ဒေါ်လာဈေး စံချိန်သစ်တင်ပြီး နှစ်လအတွင်း ကိုးရာခိုင်နှုန်း တန်ဖိုးကျခဲ့သည့် မြန်မာကျပ်ငွေ

ဒေါ်လာဈေး စံချိန်သစ်တင်ပြီး နှစ်လအတွင်း ကိုးရာခိုင်နှုန်း တန်ဖိုးကျခဲ့သည့် မြန်မာကျပ်ငွေ
Published 6 August 2018

ရန်ကုန်မြို့တွင်း ငွေလွှဲကောင်တာ တစ်ခုအား ဇူလိုင်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

သြဂုတ် ၃ ရက်တွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်မှုကြောင့် တရုတ်ယွမ်ငွေ ထိုးဆင်းသွားပြီး ပြည်တွင်း ဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၄၆၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကာ ရက် ၅၀ ကျော်အတွင်း ကျပ်ငွေတန်ဖိုး ကိုးရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် စံချိန်တင်ထား ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ရိုက်ချိုး ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၄ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁  ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်အထိ ဆက်တိုက်စံချိန်တင် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်း နိုင်ငံခြားငွေကြေး ဈေးကွက်သည် ၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းမှစပြီး ၂၀၁၈ ခုနှစ် မေလကုန်အထိ အတက်အကျ နည်းပါးစွာဖြင့် တည်ငြိမ်ခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ကမ္ဘာ့ဈေးကွက် အခြေအနေများကြောင့် ပြန်လည်လှုပ်ခတ် လာခဲ့သည်။ သွင်းကုန်များ အခွန်တိုးမြှင့် ကောက်ခံမှုကြောင့် ဖြစ်ပေါ်သော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုများမှာ နိုင်ငံအများအပြား၏ စီးပွားရေးအပေါ် ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်များအဖို့ အလူးအလဲ ခံစားလာရသည်။

“ကမ္ဘာ့စီးပွားရေး နံပါတ်တစ်နဲ့ နှစ်ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်က ကုန်သွယ်ရေး စစ်ပွဲလို ဖြစ်ကုန်တဲ့အတွက် နိုင်ငံတကာငွေကြေးတွေ အတက်အကျ ကြီးမားလာတာ ဖြစ်ပါတယ်။ အခြေအနေက တဖြည်းဖြည်းနဲ့ ထပ်ပြီးကြီးထွား လာတာကြောင့် နိုင်ငံအစိုးရတွေ အနေနဲ့ ကိုယ့်နိုင်ငံ ထိခိုက်မှု နည်းသထက်နည်းအောင် ပြင်ဆင်ရမယ့် အနေအထား ဖြစ်လာပါပြီ။ ဒေါ်လာက တန်ဖိုးတက်လာပြီး တရုတ်ယွမ်ငွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးတွေ အနည်းအများအလိုက် ကျဆင်းလာတာမှာ မြန်မာက အဲဒါနဲ့ပတ်သက်လို့ ဘာတတ်နိုင်မလဲ၊ ကျလာတာပေါ့။ ဒါ့ပြင် ပြည်တွင်းစီးပွားရေး အခြေအနေက မခိုင်မာတော့ သူများထက်ကို ပိုကျလာ၊ ပိုခံစား လာရတယ်။ နိုင်ငံအများစုက သူ့ငွေကြေးတွေ ကျဆင်းသွားတာကို ပြန်ပြီးတန်ဖိုးတက်အောင် လုပ်နိုင်ပေမယ့် မြန်မာကျပ်ငွေကတော့ ဆက်ဆက်ပြီးတော့ တန်ဖိုးကျလာတာ ဒီနေ့အထိပဲ ဆိုပါစို့” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ကမ္ဘာ့မျက်နှာစာတွင် ထွန်းသစ်စနိုင်ငံအဖြစ် ပေါ်ထွက်ခဲ့သော်လည်း နိုင်ငံအတွင်းမှာ အမြစ်တွယ်နေသည့် အဓိကစီးပွားရေး ပြဿနာများဖြစ်သော ကုန်သွယ်ရေးလိုငွေ များပြားခြင်း၊ ပို့ကုန်နည်းပါးခြင်း၊ ဘတ်ဂျက်လိုငွေ များပြားခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ စီးပွားရေး တိုးတက်မှု ကျဆင်းခြင်း၊ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက် များပြားခြင်း စသည်တို့ကို ဖြေရှင်းနိုင်ရန် လုံးချာလည် လိုက်နေချိန်၌ ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်မှုက ပြည်တွင်း နိုင်ငံခြား ငွေကြေးဈေးကွက်နှင့် စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံးကို သိသိသာသာ ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျပ်ငွေတန်ဖိုးက လက်ရှိထက် နည်းနည်းထပ်ကျ သွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခု၊ ပြဿနာတစ်ခုပါ။ ကိုယ့်တစ်နိုင်ငံတည်း ဖြစ်နေတဲ့ အခြေအနေလည်း မဟုတ်ဘူး။ ဒုတိယ ကမ္ဘာစစ် အပြီးကတည်းက အမေရိကန်နိုင်ငံက ဗဟိုပြုတဲ့ စီးပွားရေးပုံစံကြီး ဖြစ်နေခဲ့တာ၊  ဒီပုံစံကြီးထဲမှာ တောက်လျှောက် နေခဲ့ကြတာပါ။ အဲဒီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်လာတဲ့ အချိန်မှာ၊ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံရဲ့သမ္မတတက်ဖြစ်ချိန်မှာ သူ့နိုင်ငံ အကျိုးစီးပွားကိုပဲ သူကြည့်မယ်ဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်၊ သူပြောခဲ့တဲ့ ကတိစကားတွေအတိုင်း သူလုပ်နေတာပေါ့။ အဲဒီမှာ တစ်ကမ္ဘာလုံးက ဘာဖြစ်သွားလဲဆိုတော့ နိုင်ငံတွေရဲ့ နိုင်ငံခြားငွေ၊ အရန်ငွေတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က အမေရိကန်ဒေါ်လာငွေနဲ့ ကိုင်ထားကြတာ။ အခုအချိန်မှာ ဒေါ်လာများများ ကိုင်ထားတဲ့ နိုင်ငံတွေက သက်သာသလို သိပ်ကြီးကြီးမားမား ပြဿနာမရှိဘူး။ စီးပွားရေးအရ ထိခိုက်မှု ရှိပေမယ့် သိပ်ဆိုးဆိုးရွားရွားကြီး ကိုယ့်ငွေတန်ဖိုး ကျဆင်းမှုမရှိဘူး။ အာဆီယံ ဒေသတွင်းမှာဆို စင် ကာပူ၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံတွေမှာ နိုင်ငံခြားအရန်ငွေ၊ ဒေါ်လာအများကြီးရှိတယ်။ ကျွန်တော်တို့နိုင်ငံကျတော့ နိုင်ငံခြား အရန်ငွေပမာဏက နည်းတယ်။ တစ်ချိန် တည်းမှာလည်း ကိုယ့်နိုင်ငံကနေ ပို့ကုန်အမယ် အများကြီး မတင်ပို့နိုင်သေးဘူး။ နောက်တစ်ချက် အခုတစ်နိုင်ငံလုံး ရေကြီးရေလျှံတွေဖြစ်တယ်။ ရေကြီးရေလျှံဖြစ်တော့ ဆိုးကျိုးတွေဖြစ်တယ်။ တစ်ခုက လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ထိခိုက်တယ်။ နောက်တစ်ခုက ဒီစိုက်ပျိုး မွေးမြူရေးကဏ္ဍ ပို့ကုန်တွေ ကျဆင်းသွားနိုင်တယ်။ နောက်ပြီး သဘာဝဘေးဒဏ် ထိခိုက်သွားတဲ့ နေရာတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ရမယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် သွင်းကုန်တွေ ပိုသွင်းရတော့မယ်။ အဲဒီတော့ နိုင်ငံ့အတွက် သွင်းကုန်လိုအပ်ချက်တွေ ပိုများလာမယ်။ အဲဒီအခြေအနေတွေ ရှိတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုးက ဒီထက်လည်း ကျဆင်းသွားနိုင်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေး ကော်မတီဝင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

ဒေါ်လာဈေးသည် ပြီးခဲ့သည့် မေနှင့် ဇွန်လမှစတင်ကာ သိသိသာသာ ပြန်တက်ခဲ့ပြီး အမေရိကန်-မြောက်ကိုရီးယားခေါင်း ဆောင်များ၏ သမိုင်းဝင်တွေ့ဆုံမှု၊ အမေရိ ကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မှု၊ အမေ ရိကန်စီးပွားရေး ဦးမော့လာမှု၊ အမေရိကန် နှင့် တရုတ်တို့အကြား ဘီလျံများစွာရှိသော သွင်းကုန်များကို အခွန်အပြန်အလှန် ကောက်ယူမှု စသည်တို့ကြောင့် ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းတို့တွင် ဒေါ်လာဈေး ထိုးတက်လာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များအား အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့ပြီး ယခင်ကောက်ခံမည် ပြောခဲ့သည့် ၁၀ ရာခိုင်နှုန်းထက် ပိုများနေရာ ကုန်သွယ်မှု စစ်ပွဲအရှိန်ကို မြင့်တက်စေခဲ့သည်။ အမေရိကန်သည် ဇူလိုင်လ အစောပိုင်းတွင်လည်း တရုတ်သွင်းကုန် ဒေါ်လာ ၃၄ ဘီလျံဖိုးကို အခွန် ၂၅ ရာ ခိုင်နှုန်းစည်းကြပ်ခဲ့ပြီး နောက်ထပ်ဒေါ်လာ ၁၆ ဘီလျံဖိုးရှိသော တရုတ်ထုတ်ကုန်များ ကို အခွန်ထပ်မံကောက်ခံရန် စီစဉ်ခဲ့သည်။ အခွန်တိုးမြှင့်ကောက်ခံမှုများသည် တရုတ်နှင့် ကုန်သွယ်ရေးပိုင်းတွင် အကျပ်အတည်း ဖြစ်နေသည့် အခြေအနေအပေါ် အမေရိ ကန်ဘက်က ထပ်မံဖိအားပေးရာ ရောက်ခဲ့ သည်။ တရုတ်ဗဟိုဘဏ်ကလည်း  သြဂုတ် ၃ ရက်တွင် ယွမ်ငွေအလွန်အမင်း ကျဆင်းမှု ကို ဝင်ရောက်ထိန်းသိမ်းခဲ့ပြီးနောက် ယွမ် ငွေသည် ဈေးကွက်အတွင်း အနည်းငယ်ပြန် တက်ခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံ အကြား ကုန်သွယ်မှုသည် ၂၀၁၇ ခုနှစ်က စုစုပေါင်း ဒေါ်လာ ၆၇၀ ဘီလျံကျော်ရှိပြီး အမေရိကန်သည် တရုတ်နှင့်ကုန်သွယ်ရာ တွင် ဒေါ်လာ ဘီလျံ ၃၇၀ ကျော် လိုငွေပြခဲ့ကာ ယင်းကဲ့သို့ ကုန်သွယ်မှုလိုငွေ တောက်လျှောက်ပြခဲ့ခြင်းကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်က အခွန်စကောက်ခံခဲ့သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ၉၅ ဒသမ ၁၈ ပွိုင့်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

ဒေါ်လာဈေး မြင့်တက်ခဲ့ခြင်းကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံအများစု၏ ငွေ ကြေးတန်ဖိုးများကျဆင်းခဲ့ပြီး နဂိုကတည်း က စီးပွားရေးကဏ္ဍစုံတွင် အားနည်းနေသည့်  မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးမှာ ကျဆင်းမှု နှုန်း မြင့်မားသည့်နှုန်းထား ဖြစ်ပေါ်ခဲ့တယ်။ ဒေါ်လာငွေ မာလာခြင်းကြောင့် အာရှစီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့၏ ငွေတန်ဖိုးများ ကျဆင်းခဲ့သည်။

ပြီးခဲ့သော ဇွန် ၁၁ ရက်နှင့် သြဂုတ် ၃  ရက် နှစ်လနီးပါးအတွင်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ဖြစ်ပေါ်ခဲ့သည့် အာရှနိုင်ငံများ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုများကိုကြည့်လျှင် စင်ကာပူဒေါ်လာက ၂ ဒသမ ၅၀ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၃ ဒသမ ၉၄ ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်က ၂ ဒသမ ၁၅ ရာခိုင်နှုန်း၊ ဗီယက်နမ်ဒေါင်က ၂ ဒသမ ၅၇ ရာ ခိုင်နှုန်း၊ လာအိုကစ်က ၁ ဒသမ ၁၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ရူပီယာက ၃ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ပီဆိုက ၀ ဒသမ ၀၂ ရာ ခိုင်နှုန်း၊ ဘရူနိုင်းဒေါ်လာက ၀ ဒသမ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ရီယဲလ်က ၀ ဒသမ ၁၇ ရာခိုင်နှုန်း လျော့ကျခဲ့သည်။။

အာရှစီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်ယွမ်က ၇ ဒသမ ၁၅ ရာခိုင် နှုန်း၊ ဂျပန်ယန်းက ၁ ဒသမ ၄၅ ရာခိုင်နှုန်း၊ အိန္ဒိယရူပီးက ၁ ဒသမ ၇၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယားဝမ်က ၄ ဒသမ ၈၃ ရာခိုင် နှုန်း၊ သြစတြေးလျဒေါ်လာက ၃ ဒသမ ၃၁ ရာခိုင်နှုန်းတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။ မြန်မာကျပ်ငွေတန်ဖိုးသည် ဇွန် ၁၁ ရက်တွင် တစ်ဒေါ်လာ ၁၃၄၆ ကျပ်ပေါက်ဈေးရှိခဲ့ပြီး သြဂုတ် ၃  ရက်တွင် ၁၄၆၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နှစ်လနီးပါးအတွင်း ၁၁၉ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်း အနေဖြင့် ကြည့်လျှင် ၈ ဒသမ ၈၄ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းခဲ့သည်။ ယခုနှုန်းထားများကို ကြည့်ပါက ဒေါ်လာနှင့်ယှဉ်လျှင် နိုင်ငံအများစု၏ ငွေကြေးတန်ဖိုးများ အသီးသီးကျဆင်းခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုးက ကျဆင်းမှုနှုန်း အများဆုံး ဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ထို့ပြင် ပြည်တွင်းဈေးကွက်တွင် အဓိက အရောင်းအဝယ် လုပ်နေသော နိုင်ငံခြား ငွေကြေးများ၏ ဇွန် ၁၁ ရက်နှင့် သြဂုတ် ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပေါက်ဈေးများကို ကျပ်ငွေဖြင့် နှိုင်းယှဉ်ကြည့်ပါက အမေရိကန် ဒေါ်လာက ၈ ဒသမ ၈၄ ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်က ၃ ဒသမ ၈၂ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၃ ဒသမ ၆၅ ရာခိုင်နှုန်း၊ တရုတ် ယွမ်က ၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ ယူရိုက ၅ ဒသမ ၆၇ ရာခိုင်နှုန်း၊ ဗြိတိန်ပေါင်က ၄ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၅ ဒသမ ၂၈ ရာခိုင်နှုန်း၊ သြစတြေးလျဒေါ်လာက ၄ ဒသမ ၆၉ ရာခိုင်နှုန်း၊ စင်ကာပူဒေါ်လာက ၆ ဒသမ ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

လက်ရှိ NLD အစိုးရ စတင်တက်ရောက်သော၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၁၉၃ ကျပ် ဖြစ်ပြီး အစိုးရသက်တမ်း ၂၈ လကျော်အတွင်း အနိမ့်ဆုံး ငွေလဲနှုန်းအဖြစ် ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် ၁၁၅၃ ကျပ်၊ အမြင့် ဆုံးငွေလဲနှုန်းအဖြစ် ၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှုန်းနှင့် အမြင့်ဆုံးနှုန်းများကို နှိုင်းယှဉ်ပါက ၂၈၅ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်း အနေဖြင့်ဆိုလျှင် ကျပ်ငွေတန်ဖိုး ၂၄ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေး သိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိကျဆင်းခဲ့ပြီး ဇူလိုင်  ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀၊ ဇူ လိုင် ၃၁ ရက်တွင် ၁၄၄၄ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ် အထိ မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေး ၁၃၂၃ ကျပ်နှင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည့် ၁၄၆၅ ကျပ်တို့ နှိုင်းယှဉ်လျှင် ၁၄၂ ကျပ်၊ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ် ၃ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၄၃၁ ဖြစ်ကြောင်း သိရသည်။

“မြန်မာငွေတန်ဖိုးကျတာ ဘာကြောင့်လဲဆိုပြီး အဖြေထုတ်ရင် စုံနေအောင်ကို များတယ်။ ပထမဦးဆုံး ပြောချင်တာက ဘတ်ဂျက်နှစ်ပြောင်းတဲ့ ကြားကာလ ခြောက်လ ဘတ်ဂျက်မှာလည်း လိုငွေတွေ အများကြီးပြတယ်၊ အသုံးစရိတ်တွေ တိုးလာတယ်။ ဘတ်ဂျက်လိုငွေများတိုင်း ကုန်ဈေးနှုန်းတွေ တက်တယ်၊ ငွေကြေးဖောင်းပွမှုနှုန်းတွေ များတယ်။ ဒီလိုအခြေအနေဆို ဒေါ်လာဈေးတက်ပြီး ကျပ်ငွေတန်ဖိုးက ကျတယ်။ ဒါက ဘဏ္ဍာရေးကြောင့်၊ ဘတ်ဂျက်ကြောင့် ကျပ်ငွေတန်ဖိုးကျတာ။ နောက်တစ်ခုက ကုန်သွယ်မှုလိုငွေ၊ ပို့ကုန်ကနည်းနေပြီး သွင်းကုန်ကများနေတော့ ကုန်သွယ်မှုလိုငွေနဲ့ နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်းမှာ အရှုံးချည်းပဲ ဖြစ်နေတယ်။ ပို့ကုန်ရငွေနည်းပြီး သွင်းကုန်ပေးငွေများနေတော့ ဒေါ်လာဈေးက တက်မှာပေါ့။ ဒီလိုအချိန်မှာ သွင်းကုန်တချို့ကို ပြန်လည် စိစစ်သင့်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာလည်း ဝင်တာဝင်တယ်၊ ခွင့်ပြုတယ်ပေါ့။ အဲဒီမှာလည်း ခွင့်ပြုတဲ့စာရင်းနဲ့ အမှန်တကယ် ဝင်ရောက်တဲ့ စာရင်းမှာ  ကွာဟချက်တွေရှိတယ်။ များနေရင်တော့ မကောင်းဘူးပေါ့။ အမှန်တကယ်ဝင်မှ ဒေါ်လာက ဒီရောက်တာ ဖြစ်ပါတယ်။ စာရင်းပဲဝင်ပြီး အရင်းအနှီး တကယ်မဝင်ရင် ဒေါ်လာတကယ် မလာသေးဘူးပေါ့။ ဒါကလည်း ဒေါ်လာဈေးတက်စေတဲ့ တစ်ကြောင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ။ သူတို့ ဒီမှာလုပ်ငန်း လုပ်လို့ရတဲ့ ငွေတွေက ကျပ်ငွေတွေ၊ အဲဒီတော့ သူတို့ရတဲ့အမြတ်ကို ဒေါ်လာနဲ့ပြောင်းပြီး ပြန်ပို့တာကလည်း ဒေါ်လာဝယ်လိုအားကို တက်စေပါတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တချို့လည်း အခုအချိန်အထိ ဈေးခွာပြီး ပြည်ပမှာ ဒေါ်လာထား၊ ဒီမှာ ဈေးအလှုပ်အခတ်ဖြစ်ရင် ဝင်ကစားတာတွေကလည်း ဈေးနှုန်းအတက်အကျ ကြမ်းစေပါတယ်။ မြန်မာပြည်တွင်းမှာ ဒေါ်လာသုံးစွဲမှု များနေသေးတာကလည်း ဒေါ်လာဈေးကို မြင့်စေပါတယ်။ ဝန်ဆောင်မှုတွေ၊ လုပ်ငန်းတွေအတွက် အခကြေးငွေ ကောက်ခံရာမှာ ဒေါ်လာနဲ့ လုပ်ဆောင်တဲ့အတွက် ဒေါ်လာဝယ်လိုအား တက်စေပါတယ်။ နိုင်ငံတစ်နိုင်ငံက ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ့်ရဲ့ ငွေသုံးစွဲမှုကိုပဲ အားပေးရမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကလည်း ပြည်တွင်းမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုတွေကို တားမြစ်ထားပေမယ့် အခုအချိန်အထိ လိုက်နာမှု နည်းနေသေးတာ တွေ့ရတယ်။ အရေးယူမှုတော့ လိုနေပါတယ်” ဟု ဦးလှမောင်က ဆိုသည်။

နိုင်ငံခြား ငွေလဲနှုန်းသည် ကာလတို ကာလရှည် ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အတိုးနှုန်း၊ သာမန်စာရင်းလက်ကျန်၊ မတည်ငွေစာရင်းလက်ကျန်၊ ဈေးကစားမှုများ၊ ကမ္ဘာ့ကုန်စည်ဈေးနှုန်း ပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများ၏ မူဝါဒပြောင်းလဲမှုများ စသည်တို့ကြောင့် ကာလတို နိုင်ငံခြားငွေကြေး ပြောင်းလဲမှုများ ဖြစ်နိုင်သည်။ ကာလရှည် နိုင်ငံခြားငွေလဲနှုန်း ပြောင်းလဲမှုအပေါ် သက်ရောက်နိုင်သည့် အချက်များမှာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ ပို့ကုန်ယှဉ်ပြိုင်နိုင်မှု၊ ပြည်ပကြွေးမြီပမာဏ၊ အစိုးရဘတ်ဂျက်လိုငွေ၊ အရင်းအနှီး စီးဆင်းမှု၊ ပြည်တွင်းပြည်ပ ဈေးနှုန်းများ၊ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုနှင့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့မှု စသည်တို့ဖြစ်သည်။

“အခုကျပ်ငွေကျတဲ့ကိစ္စမှာ တန်ဖိုးချလို့ ကျတာမဟုတ်ဘဲ နိုင်ငံတကာဈေးကွက် အခြေအနေကြောင့် တန်ဖိုးကျလာတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က တန်ဖိုးချတာ မဟုတ်ဘူး။ ဒီတန်ဖိုးကျလာတဲ့ အပေါ်မှာ ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိနိုင်မလဲ ရှာရမှာ ဖြစ်ပါတယ်။ ဒါကလည်း ဗဟိုဘဏ်တစ်ခုတည်း အပေါ်မှာ တာဝန်ရှိတာ မဟုတ်ဘူး။ ဗဟိုဘဏ်၊ စီးပွား/ကူးသန်း၊ နယ်စပ်ကုန်သွယ်ရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ စီမံ/ဘဏ္ဍာ စတဲ့စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဌာနတွေအားလုံး တာဝန်ရှိပါတယ်။ အဆိုးဆုံး အခြေအနေ တစ်ခုကို ပြောကြည့်မယ်ဗျာ။ ကိုယ့်ဘက်က ပို့ချင်ပေမယ့် ဝယ်တဲ့သူရှိဦးမှဖြစ်မှာ၊ ဝယ်လိုအား ကျနေတယ်၊ စီးပွားရေး ကျနေတယ်ပေါ့ဗျာ။ အခု နိုင်ငံတိုင်း နိုင်ငံတိုင်း အနည်းနဲ့အများ စီးပွားရေး ထိခိုက်နေကြတာ။ ဥပမာ တရုတ်နိုင်ငံပေါ့။ တရုတ်လည်း အခုကုန်သွယ်ရေး စစ်ပွဲကြောင့် သူ့နိုင်ငံအတွင်းက ဒေါ်လာတွေ အပြင်ထွက်တာလျော့အောင် ကြိုးစားနေပြီ ဆိုပါတော့ဗျာ။ ဒါအမေရိကန်နိုင်ငံနဲ့ဖြစ်တဲ့ ကိစ္စကနေ တခြားနိုင်ငံတွေအပေါ် သက်ရောက်လာတာ။ အဲဒီလို တခြားနိုင်ငံတွေ ဆက်စပ်ပြီး တရုတ်က လုပ်လာပြီ ဆိုရင်တော့ သူ့ကို ပို့ကုန်ပို့ဖို့ ခက်လာမယ်။ အဲဒီလိုလုပ်လာပြီ ဆိုရင်တော့ သူ့ကိုအများစု မှီခိုနေတဲ့ နိုင်ငံအနေနဲ့ ပြည်တွင်းစားသုံးမှုကို ဘယ်လိုထိန်းနိုင်မလဲ စဉ်းစားရတော့မယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို စဉ်းစားရတော့မယ်။ ဘဏ်တိုးနှုန်းကို ပြန်သုံးသပ်ရမယ်။ ဘယ်လောက်အထိ လျှော့ပေးမလဲ စဉ်းစားရမယ်။ ပြည်တွင်း အခွန်ကောက်ခံမှုကို ပြန်ညှိနှိုင်းရမယ်။ ပြည်တွင်းစားသုံးမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ရှင်သန်အောင် အစိုးရက ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေ ဖန်တီးရမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်မြင့်တက်မှု သုံးနှစ်အတွင်း နှစ်ကြိမ်ကြုံတွေ့ လာခြင်းဖြစ်ပြီး ဒေါ်လာဈေး မြင့်တက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်မှုများကိုလည်း ပြည်သူတိုင်း ခံစားလာရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အစစအရာရာ အားနည်းနေခြင်းကြောင့် တစ်ခုခုဆို ခံနိုင်ရည်မရှိ ဖြစ်နေသည်ကို အစိုးရက ကုစားရမည်ဖြစ်သည်။ ယခုဖြစ်ပေါ်နေသော အမေရိကန်- တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့် မြန်မာကျပ်ငွေတန်ဖိုး အခြားနိုင်ငံများထက် ကျဆင်းနေသည်ကို အဖြေရှာရမည်ဖြစ်ပြီး စီးပွားရေး ကောင်းမွန်စေမည့် ဂယ်ပေါက်များကိုလည်း  ရှာဖွေရမည်ဖြစ်သည်။ ပြောင်းလဲလာသည့် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းသစ်တွင် မိမိနိုင်ငံ အကျိုးဖြစ်ထွန်းမှု အမြန်ဆုံး ရရှိစေရန် အစိုးရက အားထုတ်ရမည်ဖြစ်သည်။

“တရုတ်က အရင်ကတော့ မြန်မာနဲ့အတူ ရွှံ့ထဲလူးနေပေမယ့် အခုတော့ စင်ပေါ်ရောက်သွားပြီ။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်သွားပြီ။ မြန်မာနိုင်ငံအနေနဲ့ တရုတ်ဆီက ယူတတ်ရင် အကျိုးဖြစ်ထွန်းမှုတွေ ရနိုင်ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သံသယဖြစ်တာထက် တရုတ်ရဲ့ အရင်းအနှီး ကြွယ်ဝမှုကို ကိုယ့်နိုင်ငံအတွက် ဘယ်လိုအသုံးချမလဲ ဆင်ခြင်စဉ်းစားနိုင်ဖို့ လိုပါတယ်။ ဥပမာပြောရရင် တရုတ်ပြည်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းကစပြီး တစ်စုံတွဲကို ကလေးနှစ်ဦး ယူခွင့်ပြန်ပေးလိုက်တယ်။ တရုတ်လူဦးရေနဲ့ဆိုရင် တစ်နှစ်ကို ကလေးသန်း ၂၀ မွေးလာနိုင်တယ်။ အဲဒီမှာ နို့နဲ့ နို့ထွက်ပစ္စည်းဈေးကွက် ဘယ်လောက်ရှိမလဲ စဉ်းစားကြည့်။ မြန်မာတွေကတော့ နွားတွေကိုပဲ အကောင် လိုက်ပို့နေတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ထုတ်ရောင်းဖို့၊ တရုတ်အရင်းအနှီးနဲ့ ဖက် စပ်လုပ်ပြီး ပို့ကုန်တင်ပို့ဖို့ ဘယ်သူမှလုပ်နေ တာ မတွေ့ရဘူး။ အခုကုန်သွယ်ရေးစစ်ပွဲဖြစ် တော့ တရုတ်က အမေရိကန်ဆီက ပဲပိစပ် မဝယ်တော့ဘူး။ အဲဒီနေရာကို မြန်မာက ဝင် ယူနိုင်ရင် အကျိုးအမြတ်အများကြီးရနိုင် တယ်။ စီးပွားရေးမှာတော့ အကျိုးအမြတ် ကြည့်မှာပဲ၊ ညံ့ရင်ခံရမှာပဲ။ လက်ရှိမြန်မာ အစိုးရကလည်း တရုတ်နဲ့ပတ်သက်ရင် ပွင့် လင်းမှုအားနည်းတယ်။ တရုတ်ကလည်းမြန် မာနဲ့ပတ်သက်ရင် ကြုံရင်ကြုံသလို ကျိတ်ကြံ တာရှိတယ်။ ကိုယ်က မနပ်ရင် ခံရမှာပေါ့။ အခုတရုတ်က အမေရိကန်ဆီက ကုန်ပစ္စည်း အမည်ပေါင်း ၆၀၀ ကျော်မဝယ်တော့ဘူး။ အဲဒါတွေက ဘယ်ကဝယ်မလဲ၊ မြန်မာက ရောင်းနိုင်ရင်၊ ပို့နိုင်ရင် ဝယ်မှာပေါ့။ နောက်ဆုံး ကိုယ့်ဆီက မထုတ်နိုင်ရင်တောင် Transi Trade နဲ့ ရောင်းလို့ရအောင် အားထုတ်လို့ရပါတယ်” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေး ကော်မတီဝင် ဒေါက်တာအောင်ကိုကိုက “ဒေါ်နယ်ထရန့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပြန်ဝင်လာနိုင်သလို သူပဲသမ္မတ ဆက်ဖြစ်လာနိုင်တော့ ဒုတိယ သက်တမ်းမှာလည်း သူဒီလိုမျိုးတွေ ဆက်လုပ်လာနိုင်တယ်။ တရုတ်နဲ့ ဒီလိုတွေ ဆက်ဖြစ်လာနိုင်သလို ဥရောပနဲ့ ထပ်မဖြစ်ဘူး မပြောနိုင်ဘူး။ နောက်တစ်ခု တရုတ်ရဲ့ OBOR ပေါ့။ အခု အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအကျိုးရှိအောင် အသုံးချနိုင်မလဲ ပြင်ဆင်ရမယ်။ နှစ်နိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ အကျိုးရှိအောင်လုပ်နိုင်ဖို့ စဉ်းစားရ မယ်။ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာရှိ တဲ့ အများစုနိုင်ငံခြားအရန်ငွေက ဒေါ်လာနဲ့ ကိုင်ထားတာဆိုတော့  ဒေါ်လာရှိတဲ့နိုင်ငံက ပြဿနာမရှိဘူး။ နိုင်ငံခြားအရန်ငွေနည်းတဲ့ နိုင်ငံအတွက်တော့ ပြဿနာရှိတယ်။ ဒေါ်လာရှားတဲ့ နိုင်ငံအတွက်ကတော့ သူ့နိုင်ငံငွေကြေးက အခုအချိန်မှာ အလိုလိုကို များများကျမှာဖြစ်တယ်။ အခုအချိန်မှာ အမေရိကန်ကတော့ သူ့ကိုယ်သူ ကာကွယ်တာ၊ ကိုယ်ကျိုးစီးပွား ကာကွယ်တာပေါ့ဗျာ။ သူ့နိုင်ငံအတွက်တော့ ဟုတ်တယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတွက်တော့ သက်ရောက်မှု အများကြီး ဖြစ်စေခဲ့တယ်။ သူ့စီးပွားရေးအတွက် ကာကွယ်တာဖြစ်ပေမယ့် တခြားနိုင်ငံတွေအတွက် အလွန်အကျွံကြီး ထိခိုက်သွားစေခဲ့ရင် ဒေါ်လာအပေါ်ထားတဲ့ အားကိုးမှုက အနာဂတ်မှာ လျော့နည်းသွားနိုင်တယ်။ ဒီလို ငွေတန်ဖိုး အတက်အကျတွေ ပြင်းပြင်းထန်ထန် ဖြစ်စေတဲ့အတွက် ဒေါ်လာအခြေပြု နိုင်ငံခြားအရန်ငွေ စုဆောင်းမှုအစား တခြားငွေကြေးတွေဖြစ်တဲ့ ယူရိုတို့၊ ယွမ်တို့၊ ယန်းတို့ကိုပါ ပေါင်းစပ်ပြီး ကိုင်လာကြတဲ့ အနေအထားလည်း ဖြစ်လာနိုင်ပါတယ်။ အခုလုပ်တဲ့ အနေအထားက ကမ္ဘာ့စီးပွားရေး အထိတ်တလန့် ဖြစ်စေတဲ့အတွက် အားလုံးက ပြန်သုံးသပ်မှာဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး အနေအထားက ပြောင်းသွားပြီ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့ ယွမ်ငွေကြားက အားပြိုင်မှုတွေ၊ ကုန်သွယ်ရေး စစ်ပွဲကြောင့် ဖြစ်ပေါ်လာမယ့်  ပို့ကုန်အလားအလာတွေကို မြန်မာဘက်က အသုံးချနိုင်ဖို့လိုတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးဖြစ်တဲ့ တရုတ်ကို မြန်မာက အကျိုးရှိအောင် အသုံးချတတ်ဖို့လိုတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံ၏စီးပွားရေး အခြေအနေနှင့် လိုက်လျောညီထွေရှိပြီး တည်ငြိမ်သော နိုင်ငံခြား ငွေလဲလှယ်နှုန်းဖြစ်ရန် အရေးကြီးပြီး ယင်းကဲ့သို့ ငွေလဲလှယ်နှုန်းဖြစ်စေရန် ထိန်းကျောင်းရာတွင် နိုင်ငံ၏ နောက်ခံစီးပွားရေး အခြေအနေပေါ် များစွာမူတည်နေခြင်းကြောင့် ယခုထက် စီးပွားရေး အခြေအနေ ပိုဆိုးမသွားမီ ပြင်ဆင်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ အားနည်းနေသည့် ချို့ယွင်းချက်များကို မပြုပြင်နိုင်လျှင်၊ ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုများကို အမီမလိုက်နိုင်လျှင် ပြည်တွင်းပြည်ပတွင် တစ်ခုခုဖြစ်တိုင်း နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားစေဦးမည်ဖြစ်သည်။ လက်ရှိအချိန်သည် တိုင်းပြည်၏ အနာဂတ် ကောင်းမွန်စေရန် အစွမ်းရှိသလောက် ထုတ်ပြရမည့် အချိန်တစ်ခုဖြစ်ပြီး ပြည်သူလူထုက ချူချာလွန်းသည့် မြန်မာ့စီးပွားရေးကို အမြန်ဆုံး နာလန်ပြန်ထူ စေချင်ပါပြီ။