အနာဂတ် စိုးရိမ်ရေမှတ်များနဲ့ မြန်မာနိုင်ငံ

အနာဂတ် စိုးရိမ်ရေမှတ်များနဲ့ မြန်မာနိုင်ငံ
Published 30 July 2018

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်အတွင်း နေစရာအခက်အခဲကြောင့် ကျူးကျော်နေထိုင်နေသည့် တဲအိမ်စု အချို့ကို တွေ့ရစဉ်

မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု အခြေအနေဟာ သတိနဲ့ စောင့်ကြည့်ရမယ့် အဆင့်မှာ ရှိနေဆဲ ဖြစ်တယ်လို့ The Fund for Peace အဖွဲ့ရဲ့ ၂၀၁၈ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၈ မှာ အဆင့် ၂၂  ဖြစ်ပါတယ်။

မြန်မာနိုင်ငံထက် အခြေအနေဆိုးတဲ့ နိုင်ငံတွေအဖြစ်  နံပါတ် (၁) နေရာက တောင်ဆူဒန် နောက်မှာ ဆိုမာလီယာ၊ ယီမင်၊ ဆီရီးယား၊ အာဖရိက၊ ကွန်ဂို၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ဇင်ဘာဘွေစတဲ့ ၂၁ နိုင်ငံဖြစ်ပါတယ်။

The Fund for Peace အဖွဲ့အနေနဲ့ နိုင်ငံတစ်ခု ပြိုလဲနိုင်တယ်ဆိုတဲ့ အညွှန်းကိန်းကို တပ်မတော်က အရပ်သားအုပ်ချုပ်မှု အောက်မှာ ရှိ၊ မရှိ၊ စစ်ပွဲများ ဖြစ်ပွားနေခြင်း ရှိ၊ မရှိ၊ ရဲတပ်ဖွဲ့ အဆင့်မီ၊ မမီ၊ လက်နက်များ ပြန့်ပွားမှုအခြေအနေ၊ အစိုးရကြွေးမြီ၊ ဘဏ် တိုးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအခြေ အနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ အစိုးရအပေါ် လူထုယုံကြည်မှု၊ ဆန္ဒပြမှုနဲ့ အဓိကရုဏ်းများ ဖြစ်ပွားမှု၊ ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲ များရဲ့ လွတ်လပ်မျှတမှု၊ နိုင်ငံရေးအရ လုပ် ကြံမှု၊ အကြမ်းဖက်မှု၊ လူဦးရေတိုးတက်နှုန်း၊ ပျံ့နှံ့နေထိုင်မှုနှုန်း၊ ပြည်သူ့ကျန်းမာရေး၊ စား နပ်ရိက္ခာအခြေအနေ၊ မိုးခေါင်မှုအခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ဂိုဏ်းဂဏ ကွဲပြားမှု၊ အစွန်းရောက်ပြောဆိုမှု၊ အမုန်းတရားပြန့်ပွားမှု၊ ပညာရေး စတဲ့ အချက်တွေကို အခြေခံပြုစုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ (၁) Security Apparatus မှာ ၉ မှတ်၊ (၂) Fictionalized Elite မှာ ၈ ဒသမ ၃ မှတ်၊ (၃) Group Grievance မှာ ၉ ဒသမ ၈ မှတ်၊ (၄) Economics indicators – Decline မှာ ၅ ဒသမ ၆ မှတ်၊ (၅) Uneven development မှာ ၇ ဒသမ ၄ မှတ်၊ (၆) Human Flight and Brain Drain မှာ ၆ ဒသမ ၉ မှတ်၊ (၇)  Political indicator – State legitimacy မှာ ၈ ဒသမ ၆ မှတ်၊ (၈) Public Service မှာ ၈ ဒသမ ၆ မှတ်၊ (၉) Human rights and rule of law မှာ ၉ မှတ်၊ (၁၀) Social Indicators မှာ ၆ ဒသမ ၃ မှတ်၊ (၁၁)  Refugees နဲ့ IDP အရေးမှာ ၉ ဒသမ ၂ မှတ်၊ (၁၂) Cross cutting indicators-external intervention မှာ ၇ ဒသမ ၄ မှတ် ရရှိတဲ့အတွက် စုစုပေါင်း အမှတ် ၁၂၀ ပေးထားရာမှာ မြန်မာနိုင်ငံက ၉၆ ဒသမ ၁ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနေအထားတွေကြောင့် အနာဂတ်မှာ မြန်မာနိုင်ငံဟာ ပျောက်ကွယ်သွားဖို့ အလားအလာ ရှိ၊ မရှိ ဆိုတာက စိတ်မအေးစရာ ဖြစ်လာပါတယ်။ သမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦးကတော့ လူတွေရဲ့ သက်တမ်းအတွင်းမှာပဲ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန် နိုဗိုတယ်ဟိုတယ်မှာ ဇူလိုင် ၈ ရက်က ကျင်းပခဲ့တဲ့ ‘ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲ’ မှာ ဒေါက်တာသန့်မြင့်ဦးက အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀ နဲ့ပတ် သက်လို့ ဆွေးနွေးရာမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ၂၁ ရာစု ပြဿနာတွေ ရှေ့မှောက်ရောက်ချိန်မှာ ၂၀ ရာစုက အဖြေတွေနဲ့ ငြင်းခုံနေကြတဲ့အတွက် အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် စွမ်းရည်တွေ နေရာတိုင်းမှာရှိဖို့က သံသယဖြစ်စရာ ရှိတယ်လို့ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။

ဒေါက်တာသန့်မြင့်ဦးဟာ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်သလို ၂၀၁၃ နဲ့ ၂၀၁၄ မှာ ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင်အဖြစ် စာရင်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ မချုပ်ငြိမ်းမှု၊ စီးပွားရေးကျဆင်းမှုအပြင် ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားအောက်ကို ရောက်ရှိနေချိန်မှာ ပြည်တွင်းမှာလည်း လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စတဲ့ ပြဿနာတွေက တစ်နှစ်ထက် တစ်နှစ်မြင့် တက်လာနေပါတယ်။ ဒီလိုထူပြောလှတဲ့ ပြဿနာတွေကြောင့် နိုင်ငံရဲ့ အခြေအနေဟာ ပြိုလဲကျဆုံးခြင်းဆီကို ဦးတည်လာနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း သက်ဆိုးရှည်လာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက ဒီနေ့အထိ ဆက်လက်အောင်ပွဲခံနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ၂၀၁၀ မှာ ကူးပြောင်းခဲ့ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးချိန်မှာတော့ အာဏာရလာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး သက်တမ်းနှစ်နှစ် ကျော်ချိန်မှာတော့ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့က NCA  မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ဖြစ်လာပေမယ့် မြန်မာနိုင်ငံရဲ့ ရှမ်းနဲ့ ကချင်ပြည်နယ် တွေမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေက ဆက်ရှိနေပါသေးတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံကို တတိယအကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့ကတော့ NCA စာချုပ်မှာ လက်မှတ်ပါဝင် ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ၂၁ ရာစုပင်လုံ ဒုတိယအစည်း အဝေးမှာ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းအဖြစ် အချက် ၃၇ ချက်ကို အတည်ပြုနိုင်ခဲ့ပေမယ့် တတိယ အစည်းအဝေးမှာတော့ ၁၄ ချက်ကိုသာ အတည်ပြုနိုင် ခဲ့ပါတယ်။ အဲဒီလို အတည်ပြုလိုက်တဲ့ အချက်တွေထဲမှာလည်း အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုသွားမယ့် အခြေခံမူတွေ မပါဝင်သေးတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အားရကျေနပ်မှုတော့ မရှိကြပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ နဲ့ ၂၀၁၉ နှစ်နှစ်အတွင်းမှာ နောက်ထပ် ၂၁ ရာစုပင်လုံ အစည်းအဝေး သုံးကြိမ်လုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် လိုအပ်တဲ့ အခြေခံမူတွေကို ချမှတ်သွားမယ်လို့ တတိယပင်လုံ အစည်းအဝေး အဖွင့်နေ့မှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ NCA မှာ ပါဝင်ဖို့ အစိုးရဘက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိပေမယ့် NCA ထီးရိပ်အောက်ဝင်ဖို့က မသေချာသေးပါဘူး။

အစိုးရလျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးခရီးက အခက်အခဲတွေ ရှိနေသလို တစ်ဖက်မှာလည်း နိုင်ငံ့စီးပွားရေးက နာမကျန်း ဖြစ်နေတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေး အခြေအနေဟာ နာမကျန်းဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ စီးပွားရေး ပညာရှင် ဦးမြင့်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်တုန်းက တစ်ဦးချင်းဝင်ငွေ (ဂျီဒီပီ) ဒေါ်လာ ၁၉၃ ဒသမ ၂ ရှိခဲ့ပြီး အာဆီယံနိုင်ငံတွေရဲ့ အောက်ဆုံးမှာ ရှိခဲ့ပါတယ်။ ၂၀၁၀ မှာ အာဆီယံနိုင်ငံထဲက ကမ္ဘောဒီးယားကိုကျော်ပြီး အောက်ဆုံးအဆင့်က ရုန်းထွက်နိုင်ခဲ့ပေမယ့် လက်ရှိ NLD အစိုးရရဲ့ လက်ကျန်သက်တမ်း အတွင်းမှာ လာအိုကို အမီလိုက်ဖို့ အလားအလာ နည်းတယ်လို့ ဦးမြင့်က မှတ်ချက်ပြုထားပါတယ်။

ဘာကြောင့်လဲဆိုတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံရဲ့ တစ်ဦးချင်း (ဂျီဒီပီ)ကို ၂၀၂၀-၂၁ မှာ ဒေါ်လာ ၁၈၃၂ ဖြစ်မယ်လို့ ခန့်မှန်းထားပေမယ့် လာအိုနိုင်ငံရဲ့ ၂၀၁၅ တုန်းက တစ်ဦးချင်း (ဂျီဒီပီ) ဒေါ်လာ ၂၁၅၉ ထက် နည်းနေသေးတာကြောင့် လာအိုကိုကျော်တက်ဖို့  အလားအလာ နည်းတယ်လို့ ဦးမြင့်က ပြောကြားထားပါတယ်။

ယခုနှစ်မှာလည်း မေလကနေ စတင်ပြီး ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းဈေးကွက်မှာ ငါးလအတွင်း နိုင်ငံခြားငွေလဲနှုန်းက တစ်စတစ်စ မြင့်တက်လာခဲ့ပါတယ်။ မြန်မာကျပ်ငွေ ကျဆင်းမှုနဲ့အတူ စီးပွားရေး အခြေအနေကလည်း အဘက်ဘက်က စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ထိုးဆင်းသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၈ ရက်အထိ တစ်လကျော်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ခြောက်ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်းကလည်း တစ်ဒေါ်လာ ၁၄၃၀ နီးပါးအထိ ရောက်ရှိလာတာကြောင့် သမိုင်းတစ်လျှောက် စံချိန်တင် ဒေါ်လာဈေးနှုန်းကို မီဖို့ ၁၂ ကျပ် လောက်ပဲ လိုပါတော့တယ်။

ဒီလိုအခြေအနေမှာ အစိုးရအနေနဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ စီးပွားရေးကဏ္ဍ အကျပ်အတည်းနဲ့ အောက်ခြေက အခြေအနေမှန်တွေကို သုံးသပ်အဖြေရှာနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် လက်တွေ့မကျတဲ့ ကိန်းဂဏန်းတွေ အပေါ်မှာ မူတည်ပြီး တိုင်းပြည်စီးပွားရေးကို သုံးသပ်လုပ်ဆောင် နေတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိနိုင်မယ်လို့ သုံးသပ်ချိန်မှာ သမ္မတဦးဝင်းမြင့် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းမှာ နိုင်ငံရဲ့ ဂျီဒီပီကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ဖို့ မျှော်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် နိုင်ငံရဲ့ စီးပွားရေးက အရှိန်အဟုန်နဲ့ မတိုးတက်ပေမယ့် လယ်ယာထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်း၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ထုတ်လုပ်မှုကဏ္ဍများသို့ စီးဝင်လာခြင်း၊ အသေးစား အလတ်စား လုပ်ငန်းများ၊ ပို့ဆောင်ရေးနဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနဲ့ အခြားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်ကုန်ခန့်မှန်းခြေအရ စီးပွားရေး တိုးတက်မှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့တာကို တွေ့ရတယ်လို့ သမ္မတဦးဝင်းမြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း မြန်မာနိုင်ငံမှာ စီးပွားရေး ကျပ်တည်းနေတယ်လို့ ပြောနေကြပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက နှုန်းအရ တက်နေတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆိုတာရှိတယ်။ အဲ့ဒီနှုန်း (Indicator) နဲ့ တိုင်းရတာပဲလေ။ ပြီးခဲ့တဲ့နှစ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၈။ ကျွန်တော်တို့  ၂၀၁၇-၁၈ ကုန်တဲ့ အချိန်မှာ ရခဲ့တယ်။ စီးပွားရေး တိုးတက်မှုနှုန်းကတော့ နှုန်းအားဖြင့် တက်နေတယ်။ ဒါပေမဲ့ ပြင်ပမှာ စီးပွားရေး လည်ပတ်နေတဲ့ အပေါ်မှာတော့ လည်ပတ်နေတဲ့ နေရာမှာ အထစ်အငေါ့တွေ ရှိနေတဲ့ အတွက်ကြောင့် ကျပ်တယ်လို့ ပြောနေကြတာပါ” လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အစိုးရ ပြောစကားတွေနဲ့ လက်တွေ့ဘဝထဲက အဖြစ်အပျက်တွေဟာ ဆန့်ကျင်ဘက်တွေ ဘာကြောင့် ဖြစ်နေရပါသလဲ။ မြန်မာနိုင်ငံထဲမှာ စီးပွားရေးကမ္ဘာနှစ်ခု တည်ရှိခဲ့လို့ သံသယပွားစရာတွေ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဦးမြင့်က ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံထဲမှာ စီးပွားရေးကမ္ဘာနှစ်ခု တည်ရှိခဲ့တယ်လို့ သံသယပွားစရာ ဖြစ်စေခဲ့တယ်။ ကမ္ဘာတစ်ခုကတော့ လူတွေရှိနေတဲ့ လက်တွေ့ကမ္ဘာကြီးပါ။ နောက်ကမ္ဘာတစ်ခုကတော့ အစိုးရ အစီရင်ခံစာတွေထဲမှာပဲ တည်ရှိတဲ့ ကိန်းဂဏန်းကမ္ဘာပါ” လို့ ဦးမြင့်က ပြောပါတယ်။

နိုင်ငံအတွင်း စီးပွားရေး ကျဆင်းနေချိန် မှာ နိုင်ငံရဲ့ဘတ်ဂျက်လိုငွေကလည်း တစ်နှစ်ထက် တစ်နှစ် မြင့်မားလာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် (၂၀၁၁-၂၀၁၅) ငါးနှစ်အတွင်း ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၈၀၈၂ ဘီလျံရှိခဲ့ပါတယ်။

NLD အစိုးရ လက်ထက်မှာတော့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ (မူလခန့်မှန်းခြေနဲ့ ဖြည့်စွက်ခွင့်ပြုငွေ) ကျပ် ၄၆၄၂ ဘီလျံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ (မူလခန့်မှန်းခြေနဲ့ ဖြည့်စွက်ခွင့်ပြုငွေ) ကျပ် ၆၅၃၉ ဘီလျံ၊ ၂၀၁၈ (ခြောက်လတာကာလ) ဘတ်ဂျက်လိုငွေ မူလခန့်မှန်းခြေ ၂၁၈၅ ဘီလျံနဲ့ ၂၀၁၈-၁၉  ဘတ်ဂျက်လိုငွေ မူလခန့်မှန်းခြေ  ၄၉၀၃ ဘီလျံ ရှိတာကြောင့် စုစုပေါင်းကျပ် ၁၈၂၆၉ ဘီလျံ လိုငွေပြနေပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရငွေကျပ်ဘီလျံ ၂၀၀၀၀ ကျော်ရှိပြီး သုံးငွေက ကျပ်ဘီလျံ ၂၄၀၀၀ ကျော် ရှိနေတာကြောင့် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၅၀၀၀ နီးပါး ရှိနေပါတယ်။

တိုင်းပြည်စီးပွားရေး မကောင်းတာကို အစိုးရသိဖို့အတွက် ဟိုတယ်သုံးလုံး ပိတ်လိုက်တာ ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဦးဌေးအောင်က ဇူလိုင် ၁၇ ရက်က ပြောကြားထားပါတယ်။ ဒါ့ပြင် စက်မှုဇုန်တွေက စက်ရုံတချို့ ပိတ်သိမ်းရတာတွေလည်း ရှိနေပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ပညာရှင် တွေကလည်း လက်ရှိ စီးပွားရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ မူဝါဒအပေါ် ထောက်ပြဝေဖန်မှုတွေ ရှိလာပါတယ်။ မတည်ငြိမ်သေးတဲ့ ငြိမ်းချမ်းရေးနဲ့ ကျဆင်းလာတဲ့ စီးပွားရေး အခြေအနေတွေက နိုင်ငံတော်ကို ပြိုလဲ၊ ကျဆုံး သွားစေလား နိုင်မလား ဆိုတာကတော့ စဉ်းစားရတော့မယ့် အချက် ဖြစ်လာပါတယ်။

မြန်မာနိုင်ငံကို ပြိုလဲ၊ ကျဆုံးသွားအောင် ခြိမ်းခြောက်နေတဲ့ နောက်ထပ်အရာ တစ်ခုကတော့ သဘာ၀ ဘေးအန္တရာယ်ပဲ ဖြစ်ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ်နွေရာသီဆို ရေရှားပါးတဲ့ဒဏ်ကို ခံနေရပြီး မိုးရာသီ ဆိုရင်တော့ ရေကြီးမှုဒဏ်ကို ပြည်သူတွေ ခံနေကြရပါတယ်။

မြန်မာပြည်အနေနဲ့ ရေရှည်တည်တံ့ချင်တယ် ဆိုပါက အရှေ့အနောက် ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုအောက်မှာ ကြားမညပ်အောင် နေထိုင်ဖို့နဲ့ ရာသီဥတု ပြောင်းလဲမှု ကပ်ဆေးတဲ့အထဲ ပါမသွားဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ မြန်မာနိုင်ငံရဲ့ သဘာ၀ ပတ်ဝန်းကျင် အဖွဲ့အစည်းဖြစ်တဲ့ Ecodev Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက မှတ်ချက်ပြုပါတယ်။

ရန်ကုန် နိုဗိုတယ်ဟိုတယ်မှာ ဇူလိုင် ၈ ရက်က ကျင်းပခဲ့တဲ့ ‘ယောမင်းကြီးဇရပ်စကားဝိုင်း ဆွေးနွေးပွဲ’ မှာ  ဦးဝင်းမျိုးသူက အနာဂတ် မြန်မာနိုင်ငံ ၂၀၅၀ နဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

“ပြည်တွင်းမှာ ပြဿနာအသီးသီးနဲ့ အရူးမီးဝိုင်းသလို ဖြစ်နေတာထက် ရေရှည်မြန်မာပြည် အဓွန့်ရှည်စွာ ရပ်တည်နိုင်ရေးဆိုတာ ပြင်ပဗဟိဒ္ဓ လွှမ်းမိုးမှုတွေဖြစ်တဲ့ အရှေ့အနောက် ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုအောက်မှာ ကြားမညပ်အောင် ဘယ်လိုနေမလဲ ဆိုတာရယ်၊ ရာသီဥတုပြောင်းလဲမှု ကပ်ဆေးတဲ့အထဲ ပါမသွားရအောင် ဘယ်လိုလိုက်လျောညီထွေ နေမလဲဆိုတဲ့အပေါ် မူတည်ပါတယ်” လို့ ဦး ဝင်းမျိုးသူက ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များအား လူမှုအဖွဲ့အစည်းများက အကူအညီပေးနေသည်ကို ၂၀၁၈ ခုနှစ်၊ ဧပြီလကုန်ပိုင်းက တွေ့ရစဉ်

ဒါပြင် ရာသီဥတု ပြောင်းလဲမှုကို အန်တုဖို့  ကြိုးစားမှုက အောင်မြင်ခဲ့ရင်တောင် အပူချိန်ဟာ လက်ရှိထက် နှစ်ဒီဂရီစင်တီဂရိတ် မြင့်မှာဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင် အနည်းဆုံး တစ်ပေကျော် တက်လာမှာ ဖြစ်တဲ့အတွက် ဧရာဝတီတိုင်းက လူဦးရေ နှစ်သိန်းကျော်နဲ့ သုံးသိန်းကျော်လောက်က အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်ကြောင်း၊ ပူပြင်းခြောက်သွေ့မှု ပိုမိုပြင်းထန်လာပါက အညာဒေသက လူ ၁၄ သန်း ဒုက္ခရောက်မှာ ဖြစ်ကြောင်း၊ ရေကြီးရေလျှံဖြစ်ပါက မြစ်ကမ်းပါးတစ်လျှောက် နေထိုင်သူ ခြောက်သန်းလောက် ဘေးအန္တရာယ် ကြုံတွေ့ရနိုင်ကြောင်း၊ သစ်တောဂေဟစနစ် ပျက်ယွင်းမှုက လူဦးရေ သန်း ၂၀ လောက်ရဲ့ လူမှုဘ၀ တည်ငြိမ်မှုကို ဆိုးကျိုးသက်ရောက် စေမှာဖြစ်ကြောင်း ဦးဝင်းမျိုးသူက ဆက်ပြောပါတယ်။

ဒါပြင် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။

“ယနေ့အချိန်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုထဲကို ရောက်နေပါပြီ။ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းလို မကြာခဏ ကြုံရပါလိမ့်မယ်။ မြန်မာနိုင်ငံ အချို့ဒေသတွေမှာ လူနေလို့ မရနိုင်တဲ့အထိ ပူပြင်းတာတွေ ဖြစ်လာပါမယ်။ ဟိမဝန္တာ တောင်တန်းမှာ ရေခဲတွေပျော်လို့ အကြီးအကျယ် မခန့်မှန်းနိုင်တဲ့ အတိုင်းအဆနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းတွေ ရေဖုံးလွှမ်းတာ၊ နောက်ဆုံး ရန်ကုန်မြို့တော် ရေဖုံးလွှမ်းသွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကြီးအကျယ် ခံစားနေရတဲ့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းမှာ နေထိုင်နေကြရပါတယ်။ ဒီလိုရုတ်ခြည်းနဲ့ မမျှော်လင့်ထားတဲ့ ပုံစံပြောင်းလဲခြင်းတွေကြောင့် စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေးအပေါ် ထိခိုက်မှုတွေက အတိုင်းအဆ မသိနိုင်အောင်ပါပဲ။ လူတွေက သူတို့နေထိုင် နေကြရာ ဘဝတွေ၊ နေထိုင်နေကြရာ ဒေသတွေမှာနေဖို့ မဖြစ်နိုင်တော့ လောက်အောင်ပါ” လို့ ဒေါက်တာသန့်မြင့်ဦးက ဆိုပါတယ်။

ဒီလို ကပ်ဘေးတွေ ကြုံလာပါက ပြန်လည်နာလန်ထူနိုင်စွမ်းရှိတဲ့ ပစ်တိုင်းထောင် လူ့အဖွဲ့အစည်းတစ်ရပ်ကို ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုတယ်လို့ ဦးဝင်းမျိုးသူက မှတ်ချက်ပြုပါတယ်။

“ဒီကပ်ဘေး တွေကြုံတွေ့ရင်တောင်မှ ပြန်လည်နလန်ထူနိုင်စွမ်းရှိမဲ့ ပစ်တိုင်းထောင် လူ့အဖွဲ့အစည်းတစ်ရပ် တည်ထောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒီလိုအနာဂတ် ရှုမြင်ကွင်း ပစ်တိုင်းထောင်လူ့အဖွဲ့ စည်းဟာလည်း ဂုဏ်အင်္ဂါလေးရပ်နဲ့ ပြည့်စုံရပါမယ်။ (၁) ပြန်လည်ရှင်သန် ထမြောက်နိုင်စွမ်း ရှိရမယ်။ (၂) ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် အကျိုးဖြစ်ထွန်းနိုင်မယ့် အခြေအနေကောင်း ရှိရမယ်။ (၃) မျှော်လင့်ချက် ရောင်ခြည်တွေ ကွန့်မြူးနိုင်မယ့် အခွင့်အလမ်းတွေ ပေါကြွယ်ဝရမယ်၊ နောက်ဆုံးနံပါတ် လေးအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့စည်း ဖြစ်ရမယ်” လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် ရာသီဥတုဖောက်ပြန်မှုက အနာဂတ်မှာ ဘေးအန္တရာယ် ကြုံတွေ့နိုင်သလို နောက်ထပ်စိန်ခေါ်မှု တစ်ခုကတော့ သိပ်မကြာခင် အချိန်မှာပဲ မြန်မာပြည်သူတွေဟာ အိုမင်းလာတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ ၅၁ သန်းကျော် နေထိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတိုးနှုန်းဟာ ၁၉၇၃ ကနေ ၁၉၈၃ ခုနစ်အတွင်း ၂ ဒသမ ၀၂ ရာခိုင်နှုန်း၊ ၁၉၈၃ ကနေ ၁၉၉၃ ခုနစ်အတွင်း ၁ ဒသမ ၄၁ ရာခိုင်နှုန်း၊ ၁၉၉၃ ကနေ ၂၀၀၃ ခုနစ်အတွင်း ၁ ဒသမ ၃၈ ရာခိုင်နှုန်း တစ်သမတ်တည်း ကျဆင်းခဲ့ပါတယ်။၂၀၁၃ နဲ့ ၂၀၁၄ အတွင်း မြန်မာနိုင်ငံရဲ့ နှစ်စဉ်လူဦးရေတိုးနှုန်း က ၀ ဒသမ ၈၉ ရာခိုင်နှုန်းသာ ရှိပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကလေး အရွယ်ဦးရေဟာ ၁၄ သန်းကျော်၊ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အတွင်းက ၃၂ သန်း ကျော်နဲ့ အသက် ၆၅ နှစ်နဲ့ အထက်က နှစ် သန်းကျော်ရှိပါတယ်။ ရာခိုင်းနှုန်းအားဖြင့် သက် ၁၅ နှစ်အောက် ကလေးအရွယ်ဦးရေ ဟာ ၂၈ ဒသမ ၆ ရာခိုင်နှုန်း၊ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အတွင်းက  ၆၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အသက် ၆၅ နှစ်နဲ့ အထက်က ၅ ဒသမ ၈ ရာခိုင်နှုန်း ရှိနေပါတယ်။

မှီခိုသူ သက်ကြီးရွယ်အိုအညွှန်းကိန်းက လည်း ၁၉၇၃ က ၈ ဒသမ ၈ ရှိရာက ၁၉၈၃ မှာ ၁၀ ဒသမ ၂ နဲ့ ၂၀၁၄ မှာ ၂၀ ဒသမ ၁ အထိ မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို မှီခိုမှုအညွှန်းကိန်း မြင့်တက် လာပေမယ့် ကလေးမွေးဖွားနှုန်းမှာတော့ ကျ ဆင်းနေတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းက ဆိုပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ဦး စုစုပေါင်း ကလေးမွေးဖွားနှုန်းမှာ ၂ ဒသမ ၂၉ ဖြစ်ပြီး အိမ်ထောင်ကျဖူးသူ အမျိုးသမီးတစ်ဦးရဲ့ စုစုပေါင်း ကလေးမွေးဖွားနှုန်းက ၄ ဒသမ ၀၃ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ ကလေး မွေးဖွားတဲ့ အသက်မြင့်မားလာခြင်းနဲ့ အိမ် ထောင်မကျသေးတဲ့ အပျိုအချိုးအစား များလွန်းတာကြောင့် မွေးနှုန်းကျဆင်းရတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါ တယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ နောင်အနှစ် ၂၀ နဲ့ ၃၀ ဝန်းကျင်ရောက်ရင် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များပြားလာမယ့် အခြေအနေမျိုးကို ကြုံတွေ့ရဖို့ ရှိနေပါတယ်။

“သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံက အိုမင်းကြတော့မှာပါ။ ၁၉၇၀ ခုနှစ်များကတည်းက ကမ္ဘာကြီးပေါ်မှာ ကလေးမွေးဖွားမှု အနိမ့်ဆုံးနှုန်းကို ကြုံနေကြရပါတယ်။ ကျန်တဲ့အာဆီယံနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံက ရာစုနှစ် အလယ်မှာ အိုမင်းသူ လူဦးရေ အများအပြား ရှိလာပါမယ်။ ကျန်တဲ့သူတွေနဲ့ မတူတာက၊ မြန်မာနိုင်ငံက မချမ်းသာခင် အိုမင်းသွားကြမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာသန်းမြင့်ဦးက ဆိုထားပါတယ်။

သက်ကြီးရွယ်အို အညွှန်းကိန်း တက်လာပါက မှီခိုသူ များပြားလာတဲ့အတွက် အနာဂတ်မှာ နိုင်ငံ့စီးပွားရေး ကောင်းမွန်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်မှသာ မှီခိုသူများတဲ့ မိသားစုဘဝတွေက လောက်ငှမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အစိုးရက အနည်းဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို ကျပ် ၄၈၀၀ တိုးမြှင့်သတ်မှတ် ပေးထားပေမယ့် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေက တက်နေတာကြောင့် အလုပ်သမားတွေရဲ့ဘဝက တစ်နေ့လုပ် တစ်နေ့စား အဆင့်မှာသာ ရှိနေပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲမွဲတေမှု ညွှန်းကိန်းများအရ ၂၀၁၇ မှာ နိုင်ငံလူဦးရေရဲ့ ၂၅ ဒသမ ၆ ရာခိုင်နှုန်းက ဆင်းရဲမှုမျဉ်းအောက် ကျရောက်နေဆဲ ဖြစ်တဲ့အပြင် ဆင်းရဲ၊ ချမ်းသာ ကွာဟမှု အကြီးမားဆုံး နိုင်ငံများ စာရင်းမှာလည်း ဝင်နေပါသေးတယ်။

စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေထွက်ငွေ မမျှတမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ ဆင်းရမွဲတေမှု စတဲ့အခြေအနေ တွေကနေတစ်ဆင့် ခိုးဆိုးလုယက် လူသတ်မှုတွေ များလာသလို တရားဥပဒေ စိုးမိုးရေးကိုပါ စိန်ခေါ်လာတဲ့အထိ ဖြစ်လာပါတယ်။

NLD အစိုးရသက်တမ်း နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ အမှုကြီး ၁၀ နဲ့ အခြားအမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးမြင့်မားလာတာကို တွေ့ရပါတယ်။ NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ဖို့ အဓိကအနေနဲ့ ပါရှိပေမယ့် ပြည်သူတွေ မျှော်မှန်းထားသလောက် မအောင်မြင်သေးပါဘူး။

အမှုကြီး ၁၀ မျိုးထဲမှာ မုဒိမ်းမှုဖြစ်ပွားနှုန်းက ပိုပြီးမြင့်တက်လာသလို လူသတ်မှု၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှု စတဲ့အမှုတွေကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ လိုက်တမ်း ပြေးတမ်း ကစားသလို ဖြစ်နေပါတယ်။

ဒီလို နေရာတိုင်းမှာ တရားဥပဒေစိုးမိုးမှု လျော့ကျလာတဲ့အတွက် ပြည်သူတွေရဲ့ သွားရေးလာရေး၊ အသက်အိုးအိမ် စည်းစိမ်ကလည်း မလုံခြုံတော့သလို ခံစားလာကြရပါတယ်။ ဒီလိုတွေ ဖြစ်နေတာက ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်လို့လားဆိုတာ မေးစရာ ရှိလာပါတယ်။ နိုင်ငံတကာမှာ ရဲနဲ့ပြည်သူအချိုးက ၁ း ၄၀၀ ဆိုပေမယ့် မြန်မာနိုင်ငံ မှာတော့ ရဲနဲ့ ပြည်သူအချိုးက ၁ း ၁၀၀၀ ကျော်ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင် အင်အားမလုံ လောက်တဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်း ဆောင်ရည်ကလည်း မေးခွန်းထုတ်စရာဖြစ် လာပါတယ်။ ကမ္ဘာ့လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ရေး ရာ အညွှန်းကိန်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှာ အဆင့် ၁၀၁ ရှိနေပြီး အာဆီယံ နိုင်ငံအဆင့်မှာလည်း အနိမ့်ဆုံးဖြစ်နေပါတယ်။ ဒီလို တရားဥပဒေ စိုးမိုးမှု လျော့ရဲနေခြင်းကလည်း နိုင်ငံတော် ပြိုလဲနိုင်တဲ့ အခြေအနေဘက်ကို ဦးတည်နိုင်ပါတယ်။

နောက်ထပ် တစ်ခုကတော့ အကြမ်းဖက် မှုနဲ့ ပဋိပက္ခတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ၊ စီးပွားရေးပဋိပက္ခ၊ ဘာသာ ရေးပဋိပက္ခ၊ လူမှုရေးပဋိပက္ခစတဲ့ ပဋိပက္ခ ပေါင်းစုံက ရှင်သန်ကြီးထွားလို့ နေပါတယ်။ PACE အဖွဲ့က မြန်မာနိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ ပြည်သူလူထုကြားမှာ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု ကျဆင်းလာနေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်ခံမှု အပြီးမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေက အမျိုးမျိုး ကျရောက်လာခဲ့ပါ တယ်။ လက်ရှိ NLD အစိုးရအနေနဲ့ ရခိုင်အရေးကို အကောင်းဆုံး ဖြေရှင်းနေပေမယ့် နိုင်ငံတကာကနေ ဆန်ရှင်တွေ ချမှတ်လာသလို ဖိအားတွေကိုလည်း အမျိုးမျိုး ပေးလာတာကို တွေ့ရပါတယ်။

ဒီလို နိုင်ငံတကာရဲ့ဖိအားတွေ ရှိနေပေမယ့်လည်း ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာကြီးနဲ့ ဘယ်လိုပေါင်းစပ်မလဲ ဆိုတာကို လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ISP Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်က တိုက်တွန်းပါတယ်။

“ကျွန်တော်တို့ အခုလိုနေတာက တပ်မတော် ခေါင်းဆောင်များရော၊ နိုင်ငံရေး ခေါင်းဆောင်များရော၊ အရပ်ဘက် အဖွဲ့အစည်းများရော ဖိအားတွေပိုများလေ Reform လုပ်တာလျှင် ထွက်ပေါက်ဖြစ်တယ်ဆိုတဲ့ Vision ကျွန်တော်တို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ စီးပွားရေး ပိတ်ဆို့မှုဒဏ် တို့မမှု၊ ဘယ်သူလာလာ တို့မမှု ဆိုရင်တော့ ကျွန်တော်တို့ဟာ ဧကစာရီ ကျင့်တာကနေ ကျွန်တော်တို့ ဒီနိုင်ငံက ဘယ်တုန်းကမှ တိုးတက်ခဲ့ဖူးတဲ့ အစဉ်အလာ မရှိပါဘူး။ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းပြီးတော့ ဘယ်လို ပေါင်းစပ်မလဲ။ အဲဒီ Vision အရေးကြီးမယ်လို့ ထင်ပါတယ်” လို့ ဇူလိုင် ၈ ရက်က ကျင်းပတဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းမှာ ဦးမင်းဇင်က ပြောကြားခဲ့တာပါ။

The Fund for Peace အဖွဲ့ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုအဆင့် က ၂၀၁၅ မှာ ၂၇၊ ၂၀၁၆ မှာ ၂၆၊ ၂၀၁၇ မှာ ၂၅ နဲ့ ၂၀၁၈ မှာ ၂၂ အထိ တက်လာတာ စိုးရိမ်စရာပါ။ ဘာကြောင့်လဲဆိုတော့ အဆိုး ဆုံးကို နံပါတ် ၁ က ထားပြီး ရေတွက်တာ ကြောင့် အဆိုးဆုံး၁၀ နိုင်ငံထဲမှာ မပါသေး ပေမယ့် မြန်မာနိုင်ငံရဲ့ အဆင့်က တစ်နှစ်ထက် တစ်နှစ် ထိပ်နားကို တက်နေပါ တယ်။ ဒါက အနာဂတ်မှာ မြန်မာနိုင်ငံဟာ ပြိုလဲနိုင်ခြေရှိတယ်လို့ သတိပေးလိုက်တဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။

ဒါ့ပြင် ‘နိုင်ငံများ ကျဆုံးရခြင်းအကြောင်း’ (Why Nations Fail) စာအုပ်ကို ရေးသားခဲ့တဲ့ နိုင်ငံတကာပညာရှင် နှစ်ဦးဖြစ်သူ ဒါရွန်အေစီ မိုဂလူး (Daron Acemoglu) နဲ့ ဂျိမ်းစ်အေရိုဘင်ဆင် (James A. Robinson) တို့က ကျဆုံးနိုင်ငံတော်ဖြစ်ရတဲ့ အကြောင်းအချက်များနဲ့ ပတ်သက်လို့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် မရှိခြင်း၊ အဓမ္မလုပ်အားပေးမှုများ ရှိနေခြင်း၊ လုပ်ပိုင်ခွင့်များ မညီမျှခြင်း၊ အကြီးစားစီးပွား ရေးသမားနဲ့ အာဏာရှိသူက လက်ဝါးကြီးအုပ်ထားခြင်း၊ ထိပ်တန်းခေါင်းဆောင်များက နည်းပညာသစ်များကို ပိတ်ဆို့ခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ဗဟိုအစိုးရ အားနည်းခြင်း၊ အစိုးရ ဝန်ဆောင်မှုများ ညံ့ဖျင်းခြင်း၊ နိုင်ငံရေးအရ ခေါင်းပုံဖြတ်ခြင်းနဲ့ သယံဇာတများကို လုယက်နေခြင်း စတဲ့အချက်တွေနဲ့ ထောက်ပြထားပါတယ်။

The Fund for Peace အဖွဲ့ရဲ့ အစီရင်ခံစာကို အခြေခံအချက်တွေနဲ့ နိုင်ငံကျဆုံးရခြင်းအကြောင်း စာအုပ်ထဲက အချက်အလက်တွေအရ မြန်မာနိုင်ငံကို ချိန်ထိုးကြည့်ရင် အကြောင်းအရာ တော်တော်များများက တန်းဆင်းဇုန်ထဲမှာပဲ ရှိနေသေးတယ် ဆိုတာကို ရင်မောဖွယ်ရာ တွေ့နေရပါတယ်။

“မြန်မာနိုင်ငံက အခုအခါ အရေးပေါ် အခြေအနေ ရောက်နေပါပြီ။ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ သူတို့လိုချင်တဲ့ ဘဝ၊ ကမ္ဘာပေါ်မှာ သူတို့ဖြစ်ချင်တဲ့ အဆင့်အတန်းကို အလေးအနက် ပြန်လည်စဉ်းစားဖို့ အချိန်ပါ။ နိုင်ငံရေးမှာ ကျရှုံးခြင်းဟာ စိတ်ကူးစိတ်သန်းတွေ ကျရှုံးရခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဇာတ်လမ်းအသစ်တစ်ပုဒ်ရေးဖို့ လိုအပ်နေသလို၊ အနာဂတ်မျှော်မှန်းချက် အသစ်စက်စက်တစ်ခု လိုအပ်နေပါတယ်။ တကယ့် စိန်ခေါ်မှု ပြဿနာတွေကို အတူတကွ ပူးပေါင်းဖြေရှင်းကြဖို့ လူတွေကို ဆွဲခေါ်နိုင်တဲ့ ရည်မှန်းချက်မျိုး လိုအပ်ပါတယ်” လို့ ဒေါက်တာ သန့်မြင့်ဦးက တိုက်တွန်းထားပါတယ်။