“ဆရာညိုရေ တိုင်းပြည်တိုင်းမှာ ကျောင်းတွေရှိတယ်”
“ရှိတာပေါ့၊ ရွာတွေမှာတောင် ကျောင်းတွေရှိတာပဲ”
“ကျောင်းဆိုတာ ပညာသင်တာပဲ။ ပညာသင်တာ ကောင်းတယ်ဆိုတာကို လူတွေ အစောဦးကတည်းက သိကြတယ်။ လူတွေဟာ အတတ်ပညာ၊ အသိပညာတွေကို သင်ယူတာ အလေ့အထ တစ်ခုဖြစ်ခဲ့တယ်”
“လူတွေကတော့ သင်ယူတာကို သဘောကျတာပဲ။ မသင်ယူရင် မတတ်ဘူး။ မတတ်သူကို အပြစ်ပြောတယ်။ “
“ဒီနေရာမှာ စာရေးစာဖတ်ဆိုတာ အရေးကြီးတယ်။ စာရေးစာဖတ်ဆိုတာ မသင်ရင် မတတ်ဘူး”
“ဟုတ်တယ်လေ၊ ယောက်ျားများ စာမတတ်ရင် အကန်းနဲ့တူ။ မိန်းမများ ရက်ကန်းမတတ်ရင် အကျိုးနဲ့တူဆိုပြီး စကားရှိခဲ့ပါတယ်။ သင်ယူရတာပဲ မဟုတ်လား”
“တိုင်းပြည်တွေမှာ ပညာသင်တာဟာ အရေးပါတယ်။ နိုင်ငံတော်အတွက် ရင်းနှီး မြှုပ်နှံမှုလို့ သဘောပေါက်တယ်။ ဒီတော့ နိုင်ငံကြီးတွေမှာ လူတိုင်း ကျောင်းနေရမယ်ဆိုတဲ့ ဥပဒေကို ချမှတ်တော့တာပဲ”
“အရွယ်ရောက်တဲ့ကလေးတွေ ကျောင်းနေရမယ်ဆိုတာ နိုင်ငံအတော်များများ သတ်မှတ်ထားတာပါ။ အစိုးရအနေနဲ့ ပညာရေးဘတ်ဂျက်ကို ချပေးထားတယ်။ ဒါပေမဲ့ မမှန်မကန်လုပ်တဲ့ အစိုးရဆိုရင် ပညာရေးကို မလိုလားဘူး”
“ဒီလိုမျိုးလည်း ရှိလား”
“ရှိပါတယ်။ ပညာမတတ်တဲ့သူတွေကို အလွယ်တကူ ဖိနှိပ်လို့ရတယ်။ သူတို့ကို ခိုင်းရတာ လွယ်တယ်”
“ဘယ်မှာဖြစ်လို့လဲ”
“နိုင်ငံအများအပြားမှာပါ။ ထင်ရှားတဲ့ သာဓကကတော့ အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေကို စာမသင်စေရတဲ့ ဥပဒေရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ ကျွန်ဘဝမှာ အနှစ် ၂၀၀ ကျော် ကျွန်သက် ရှည်ခဲ့တာပဲ”
“မြန်မာပြည်ကလူတွေကျတော့ စာတတ်သူတွေ များတယ်”
“မှန်ပါတယ်။ အင်္ဂလိပ်တွေက ကိုလိုနီ ပြုတဲ့အခါ မြန်မာပြည်ကို တက္ကသိုလ်ဖွင့်ပေး ဖို့ မလိုလားခဲ့ဘူး။ ပထမဦးဆုံး တက္ကသိုလ် တစ်ခုတည်ထောင်ပေးသင့်တယ်ဆိုတဲ့ အစီရင်ခံစာဟာ ၁၉၀၇ နောက်ပိုင်းမှာ ထွက်လာပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ မှာမှ တည်ထောင်ပေးတယ်။ “
“ဒီနေရာမှာ သပိတ်မှောက်တာတို့နဲ့ ပြဿနာအများကြီး ကြုံတယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ဘယ်လိုသပိတ်မှောက်မှောက် တက္ကသိုလ်ကျောင်းကိုတော့ဖွင့်တယ်။ သပိတ်မှောက်ကျောင်းသားတွေလည်း တစ်ဖက်က ကြိုးစားတာကြောင့် အမျိုးသားကျောင်းတွေလည်း ပေါ်လာခဲ့တယ်”
“ကျွန်တော်တို့ ပညာရေးခရီးလမ်းအစက ကြမ်းတမ်းတယ်လို့ ဆိုနိုင်တာပေါ့”
“ကြမ်းတမ်းပါတယ်။ ဒါပေမဲ့ အမျိုးသားကျောင်းတွေက ခေါင်းဆောင်တွေအများကြီး မွေးထုတ်ပေးလိုက်တယ်”
“ဘယ်သူတွေလဲ”
“ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနုတို့ပေါ့”
“သူတို့ ရန်ကုန်တက္ကသိုလ်က ထွက်တယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက နတ်မောက်သား။ ရေနံချောင်း အမျိုးသားကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်မှာ တက်တာ၊ ဦးသန့်က ပန်းတနော်အမျိုးသားကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်ပြီး ဦးနုကတော့ ဝါးခယ်မ အမျိုးသားကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်တယ်”
“ဒါဆိုရင် အာဏာရှင်အစိုးရနဲ့တော့ ကွာတာပေါ့”
“ကွာပါတယ်။ ကိုလိုနီအစိုးရဟာ ကျောင်းတွေကို မပိတ်ဘူး။ အပြင်ကျောင်းတွေကလည်း တက္ကသိုလ်ဝင်တန်း ဖြေခွင့်ရတယ်။
ဦးနေဝင်းအစိုးရက ၁၉၆၂ ခုနှစ် ဇူလိုင်အရေးအခင်းဖြစ်ပြီး ကျောင်းတွေကို နောက်ထပ်မကြေညာမချင်း ပိတ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်”
“ရန်ကုန်တက္ကသိုလ်ဟာ စစ်အတွင်း ကာလကလွဲပြီး အမြဲမပြတ် ဖွင့်လှစ်ခဲ့တာ ဦးနေဝင်းလက်ထက်ကျမှ ပိတ်တယ်”
“ဟုတ်ပါတယ်။ ၁၉၆၃-၆၄ ခုနှစ်မှာလည်း ပိတ်တယ်။ ကျွန်တော်တို့စာမေးပွဲဖြေချိန်မှာ ကျောင်းဖွင့်ပေးတာပဲရှိတယ်”
“၈၈ အရေးအခင်းပြီးတော့လည်း တက္ကသိုလ်တွေ ပိတ်တယ်။ သုံးနှစ်လောက် ပိတ်တယ်ထင်တယ်။ နောက်ဖွင့်ပြီးလည်းပြန်ပိတ်တာတွေ အများကြီးပဲ”
“အာဏာရှင်အစိုးရက သူတို့ကိုဆန့်ကျင်ရင် ကျောင်းကိုပိတ်ပစ်တယ်။ ပြည်သူတွေ ပညာမတတ်လည်း ဂရုမစိုက်ဘူး။ ဒီလို ပညာမတတ်ရင် ပိုပြီးအုပ်ချုပ်ရလွယ်တယ်ဆိုပြီး ယူဆတယ်။ ကျောင်းသားတွေကို ပညာမသင်ချင်အောင် အကြောင်းအမျိုးမျိုးပြပြီး ဒုက္ခတွေပေးတယ်”
“တက္ကသိုလ်တွေကို အမျိုးမျိုးသိက္ခာကျ အောင်လုပ်တယ်။ တက္ကသိုလ်ကျောင်းသားတွေကို သိက္ခာကျအောင်လုပ်တယ်။ တက္ကသိုလ်ဆရာတွေကို တန်ဖိုးနည်းအောင် လုပ်တာပဲ”
“ဘယ်လိုမျိုးလဲ”
“ဆရာတွေဆို ခလုတ်ထိလို့ လှည့်မကြည့် နဲ့ ကထိကပဲဆိုတဲ့ စကားရှိခဲ့တယ်”
“မှန်ပါတယ်၊ တွေ့သမျှလူ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခတဲ့။ အရင်က ဌာနတစ်ခုမှာ ပါမောက္ခတစ်ယောက်ပဲ၊ တက္ကသိုလ်က လည်း ရန်ကုန်နဲ့ မန္တလေး နှစ်ခုပဲရှိတယ်”
“မှန်တာပေါ့။ ခုဆို တစ်ပြည်လုံးမှာ တက္ကသိုလ် ၁၃၅ ခု၊ ဌာနက ၁၀ ခုကျော်တယ်။ တစ်ဌာနမှာ ပါမောက္ခက သုံးယောက်၊ တွဲဖက်ပါမောက္ခက ခြောက်ယောက်လောက်ရှိတယ်၊ တစ်ပြည်လုံး ထောင်ချီရှိတာပေါ့”
“ပါမောက္ခတွေဟာ ပါရဂူဘွဲ့ရထားရတယ်။ ပါရဂူကျမ်းကို ကြီးကြပ်လို့လည်း ပါရဂူဘွဲ့ပေးတာပဲ။ ပင်စင်ယူသွားပြီးတောင် ပါရဂူဘွဲ့ကို လိုက်ပေးတာတွေရှိတယ်”
“ကျောင်းသားတွေကို ဘယ်လိုသိက္ခာကျစေလဲ”
“ကျောင်းတွေကို မြစ်ကူးချောင်းခြားအဝေးကြီး သွားထားတယ်”
“နိုင်ငံခြားမှာလည်း ဒီလိုပဲလေ၊ အဝေးကြီးမှာ သွားတက်ရတာပဲ”
“ဟုတ်ပါတယ်။ ဟိုမှာကျတော့ သိက္ခာရှိရှိကျောင်းဆောင်တွေ စီစဉ်ပေးတယ်။ စားဝတ်နေရေး အဆင်ပြေအောင်လုပ်ပေးတယ်။ ဒီမှာတော့ အိမ်ကြိုကြားထဲ နေကြရတယ်။ ကျောင်းသားကျောင်းသူတွေကို လှည့်မကြည့်ဘူး။ ကျောင်းသားကျောင်းသူတွေဟာ ပျက်စီးခြင်းတွေ ပေါင်းစုံနဲ့ ပျက်စီးတယ်၊ ကျွန်တော်တော့ တာဝန်ရှိတဲ့သူတွေက တွန်းပို့တဲ့ သဘောမို့ သူတို့ဖျက်ဆီးတယ်လို့ပဲ ပြောချင်တယ်။ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ အပြာဇာတ်လမ်းတွေ ဖြစ်ခဲ့တယ် “
“ပညာရေးကို ပေါ့ပေါ့ပဲထားတယ်။ လူငယ်တွေကို ပညာတတ်အောင်လုပ်ဖို့ မကြိုးစားဘူး။ တစ်ခုတော့ သဘောကျစရာရှိတယ်”
“ဘာကိုလဲ”
“၁၉၆၄ ခုနှစ်က ပညာရေးတာဝန်ခံက ပြောတယ်။ မြန်မာစာကို သင်ကြားရေးမဏ္ဍိုင်အဖြစ် သတ်မှတ်တယ်တဲ့”
“ဘာသာစုံကို မြန်မာလိုပဲသင်ခဲ့တယ်။ နောက်ဘယ်လိုဖြစ်တာလဲ”
“၁၉၆၄ ကနေ ၁၉၈၄ အထိ နှစ်၂၀ မြန်မာလိုသင်ခဲ့ပေမဲ့ အာဏာရှင်က သူ့သမီး လန်ဒန်မှာ ကျောင်းဝင်ခွင့်မရလို့ သင်ကြားရေး မဏ္ဍိုင်ဟာ အင်္ဂလိပ်လို ပြောင်းတော့တာပဲ”
“ပါမောက္ခတွေ မကန့်ကွက်ဘူးလား”
“ကန့်ကွက်ပါတယ်။ ဒါပေမဲ့ အာဏာ ရှင်ပဲ၊ သူထင်ရာလုပ်တာပေါ့”
“ခုကျွန်တော်တို့ အစိုးရလက်ထက်မှာ ပြန်ပြင်လို့ မရဘူးလား”
“Mindset တွေပေါ့ဗျာ၊ သူတို့က အင်္ဂလိပ်လိုတတ်မှ လူရာဝင်တယ်ထင်တာကိုး။ သူတို့ဟာ အင်္ဂလန်က အိမ်သာဆေးတဲ့ အင်္ဂလိပ်ကြီးတွေကို မတွေ့ဘူးသေးလို့ပါ၊ အင်္ဂလိပ်စာတတ်တာနဲ့ ပညာတတ်တာ မတူဘူး”
“အင်္ဂလိပ်လို တစ်လုံးမှမတတ်တဲ့ ဂျပန်ခေါင်းဆောင်တွေ၊ ကိုးရီးယားခေါင်းဆောင်တွေ၊ ဘီလျံနာတွေကို မတွေ့ဖူးလို့ပါ”
“မြန်မာလိုသင်ဖို့ ကျွန်တော်တို့ ဆွေးနွေးတာများနေပြီ၊ ခုကျွန်တော် နည်းနည်းကျော်ပြောလိုက်မယ်”
“ပြောပါ”
“ဒီမိုကရေစီအစိုးရလို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံပြီးတက်လာတဲ့ အစိုးရ လက်ထက် မှာကော ခင်ဗျားဘယ်လိုမြင်လဲ”
“ကျွန်တော်ကတော့ လက်ပံတန်းက အရေးအခင်းကို ကြည့်ပြီး စိတ်မကောင်းဘူး။ ကျောင်းသားတွေကို အစိုးရက နှိမ့်ချပြီးမြင်တယ်၊ ကျောင်းသားတွေကို သူတို့ရဲ့သားသမီးတွေလို သဘောမထားဘူးလို့ ထင်တာပဲ”
“ဘာလို့ ဒီလိုပြောနိုင်တာလဲ၊ ကျောင်းသားတွေကို ရိုက်လို့လား။ ထောင်ချလို့လား”
“အချက်တွေအများကြီးရှိပါတယ်။ မိဘတွေလည်း သားသမီးတွေကို ရိုက်ပါတယ်။ ဒါပေမဲ့အဓိက,က ကောင်းစေချင်တဲ့ဆန္ဒကြောင့် ဆုံးမတယ်။ ဒါပေမဲ့ ဒီအစိုးရကတော့ အငြိုးအတေးတွေ ပါနေသလို ဆုံးမတယ်။ ခင်ဗျားသိပါတယ်”
“ဒါက ဦးသိန်းစိန်အစိုးရလက်ထက်က ဖြစ်တာပါ”
“မှန်ပါတယ်။ NLD အစိုးရလက်ထက်မှာရော၊ တက္ကသိုလ်တွေမှာ သမဂ္ဂဖွဲ့စည်းခွင့် မပြုဘူး”
“ခုတော့ ဖွဲ့နေကြတာပဲ မဟုတ်လား”
“ဥပဒေအရ တရားဝင်ဖွဲ့စည်းခွင့်ကို ပြောတာပါ။ ကိုလိုနီအစိုးရလက်ထက်တုန်းက သမဂ္ဂအဆောက်အအုံကိုတောင် တည်ဆောက်ခွင့်ပြုတယ် မဟုတ်လား”
“အစစ်ပေါ့ဗျာ၊ လူမျိုးခြားလက်ထက်မှာ တည်ဆောက်တယ်။ လွတ်လပ်ရေးရပြီး ကိုယ့်အစိုးရလက်ထက်မှာ ဒိုင်းနမိုက်နဲ့ ခွဲတာပဲ”
“အာဏာရှင်အစိုးရလေဗျာ”
“ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ပုဂ္ဂလိကအလှူရှင် ဒေါက်တာဦးညိုက လှူထားတာပါ”
“ခုပြန်ဆောက်ဖို့ ခွင့်ပြုတယ်လေ”
“ဘာလို့ မဆောက်တာလဲ”
“ညှိနှိုင်းတာအဆင်မပြေလို့ ရပ်ထားတာ”
“ရပ်ထားတယ်ဆိုတာဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်ပဲလေ၊ စောစောက ပြောသလို အာဏာရှင်တွေဟာ သူတို့အတွက် အဆင်မပြေရင် ကျောင်းတွေ ပိတ်ထားလိုက်တယ်။ ခုလဲကြည့်လေ။ သူတို့အတွက် အဆင်မပြေရင် အစိုးရက ကျပ်သိန်း ၅၀၀၀ ချထားပေးတဲ့ သမဂ္ဂဆောက်လုပ်ရေးကို ဘာမှမလုပ်ဘဲ ရပ်ထားတယ်”
“ဘာအကြောင်းပြလဲ”
“တိုင်းပြည်မှာ အခြားလုပ်စရာတွေများ နေလို့တဲ့။ ရှုပ်ထွေးနေတဲ့ကာလတဲ့၊ ကျောင်းသားကိစ္စမှာ နိုင်ငံရေးတွေပါလာတယ်လို့ သူတို့ယူဆတယ်”
“နှစ်နှစ်ခွဲကြီးများတောင် ကြာသွားတယ်။ ဒီအတိုင်း ကြည့်နေကြတယ်”
“ဒီနည်းဟာ အာဏာရှင်တွေရဲ့ နည်းပဲ လေ၊ အခုပြန်စမယ်။နောက်ကန့်ကွက်မယ်။ကန့်ကွက်လို့ ရပ်ထားတယ်”
ကျွန်တော်တို့ဟာ ၁၉၂၀ တုန်းက အင်္ဂလိပ်အစိုးရကို မုန်းတယ်။ သူတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေကို လက်မခံဘူး။ ဆန္ဒပြ တယ်။ ဒါပေမဲ့ သူတို့က ကျောင်းကိုဖွင့်တာပဲ”
“ကျွန်တော်တို့ကတော့ ကျောင်းသားတွေကို ပစ်ခတ်တယ်။ ကျောင်းသားတွေကို ရိုက်ပုတ်တယ်။ ကျောင်းတွေကို ပိတ်တယ်။ ပြီးတော့ သမဂ္ဂဖွဲ့စည်းရေးကို မသိသလိုနေကြတယ်။ သမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးကို အစိုးရက လုံးဝလှည့်မကြည့်တော့ဘူး”
“ဆိုးတယ်ဗျာ၊ ဆိုးပါတယ်”။