မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာကြီးဦးစန်းလွင်

မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာကြီးဦးစန်းလွင်
Published 23 August 2018

ပြည်တွင်းစစ် သရုပ်ဖော်ပန်းချီကား (ပုံကြီး)၊ ပန်းချီဆရာကြီးဦးစန်းလွင်နှင့် သူ၏ပန်းချီကားအချို့ (ပုံသေး) ကို တွေ့ရစဉ်

တစ်ခေတ်တစ်ခါက မဂ္ဂဇင်းဆိုလျှင် ဦးစန်းလွင် ပန်းချီပုံပါမှ ပြည့်စုံသည်ဟု ဆိုရမလောက်ပင် ဦးစန်းလွင်သည် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည်။ ပရိသတ်၏နှစ်ခြိုက်အားပေးခြင်း၊  ခေတ်ပြိုင်အနုပညာရှင်များ၏ အသိအမှတ်ပြု ချီးကျူးခြင်းနှင့် လူငယ်သရုပ်ဖော်ပန်းချီဆရာများ၏ လေးစားအားကျခြင်းကို ခံရသူလည်းဖြစ်ခဲ့သည်။ ဆရာသည် အကြောင်းအရာ၊ ဇာတ်ကောင်စရိုက်နှင့် လိုက်ဖက်ပီပြင်သော မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပုံပေါင်းများစွာကို သွေး သောက်၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ စုံထောက် စသည့် မဂ္ဂဇင်းကြီးများနှင့် အခြားစာနယ်ဇင်းပေါင်းများစွာတို့တွင် ရေးဆွဲခဲ့သည်။

ဆရာဖြစ်သူ ပန်းချီဆရာကြီး ဦးအုန်းလွင်က “ရုပ်ပုံများ၏ မျက်နှာနေ၊ မျက်နှာထားမှစ၍ ဝတ်စားဆင်ယင်မှုများပါ မြန်မာဆန်ဆန်ရေးဆွဲသည်။ စုတ်ချက် စုတ်လက်များပေါ်လွင်အောင် မရေးဆွဲဘဲ အလင်းအမှောင်ကို ဦးစားပေး ရေးဆွဲသည်။ မဂ္ဂဇင်းဆိုလျှင် ဦးစန်းလွင်ပုံပါမှ ပြည့်စုံသည်ဟု ဆိုစမှတ်ပြုလောက်သော အခြေသို့ပင်ရောက်လာသည်” ဟု မှတ်ချက်ချခဲ့သည်။ ပန်းချီညိုဝင်းရှင်ကလည်း “ဦးစန်းလွင်၏ သရုပ်ဖော်ပုံများသည် အနောက်တိုင်းဟန်၊ အနောက်တိုင်း ယဉ်ကျေးမှုများမပါဘဲ မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်၍ မြန်မာတို့မျက်စိနှင့် အရသာတွေ့ရလေသည်။ အင်္ဂလိပ်မဂ္ဂဇင်း၊ ဂျာနယ်မှ ဘိုမရုပ်များကို အတုယူရေးဆွဲခြင်းမပြုဘဲ မိမိမြင်တွေ့ရသည့် မြန်မာမှုသဘာဝပုံများကို အားကိုးအားထား ပြုလေ့ရှိသည်” ဟု ဆိုခဲ့သည်။

ဦးစန်းလွင်ကို ၁၉၂၀ ခုနှစ်တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။  မိဘများမှာ ဘိလစ်စာရေးကြီး ဦးဘိုးလှနှင့် ဒေါ်လှရီတို့ဖြစ်သည်။ မွေးချင်းနှစ်ဦးတွင် ဒုတိယမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်စန်း မောင်ဖြစ်သည်။ ငယ်စဉ်က ပေါင်းတည်မြို့ အမျိုးသားကျောင်းတွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ကျောင်းသားဘဝမှစကာ ပန်းချီကို ဝါသနာကြီးခဲ့သည်။ ငယ်သူငယ်ချင်းများမှာ နောင် စာရေးဆရာသော်တာ ဆွေနှင့် ယုဝတီမာလာသိန်းတို့ဖြစ်ကြသည်။ ကျောင်းတွင် လန်ဘားစန်းမောင်၊ အထိမခံ ကက်ကက်လန်မိခင်သိန်း၊ တောသားကျင်မောင်ဟူ၍ အမည်တွင်ကြသူများဖြစ်သည်။

ထိုစဉ်က အရပ်ထဲတွင် မြင်းလှည်းဖြင့် ရုပ်ရှင်ကြော်ငြာစာရွက်များဝေလျှင် အရပ်ရှည်ရှည်နှင့် မောင်စန်းမောင်သည် အများထက်ဦးအောင် ခြေလှမ်းကျဲကျဲကြီးဖြင့် အရယူလေ့ရှိသည်။ ထို့နောက် မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင် စသောပုံများကို ထပ်ဆွဲသည်။ ထို့နောက် ကြည့်ဆွဲသည်။ ထို့နောက် အလွတ်ဆွဲသည်။ ဘတင့်ပုံ၊ ခင်ခင်နုပုံ၊ မောင်မောင်အေးပုံ၊ တင်ငွေ၊ တင်ဖေ၊ တင်ဆွေ၊ ကျော်အေး၊ ချစ်ဆွေ စသော ရုပ်ရှင်သရုပ်ဆောင်ပုံများကို တူအောင်ဆွဲနိုင်တော့သည်။ ပေါင်းတည်မြို့ရှိ ကျွဲ၊ နွား၊ ဆင်၊ မြင်း များမှာလည်း သူလေ့ကျင့်ရာ တိရစ္ဆာန်ပုံများ ဖြစ်သည်။ “တစ်ခါသော် သူသည် သူ့အတန်းထဲက ဘလက်ဘုတ်တွင် မြေဖြူဖြင့် (ကျောင်းမတက်သေး-ဆရာ မလာမီ) မြင်းရုပ်ခပ်ကြီးကြီး ကို ဆွဲထား၏။ ကျွန်တော် ထိုစဉ်ကပုံဆွဲတော့ မတောက်တခေါက် ဝါသနာပါသည်နှင့် သူ့ပုံသွားကြည့်ပြီး အောင်မာ- မင်းမြင်းက အင်္ဂါမစုံဘူးကွဆို၍ မြင်းသိုး၊ မြင်းလားကြီးပုံဖြစ်အောင် ဖြည့်ဆွဲခဲ့ရာ၊ အတန်းပိုင်ဆရာရောက်လာတော့ ဒီအမှု စစ်ဆေးလေသည်” ဟု ဆရာကြီးသော်တာဆွေက အမှတ်ရခဲ့သည်။

ပန်းချီဦးအုန်းလွင်၏ မဂ္ဂဇင်းပန်းချီများကို လေ့လာရေးဆွဲခဲ့သူဖြစ်သဖြင့် ပန်းချီအမည်ကို စန်းလွင်ဟု ယူခဲ့သည်။ ရန်ကုန်မြို့သို့ သွားရောက်ပြီး ပန်းချီဦးအုန်းလွင်၊ ဦးငွေကိုင်တို့ထံတွင် ပန်းချီပညာကို ဆည်းပူးခဲ့သည်။ ဆရာကြီးများထံတွင် လေ့လာဆည်းပူးရင်းပင် မဂ္ဂဇင်းလောကသို့ အစမ်းသဘောဝင် ရောက်လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သောအခါ ပေါင်းတည်သို့ပြန်ခဲ့သည်။ ဂျပန်ခေတ်အတွင်း ချွေးတပ်ဆွဲခံခဲ့ရသည်။ အသက်မသေဘဲ ပြန်လွတ်လာပြီးနောက်  “နွားတွေ ဂျပန်သတ်လို့ ကုန်တော့မယ်၊ လူတွေကိုသတ်ဖို့ အလှည့်ရောက်လာပြီ၊ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ကြ”ဟူသော ပန်းချီပိုစတာများကို ပေါင်းတည်ဘက်ရှိ ရွာများတွင် ကပ်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့သို့ ပြန်ရောက်လာခဲ့ပြီး ရေကျော်၊ ဇီဇဝါလမ်း တွင် နေထိုင်ခဲ့သည်။ ထိုစဉ်က စပ်တူငှားရမ်းသူမှာ နောင်စာရေးဆရာ ဒါရိုက်တာပြည့်စုံ ဖြစ်လာမည့် ကိုကျော်ရိုးဖြစ်သည်။ ကိုကျော်ရိုး၏ သွေးသောက်မဂ္ဂဇင်းတွင် သရုပ်ဖော်ပုံများ ရေးဆွဲပေးခဲ့သည်။

ဦးစန်းလွင်၏ ပန်းချီဆရာဘဝသည်  စစ်ကြီးပြီးချိန်တွင် အစပြုခဲ့သည်။ စာနယ်ဇင်းများ ပြန်လည်အားယူချိန်ဖြစ်ရာ ဒဂုန်မဂ္ဂဇင်းကြီးတွင် ရှေးပန်းချီဆရာကြီးများရှိနေ၍ ပန်းချီဆရာအသစ်များ တိုးရန်မလွယ်ခဲ့ပေ။ ရှုမဝမဂ္ဂဇင်းကလည်း ပန်းချီဦးကိုလေးကို လက်စွဲထားသည်။ လုံးချင်းဝတ္ထုများမှာလည်း လှိုင်လှိုင်မထွက်နိုင်သေး၊ ထွက်သမျှကလည်း ဦးစန်းလွင်ကဲ့သို့ လူသစ်ကို များများ မအပ်သေး။ ထိုအချိန်က သော်တာဆွေသည် သူငယ်ချင်းဖြစ်သူကို သူ၏ ပဒေသာမဂ္ဂဇင်းခေါ်ကာ လက်စွဲပန်းချီဆရာအဖြစ် ထားခဲ့ သည်။ ဦးစန်းလွင်သည် မျက်နှာဖုံးပန်းချီများကို ပဒေသာတွင် စတင်ဆွဲခဲ့ရခြင်းဖြစ်သည်။

ဦးစန်းလွင်သည် ပုံကို သူစိတ်တိုင်းမကျ မချင်း မလွှတ်ပေ။ အထပ်ထပ်ပြန်ဆွဲသည်။ မဂ္ဂဇင်းကအချိန်လုလုပ်ရသဖြင့် အလျင်လိုသည်။ ဦးစန်းလွင်ကလည်း စိတ်တိုင်းမကျသဖြင့် မပြီး။ “ကဲကွာ..ကောင်းပါတယ်ကွ၊ ပေးလိုက်ပါတော့၊ ဒီနေ့မှ ဒီပုံမှန်ရိုက်မီရင် ဒို့ မဂ္ဂဇင်းဟာ တစ်ရက်နောက်ကျနိုင်တယ်”ဟု ပန်းချီနှင့် ဘလောက်တာဝန်ခံ သော်တာဆွေက စိုးရိမ်စွာပြောသည်။ ဦးစန်းလွင်က အေးစက်စက်မျက်လုံးများဖြင့် “မောင်ရင်တို့ဟာ မောင်ရင်တို့ မဂ္ဂဇင်းထွက်ရက်ပဲ ကြည့်ကြတာ ပဲ။ ဒီမှာ ကိုယ့်လက်ရာမကောင်းတာကြီး ပါသွားတော့ ကိုယ်စိတ်မချမ်းသာဘူးကွ။ နို့ပြီး ကိုယ်ဟာ တစ်သက်လုံး ပန်းချီဆွဲစားမှာ” ဟု ပြန်ပြောသည်။ ထို့ကြောင့် သော်တာဆွေသည် ဦးစန်းလွင်၏ အိမ်တွင်ပင် စားရင်း၊ အိပ်ရင်း စောင့်ယူခဲ့ရသည်။ စိတ်မရှည်သောအခါများတွင် ဦးစန်းလွင်၏ပုံများတွင် သော်တာဆွေ ဟု ကိုယ်တိုင်လက်မှတ်ထိုးကာ ယူသွားတတ်လေသည်။ ထို့ကြောင့် ပဒေသာမဂ္ဂဇင်းများတွင် သော်တာဆွေ၏လက်မှတ်ဖြင့် မျက်နှာဖုံး သရုပ်ဖော်ပုံများ ပါရှိခဲ့ခြင်းဖြစ်သည်။

ပဒေသာမဂ္ဂဇင်း ရပ်သွားပြီးနောက်ပိုင်း ဦးစန်းလွင်၏ပုံများသည် ပို၍ လူသိများလာခဲ့သည်။ လုံးချင်းဝတ္ထုစာအုပ်မျက်နှာဖုံး အမြောက်အမြားကိုလည်း ရေးဆွဲခဲ့ရသည်။ ထို့အတူ “ပန်းချီစန်းလွင်ပုံအပ်ရတာ သိပ်ကြာတာပဲ” ဟု အသံထွက်လာသည်။ သို့သော် ဦးစန်းလွင်သည် ငွေမျက်နှာကိုမကြည့်ဘဲ စိတ်ကြိုက် မရဘဲ မည်သည့်အခါမှ အပြီးမသတ်ခဲ့ပေ။ အချို့လုံးချင်းထုတ်ဝေသူများက “ဆရာ ကျွန်တော့်ပုံကို အရင်ပြီးအောင် မြန်မြန်ဆွဲပေးပါဗျာ။ သူများ ခုနှစ်ဆယ့်ငါးကျပ်ပေးတာကို ကျွန်တော် တစ်ရာပေးပါမယ်” ဟုဆိုသည်။ ဦးစန်းလွင်က “ခင်ဗျား ကျွန်တော့်ပုံဆွဲခ လျှော့ပေးရင်ပေးပါဗျာ။ ပြီးကဖြစ်တော့ လုပ်မပေးပါရစေနဲ့” ဟု ပြန်တောင်းပန်လေသည်။

ဦးစန်းလွင်သည် မနက်စောစောထ၍ ဝတ္ထုသရုပ်ဖော်ပုံများအတွက် စာမူများကိုဖတ်ကာ ရေးကွက်စဉ်းစားလေ့ရှိသည်။ ပြီးလျှင် လက်ဖက်ရည်သောက်ထွက်သည်။ သတင်းစာဖတ်သည်။ သူ့ရှေ့တွင် သွားလာလှုပ်ရှားနေကြသော ရေနံဆီရောင်းသမား၊ မြူနီစပယ် အလုပ်သမား၊ လက်ပွေ့သတင်းစာရောင်းသူ၊ စက္ကူပုလင်းလာဝယ်သော အထမ်းသမားမှစ၍ လက်ဖက်ရည်လာသောက်သူ အလွှာအသီးသီးကို ပုံကြမ်းခြစ်ထားလေ့ရှိသည်။ ခရီးသွားလျှင်လည်း လမ်းဘေးတွင် အိပ်မောကျနေသူ၊ မိသားစုထမင်းဝိုင်း၊ ဆိုက်ကားပေါ် တွင် အိပ်ငိုက်လာသော ဈေးသည်များကို မင်ခြစ်၊ ခဲခြစ် တစ်မျိုးမျိုးဖြင့် မှတ်သားထား လေ့ရှိသည်။ ထို့ကြောင့် မြန်မာမှုသဘာဝမှာ ပေါ်လွင်ပြီး ပရိသတ်အကြိုက်တွေ့ခဲ့သည်။

ဘဝထဲမှ အလှတရားကို ရှာဖွေခဲ့ခြင်းပင်ဖြစ်သည်။ တစ်နေ့ ပြည်တွင်းစစ်နှင့်ပတ်သက်သည့် သတင်းစာအာဘော်ဖတ်မိပြီး စိတ်မချမ်းမြေ့ခဲ့ပေ။ အိမ်သို့ပြန်ပြီး လုပ်ရမည့်ဝတ္ထုဒီဇိုင်း၊ သရုပ်ဖော်ပုံများကို ခဏထားကာ ပြည်တွင်းစစ်ပန်းချီကားကို ရေးဆွဲခဲ့သည်။ ပန်းချီကားတွင် သေနတ်ဒဏ်ရာဖြင့်  သေဆုံးနေပြီဖြစ်သည့် မိခင်အလောင်းပေါ်တွင် ငိုနေသော ကလေးငယ်၊ ဖရိုဖရဲဖြစ်နေသော အဝတ်ထုပ်ကလေး၊ သစ်ကိုင်းပေါ်တွင် လင်းတတစ်ကောင်နှင့် အူနေသောခွေးတို့ကို နောက်ခံကားအဖြစ် စစ်၏ဆိုးရွားမှုကို သရုပ်ဖော်ခဲ့လေသည်။

ထိုပြည်တွင်းစစ်ပန်းချီကားကြီးကို ပြပွဲတင်သောအခါ လူများ ကြိတ်ကြိတ်တိုးကြည့်ကြသည်။ ဝန်ကြီးချုပ်ဦးနုက ဦးစန်းလွင်ကို ခေါ်ပြီး “ဒီမိန်းမကြီးကို သေအောင် ဘယ်သူပစ်သတ်တာလဲ၊ သောင်းကျန်းသူတွေဘက်ကလား။ တပ်မတော်ဘက်ကလား” ဟု မေးသည်။ ဦးစန်းလွင်က နှစ်ဖက်ပစ်လို့ဖြစ်တဲ့ ပြည်တွင်းစစ်ဖြစ်ကြောင်း ၊ တပ်မတော်မှ အပစ်ရပ်လျှင် တစ်ဖက်ကလည်း အပစ်ရပ်ဖို့ ကြိုးပမ်းလာနိုင်ကြောင်း၊ ထိုကိစ္စကို ဝန်ကြီးချုပ်ကသာ လုပ်နိုင်ကြောင်း ပြန်ဖြေသည်ဟူသောသတင်းများ ထွက်ခဲ့သည်။ ထိုသတင်းများပတ်သက်၍  စာရေးဆရာမောင်အောင်မွန်က အခွင့်ကြုံ၍ မေးရာ ဦးစန်းလွင်က တွေးရင်းငေးရင်း ရုတ်တရက် “နေစမ်းပါဦး။ ဝန်ကြီးချုပ်ဦးနုနဲ့ ကျုပ် နှစ်ယောက်ချင်းပြောတဲ့ စကားကို ခင်ဗျားက ဘယ်လိုလုပ်ပြီး ကြားလိုက်ရတာလဲ” ဟု ပြန်မေးလိုက်လေသည်။

ဦးစန်းလွင်သည် စစ်ပြီးခေတ်မှ ၁၉၆၀ ကျော်နှစ်များအထိ စာနယ်ဇင်းမျက်နှာဖုံးများကို လွှမ်းမိုးထားနိုင်ခဲ့သည်။ အရပ်ရှည်ရှည် နွဲ့နွဲ့နှောင်းနှောင်း ခပ်အေးအေးနေထိုင်တတ်သည်။ လက်ဖက်ရည်နှင့် မြင်းပျံဆေးပေါ့လိပ်ကို ကြိုက်ပြီး ရေနွေးကြမ်းကိုလည်း မပျက်သောက်လေ့ရှိသည်။ အဖျော်ယမကာဆိုင်တွင်လည်း တစ်ယောက်တည်း သောက်နေလေ့ရှိသည်။ ဆေးပေါ့လိပ်ကြီးဖွာရင်း ငေးနေတွေးနေတတ်သည်။ “ဦးကိုလေးက အလှလို့ဆိုရင် ဦးစန်းလွင်ကတော့ သဘာဝလို့ ပြောရပါမယ်။ ဦးကိုလေးရဲ့ပုံတွေက လှတယ်။ ဦးစန်းလွင်ကတော့ သဘာဝမှာ ပိုပြီးလှတယ်။ ဦးစန်းလွင်ရဲ့ မိန်းကလေးတွေက မြန်မာဆန်တယ်။ မျက်နှာ လေးတွေက ရိုးသားတယ်။ နောက်ပြီး အသက်ကြီးကြီးပုံတွေက သဘာဝကျတယ်။ အထူးသဖြင့် အဘိုးကြီး၊ အဘွားကြီးတွေရဲ့ မျက်နှာတွေ ဟာ ပေါ်လွင်ပြီး အားရှိတယ်။ အကြောပြိုင်းပြိုင်းကျနေတဲ့ ပုံတွေကို အသက်ပါအောင် ဆွဲနိုင်တယ်” ဟု ဆရာနတ်နွယ်က မှတ်ချက်ချခဲ့သည်။

ပန်းချီဦးစန်းလွင်သည် သရုပ်ဖော်ပန်းချီအပြင် ဆီဆေး၊ ရေဆေးသဘာဝပန်းချီဘက်တွင်လည်း လက်ရာမြောက်သူဖြစ်သည်။ သို့သော် နေအိမ်တွင် ချော်လဲရာမှ မေးခိုင်ပိုးဝင်ပြီး ၁၉၇၂ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ရရှာသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်တင်ညွန့်၊ သားကိုမျိုးညွန့်၊ ကိုမျိုးလွင်၊ သမီးကြီး နွယ်နွယ်လွင်၊ သီသီလွင်နှင့် သက်သက်လွင်တို့ ကျန်ရစ်ခဲ့သည်။ “ကိုယ်လည်း ဆရာကြီး ပီမိုးနင်းလိုဘဲ သေရင် နောက်ဘဝမှာ စာရေးဆရာဘဲ ပြန်ဖြစ်ချင်တယ်ဆိုတော့၊ စန်းလွင်ကလည်း ကိုယ်လည်းဘဲ ပန်းချီဆရာဘဲ ပြန်ဖြစ်ချင် ပါတယ်ဟူသော ဆိုစကားရှိခဲ့ခြင်းကြောင့် ယခု တမလွန်ဘဝသို့ ပြောင်းသွားပြီဖြစ်သော ကျွန်တော့်သူငယ်ချင်း စန်းလွင်သည် နောင်ဘဝမှာလည်း ပန်းချီဆရာဘဲ ပြန်ဖြစ်ပါစေသတည်း” ဟု ဆရာကြီးသော်တာဆွေက အမှတ်တရဆိုခဲ့လေသည်။ ပန်းချီဦးစန်းလွင်၏ သရုပ်ဖော်ပန်းချီများကို စွဲလမ်းခဲ့ရသော စာရေးဆရာကြူးနှစ်ကလည်း “ဦးစန်းလွင်သည်မူ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဖွဲ့မှု၌ နတ်ဒေဝတာလက ်အလား မှတ်ထင်ရလောက်အောင် အနုပညာ မှော်စွမ်းအား ပေါက်မြောက်ခဲ့သူဖြစ်မည်ဟု ကျွန်တော် ကနေ့အထိ ထင်ထားသည်” ဟု ဆိုခဲ့လေသည်။

ရည်ညွှန်း

-         ပန်းချီစန်းလွင် (သော်တာဆွေ)

-         စာနယ်ဇင်းပန်းချီသရုပ်ဖော် (ဦးအုန်းလွင်)

-         မြန်မာပန်းချီ၊ ပန်းပု၊

ဗိသုကာပညာရှင်များ (ညိုဝင်းရှင်)

-         မိမိနှင့် စာပေလှိုင်းဂယက်များ (နတ်နွယ်)

-         ပန်းချီဆရာ ပြည်တွင်းစစ်နှင့် ဝန်ကြီးချုပ်

(ဝင်းအောင်ကြီး (မောင်အောင်မွန်))

-         ထမင်းကိုမလိုချင် ငြိမ်းချမ်းရေးသာ

လိုချင်သူ (မောင်ကြော့ဝေ)