ကြယ်စုံညရဲ့ အဝေးကလူ

ကြယ်စုံညရဲ့ အဝေးကလူ
Published 7 August 2018

(Photo - AFP)

ဘန်ကောက်မြို့တော်ရဲ့ စည်ကားလှတဲ့ လမ်းများစွာထဲမှာ ဖယာထိုင်း လမ်းမကြီးလည်း တစ်လမ်းအပါအဝင်ပေါ့။ ဒီလမ်းမကြီးဟာ ကားအသွားအလာ အရမ်းကျပ်သိပ်သလို သူ့အပေါ်မှာ မိုးပျံရထားကလည်း တဝီဝီ သွားနေသေးတယ်။ မိုးထိ ထိုးထွက်နေတဲ့ တိုက်ကြီးတွေ၊ ဟိုတယ်ကြီးတွေ၊ ဆေးရုံကြီးတွေ၊ ကုန်တိုက်ကြီးတွေလည်း ဒီလမ်းမကြီးပေါ် ရှိသေးတယ်။

ဒီလမ်းမကြီးရဲ့ တစ်နေရာမှာတော့ ရပ်ချ်ထေဝီ မိုးပျံရထားဘူတာရှိတယ်။ ဒီဘူတာနဲ့ ကပ်လျက်မှာ ထုထည်ကြီးမားလှတဲ့ အာရှဟော်တယ် အဆောက်အအုံရှိတယ်။ ဒီလိုခေတ်မီတဲ့ မြို့တော်ကြီးရဲ့ တနင်္ဂနွေနေ့တွေမှာ တစ်ခေါင်းလုံး ဖွေးဖြူနေတဲ့ ဆံကေသာပိုင်ရှင် အဘိုးကြီးတစ်ဦးဟာ စက်ဘီးအစိမ်းရောင် အဟောင်းလေးတစ်စီးကို နင်းပြီး အဲဒီအာရှဟိုတယ်အောက်က စီးနင်းသွားနေတာကိုလည်း သတိထားမိသူဆိုရင် သိနေမှာပါပဲ။ သူဟာ ဒီဟိုတယ်နဲ့ သိပ်မဝေးလှတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်းမှာရှိတဲ့ သူ့ရုံးခန်းကနေ သူ့စာသင်ကျောင်းရှိရာကို ဒီဘီးကလေးနဲ့ သွားလိုက်ပြန်လိုက် စီးပြီးသွားနေတာပါ။

ဒီလောက် ကားတွေ၊ ဆိုင်ကယ်တွေ များပြားလှတဲ့ လမ်းပေါ်မှာ စက်ဘီးကလေးကို စီးပြီးသွားနေတာ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သာမန်အားဖြင့်တော့ ထိုင်းလူမျိုးတွေဟာ ဒီလိုနေရာမျိုးမှာ ဒီလိုစက်ဘီးစီးပြီး သွားလေ့သွားထ မရှိကြတော့ပါဘူး။ ဘာအတွက် သွားနေတာလဲဆိုတော့ ဘန်ကောက်တစ်ဝိုက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာပြည်သား အလုပ်သမားတွေကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပညာသင်ပေးနေလို့ပါပဲ။ သူ့ကျောင်းရှိတဲ့နေရာက အဲဒီအာရှဟိုတယ်ကြီး ခွဆောက်ထားတဲ့ လမ်းကြားလေးထဲမှာ ရှိနေလို့ပါ။ လမ်းသွယ်လေးရဲ့နာမည်က စွိုင်ဖုရာနတ်တဲ့။

နောက်တစ်ကြောင်းကတော့ လုပ်ခလစာ ဝင်ငွေကောင်းတဲ့သူလည်း မဟုတ်ပါဘူး။ ဘဝရဲ့ သက်တမ်းထက်ဝက်စာမျှကို တော်လှန်ရေးမှာ နှစ်မြှုပ်ပေးဆပ်ခဲ့တဲ့ သူတစ်ယောက်ပါ။ ပြီးတော့ မြန်မာတစ်ဦးလည်း ဖြစ်နေပြန်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေလည်း ဖြစ်နေပြန်တယ်။ သူဟာ ခုဆိုရင် အသက် ၆၀ ထဲ ရောက်နေပါပြီ။ ဒါကြောင့် သူ့ဘဝရဲ့ ထက်ဝက်စာ အနှစ် ၃၀ ဟာ တော်လှန်ရေး စာမျက်နှာပေါ်မှာပဲ ယနေ့ထက်တိုင် ရေးထိုးနေရဆဲပါ။

ဆယ်စုနှစ် သုံးခု (သို့မဟုတ် ) အနှစ် ၃၀။ ဒီနှစ်မှာ ပြည့်တင်းခဲ့ပြီ။ လှိုင်းကြီးလေထန် ရေစီးသန်လှတဲ့ သမိုင်းတစ်ခုရဲ့ အနှစ် ၃၀။ အဲဒီခရီးရှည်ကြီးရဲ့ ဇာတ်ဝင်ခန်းတွေကတော့ သမိုင်းဧည့်ခန်းဆောင်မှာ ရာဇဝင်တွင်ရစ်ခဲ့ပါပြီ။ အထင်ကရ သမိုင်းဝင် လူသားကြီးတွေကို အဲဒီသမိုင်းက ထုဆစ်ကမ္ဗည်း ထိုးပေးခဲ့သလို မထင်မရှား လွင့်ပျောက်သွားခဲ့ကြတဲ့ အညတြတိုက်ပွဲဝင် တော်လှန်သူတွေကလည်း မနည်းမနောပါပဲ။ အထင်ကရ ခေါင်းဆောင်တွေရဲ့အနောက်မှာ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ ရှိနေခဲ့တာ အသေအချာပါပဲ။

ရှစ်ဆယ့်ရှစ်ဆိုတဲ့ ခုနှစ်ဟာ တခြားနိုင်ငံတွေအတွက်တော့ ထူးခြားတဲ့ သင်္ကေတတစ်ခု ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ်တွေအတွက်ကတော့ လွန်စွာကြီးမားတဲ့ သမိုင်းဝင် ခုနှစ်တစ်ခုပါ။ ဒီခုနှစ်နဲ့အတူ ဘဝလမ်းကြောင်းတွေ၊ သမိုင်းလမ်းကြောင်းတွေ ပြောင်းလဲသွားကြတာတွေ မရေမတွက်နိုင်အောင်ပါပဲ။

တော်လှန်ခြင်း၊ ပုန်ကန်ခြင်း၊ အာဏာဖီဆန်ခြင်းဆိုတဲ့ စကားလုံးတွေဟာ ရှစ်လေးလုံးဆိုတဲ့ စကားလုံးရဲ့ အတွင်းသား အနှစ်သာရတွေပဲ။ အရေးတော်ပုံတစ်ခုလုံး သိမ်းကျုံးနှိပ်ကွပ်ချေမှုန်းပြီး စစ်တပ်က အာဏာသိမ်း ယူလိုက်ပြီးတဲ့နောက် အဲဒီတော်လှန်သူ၊ ပုန်ကန်သူ အာဏာဖီဆန်သူအားလုံးဟာ ထောင်နန်းစံသူစံ။ မြေအောက်ကို ရောက်သူ ရောက်၊ လက်နက်ကိုင်တော်လှန်ရေး ဆက်ဆင်နွှဲမယ်ဆိုပြီး နယ်စပ်ဒေသအသီးသီးကိုပြေးကာ တောခိုသွားသူက တောခိုနဲ့အားလုံး တစ်စစီ ပြန့်ကျဲခဲ့ကြရတယ်။

ဒါတွေဟာ ခုတော့ အတိတ်ဖြစ်ခဲ့ပြီ။ သမိုင်းဖြစ်ခဲ့ပြီ။ ပြည်သူတွေ မလိုလားတဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် ပြည်သူရွေးပေးတဲ့ အရပ်သား အစိုးရဆိုတာ တကယ်ပေါ်ထွက်ခဲ့ပြီ။ အဲဒီလိုပါပဲ တော်လှန်သူ သူပုန်တွေလည်း နေပြည်တော်ကို အစိုးရဧည့်သည်အဖြစ် လာရောက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးမှာ စကားပြောဆိုနေကြလေပြီ။ နိုင်ငံတကာကို ရောက်သွားခဲ့သူတွေလည်း မြန်မာပြည်ကို ပြန်ခဲ့ကြပြီးပြီ။ တချို့က အပြီးပြန်လာသလို တချို့ကအလည်။ တချို့ တရားမဝင် အောက်လမ်းက ပြန်သူလည်း ရှိကောင်း ရှိမပေါ့။

အဲဒီသူတွေ အားလုံးအတွက်ကတော့ ကိုငှက်လို့ ချစ်စနိုးခေါ်ကြတဲ့ ထူးအိမ်သင် သီဆိုခဲ့တဲ့ သီချင်းထဲကလို ကြယ်တွေစုံတဲ့ညတွေ ဖြစ်ကြမှာပါလေ။ ၁၉၈၈ ကနေ ၂၀၁၅ ဆိုတဲ့ နှစ်ပေါင်း ၂၇ နှစ်ကြာ သမိုင်း ကာလ တံတိုင်းတစ်ချပ်ကို ရေးခြစ်ထုဆစ်ခဲ့ပြီးတဲ့နောက် လက်ရှိအခြေအနေကို အစာကြေသည်ဖြစ်စေ မကြေသည်ဖြစ်စေ အမှောင်ခေတ် မိုးကောင်းကင်ကို ဖြိုချနိုင်ခဲ့ပြီ ဆိုတာတော့ သေချာပါတယ်။ ဒီအခြေအနေမှာ မွေးရာဇာတိမြေက ကိုယ့်အိမ်ကိုယ့်ယာကို အလည်ပဲ ပြန်လာလာ အပြီးပဲ ပြန်လာလာ ဒါဟာ စိတ်ချမ်းမြေ့ဖွယ် အကောင်းဆုံးသော ကြယ်စုံညဖြစ်နေမှာပဲ မဟုတ်လား။

ဒါပေမဲ့ ကြယ်တွေစုံဖို့ ဒီတစ်သက် မျှော်လင့်ချက် မထားနိုင်သူတွေလည်း ပြည်ပမှာ ရှိနေကြပါသေးတယ်။ ဘယ်နှယောက် ရှိနေတယ်ဆိုတာ ကျွန်တော် ကိန်းဂဏန်းနဲ့ ပြောနိုင်စွမ်းမရှိပေမဲ့ ဒီကျွန်တော့် မိတ်ဆွေကြီးကတော့ ပြန်ချင်ပေမဲ့ ပြန်ဖို့ မလွယ်လှတဲ့ အရေးတော်ပုံတပ်သားကြီး တစ်ယောက်ဆိုတာ သေချာပေါက်ပြောဝံ့ပါတယ်။

သူများတကာက ပြန်နိုင်ပြီး သူက လူတကာထက် ဘာများ ထူးနေလို့လဲလို့ တစ်ယောက်ယောက်က မေးလာရင် အဖြေက ဒီလိုပါ။ တခြားသော တော်လှန်သူတွေက ကျောင်းသား၊ အရပ်သား၊ လူငယ်စသဖြင့် ဖြစ်ကြတာ များတယ်လေ။ သူကျတော့ စစ်သား။ ရှစ်လေးလုံး အရေးတော်ပုံကာလက ရန်ကုန်မြို့ပေါ်မှာ ချီတက်ဆန္ဒပြခဲ့တဲ့ ၅၀၁ လေတပ် (မှော်ဘီ) က စစ်သည်။

ဆန္ဒပြကြတဲ့အထဲမှာ စွန့်စားကြတာချင်း အတူတူ စစ်သားတွေရဲ့ စွန့်စားမှုက ပိုမိုခက်ခဲပြီး ပိုလည်း အန္တရာယ်များလှတယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါကို သိသိနဲ့ ပြည့်သူ့အရေးတော်ပုံမှာ ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့စစ်သားလုပ်ခဲ့တဲ့ တကယ့်စစ်သည်တွေ ရှစ်လေးလုံး အရေးတော်ပုံ ကာလက တကယ်ရှိခဲ့ပါတယ်။ အဲဒီ ရာနဲ့ ချီတဲ့ကြည်း၊ ရေ၊ လေတပ်မတော်က စစ်သားတွေထဲမှာ ဒီစက်ဘီးနင်းနေတဲ့ ခေါင်းဖြူဖြူနဲ့ အဘိုးကြီးလည်း ပါခဲ့တာပေါ့။ သူဟာ စစ်တပ်ထဲကအကြောင်းကို သိသလို အရေးအခင်းကာလက သမိုင်းကြောင်းတွေကိုလည်း ခုထက်တိုင်တခုတ်တရ ပြောပြနေနိုင်သေးတဲ့ သက်ရှိသမိုင်းဝင် လူသားတစ်ယောက်ပါပဲလေ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အခြေအနေတွေ အရမ်းတင်းကျပ် ဆိုးရွားလာနေချိန်မှာ သူတို့တွေကို ရန်ကုန်ကနေ လွတ်မြောက်ရာ အဝေးကို ရှောင်တိမ်းကြဖို့ အဲဒီတုန်းက တပ်မှူးချုပ်များအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ( ဘဘ ဦးတင်ဦး) က ဆက်သားက တစ်ဆင့်ပြောလာလို့ သူတို့တွေဟာ ခက်ခက်ခဲခဲနဲ့ နယ်စပ်ကို ထွက်လာခဲ့ရပုံကို သူ မကြာခဏ ပြောပြဖူးပါတယ်။ အဲဒီလိုနဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသက လက်နက်ကိုင် တော်လှန်ရေးနယ်မြေရောက်တော့ တော်လှန်ပုန်ကန်သူ ကျောင်းသားတပ်မတော်မှာ စစ်ပညာသင်ကြားပို့ချတဲ့ ဆရာလည်း လုပ်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ ဘန်ကောက်ကို ရောက်လာပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် တောတွင်းသူပုန်ဘဝကနေ မြို့ပြသူပုန် ဖြစ်လာခဲ့တယ်။ နိုင်ငံရေး၊ အလုပ်သမားရေး၊ ပညာရေး၊ လူ့အခွင့်အရေး စသဖြင့် ပြည်ပက လုပ်လို့ရတဲ့ မြန်မာ့အရေးမှန်သမျှ ပါဝင်လုပ်ကိုင်ခဲ့တာဟာ သူ့ဘဝရဲ့ သမိုင်းစာမျက်နှာဖြစ်သလို ပြည်ပအခြေစိုက် ဒီမိုကရေစီတိုက်ပွဲ စာမျက်နှာတွေထဲက ဖယ်ထုတ်ပစ်လို့မရတဲ့ စာမျက်နှာတစ်ရွက်ဆိုတာ သေချာလှပါတယ်။

နဝတ၊ နအဖ ခေတ်ကနေ ဦးသိန်းစိန် အစိုးရထိတိုင်အောင် ပြည်တွင်းပြည်ပက တော်လှန်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးစတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ ဘန်ကောက်မြို့ကို ဖြတ်သန်းသွားလာကြသူ အတော်များများဟာ သူနဲ့ သူ့ရဲ့ရုံးခန်းကို မလာရောက်ခဲ့သူ ရှားလှပါတယ်။ အလားတူ အဲဒီတုန်းက ပြည်ပသတင်း ဌာနများစွာဟာလည်း သူ့ကို သတင်းရင်းမြစ်တစ်ခုအဖြစ် ကာလကြာရှည်စွာ အသုံးပြုခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ ခုတော့ ဒါတွေဟာ ဟိုးရှေးရှေးတုန်းကလို့ ပြောရတဲ့ ပုံပြင်ဆန်သွားပါပြီ။ တော်တော်များများက သူ့ကို အတိတ်မှာ ထားခဲ့ကြပြီ ထင်ပါရဲ့။ တစ်ချိန်က သူ့ရုံးမှာရှိတဲ့ အစည်းအဝေးခန်းမထဲမှာ မြန်မာပြည် အရေးပွဲတွေ အခမ်းအနားတွေ လက်သီးလက်မောင်းတန်းခဲ့ကြတာတွေ အာပေါင်အာရင်း သန်ခဲ့ကြတာတွေခုတော့ ပုံပြင်ဟောင်းတွေ ဖြစ်ခဲ့ကြပြီလေ။

သူကလည်း စစ်သား၊ သူပုန်၊ နိုင်ငံရေးလှုပ်ရှားသူ၊ ကျောင်းဆရာဆိုတဲ့ ဘဝတွေကို ကျင်လည်ဖြတ်သန်းလာသူမို့လားတော့ မသိ။ သူ့ပါးစပ်က ဝမ်းနည်းစကားတို့၊ စိတ်ပျက်စကားတို့ဆိုတာ တစ်ခါမှ မကြားရဖူးပါဘူး။ ခုလည်း သူနဲ့ဆုံတိုင်း မေးကြောကြီးထောင်ပြီး ခပ်ထန်ထန် စကားလုံးတွေနဲ့ ပေါက်ကွဲပြနေဆဲပါပဲ။ ကျွန်တော်နဲ့ကတော့ အထူးသဖြင့် သူ့အလုပ်ချိန်နောက်ပိုင်း ညနေခင်းတွေဟာ သူ့ရုံးနဲ့ မလှမ်းမကမ်း ချောင်းနံဘေး ကူးတို့ဆိပ်က ဘီယာဆိုင်မှာ ပွင့်လင်းစွာ ပေါက်ကွဲတတ်ကြတယ်။ ဒီအချိန်မှာ သူ့ရင်ဘတ်ထဲက ဝေဒနာတွေကို လှစ်ခနဲ မြင်မြင်ရတတ်တယ်။

သူလည်း လူသားပဲလေ။ သူ့မြို့ကို သူချစ်တာပေါ့။ သူ့အိမ်ကို သူလွမ်းတာပေါ့။ သူ့တိုင်းပြည်ကို သူ မြတ်နိုးတာပေါ့။ ဒါကြောင့် ထင်ပါရဲ့။ သူစာသင်ပေးနေတဲ့ ကျောင်းကိုတောင် ‘ချစ်သောမြန်မာပြည် အကယ်ဒမီ’ ရယ်လို့ နာမည်ပေးထားတာ မဟုတ်လား။

သူ့ဇာတိက မြန်မာနိုင်ငံ ပဲခူးတိုင်း ကဝမြို့ပါ။ အဲဒီမြို့လေးမှာရှိတဲ့ သူ့ရဲ့ နှစ်ထပ်အိမ်လေးအကြောင်း မကြာခဏ သူပြောပြောပြတတ်တယ်။ အခွင့်သာရင်တော့ သူ့မြို့ကို သူပြန်ချင်တယ်။ သူ့အိမ်ကို သူပြန်ချင်တယ်။ ဒါပေမဲ့ သူက စစ်သားလေ။ တခြား ဒီမိုကရေစီတပ်သားတွေနဲ့ မတူတဲ့ တခြား ပုဒ်မတစ်ခုက သူ့ကို အိမ်မပြန်ဖြစ်အောင် ထိန်းချုပ်ထားတယ်။ အရင်က တပ်ကခွင့်မပြုဘဲ ထွက်သွားရင် ထောင်ချခံရ၊ မသကာ တစ်နှစ်ပေါ့။ ခုနောက်ပိုင်းတော့ အဲဒီလို မဟုတ်တော့ပါဘူးတဲ့။ နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်သတဲ့။ ဒါက အကြောင်းရင်းခံပေါ့။ ဒီတော့သူက ရိုးရိုးတပ်ပြေးမျှသာ မဟုတ်ပြန်ဘူး။ သူပုန်လည်း ဖြစ်ခဲ့သေးတယ်လေ။

ပြီးတော့ သူကလည်း မာနထားတယ်လေ။ တိုင်းပြည်အတွက် ဘဝတစ်ခုလုံး ပေးဆပ်ခဲ့သူတွေကို ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ အစိုးရက ဂုဏ်သိက္ခာရှိရှိ  ပြန်ခေါ်မှ ပြည်တော်ပြန်မယ်လို့ ဆုံးဖြတ်ထားသတဲ့။ ဟုတ်တော့လည်း ဟုတ်သား။ ဒီလောက်ပေးဆပ်ခဲ့သူတွေကို ခုတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင် မထင်တတ်ကြ တော့တဲ့ အခင်းအကျင်းကလည်း ရင်နင့်စရာ ကောင်းလှပါပေတယ်။

သူဟာ တနင်္ဂနွေနေ့တိုင်း စက်ဘီးလေးနင်းပြီး သူ့ကျောင်းကို သွားနေတာဟာ ဆယ်စုနှစ်တစ်ခု မကတော့ပါဘူး။ ဒီကျောင်းလေး မလဲပြိုသွားအောင် သူ့ခေါင်းမွေး ဖြူသထက်ဖြူလာအောင် ခေါင်းခြောက်ခံရင်း ဘန်ကောက်မြို့တော်ရဲ့ လမ်းမပေါ်မှာ နင်းနေတဲ့ စက်ဘီးပိုင်ရှင်အတွက် သူချစ်တဲ့ မြန်မာပြည်မှာ နင်းခွင့်တော့ ဒီတစ်သက် ရှိနိုင်ပါဦးမလား။ သူ့အကြောင်းကိုတွေးရင်း ကျွန်တော့် နားထဲမှာ ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ည သီချင်းတေးသွားက ကျယ်လောင်စွာ မြည်ဟည်းလို့နေလေရဲ့။