ထမင်းတစ်နပ်ကို ရှာဖွေခြင်း

ထမင်းတစ်နပ်ကို ရှာဖွေခြင်း
Published 26 July 2018

ဓာတ်ပုံ-ကျော်ဇင်ဖြိုး

တစ်စုံတစ်ခုကို ကြားရသောအခါ၊ ဖတ်ရသောအခါ တွေ့ကြုံရသောအခါ ထိုအကြောင်းအရာနှင့် ဆက်စပ်ပြီး အတွေးပွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော သဘောတရား ဖြစ်သည်။ ထိုသို့သော တိုက်ဆိုင်မှုမှ တစ်ဆင့် အတိတ်မှ တွေ့ကြုံဖူးသော အဖြစ်အပျက်များ၊ ကြားဖူးနား၀ စကားများကို ပြန်လည် သတိရတတ်သည်မှာလည်း လူသားသဘာ၀ တစ်ခုပင် ဖြစ်သည်။ လတ်တလော ကျွန်တော် စာအုပ်ဖတ်နေသည်။ ကျွန်တော် ဖတ်နေသော စာအုပ်မှာ ဆရာငြိမ်းအေးအိမ်၏ ညို့ငင်တောင် ဖြစ်သည်။ မြန်မာပြည် အရှေ့မြောက်ဖျားဒေသ ဆွမ်ပရာဘွမ် အီမောဘွမ်ဒေသအကြောင်း ရေးထားသော စာအုပ်ဖြစ်သည်။ သူကိုယ်တိုင် ထိုဒေသဘက်တွင် နေခဲ့သောကြောင့်လား သို့မဟုတ် ဆရာ၏ စာအရေးအသား စကားလုံး အသုံးအနှုန်းများကို သဘောကျ နှစ်သက်မိသောကြောင့်လား မသိ။ စာအုပ်ကို စဖတ်ကတည်းက လက်ထဲမှ မချချင်အောင် ဖြစ်ရသည်။ စာအုပ်ဖတ်ရင်း ကြည်နူးပီတိ ဖြစ်ရတာတွေ ရှိသလို ရင်မော နာကျင်ရတာတွေလည်း ပါသည်။ စာဖတ်နေရင်းက မတွေးဘဲ မနေနိုင်သော အတွေးများ ရောက်လာသည်။ မစဉ်းစားဘဲ မနေနိုင်သော စဉ်းစားစရာများ ရောက်လာသည်။

အသက်၏ အစေ့အဆန်...တဲ့။ ခေါင်းစဉ်ကို နာမည်ပေးတာကအစ စွဲမက်ဖွယ် ကောင်းသည်။ စာကို ဖတ်တဲ့အခါ တွေးစရာတွေ ပါလာသည်။ ဆင်ခြင် နှလုံးသွင်းစရာတွေ ပါလာသည်။ အထူးသဖြင့် ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေနဲ့ ဘကြီးကို တိုက်တိုက်ဆိုင်ဆိုင် သတိရသွားမိသည်။ ( လာဗျူချောင်တွင် တွေ့ရှိသော စပါးစေ့များ၏ သက်တမ်းကို ကျောက်ခေတ်နှောင်းပိုင်းဟု ခန့်မှန်းသည်ကို ဖတ်ရပြီးသောအခါ မြန်မာပြည် မြောက်ပိုင်းက စပါးစိုက်ပျိုးမှု သမိုင်းသည် “ငေါ့ချန်းခ” ချိုင့်ဝှမ်းမှ စတင်ခဲ့လေသလား စဉ်းစားရင်း ကျွန်တော့် အတွေးတို့သည် စပါးနှင့်ဆန်ဆီသို့ ရောက်သွားခဲ့ပြန်ပါသည်) ဟု ရေးထားသည်။ ထို့နောက် ရုပ်ကြွင်းများအပေါ် ကာဗွန် (၁၄) စမ်းသပ်မှုဖြင့် သက်တမ်း ခန့်မှန်းချက်အရ ၅၅၀၀ ဘီစီခန့်တွင် ဆန်စပါး စိုက်ပျိုးခြင်းကို အာရှမှ စသည်ဟု ရေးထားသည်။ ဆန်စပါး စိုက်ပျိုးမှုကို တရုတ်နှင့် အရှေ့တောင်အာရှမှ စသည်ဟု မှတ်တမ်းပြုထားကြောင်းလည်း ဆရာငြိမ်းက ရေးပြထားသည်။ ထားပါ။ ဆန်စပါး စိုက်ပျိုးမှုကို တရုတ်ပြည်က စခဲ့တာပဲဖြစ်စေ အရှေ့တောင်အာရှ နိုင်ငံတစ်ခုခုက စခဲ့တာဖြစ်စေ ဆရာငြိမ်းတွေးသလို “ငေါ့ချန်းခ” ချိုင့်ဝှမ်းမှ စတင်ခဲ့သည် ဖြစ်စေ ဆန်စပါးသည် ကျွန်တော်တို့အတွက် အစားထိုးမရသော တန်ဖိုးကြီး သယံဇာတ ဖြစ်ပါသည်။

အနောက်နိုင်ငံများတွင် ဂျုံနှင့်ပေါင်မုန့်သည် လူသားသမိုင်း၏ အသက်သွေးကြော ဖြစ်သကဲ့သို့ ကျွန်တော်တို့ အရှေ့နိုင်ငံများတွင် ဆန်စပါးနှင့် ထမင်းသည် အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာသော လူသားသမိုင်း၏ အသက်သွေးကြော ဖြစ်သည်။ (မိသားစု ထမင်းဝိုင်းတွင် ထမင်းအတူ စားကြစဉ် ကျွန်တော့်ပန်းကန်ထဲမှ ထမင်းစေ့များ ဖိတ်လျှံကျသည့်အခါ အဘွားက “ဟဲ့ ငါ့မြေး..ထမင်းတစ်စေ့ အပြင်ကို မဖိတ်စေရဘူး။ ထမင်းဟာ လူတွေရဲ့ အသက်ပဲ။ မင်းစားနေတဲ့ ထမင်းတစ်စေ့ ရဖို့ စပါးစိုက်နေရတဲ့ လူတွေရဲ့ ပင်ပန်းဆင်းရဲမှုကို အားနာရမယ်) ဟု စာအုပ်ရေးသူ ဆရာငြိမ်းအား သူ့အဘွားက ပြောဆိုဆုံးမပုံကို ရေးပြထားသည်။ ကျွန်တော်တို့ ဗမာကလေးငယ် တော်တော်များသည် ထိုသို့ပြောဆို ဆုံးမခံရလေ့ ရှိသည်။ အဆူအငေါက် အဆုံးအမ မခံရသော ကလေးငယ် မရှိသလောက် ရှားမည်ဟု ထင်သည်။ ကျွန်တော် ငယ်စဉ်က အဖေ့ရဲ့စိတ်ဆိုးဆူပူမှုကို မကြာခဏ ခံရသည်။ ထမင်းကို ပေပွနေအောင် စားပါက စိတ်ဆိုး ဆူပူလေ့ရှိပြီး ထမင်းစေ့ ဖိတ်ကျအောင် စားပါက ထိုထမင်းစေ့အား ပြန်လည် ကောက်ယူစေပြီး စားခိုင်းလေ့ ရှိသည်။ အောက်သို့ ပြုတ်ကျသော အစားအစာကို စားပါက ဉာဏ်ထိုင်းသည်ဟု ဗမာလူမျိုးများတွင် အယူရှိသော်လည်း ထမင်းစားသောအခါ ဖိတ်စဉ်ပါက ထိုအယူကို အဖေလက်ခံလေ့ မရှိပေ။

အဖေဆုံးပါး ကွယ်လွန်ပြီးနောက် ကျွန်တော်သည် ဘကြီးနှင့် နေခဲ့ရ၏။ ဘကြီးမှာ အမေ၏ အစ်ကိုဝမ်းကွဲဖြစ်ကာ သတင်းစာ ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ဆရာ ပေါ်ဦးသက်၊ ဆရာကြီး ဦးသုခတို့နှင့်လည်း ရင်းနှီးသော မိတ်ဆွေများ ဖြစ်သည်။ ကျွန်တော် ဘကြီးထံ ရောက်သွားချိန်မှာတော့ သတင်းစာ ကိုယ်စားလှယ်လုပ်ငန်းကို မလုပ်တော့ပါ။ ဘကြီးနှင့် နေရစဉ် ကျွန်တော်သည် ထမင်းစေ့များကို ဖိတ်စင်အောင် စားတတ်သော ကလေးပေါက်စအရွယ်လည်း မဟုတ်တော့ပါ။ ထို့ကြောင့် ထမင်းစေ့များ ဖိတ်စဉ်အောင် စား၍ ဘကြီး၏ ဆူပူခြင်းကို မခံရ။ သို့သော် ပန်းကန်ထဲသို့ ထည့်ထားသော ထမင်းကို ကုန်အောင် မစားသည့်အတွက် မကြာခဏ အဆူခံရသည်။ ကျွန်တော်သည် မိမိကြိုက်သော ဟင်းချက်သည့်အခါဖြစ်ပါက ထမင်းပန်းကန်ထဲသို့ လောဘတကြီး ထမင်း ထည့်တတ်သည်။ ကိုယ်ထင်သလောက် ခံတွင်းမတွေ့သော အခါဖြစ်စေ၊ ထမင်းစားရင်း အီသွားသော အခါမျိုးတွင်ဖြစ်စေ ထည့်ထားသော ထမင်းကို ထက်ဝက်ခန့်ပင် ကုန်အောင် မစားတော့ဘဲ သွန်ပစ်တတ်သည်။ ထိုအခါမျိုးတွင် ဘကြီး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရတော့၏။ ဆူပူပြီးနောက် လေပြေအေးနှင့် ပြောဆိုဆုံးမလေ့ရှိသော စကားမှာ “မင်းက ထမင်းတစ်နပ်ကို လွယ်လွယ်လေး ခူးခပ်စားနေရတော့ ထမင်း တစ်ပန်းကန်ရဲ့ တန်ဖိုးကို မသိဘူး။ ထမင်းကို လွယ်လွယ်လေး သွန်ပစ်နေတယ်။ ထမင်းတစ်နပ် ထမင်း တစ်ပန်းကန်အတွက် ခက်ခက်ခဲခဲ ရှာဖွေ ရုန်းကန်နေရတဲ့ ဘဝတွေ ဘယ်လောက်အများကြီး ရှိသလဲဆိုတာ မင်း နားမလည်သေးဘူး” ဟူ၍ဖြစ်သည်။

ထမင်းတစ်နပ်ရဲ့တန်ဖိုးကို နားလည်မည် ဆိုက နားလည်ချင်စရာ ကောင်းလောက်အောင် ခက်ခဲခဲ့သော အချိန်တချို့ ကျွန်တော့်မှာ ရှိခဲ့ဖူးသည်။ ထိုအချိန်က ကျွန်တော့်အသက် လေးနှစ်ခန့်အရွယ်သာ ဖြစ်သော်လည်း ထိုအဖြစ်အပျက်ကို ကောင်းကောင်း မှတ်မိနေသည်။ ရှစ်လေးလုံးဟု ခေါ်ဆိုသော (၈၈) အရေးအခင်း ကာလတွင်ဖြစ်သည်။ ကျွန်တော်တို့ရွာတွင် ဆန်ပြတ်သွား၏။ အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ရွာတွင် အိမ်အတော်များများတွင် ဆန်ပြတ်သွားသည်။ ဝယ်လို့လည်း မရ။ ဆန်လှောင်ထားသော အိမ်တချို့က သူတို့ လှောင်ထားသော ဆန်များကို ဘုန်းကြီးကျောင်းသို့ ပို့ပေးကြသည်။ ရပ်ရွာလူကြီးများနှင့် လူငယ်များက ထိုဆန်များကို သင့်တင့်မျှတအောင် ဆန်ပြုတ်ကျို၍ တိုက်ကြသည်။ ကလေးငယ်များကို ဦးစားပေးကာ ကျွေးမွေးခြင်း ဖြစ်၏။ ဘုန်းကြီးကျောင်းမှ ကြေးမောင်းတီးလျှင် ကလေးများသည် ဇလုံ၊ ချိုင့် စသဖြင့် တစ်ခုခုယူကာ ဘုန်းကြီးကျောင်းသို့ သွားရသည်။ အေးအေးဖြည်းဖြည်း သွားလို့မဖြစ်။ နောက်ကျပါက ရေရောထားသော ဆန်ပြုတ်ကိုသာ ရရှိသောကြောင့် ဖြစ်သည်။ တကယ်တော့ ထိုအချိန်က ထမင်းတစ်နပ်၏ တန်ဖိုး နားလည်ဖို့ထက် မိမိ မတွေ့ကြုံဖူးသော အတွေ့အကြုံပေါ်မှာ ကျွန်တော့်အာရုံက တိမ်းညွတ်နေခဲ့သည်။ ထို့ကြောင့် ဆန် ပြည့်ပြည့်စုံစုံ မရှိ၍ ဆန်ပြုတ်သောက်ခဲ့သော အနေအထားတွင် ထမင်းတစ်နပ်၏ တန်ဖိုးကို ကျွန်တော် နားမလည်ခဲ့ပါ။ ထို့ကြောင့်လည်း အဖေ နှင့် ဘကြီး၏ ဆူပူကြိမ်းမောင်းခြင်းကို မကြာခဏ ခံခဲ့ရခြင်း ဖြစ်မည်ထင်သည်။

ကျွန်တော့်တွင် သင်္ဘောသား မိတ်ဆွေတစ်ဦး ရှိပါသည်။ သူသည် သင်္ဘောဖြင့် နိုင်ငံတကာသို့ ကူးသန်းသွားလာရင်း ဂျာမနီနိုင်ငံ၏ ဆိပ်ကမ်းတစ်ခုသို့ ရောက်သွား၏။ သင်္ဘောပေါ် ရက်ပေါင်းများစွာ သင်္ဘောထမင်း၊ သင်္ဘောဟင်း၊ သင်္ဘောစားဖိုမှူး၏ လက်ရာဖြင့်သာ စားနေရာမှ ဆိပ်ကမ်းမြို့ရောက်ခိုက် စားသောက်ဆိုင်သို့ သွားကာ စားကြသောက်ကြသည်။ စိတ်ထဲရှိရာ မှာကြသည်။ အမှန်တကယ် စားကြသောက်ကြတော့ မှာထားတာတွေ ကုန်အောင် မစားနိုင်ကြဟု ဆိုသည်။ ထိုကိစ္စအတွက် သူတို့ကို ဒဏ်ငွေတပ်သည်ဟု ဆိုသည်။ သယံဇာတကို ဖြုန်းတီးသောကြောင့်ဟု ဆိုပါသည်။ ကျွန်တော်တို့ဆီမှာကတော့ အစားအသောက် ကုန်တာ မကုန်တာ၊ သွန်ပစ်ရတာ၊ လွှင့်ပစ်ရတာက အရေးမကြီး။ မိမိမှာသော အစားအစာအတွက် ကျသင့်ငွေ ရှင်းနိုင်ဖို့သာ ပဓာနဖြစ်၏။

ကျွန်တော့်အိမ်တွင် မကြာခဏ ထမင်းအိုး သွန်ရလေ့ ရှိသည်။ ပုံမှန်စားမည့်သူက နှစ်ဦးသာ ရှိသော်လည်း နေ့စာညစာ ပေါင်းကာ အိုးအပြည့် တည်လေ့ရှိသည်။ များသောအားဖြင့် ကျွန်တော်သည် အိမ်မှာ ထမင်းစားလေ့ မရှိဘဲ ကြုံတဲ့နေရာမှာ ကြုံသလို စားလေ့ရှိသည်။ ထို့ကြောင့် တစ်ယောက်စာ ထမင်းသည် နေ့စဉ်လို သွန်ပစ်နေရသည်။ နောက်တော့ ကျွန်တော့်အတွက် ထမင်း ထည့်မချက်ပါနဲ့ဟု ပြောရတော့သည်။ ကျွန်တော်သည် တခြားအရာတွေကို မနှမြောသော်လည်း ထမင်းများ စားသူမရှိဘဲ သွန်ပစ်ရတာကို အင်မတန် နှမြောသည်။ ထိုသို့နှမြောခြင်းသည် ကိုယ်ချင်းစာတရားဆီမှ လာသော နှမြောခြင်းသာ ဖြစ်သည်။ ဘကြီးပြောခဲ့ဖူးသော “မင်းက ထမင်းတစ်နပ်ကို လွယ်လွယ်လေး ခူးခပ်စားနေရတော့ ထမင်းတစ်ပန်းကန်ရဲ့တန်ဖိုးကို မသိဘူး။ ထမင်းကို လွယ်လွယ်လေး သွန်ပစ်နေတယ်။ ထမင်းတစ်နပ် ထမင်း တစ်ပန်းကန်အတွက် ခက်ခက်ခဲခဲ ရှာဖွေ ရုန်းကန်နေရတဲ့ ဘဝတွေ ဘယ်လောက်အများကြီး ရှိသလဲဆိုတာ မင်းနားမလည်သေးဘူး” ဟူသော စကား ကို မကြာမကြာ ပြန်လည် ကြားယောင်မိသည်။ အခုတော့ ကျွန်တော် နားလည်ပြီဟု ထင်သည်။ နေရာပေါင်းစုံမှာ နေခဲ့ပြီးပြီ။ ဘဝပေါင်းစုံကို တွေ့ခဲ့ပြီးပြီ။ ဆန်ကို ကြမ်းသည် နုသည် ကြေးများမိသောအခါ ဆန်နီကြမ်းကိုပင် အနိုင်နိုင်စားနေရတဲ့ ရှားပါးခက်ခဲတဲ့ နယ်ပယ်ဒေသ လူမှုဘဝတွေကို သတိရသည်။ ထမင်းများကို သွန်ပစ်ရသောအခါ ထမင်းစားချိန်လွန်မှ အနိုင်နိုင် ငွေကြေးလေးဖြင့် ဆန်တစ်ဘူး တန်သည်၊ နှစ်ဘူး တန်သည် ဝယ်ယူချက်ပြုတ်ကာ စားဝတ်နေရေးကို ဖြေရှင်းနေရသော မိသားစုများကို သတိရသည်။ ဆန်စပါးရိက္ခာ ရှားပါးသော၊ ဆန်စပါးစိုက်ရန် ခက်ခဲသော တောင်ပေါ်ဒေသ တချို့ကို သတိရသည်။

ဆရာငြိမ်းအေး အိမ်ကတော့ သူ့ရဲ့ ညို့ငင်တောင် စာအုပ်မှာ ဆန်စပါးရိက္ခာ ရှားပါးခက်ခဲတဲ့ လန်ဆယ်ရွာလေးအကြောင်းကို အခုလို ရေးပြထားသည်။ “ဒီနေရာမှာ လယ်မရှိဘူး။ တောင်ယာပဲ လုပ်ကိုင် စားသောက်ကြတယ်။ တောင်ယာမှာ ပြောင်းဖူးပဲ ဖြစ်ထွန်းတယ်။ ဆန်ထွက်တဲ့ နေရာ၊ ဝယ်ယူလို့ ရနိုင်မယ့် နေရာတွေက ခရီးဝေးလွန်းတော့ သူတို့ဟာ တောင်ယာထွက် ပြောင်းဖူးနဲ့ပဲ နှစ်ပေါင်းများစွာ အသက်ဆက်ခဲ့ရတယ်” တဲ့။ ဆရာငြိမ်း ရေးထားသည့် စာကြောင်းလေးတွေကို ဖတ်နေရင်း “ဆန်စပါး စိုက်လို့မရနိုင်သော တောင်ပေါ်ဒေသများတွင် ထမင်းတစ်နပ်သည် ဘယ်လောက်များ ခက်ခဲလိုက်မည်နည်း။ ငွေကြေး မပြည့်စုံလို့ ဆန်ကို အပိုဝယ်မထားနိုင်ဘဲ အလုပ်ကပြန်လာမှ ဆန်ဝယ်ပြီး ချက်ပြုတ်ရသော အခြေခံလူတန်းစားများအတွက် ထမင်းတစ်နပ်သည် ဘယ်လောက်များ ခက်ခဲလိုက်မည်နည်း”ဟု စဉ်းစားနေမိသည်။ ထို့နောက် ထမင်းကျန်များကို လွယ်လွယ်ကူကူ သွန်ပစ်နေကြသည့် မြင်ကွင်းများကို မြင်ယောင်ရင်း နှမြောလို့မဆုံး ဖြစ်နေရပါတော့သည်။

Most Read