တစ်ဦးချင်းပြတင်းပေါက်

တစ်ဦးချင်းပြတင်းပေါက်
Published 21 August 2018

Photo: Pond5

(၁) ပုံမှန်လှုပ်ရှားနေသလို ပုံစံမျိုးနဲ့ပဲ မြို့ထဲလမ်းတွေပေါ် စိတ်လိုလက်ရ ကူးခပ်သွားလာနေမိပြန်တယ်။ ရွာကျလာတော့မယ့် မိုးညို့နေတဲ့ တိမ်တွေကို စိတ်ပျက်လက်ပျက် ငေးကြည့်လို့ အိမ်က စထွက်လာကတည်းက ထီးမယူလာမိတာလောက်ကို အကြီးကျယ်ဆုံး မှားယွင်းမှုပဲလို့ နောင်တရ ပူပန်ရတတ်တဲ့ နေ့တွေပေါ့။ အခက်အခဲဆိုတာ မကြာခင်ကျလာမယ့် မိုးရေထဲ အနည်းငယ် လုံခြုံစိတ်ချရတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်ထဲ အလျင်အမြန် ပြေးဝင်သွားရခြင်းလောက်ပဲ။ အိမ်ထဲမှာ ဝမ်းမိုးခေါင်လို့ အိမ်အပြင်ဘက် အရေးတကြီး ပြေးထွက်လာရသူတစ်ယောက်လိုတော့ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက သိပ်အလျင်လိုနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အပူအပင်ကင်းကင်းနဲ့ နေခွင့်ရတဲ့သူ တစ်ယောက်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အခုရက်တွေထဲ ရာသီဥတုဟာ အမြဲလိုလို အုံ့မှိုင်းနေတဲ့ အခင်းအကျင်းနဲ့ စိုစွတ် အေးစက်နေတဲ့ အရသာမှာ ရိုးသလိုတောင် ဖြစ်နေတယ်။ လူကလည်း လေးကန်ထိုင်းမှိုင်းနေတာ တစ်ပတ်၊ ၁၀ ရက်လောက်တောင် ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီလောက်ကလေးကိုပဲ လူဆုံတိုင်း နှုတ်က တဖွဖွပြောလို့ စိတ်ညည်းညူနေမိတာ။ ပြောစရာ စကားစပြတ်တောက်သွားတဲ့ အချိန်တိုင်း လတ်တလောဖြစ်နေတဲ့ ရာသီဥတုအကြောင်းကိုပဲ အကြောင်းမရှိ အကြောင်းရှာ ယိုးမယ်ဖွဲ့နေရတာ။ အပြင်မှာ မိုးတွေအုံ့မှိုင်းနေတာလည်း ကြာ၊ ဒီနေ့တော့ နေရထိုင်ရတာ သိပ်အဆင်မပြေဘူးပေါ့ဗျာ။

အခုလို ရက်တွေထဲ နေရောင်တစ်စွန်းတစ်စလေးကိုမှ မမြင်ရဘူးလို့တောင် ဆိုနိုင်ပါတယ်။ နေ့လယ်နေ့ခင်းမှာတောင် သာလွန်းတဲ့ နေရောင်ထဲ ပူနွေးရှိန်းမြနေတဲ့ အရသာကို မကြုံဆုံရဘဲ ဖြစ်ဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီလောက်မှုန်မှိုင်းအေးစက်နေတဲ့ စိတ်ကသိကအောင့်ဖြစ်စရာ နေ့ရက်တွေမှာ အခက်အခဲမရှိ ဖြတ်သန်းနေထိုင်ဖြစ်ခဲ့တာကို အံ့သြနေမိပြန်တယ်။ ဘယ်လိုနေ့ရက်မျိုးတွေပါလိမ့်လို့ စိတ်က ညည်းညူနေမိတာက တစ်ပိုင်း သာမန်ခံစားချက်လောက်နဲ့ သက်သောင့်သက်သာ ရွေ့လျားသွားလာ နေဖြစ်ခဲ့တာက တစ်ပိုင်းပါပဲ။ စိတ်ကသိကအောင့်ဖြစ်စရာ အခြေအနေတွေကို တိုက်ရိုက်မကြုံတွေ့ခဲ့တာကြောင့်လည်း ဖြစ်မှာပေါ့။ အဲဒါကြောင့်လည်း လူက စိတ်အေးလက်အေး ဖြစ်နေခဲ့တာပါ။ ဝမ်းရေးဟာ တစ်ခါတစ်ခါ ခက်ခဲလွန်းပါတယ်ဆိုတာလောက် ကလေးကိုသာ မရိုးနိုင်တဲ့ လောကဓံနဲ့ အထပ်ထပ် ရိုးလောက်အောင် လှိမ့်အော်နေရတုန်းပေါ့။

(၂) ဒီလိုနေ့ရက်တွေထဲ ကျွန်တော့်စိတ်တွေဟာ အေးတိအေးစက် သိပ်နိုင်ခဲ့တာပဲလို့ ထင်နေမိတယ်။ အပြင်က ဖြစ်နေတဲ့ အခြေအနေတွေကို လျစ်လျူရှုထားခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘဝသက်တမ်းတစ်လျှောက် သည်းမခံနိုင်လောက်အောင် ဒုက္ခအခက်အခဲတွေကို ရင်မဆိုင်ခဲ့ရဖူးသလို သာမန်လူတစ်ယောက်ဆိုပေမယ့် ဘဝကို တစ်ချိန်လုံး ထစ်အနေတဲ့ စီဒီဓာတ်ပြားတစ်ချပ်လို မကြုံဆုံခဲ့ရဖူးဘူးပေါ့။ ဒါကြောင့်လည်း တချို့အဖြစ်အပျက်တွေဟာ ရင်ထဲထိ ရောက်မလာခဲ့တာပါ။ မြင်ကွင်းထဲ ရောက်လာတတ်တဲ့ ခေတ်ပြိုင် လူမှုဘဝအခင်းအကျင်းတွေ ပျက်သုဉ်းလာတဲ့ တစ်ကိုယ်ရေ စိတ်နေစိတ်ထားတွေ အချိန်တိုင်း လောဘတကြီး ရန်လိုနေတတ်တဲ့ လူ့အတ္တတွေ။ အဲဒါတွေကို လျစ်လျူရှု မေ့ပစ်ထားနိုင်ခဲ့တယ်ဆိုရင်တောင်မှ အရာရာ နိမ့်ကျနေရတဲ့ အနီးအနား ကိုယ့်ပတ်ဝန်းကျင်ထဲက ဘဝမြင်ကွင်းတွေကတော့ အချိန်ကြာကြာ မေ့ထားလို့မှ မရတတ်တာ။ မကြုံချင်ပေမဲ့လည်း မျက်လုံးထောင့်တစ်နေရာဆီက ခိုးဝင်လာနေကြတာလေ။ စားဝတ်နေရေး ပိုခက်လာတဲ့ အကြောင်းတွေ၊ ရာသီဥတု ဖောက်ပြန်လာတဲ့ အဖြစ်တွေ၊ ဒုက္ခသည်စခန်းက ခိုကိုးရာမဲ့ ငိုသံတွေ၊ နောက်ပြီး ကြိုတင်တွက်ဆထားလို့မရတဲ့ သဘာ၀ ဘေးအန္တရာယ်ဖြစ်ရပ်ဆန်းတွေ။ အဲဒါတွေကိုတော့ ဂရုမစိုက်ဘဲ နေလို့မရခဲ့ဘူး မဟုတ်လား။ နေ့စဉ်ပုံမှန် အိမ်ကနေ ထမင်းလေး နပ်မှန်အောင်စားပြီး လေလွင့်စိတ်နဲ့ လမ်းပေါ်ထွက်လာတယ်။ အခုလတ်တလော မပျော်တဲ့ အကြောင်းလောက်ကလေးကို ပြောဖို့ လမ်းမတွေပေါ် စကားပြောဖော် တစ်ယောက်ယောက် အသည်းအသန် လိုက်ရှာနေတယ်။ တကယ်တော့ ဒီနေ့ရက်တွေမှာ ကျွန်တော့်အတွက် အရေးတကြီး ဖြစ်နေရတဲ့ ပြဿနာက အဲဒီလောက်ပဲ။ ဒါပေမဲ့ အနီးအနား ပတ်ဝန်းကျင်ကမ္ဘာကြီးမှာ ဖြစ်နေတာတွေကတော့ ကျွန်တော့်လို ဘယ်ဟုတ်ပါ့မလဲ။ အများကြီးမှ အများကြီးပေါ့။

အပြင်ကို စထွက်လာတော့ တိုက်ခန်း လှေကားတစ်လျှောက် တဖြည်းဖြည်း ရှုပ်ပွနေပြန်တဲ့ အမှိုက်စတွေ။ ကလေးတွေ စွန့်ပစ်ခဲ့တဲ့ မုန့်အိတ်ခွံတွေလား၊ လူကြီးတွေ အလွယ်ပစ်ချခဲ့တဲ့ အမှိုက်တွေလားဆိုတာတော့ မသိဘူး။ လှေကားဟာ နဂိုရှိနေရမယ့် အကျယ်အဝန်းထက် ပိုပြီးကျဉ်းမြောင်းနေတာ တွေ့ရတယ်။ အတက်အဆင်းမှာတောင်မှ ရှောင်မရအောင် ဖြစ်နေရတဲ့ အလျင်လိုမှုဟာ အိမ်က ထွက်စကတည်းက လူကို ချွေးပြန်စေခဲ့၊ ဆက်လျှောက်လာတော့လည်း လမ်းထိပ် လက်ဖက်ရည်ဆိုင်၊ ဘတ်စ်ကားဂိတ်၊ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ ဒုက္ခအမှိုက်တွေနဲ့ လမ်းမဟာ ကျဉ်းကျပ်နေတော့တာပါပဲ။ ပိုပြီး ဖောင်းကားလာတဲ့ အတ္တခန္ဓာကိုယ်ချင်း ရှောင်လို့မရလောက်အောင် လမ်းမတွေပေါ် နေရာလွတ်တွေ တစ်စစ နည်းပါးလာတယ်။ မြောင်းရေထဲက ပိတ်နေတဲ့ အညစ်အကြေးတွေဟာ လမ်းမပေါ်အထိ လျှံကျနေတယ်။ ရေနဲ့မျောနေတဲ့ အမှိုက်စတွေဟာ မိုးရွာခဲ့ပြီးနောက်ပိုင်း ဒီအတိုင်း ပျောက်ကွယ်သွားမှာမှ မဟုတ်တာ။ လမ်းတွေပေါ် ဒီအတိုင်း တင်ကျန်နေရစ်တော့တာ။ ရေစီးတစ်လျှောက် အကြားအလပ်မရှိ ပိတ်နေတော့တာ။ အဲဒါတွေဟာ လူမြင်ကွင်းထဲ ကျွန်တော်တို့ တွေ့လိုက်ရတဲ့ နေ့စဉ်ဘဝရဲ့အစ၊ ရာသီဥတု အုံ့မှိုင်းနေတဲ့ အခြေအနေတွေပေါ့လေ။ ကျွန်တော်လည်း ကျဉ်းကျပ်လာတဲ့ ဘဝအခက်အခဲတွေကို ခဏတာ မေ့ပစ်ပြီး လမ်းပေါ်ထွက်လာခဲ့တာပါပဲ။ ဒါပေမဲ့ လမ်းတွေပေါ် တွေ့နေရတာတွေကလည်း အဲဒီကျဉ်းကျပ်မှုတွေချည်းပဲ ဖြစ်နေခဲ့ပြန်တယ်။ အဲဒီလို အဆင်မပြေမှုတွေနဲ့ စရပြီး တစ်ယောက်ကို တစ်ယောက် လမ်းပေါ်မှာ ဝင်တိုက်မိကြ၊ ကျွန်တော်တို့ နည်းနည်းချင်းသာ ရှေ့ကိုဆက်သွားဖြစ်ခဲ့ကြတာပေါ့။

(၃) ကိုယ်စီ ဘဝကိုယ်စီ လောကဓံဆိုတဲ့ တရားဓမ္မကို မေ့ပစ်ရင်းနဲ့ပဲ ကိုယ့်လောကဓံကိုတောင်မှ မေ့ဖြစ်သွားခဲ့ရတဲ့ အချိန်တွေပါ။ အဆက်မပြတ် ရွာသွန်းနေတဲ့ တိမ်တွေ၊ မိုးများသော နေရောင်မမြင်ရတဲ့ ရက်သတ္တပတ်ပါပဲ။ မိုးရေတွေဟာ မြေအောက် ရေသွယ်မြောင်းတွေကတစ်ဆင့် လမ်းမတွေပေါ်အထိ ကျော်ကျလာတယ်။ ဒီရေတိုးနေတဲ့ မြစ်ရေနဲ့အတူ မြို့ပြမှာလည်း ရေကြီးရေလျှံမှုတွေနဲ့။ နယ်ဘက်ကျေးလက်ဒေသဘက်တွေမှာလည်း ရေကြီးရေလျှံမှုတွေနဲ့။ အခုဆို ပျက်စီးခြင်းတရားဟာ နေရာအနှံ့ဆီ ဦးတည်လာနေခဲ့ပြီလားပေါ့။ ဒါဟာ အရေးပေါ် အသိပေးချက် ခေါင်းလောင်းသံလို့ ထင်စရာပါပဲ။ အခု ကျွန်တော် ပတ်ဝန်းကျင်မှာ သဘာ၀ ပတ်ဝန်းကျင်တွေ ဆိုးဆိုးရွားရွားကို ပျက်စီးနေခဲ့ပြီတဲ့လား။ သစ်ပင်သစ်တောတွေကရော မိုးရေကိုတောင် တားဆီးကာကွယ်ဖို့ မရှိတော့ဘူးလား။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရာသီဥတုတွေဟာ ဖောက်ပြန်လာခဲ့ပြီလား။ တကယ့်ကို ကျွန်တော်တို့ မသိကြဘူး။ ကျွန်တော်တို့ သတိမထားမိနိုင်ခဲ့ဘူးပေါ့။ ကျွန်တော်တို့မှာ ကိုယ်စီပူပန်မှုတွေနဲ့သာ ကိုယ့်ဝမ်းတစ်ထွာ ကွက်ကွက်ကလေးကိုပဲ အရေးတယူ ပြုနေကြရသလို အပြင်မှာ ဘယ်လိုနေရာဒေသတွေမှာ အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်တော်တို့ သတိမထားနိုင်ဘဲ မေ့ပစ်မိကြတယ်။ စစ်ပွဲတွေလည်း ဆက်လက်ဖြစ်နေဆဲ။ စီးပွားရေးတွေက ပိုပြီး ကျဆင်းလာတယ်။ ငြိမ်းချမ်းရေးဆိုတာ အမှန်တော့ တကယ်ဝေးနေပါသေးတယ်။ ကျွန်တော်တို့ဘဝတွေ ငြိမ်းချမ်းဖို့ ဘယ်အထိ စောင့်ရဦးမလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင်တောင် မသိပါဘူး။ အဲဒီလို ငြိမ်းချမ်းရေးအကြောင်းပြောရင် ဆုတောင်းစကားတစ်ခွန်းကိုပဲ စိတ်ထဲ အထပ်ထပ် ကြားယောင်နေခဲ့တဲ့ ရက်တွေပါ။ “ခလုတ်မထိ ဆူးမငြိပါစေနဲ့” တဲ့။ ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဦးချပြီး လမ်းပေါ်ထွက်သွားပြန်တဲ့ သားအရက်သမားကို အမေတစ်ယောက်က ဆုပေးတဲ့ ပုံမျိုးနဲ့ပေါ့။ အဲဒီလို ကျွန်တော်တို့ဟာ ကြေကွဲလွန်ရက်စွဲတွေမှာ အစာအဆိပ်သင့်နေခဲ့ကြတာ။

ဒီလိုနေ့ရက်တွေမှာ အမိုးလုံတဲ့ နေအိမ်ထဲ တီဗီရီမုတ်လေးကိုင်လို့ စုတ်သပ်နေကြရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးပေါ့။ ဒီထက်ပိုပြီး ကိုယ်ချင်းစာတရားအကြောင်း ပြောဖို့ဆိုတာကလည်း ကိုယ်စီကိုယ်စီ လူမှုကွန်ရက် ဖေ့စ်ဘွတ်လေး ဖွင့်ကြည့်ရုံ၊ စတေးတပ်ကလေး တင်ရုံနဲ့တင် လုံလောက်ပါ့မလား ကျွန်တော်တို့ မပြောတတ်ပြန်ဘူး။ ကိုယ့်ထမင်း ကိုယ်ရှာစားကြရတယ်လို့ ပြောကြပေမယ့် အဲဒီ ကိုယ့်ထမင်းလုပ် တစ်ကိုယ်ရေအဖြစ်တွေမှာတင် သွားလမ်းမသာတော့တဲ့ အချိန်ကျမှ ကျွန်တော်တို့ အလန့်တကြား ဖြစ်ရတော့မှာလား။ နိစ္စဓူဝဖြစ်ရပ်တွေမှာတင် အရာရာဟာ တစ်စထက်တစ်စ ထစ်အလာတဲ့ အချိန်ရောက်မှ ကျွန်တော်တို့အားလုံး အိမ်အပြင်ဘက်ဆီ အပြေးထွက်လာကြရမှာပဲလား။ တကယ်မသိပါဘူး။ အပြင်က ဖြစ်ရပ်ဆန်းတွေဟာ ကိုယ့်ဆီကိုပါ အငိုက်ဖမ်းလို့ မြားဦးလှည့်လာတတ်တယ်ဆိုတာကို ကျွန်တော်တို့ အခုမှသိခဲ့ရတာ မဟုတ်လား။ အခု လတ်တလော အဲယားကွန်းခန်းမှာ ကျောဆန့်နေလို့ ရနိုင်လောက်သေးတယ်ဆိုတဲ့ အချိန်တချို့ကတော့ ရှိနေဦးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘယ်နေရာမှာ၊ ဘယ်အချိန်တွေမှာ ဘာတွေဆက်ဖြစ်လာဦးမယ်ဆိုတာ အတိအကျ မသိနိုင်ဘူးလေ။

(၄) ဒါပေမဲ့ ကျွန်တော်တို့စိတ်တွေက ဒီလိုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း လမ်းတွေပေါ်မှာချည်း ဆီလိုဝေ့နေတုန်းပါပဲ။ ကိုယ်တိုင် ဒုက္ခနဲ့ ပက်ပင်းမတိုးသေးသရွေ့တော့ ချစ်ခြင်းမေတ္တာက အစပြုသူတွေနဲ့လည်း တွေ့ဆုံနေ၊ ဖြစ်ခဲ့ပျော်နေပြန်တာပါပဲ။ ဝမ်းရေးဆိုတာလောက်ကို ထားလိုက်ဦး။ တစ်နေ့တစ်နေ့ မိသားစုနေအိမ်ထဲကနေ ရည်ရွယ်ချက်မရှိ ဇွတ်ထွက်လာခဲ့တယ်။ ပြီးရင် ပူပန်မှု အနည်းငယ်လောက်ကို ထမ်းလို့ အိမ်ရှိရာ အလောတကြီး ပြန်သွားကြရဦးမှာပါပဲ။ အလောတကြီး လုပ်စရာကိစ္စတွေကိုလည်း နောက်ရက်အထိ ရွှေ့လို့ တခြားအလုပ်အကိုင်ကိစ္စတွေလည်း ခေါင်းထဲက ထုတ်ပစ်လို့ ကျွန်တော်တို့ဟာ လမ်းပေါ်မှာ နေသာသလို နေဖြစ်နေတုန်း၊ အချိန်တွေကုန်အောင် နေနေမိတုန်းပါပဲ။ ပြောချင်တာက ဒီလိုပါ။ ကျွန်တော်တို့ဟာ အလယ်ကလူတွေသာ၊ လမ်းပေါ်ရောက်တဲ့အခါမှာလည်း လမ်းဆုံအလယ်မှာပဲ ခွရပ်နေတော့တာပေါ့။ ဘဝမှာ ဝမ်းရေးကိစ္စလောက် ထမင်းတစ်နပ်စားဖို့လောက်ကို အရေးတကြီး ပြောပြနေစရာလည်း မလိုသေးဘူးမဟုတ်လား။ လက်ဖက်ရည်သောက်မယ်။ မိတ်ဆွေတချို့နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောမယ်။ ကျန်းမာရဲ့လားဆိုတဲ့ နှုတ်ဆက်စကားကို မရိုးနိုင်အောင် တစ်ယောက်ကို တစ်ယောက် မေးကြမယ်။ ဒီလောက်ပါပဲ။ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာတရားမှာ ပျော်ရွှင်စွာနေလိုကြ၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ ခြေကျရာမှ ပျော်ဝင်လိုကြတယ်။ တကယ်တော့ ကျွန်တော်တို့လို လူတွေဟာ တစ်နေရာစီ အဝေးမရောက်ခင်စပ်ကြား အထပ်ထပ် ဆုံဖြစ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် အချိန်အတော်ကြာ မဆုံဖြစ်ကြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ဝေးကွာသွားတဲ့အဖြစ်တွေ၊ အပြီးတိုင် နှုတ်ဆက်လိုက်ရတဲ့ ဘဝတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြိုနေ ပျက်နေ ကျွမ်းလောင်နေရတာ အများကြီး ရှိနေခဲ့ကြတာပေါ့။ အဲဒီလို တွေးမိခဲ့တာပါ။ အခုလို နေ့ရက်မျိုးတွေမှာ ကျွန်တော်တို့ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့သူအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါရဲ့လားပေါ့။