အခု ခင်ဗျားဖတ်နေတဲ့ စာမျက်နှာ

အခု ခင်ဗျားဖတ်နေတဲ့ စာမျက်နှာ
Published 22 July 2018

Photo: Tommyangelo

ပထမဆုံး ဒီအကြောင်းနဲ့ ပတ်သက်ပြီး စတင်ခဲ့တာကတော့ အခါတိုင်းလို အေးမြတဲ့ မနက်ခင်းတစ်ခုမှာပဲ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီစာမျက်နှာဆီရောက်ဖို့ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင် ရပါတယ်။ ပြီးတာနဲ့ စာအုပ်တစ်အုပ်ဆွဲပြီး ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးဆီ ထွက်ခဲ့လိုက်တာ ဖြစ်ပါတယ်။ ဆိုင်မှာ အေးအေးဆေးဆေး လက်ဖက်ရည်ကို မျှဉ်းသောက်ရင်း ဖတ်နေတဲ့ လက်ထဲက အခုစာမျက်နှာဆီကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒါနဲ့ပဲ သင်က ဖတ်နေရင်းနဲ့ ဒီစာအုပ်ထဲက ဘယ်စာမျက်နှာပါလိမ့်လို့ တွေးနေလိုက်ပြီလား။ အဲဒီစာမျက်နှာဟာ တခြားစာမျက်နှာတွေထက် ဘာတွေထူးခြားမှုတွေများ ပါနေမှာမို့လဲလို့ မကျေမနပ်နဲ့ စိတ်ထဲ ကသိကအောက်များ ဖြစ်သွားပြီလား။ ဒီစာမျက်နှာထဲမှာ တစ်ခုခုတော့ပါမှာပဲလို့ အလောတကြီးနဲ့ ရှာဖွေနေလိမ့်မယ် ထင်ပါတယ်။ ဒီအထဲက တစ်ခုခုရရမယ်လို့တော့ အရမ်းကြီးတော့ မျှော်လင့်မထားစေချင်ပါဘူး။ သိပ်ပြီးတော့လည်း မစိုးရိမ်ပါနဲ့။ ကိုယ့်မှာရှိသလောက်တော့ ရသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုကို သိချင်တာနဲ့ ဒီစာမျက်နှာဆီ ရောက်ရှိလာခဲ့တာမို့ တစ်ခုခုကိုတော့ ရအောင်ယူသွားလိုက်ပါ။

အခုရောက်ရှိနေတဲ့ စာမျက်နှာထဲမှာ တခြားစာမျက်နှာတွေနဲ့ ဘာကွာသလဲ စဉ်းစားကြည့်လို့ ရပါတယ်။ ဒီစာမျက်နှာထဲမှာလည်း တခြားစာမျက်နှာတွေထဲမှာလို စာလုံးတွေ၊ ဝါကျတွေ၊ ကံတွေ၊ ကြိယာတွေ၊ ပြုလုပ်ပုံတွေ၊ အပြုခံတွေ၊ စာသားတွေပါနေတာမို့ အတူတူပဲလို့တော့ သတ်မှတ်လို့ မရပါဘူး။

သေချာတာက အခု ခင်ဗျားဖတ်နေတဲ့ ဒီစာမျက်နှာထဲမှာ လူကို သေစေတတ်တဲ့ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေ ဘာတစ်ခုမှ မပါပါဘူး။ လူတွေကို ထိတ်လန့်တုန်လှုပ်စေတဲ့ ငါးလောင်းပြိုင်လူသတ်မှု၊ သုံးလောင်းပြိုင် လူသတ်မှု၊ ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတွေကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ ဖောက်ထွင်း ခိုးဆိုးလုယက်မှုတွေ စတဲ့အကြောင်းအရာတွေ မပါပါဘူး။ တခြားလူတွေကို စိတ်ပျက်စေတဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပစ်ခတ်နေတဲ့ စစ်ပွဲအကြောင်းတွေ၊ လူတွေမြောက်မြားစွာ သေကျေအတိဒုက္ခရောက်ရတဲ့ သဘာဝဘေး၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေး၊ အစာရေစာငတ်မွတ်နေတဲ့ ဆင်းရဲသားဒုက္ခသည်တွေ စတဲ့ သတင်းအကြောင်းအရာတွေလည်း မပါဝင်ပါဘူး။ သင်ကြည့်ချင်တဲ့ ချောချောလှလှပုံတွေ၊ ဟာသတွေ၊ ရယ်စရာတွေလည်း မပါပါဘူး။

အမှန်တော့ ဒီစာမျက်နှာကို ဖတ်နေတဲ့ သင်ကိုယ်တိုင်ဟာ ဒီစာမျက်နှာရဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်သူရဲ့ စိတ်ခံစားမှုအပေါ် မူတည်ပြီး ဒီစာမျက်နှာထဲမှာ အပြောင်းအလဲတွေဟာ ဖြစ်ပေါ်နေမှာပါပဲ။ လူတိုင်းဟာ ကိုယ့်အတ္ထုပ္ပတ်ကိုယ့်ဇာတ်မှာတော့ အားလုံးဟာ ဇာတ်လိုက်တွေချည်းပဲ ဖြစ်ပါတယ်။ ကိုယ့်ဇာတ်ကိုယ် ကိုယ်နိုင်အောင် ကဖို့နဲ့ ကိုယ်က ဘယ်လိုဇာတ်အိမ်ဖွဲ့ လှပတဲ့ ဇာတ်လမ်းတစ်ခုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းဖြစ်ဖို့ဆိုတာ ကိုယ်တိုင်ပဲကြိုးစား ကပြရမှာ ဖြစ်ပါတယ်။

ဒီစာမျက်နှာမှာ တခြားစာမျက်နှာတွေဆီက အဖြစ်အပျက်တွေကို ပုံတူကူးချလို့ မရပါဘူး။ အခုစာမျက်နှာဟာ သီးသန့်ကိုယ်ပိုင် စာမျက်နှာပဲဖြစ်တာမို့ လိုနေတဲ့ ဝါကျတွေ၊ ကြိယာတွေ၊ ကတ္တားတွေ၊ ကံတွေ၊ အဓိပ္ပာယ်တွေ၊ အကြောင်းအရာတွေကို ကိုယ်တိုင်ပဲ ဖန်တီးဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

ဒီစာမျက်နှာထဲကို သင်စိတ်ကူးစိတ်သန်း ရှိသလောက်၊ သင် ဖြစ်စေချင်တာတွေ၊ အိပ်မက်တွေကို ဖြည့်စွက်နိုင်ပါတယ်။ ဥပမာ သင်ဖြစ်ချင်တဲ့ ချမ်းမြေ့ပျော်ရွှင်တဲ့ဘဝတစ်ခု၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခု၊ ချမ်းသာတဲ့ မိသားစုတစ်ခု၊ သစ်ပင်၊ တောတောင်၊ စိမ့်စမ်းရေနဲ့ ပန်းပွင့်အလှအပတွေနဲ့ ယှက်ဖြာနေတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခု၊ လူအချင်းချင်း လှည့်ပတ်ခြင်းကင်းတဲ့ ယုံကြည်စိတ်ချဖွယ်ရာ ကောင်းလှတဲ့ လူမှုဝန်းကျင်တစ်ခု စသဖြင့် သင်ဆန္ဒရှိသလို ဖြည့်စွက်ပြီး လိုသလို အလှဆင်နိုင်ပါတယ်။

ဒီအထဲမှာ ကျွန်တော်က ‘က’ လို့ ပြောလိုက်တာနဲ့ သင်တို့က ‘ အ’ အထိ ဆက်လက် ယူဆောင်သွားရမှာပါ။ ကျွန်တော်က ‘၁’ လို့ ပြောလိုက်တာနဲ့ သင်တို့က ‘၁၀၀၊ ၁၀၀၀’ စသည် ဆက်လက်ပြီး လိုသလို ရေတွက်သွားရမှာ ဖြစ်ပါတယ်။ အဲဒါဟာ ဒီစာမျက်နှာက သင်တို့ကို ဆွဲဆောင်သွားမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

အခုချိန်အထိ ဒီစာမျက်နှာကနေ ဘာတစ်ခုမှ မရသေးဘူးလို့ တွေးနေမိပြီလား။ အဲဒါဟာ သင်တို့ ဒီစာမျက်နှာကနေ ရရှိသွားတဲ့အရာပဲလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဟာ ဒီစာမျက်နှာကနေ ရရှိပုံချင်းတော့တူမှာ မဟုတ်ပါဘူး။ တချို့က ဒီစာမျက်နှာကနေ ဖျတ်ခနဲ လင်းပွင့်မှုလိုမျိုး ဉာဏ်အလင်းပွင့်မှု ရသွားပါလိမ့်မယ်။ တချို့က ဘယ်တုန်းကမှ မတွေ့ဘူးတဲ့ အရာတစ်ခုတွေ့လိုက်ရသလို အံ့သြမှုမျိုးရသွားနိုင်ပါတယ်။ တချို့က ဒါဟာ အရင်က တစ်ခါမှ မစဉ်းစားဖူးသေးတဲ့အရာပဲလို့ စဉ်းစားမိပါလိမ့်မယ်။

သင်ဟာ ဒီအထိရောက်လာပြီဆိုတော့ သင်ဟာ ဒီအထဲက တစ်ခုခုရသွားတဲ့သူပဲ ဖြစ်ပါတယ်။ ဒီအထိရောက်မလာဘဲ လှည့်ပြန်သွားတဲ့သူဆိုရင်တော့ သူ ဘာမှရယူသွားနိုင်မယ် မထင်ပါဘူး။ သင်ဟာ ကမ္ဘာပေါ်မှာ မြောက်မြားလှစွာသော လူတွေထဲက ကံကောင်းလှတဲ့သူတစ်ယောက်လို့ ဆိုရပါမယ်။ သင် ကံကောင်းလွန်းလို့သာ အခုလိုသင်ဟာ အခုစာမျက်နှာကို ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ ဒီစာစောင်ဟာ သင့်လက်ထဲရှိနေတယ်ဆိုဦးတော့ ဒီစာမျက်နှာကို ကျော်လွှားသွားနိုင်တာမို့ အခုတော့ သင်ဟာ ဒီစာမျက်နှာမှာ ကြုံခေါင့်ကြုံခဲ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီအထဲမှာ သင်ကိုယ်တိုင် ဇာတ်ကောင်တစ်ယောက်မို့ မနက်ဖြန်မှာ ဘာဖြစ်သွားမလဲလို့ ကြိုမသိနိုင်သလို ရှေ့မှာဘာဆက်ဖြစ်မလဲလို့ ကြိုတွေးမနေစေချင်ပါဘူး။ လူ့ဘဝဟာ မျှော်လင့်မထားတဲ့အရာတွေ ဖြစ်တတ်သလို အကွေ့အကောက်၊ သည်းထိတ်ရင်ဖို၊ ပျော်ရွှင်ဖွယ်ရာ စတာတွေဖြစ်လာနိုင်တာပဲလို့ မျှော်လင့်ထားပေမဲ့လည်း ဘာတစ်ခုမှ ဖြစ်မလာဘဲ ဒီအတိုင်းပဲ ပြီးဆုံးသွားနိုင်တာပါပဲ။

အဲဒါကိုပဲ ကဗျာဆရာလင်းလွင်က ၂၀၀၅ ခုနှစ် ဇွန်လထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ ခင်ဗျား အခုရောက်နေတဲ့ စာမျက်နှာဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ်ရေးပါတယ်။ ကဗျာက

အစဆိုတာ
ခင်ဗျားရဲ့အားထုတ်မှုပဲ
ဒီစာအုပ်ကို ယူကိုင်တာကနေစခဲ့လို့
ခင်ဗျား ဒီစာမျက်နှာကို ရောက်နေပြီ
ကျွန်တော်သိပါတယ်
ဒီစာမျက်နှာကို
တွေ့နေကျ၊ မြင်နေကျ၊ ကြုံနေကျ
စာမျက်နှာတွေနဲ့
ချိန်ကြည့် တိုင်းကြည့် တိုက်ကြည့်ပြီး
ခင်ဗျား အကဲဖြတ်လိုက်မယ်ဆိုတာ
ခင်ဗျား အလောတကြီး ဖွင့်ဖွင့်လှန်နေတဲ့
စာမျက်နှာတွေထက်
ဒီစာမျက်နှာက ‘သာ’ တယ်
ဒီလိုပြောတော့ တစ်လမ်းမောင်းအတွေးနဲ့
ခင်ဗျား ကသိကအောက်ဖြစ်သွားတယ် မဟုတ်လား
ကျွန်တော် သိပါတယ်
အဲဒီ ‘သာ’ ဟာ
သာမန်တို့ သာမန်ကာလျှံကာတို့က လာတဲ့
‘သာ’ လို့
ခင်ဗျား မတွေးဘူးဆိုတာ
ဒီစာမျက်နှာမှာ ‘ကြိယာ’ တစ်ခုတည်း ရေးထားတော့
ဘီကီနီဝတ်စာမျက်နှာတွေလို ပြည့်ပြည့်၀၀
မဆွဲဆောင်နိုင်ဘူးလို့ ခင်ဗျားထင်တော့မယ်
ကျွန်တော် သိပါတယ်
လိုနေတဲ့ကံ၊ ကတ္တားတွေကို ဖြည့်စွက်ဖို့
ခင်ဗျား စိတ်မကူးဘူးဆိုတာ
ခင်ဗျားက ၁၊၂ လို့ ကြားတာနဲ့
၃၊၄ လို့ပဲ အော်ချင်ပုံ
ကဗျာဆိုတာနဲ့ ကပြီး ဗျာထူးဖို့ပဲပြင်နေပုံ
ကကြီးအကြောင်းကို
သုံးလုံးလောက်သာကျော်ခဲ့တဲ့
‘င’ က ပြောတာနဲ့
ကကြီးအကြောင်းကို
သုံးဆယ့်တစ်လုံးလောက်ကျော်ခဲ့တဲ့
‘အ’ က ပြောတာ
တူမလား
ကကြီးဆိုကကြီးမှာပဲ ရပ်နေတယ်
ခင်ဗျား ကိုင်ထားတဲ့စာအုပ်ထဲက ဒီစာမျက်နှာမှာ
ပုထုဇဉ်က ဇာတ်ကောင်ပါ
ခင်ဗျားကို တစ်ခုခု ပေးချင်မှလည်းပေးခဲ့မယ်
ခင်ဗျားလည်း တစ်ခုခုရချင်မှလည်း ရလိမ့်မယ်
အဆုံးဆိုတာ
ဒီစာမျက်နှာကို ကျော်လှန်ပစ်ဖို့ပဲ။

အခုဆိုရင် ဒီစာမျက်နှာကို ဖတ်နေတဲ့ သင်ဟာ ကဗျာတစ်ပုဒ်ကိုတော့ ဖတ်လိုက်ရပြီမို့ အကျိုးအမြတ်တစ်ခုခုတော့ ရသွားပြီလို့ ထင်ပါတယ်။ ကဗျာတစ်ပုဒ်ကြောင့် နိုင်ငံတစ်ခု ပြောင်းလဲသွားခဲ့ဖူးသလို ကဗျာတစ်ပုဒ်ကြောင့်ပဲ လူတစ်ယောက်ကို သတ်တော့မယ့် ခက်ထန်ကြမ်းတမ်းတဲ့ စိတ်တွေပြောင်းလဲသွားပြီး နူးညံ့သိမ်မွေ့သွားခဲ့ဖူးတာမို့ ဒီစာမျက်နှာထဲကနေ တစ်ခုခုတော့ ရအောင်ယူသွားလိုက်ပါ။ ယူလို့ ရလို့ သင်ကျေနပ်သွားပြီဆိုရင် ဒီစာမျက်နှာက ပြီးဆုံးသွားပါပြီ။ နောက်စာမျက်နှာမှာ သင်ဘာတွေ တွေ့မြင်ရမလဲဆိုတာ ကျွန်တော် မသိနိုင်တာမို့ အကောင်း အဆိုးတွေကိုလည်း ကျွန်တော် တာဝန်မယူနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင့်အပေါ်မှာပဲ မူတည်ပါတယ်။ အခု သင်နောက်စာမျက်နှာ တစ်ခုကို လှန်လိုက်လို့ရပါပြီ။

Most Read

Most Recent