမျိုးတွေ ရင်ဆိုင်ကြုံတွေ့နေကြရခြင်း ဖြစ်ပါတယ်။

ရှေ့နေကြီးတစ်ဦးက အဂတိလိုက်စားမှုကြောင့် အရေးယူခံထားရတဲ့ အရာရှိကြီးတစ်ဦးကို အစိတ်သားလောက်ပဲရှိတဲ့ ငါးမို့ ကြွပ်ကြွပ်လေးကြော်ဖို့လိုကြောင်း ထောက်ပြ ပြောဆိုထားပါတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာ ဖမ်းမိတဲ့ငါးတွေကို ကြွပ်ကြွပ်မကြော်ဘဲ အလှမွေးငါးကန်ထဲ ထည့်ထားခဲ့တဲ့ အဖြစ်မျိုးတွေကြောင့် အဂတိလိုက်စားမှုဟာ ယနေ့အချိန်အထိ ဝန်ကြီးဌာနတိုင်းမှာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။

ဟိုတစ်လောက ကျွန်တော့်မိတ်ဆွေ သင်္ဘောသားအရာရှိတစ်ယောက် ပတ်စ်ပို့သက်တမ်းတိုးတာ အဆင်မပြေမှုတွေ များနေတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်ထဲမှာ တင်ထားတာ ဖတ်လိုက်ရပါတယ်။ အဲဒီအကြောင်း အမျိုးသမီးကို ပြောပြတော့ ရယ် (ရီ) နေပါတယ်။ ရှင့်သူငယ်ချင်းက ကပ်စေးနှဲလို့ အဆင်မပြေ ဖြစ်နေတာပါ။ ကျွန်မသူငယ်ချင်း လင်မယား US သွားဖို့ ပတ်စ်ပို့လုပ်တာ နေ့ချင်းပြီးနဲ့ လုပ်သွားတာတဲ့။ သူတို့က ကပ်စေးမနှဲဘူးတဲ့။ ကျွန်တော်လည်း “သြော်” ဆိုတဲ့ စကားတစ်လုံးပဲ နှုတ်ကထွက်လိုက်နိုင်ပါတယ်။ ကျွန်တော် တွေးလိုက်ပါတယ်၊ အမှန်တကယ်မရှိလို့ မပေးနိုင်တဲ့ အများပြည်သူတွေကို သူတို့ ပုံစံအမျိုးမျိုးနဲ့ ဒုက္ခပေးနေတုန်းပဲ ဆိုတာကိုပေါ့။

အခုတလော ဓားခုတ်မှုတွေ မကြာခဏ ထိတ်လန့်တုန်လှုပ်စရာတွေ ကြားသိမြင်တွေ့နေရပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာ ရှိစမြဲပါ။ အကျိုးရှိမှ အကြောင်းဆိုတာ ဖြစ်နေတာ ဖြစ်ပါတယ်။ သာမန်အသေးအမွှား ကိစ္စလေး တစ်ခုအတွက်နဲ့ ဓားကိုင်စွဲပြီး လူကြားထဲမှာ ခုတ်လား၊ ထစ်လားလုပ်မှာ မဟုတ်ပါဘူး။ တစ်လောက တာမွေဈေးရှေ့မှာ လူသေတဲ့အထိ ဖြစ်ပျက်သွားတဲ့ ဓားခုတ်မှုတစ်ခုကို ကလေးအချင်းချင်း မသင့်မမြတ်ဖြစ်လို့ ဓားခုတ်မှုဖြစ်တယ်လို့ ခေါင်းစဉ်တပ် အကြောင်းပြထားချက်တွေဟာ အဲဒီအမှုရဲ့ အတိမ်အနက်ကို အများပြည်သူ စိတ်ဝင်စားမှု၊ အာရုံစိုက်မှုနည်းအောင် လုပ်ထားတဲ့ အနေအထားမျိုး၊ အမှန်တရားကို ဖုံးကွယ်လိုတဲ့ အနေအထားမျိုးတွေ သက်ရောက်နေစေပါတယ်။ ဒီအမှုရဲ့နောက်ကွယ်မှာ ဖုံးဖိလို့မရနိုင်တဲ့ အကြောင်းတရားတွေ ရှိနေသလို ယခုဖြစ်စဉ်မှာ ပါတဲ့သူတွေဟာလည်း သာမန်ဆိုးခိုး လုယက်နေသူတွေမဟုတ်တဲ့ ရာဇဝင်ရှိတဲ့ လူဆိုးတွေဖြစ်နေတဲ့အချက်ကို ထည့်စဉ်းစားကြဖို့ လိုပါတယ်။ ဥပဒေအထက်က တုတ်၊ ဓား၊ သေနတ်တွေကိုကြောက်ပြီး အမှန်တရားကို လျစ်လျူရှုတဲ့သူတွေများနေရင် အမှောင်ကြားက အလင်းရောင်လေး ပျောက်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲမှာ ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးနှုန်းတွေနဲ့အတူ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကိုတော့ ခေတ်အဆက်ဆက် အစိုးရ ဘယ်သူမှ မထိန်းချုပ်နိုင်သေးတာ ယနေ့အချိန်အထိပါပဲ။ အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမားရတဲ့ အကြောင်းတရားကို ဘယ်သူက ဖန်တီးနေတာလဲလို့ လက်သည်မပေါ်ပေမဲ့ ဒေါ်လာဈေးတွေ၊ ရွှေဈေးတွေတက်အောင် ဖန်တီးနေတဲ့သူတွေကို သက်ဆိုင်ရာကနေ ခေါ်ယူစုံစမ်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဒေါ်လာကိုင်နိုင်သူ၊ ဘဏ်နဲ့ချိတ်ဆက် အလုပ်လုပ်နိုင်သူ၊ တစ်ကိုယ်ရေတစ်ကာယ ဆင်မြန်းဖို့ကလွဲပြီး အမြတ်အစွန်းများများ ရရှိရေး ရွှေစုဆောင်းနိုင်သူတွေဟာ လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ စီးပွားရေးကံကြမ္မာဟာ သူတို့လက်ထဲမှာ ရှိပါတယ်။ စီးပွားရေးတွေ ကောင်းလာအောင် လုပ်နိုင်တာဟာ သူတို့လူတစ်စုဖြစ်သလို စီးပွားရေးပြိုလဲအောင် ပြုလုပ်နိုင်တာဟာလည်း သူတို့လူတစ်စုပဲ ဖြစ်ပါတယ်။ သူတို့လူတစ်စုဟာ ပြည်သူတွေနဲ့ မနီးစပ်ခဲ့တာကြောင့် ဘယ်သူသေသေ ငတေမာ ဇာတ်လမ်းခင်းချင်နေကြတာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာနေတဲ့ ခေတ်ထဲမှာ အများပြည်သူကောင်းစားရေးကို ရှေ့တန်းမတင်ချင်ဘဲ သူတို့လူတစ်စု ကောင်းစားရေးအတွက် အမှောင်ခေတ်ကို တမ်းတနေတဲ့ လုပ်ရပ်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် အကျည်းတန်စေတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးတွေကို အလေးထား ဦးစားပေးနေပေမဲ့ ကျွန်တော့်အိမ်မှာတောင် ညီညွတ်မှု မတည်ဆောက်နိုင်သေးပါဘူး။ ကိစ္စတစ်ခုရှိလာရင် သားကြီးနဲ့ သူ့အမေက တစ်ဖက်၊ သမီးငယ်နဲ့ ကျွန်တော်ကတစ်ဖက် ဖြစ်နေပါသေးတယ်။ ဒါမိသားစု တစ်စုတွင်းမှာဖြစ်နေတဲ့ အမြင်မတူ၊ အတွေးမတူ ခံယူချက်မတူတာတွေပါ။ သမိုင်းနဲ့ချီပြီး ဖြစ်တည်လာတဲ့ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအချင်းချင်း ယုံကြည်မှုနဲ့အတူ ညီညွတ်မှု တည်ဆောက်ဖို့၊ ရင်ကြားစေ့ဖို့ ခက်ခဲနေကြတာကို အပြစ်မဆိုဝံ့ပါဘူး။

ဒါပေမဲ့ အချိန်အခါ အခြေအနေနဲ့ ဦးတည်ရာ လမ်းကြောင်းပေါ်မူတည်ပြီး ညီညွတ်မှုရှိဖို့ ရင်ကြားစေ့ကြဖို့တော့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ နိုင်ငံအတွက် အနာဂတ်ဟာ အမှောင်ထုထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်မိသားစုတစ်ခုလုံး ကောင်းစားရေးအတွက်ဆိုရင် မိသားစုတစ်ခုလုံး ညီညွတ်ကြဖို့လိုသလို အများပြည်သူ ကောင်းစားရေး၊ နိုင်ငံကောင်းစားရေးအတွက် ညီညွတ်ကြဖို့ လိုပါတယ်။ ကိုယ်ပိုင်အတွေးတွေ၊ ကိုယ်ပိုင်ခံယူချက်တွေ၊ အဖွဲ့အစည်းစိတ်ဓာတ်တွေ၊ ကိုယ်ကျိုးစီးပွားနဲ့ အတ္တမာန်မာနတွေ ရှေ့တန်းတင်ထားကြလို့ မရပါဘူး။

တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ အဖွဲ့အစည်းစိတ်ဓာတ်တွေ၊ ကိုယ်ပိုင်ခံယူချက်တွေ၊ အတ္တမာန်မာနတွေ၊ ကိုယ်ကျိုးစီးပွားတွေကို ယနေ့အချိန်အထိ ရှေ့တန်းတင်ထားကြလို့ ယုံကြည်မှုနဲ့ ညီညွတ်မှုကို မတည်ဆောက်နိုင်ပဲ အမှောင်ခေတ်ထဲ (ပွင့်လင်း မြင်သာမှု အပြည့်အ၀ မရရှိသေးခြင်းကို ဆိုလိုပါသည်) က ရုန်းမထွက်နိုင်သေးခြင်း ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခံယူချက်ခြင်း၊ အတွေးအခေါ်ချင်း၊ ယုံကြည်ချက်ချင်း တူကြဖို့ဆိုတာ မလွယ်ကူမှန်း သိပါတယ်။ ဒါပေမဲ့ နိုင်ငံကောင်းစားရေး၊ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ ပြည်သူတစ်ရပ်လုံး ကောင်းစားရေးအတွက် တူညီတဲ့ခံယူချက်၊ ယုံကြည်ချက်၊ သဘောထားတွေ ရှိကြဖို့တော့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပြည်သူကောင်းစားရေးထက် အဖွဲ့အစည်းကောင်းစားရေးကိုသာ ဇောင်းပေးနေမယ်ဆိုရင်တော့ အမှောင်ထဲက ဖျော့တော့တော့ အလင်းရောင်လေးဟာ ပြန်လည်မှေးမှိန်သွားမှာ ဖြစ်ပါတယ်။

ယနေ့အချိန်အခါဟာ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်တွင်းပြည်ပ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်မှုတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ အမှောင်ခေတ်ကို ပြန်သွားလိုသူ (ကိုယ်ကျိုးစီးပွားရှေ့တန်းတင်လိုသူ) တွေနဲ့ ပွင့်လင်းမြင်သာမှုတွေနဲ့အတူ အများပြည်သူ ကောင်းစားရေး နိုင်ငံကောင်းစားရေးကို ရှေ့တန်းတင်လိုသူတွေဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေပြီ ဖြစ်ပါတယ်။

အမှန်တကယ်တော့ နိုင်ငံသားတိုင်း ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက်နဲ့ အတွေးအခေါ်တွေ မြင့်မားနေမှ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မှာ ဖြစ်သလို အမှောင်ခွင်းပြီး အလင်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေ ကိုယ်ပိုင်ခံယူချက်နဲ့ ယုံကြည်ချက်တွေ အတွေးအခေါ်တွေ နိမ့်ပါးနေသမျှ အမှောင်ခေတ်ရဲ့ လောင်းရိပ်အောက်ကို ဘာသာရေး၊ လူမျိုးရေးမှိုင်းတွေ၊ ကောလာဟလတွေ၊ အမှောင့်ပယောဂမျိုးစုံနဲ့အတူ ပြန်လည်သွတ်သွင်းခံရမယ်ဆိုတာ သတိမူကြဖို့ လိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမြင်မတူညီမှုတွေ၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး မသေချာ မရေရာမှုတွေ၊ ရခိုင်ပြည်နယ်စပ် ပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအား မြင့်တက်နေမှုတွေဟာ ရှေ့ဆက်ရမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် စိန်ခေါ်နေတဲ့ အဓိကကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

မြွေပူရာကင်းမှောင့်ဆိုသလို အခြေခံ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်နေမှု၊ ရာဇဝတ်မှုထူပြောနေမှု၊ မူးယစ်ဆေးဝါးတွေကို အချိန်မရွေး နေရာမရွေး ဝယ်ယူရရှိနိုင်မှု၊ ငွေကြေးအရင်းအနှီး ကြီးမားလှတဲ့ လောင်းကစားဂိမ်းဆိုင်တွေ၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး ပွဲလောင်းကစား ရှင်သန်နေမှုတွေ၊ အဂတိ လိုက်စားမှုကို မိဘအမွေပေးထားသလိုမျိုး ခံယူထားမှုတွေ၊ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားထက် မိမိတို့အဖွဲ့အစည်းအကျိုးကို ရှေ့တန်းတင်လိုတဲ့ ကိုယ်ကျိုးအတ္တများနေမှုတွေဟာ အမှောင်ခေတ်ရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ဖို့ ခက်ခဲနေတဲ့ အနေအထားတွေပဲ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။