အနာဂတ်ကို ပျိုးထောင်ခြင်း

အနာဂတ်ကို ပျိုးထောင်ခြင်း
Published 13 June 2018

Election ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

ကျွန်မ ငယ်စဉ်ကျောင်းသူဘဝမှာ အလွန်ကို အလုပ်များပါတယ်။ အိမ်မှာ ရှိချိန်ဆိုရင် ဆန်ချင် ဆီထည့်နဲ့ အမေ့ရဲ့ အိမ်ဆိုင်လေးကို ကူရောင်းပေးရပါတယ်။ အဲဒီတုန်းက ကျွန်မ ငါးတန်းပဲရှိသေးပေမယ့် ရွှေဝါဆပ်ပြာကို မီးခြစ်ဆံနဲ့တိုင်းပြီး ဘယ်နှပိုင်းထွက်အောင် ပိုင်းရမလဲ သိနေပါပြီ။

ဂျပန် အာဂျီနိုမိုတိုအချိုမှုန့်အထုပ်ကို ဇွန်းပေါက်စနဲ့ခပ်ပြီး သတင်းစာဖြတ်ပိုင်း အသေးလေးနဲ့ ထုပ်တဲ့အခါ အရေအတွက် ကွက်တိဖြစ်အောင် လှလှပပနဲ့ သပ်သပ်ရပ်ရပ် ထုပ်တတ်နေပါပြီ။

ကျောင်းတက်ချိန်ကျော်မှ အမေဈေးက ပြန်လာလို့ ကျောင်းနောက်ဘက် ခွေးတိုးပေါက်ကနေ ဝင်ရတာလည်း ခဏခဏပါပဲ။

အိမ်စီးပွားရေးထဲမှာ ကိုယ့်စီးပွားရေးအနေနဲ့ မုန့်ထုပ်တို့၊ ကပ်စေးနဲလုံးတို့၊ သကြားလုံး အထုပ်တွေကို အမေ့ဆိုင်မှာ တင်ပြီးတော့လည်း ရောင်းခဲ့ပါတယ်။ မုန့်တစ်ခုကို ငါးပြားနဲ့ရောင်းရင် အခု အစိတ်ပါတဲ့ မုန့်ထုပ် တစ်ထုပ်ကို တစ်မတ် မြတ်ပါတယ်။ အရင်း တစ်ကျပ် အမြတ်၂၅ ပြားပေါ့လေ။ အိမ်က မုန့်ကို စားချင်တဲ့ သူငယ်ချင်းတွေရှိရင်လည်း မုန့်ထုပ်ကို ကျောင်းယူလာပြီး ရောင်းလိုက်ပါသေးတယ်။အဲဒီကရတဲ့ အမြတ်တွေနဲ့ ကျောင်းစရိတ်သုံးရတော့ အမေ့ဆီက တောင်းစရာ မလိုတော့ပါဘူး။

အဲဒီတုန်းက ကျောင်းမှာလည်း အားလပ်တဲ့အချိန် မရှိခဲ့ပါဘူး။ ခုနစ်တန်းတက်တော့ နယ်ပြောင်းသွားလို့ ဂန့်ဂေါမြို့ကို ကျောင်းပြောင်းခဲ့ပါတယ်။ ကျောင်းကြီးက မြို့ပြင်တောင်ခြေဘက် အဝေးကြီး လမ်းလျှောက်ကြရပါတယ်။ ကိုးခွဲတက်တဲ့ ကျောင်း ကို အိမ်ကနေ ရှစ်နာရီလောက်ကတည်းက ထမင်းချိုင့်နဲ့ ခြေလျင်သွားကြရပါတယ်။ ကျောင်းကြီးကတော့ ခန့်ညားထည်ဝါပါတယ်။ ကျောင်းမှာ ဝါ စိမ်း နီ ပြာ အသင်းလေးသင်း ခေါင်းဆောင်ရွေးတော့ ကျွန်မ အတန်းမှာ အနီအသင်းခေါင်းဆောင် ဖြစ်လာပါလေရော။ အဲဒီတုန်းက ကထိန်တို့၊ ဝါဆို သင်္ဃန်းကပ်တို့လို ပွဲကအစပြုပြီး စာစီစာကုံး ပြိုင်ပွဲတို့၊ ကျောင်းအားကစားပွဲတို့အဆုံး ကျောင်းကောင်စီဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းက တာဝန်ယူကြရပါတယ်။ များသောအားဖြင့် ၉ တန်းနဲ့ ၁၀ တန်းက ကျောင်းသား ခေါင်းဆောင်တွေ ရွေးလေ့ရှိတာပါပဲ။ ဆရာတွေပဲ ရွေးချယ်ပေးကြတာပါပဲ။ အခန်းလိုက် အသင်းခေါင်းဆောင်တွေထဲက စာတော်ပြီး ဆရာနဲ့တည့်မယ့် ကျောင်းသားတွေ ရွေးကြတာ များပါတယ်။

စာသင်ခန်းထဲက တာဝန်တွေကို အသင်းတွေက အလှည့်ကျတာဝန်ယူရပါတယ်။သန့်ရှင်းရေး လုပ်တာ၊ အမှိုက်ပစ်တာ၊ ကျောက်သင်ပုန်း ဖျက်တာကအစ သောက်ရေအိုး ရေဖြည့်တာ အဆုံးပါပဲ။ အဲဒီတုန်းက အိမ်တွင်းမှုချိန်ဆိုရင် မိန်းကလေးတွေက အချုပ်အလုပ် နဲ့ အစားအသောက်ကို သင်ရပါတယ်။ လက်ချုပ်အပ်တစ်ချောင်းစီကိုင်ပြီး အဝတ်စမှာ အသီကြီးတို့၊ အသီလေးတို့ ချုပ်ပြရပါတယ်။ အဝတ်ပန်းပွင့်လုပ်တာ စက္ကူနဲ့ ငှက်ရုပ်အကြီး ကြီးခေါက်တာတွေ၊ ပြတင်းပေါက်လိုက်ကာမှာ အလှတပ်တဲ့ စက္ကူပန်းဆွဲတွေ အမျိုးစုံ သင်ခဲ့ရပါတယ်။ တချို့အချိန်တွေမှာ လက်ဖက်သုပ်နည်း၊ ပဲဥဆားစိမ်လုပ်နည်းတွေ လက်တွေ့ပြပါတယ်။ ယောကျ်ားလေးတွေက အဲဒီအချိန်မှာ စက်မှုခန်းသွားပြီးတော့ စက်တွေ လေ့လာရပါတယ်။

ရေနံချောင်း အထက ၁ တုန်းက စက်မှုချိန်ဆိုရင် စက်သံတွေ တဂျီဂျီနဲ့ အမြဲကြားခဲ့ရတာ မှတ်မိနေပါတယ်။ အိမ်တွင်းမှုချိန်ဆိုရင် အရမ်းပျော်ပြီး စိတ်ဝင်တစား ရှိခဲ့ပါတယ်။

အခု ကလေးတွေမေးလိုက်ရင် “ပီတီချိန်မှာ ဘာလုပ်ကြလဲ” ဆိုတော့ တစ်ကျောင်းလုံး ဆော့ကြတယ်ဆိုတာပဲ ကြားရပါတယ်။

ကျွန်မကတော့ ကျောင်းမှာ ကိုယ့်အသင်း အလှည့်တာဝန်ကျတဲ့နေ့ဆို ခါတိုင်းထက် အချိန်ကို စောပြီး သွားရပါတယ်။ စာကြည့်တိုက်အတွက် ငှားရမ်းပျောက်ဆုံး စာအုပ်စာရင်းကို ကြည့်ပြီးတော့ ကျွန်မတို့ရဲ့ စာကြည့်တိုက်ကို နေ့လယ်ထမင်းချိန်မှာ ဖွင့်ဖို့ ခင်းကျင်းရပါတယ်။ ကာတွန်းစာအုပ် အသစ်တွေ၊ ရွှေသွေးစာစောင်တွေဆိုရင် ထိုင်ဖတ်သူတွေကို ပြန်ထားဖို့ အော်ဟစ်သတိပေးရပါတယ်။ ပြီးရင် နေ့လယ်ကစားချိန်မှာ စာအုပ်တွေ ခင်းပြီး စာရင်းထိုင်မှတ်ရပါတယ်။

တစ်ခါကလည်း မိုးတွေသည်းတော့ ကျောင်းရဲ့ တံစက်မြိတ်ရဲ့ အောက်ဘက်ကနေ တစ်ထွာလောက် သံဆန်ကာ ကာထားတဲ့ နေရာက မိုးစက်တွေ စင်ပါတယ်။ ဘေးဆုံးမှာရှိတဲ့ ခုံတွေပေါ်ကို မိုးမှုန်လေးတွေ စိုကုန်ပါတယ်။ ဆရာမက အဖေ့ရုံးကနေ ကတ်ထူစာ ရွက်တောင်းခိုင်းပြီး ပိတ်ခိုင်းပါတယ်။အဲဒီ ကတ်ထူစာရွက်တွေပေါ်မှာ ကျွန်မက ဆောင်ပုဒ်တွေ ရေးပေးလိုက်ပါတယ်။ 'ကျောင်း မှန်မှန်တက် စာမခက်'တို့၊ “မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည်”  တို့ကို စက်ဝိုင်းတွေနဲ့ဆွဲ ဆေးရောင်ခြယ်ပြီး ကပ်ထားလိုက်တော့  ဆရာမလည်း သဘောကျသွားပါတယ်။

၉ တန်းနဲ့ ၁၀ တန်းမှာလည်း ကျောင်းကောင်စီမှာ အရွေးခံရပါသေးတယ်။ အတန်းကြီးလာတော့ ဆရာမတွေကလည်း သူတို့ ချစ်တဲ့သူကို ဦးစားပေးကြပြန်ပါတယ်။ ကျူရှင်တွေလည်း ပေါ်လာတော့ စာတော်တဲ့ ကျောင်းသားကို တပည့်မွေးပြပြန်ပါတယ်။ ကျွန်မကိုတော့ ကြည့်မရကြပေမယ့် ပယ်မရလို့ ထည့်ထားတယ် ပြောရမှာပါပဲ။ဘာလို့လဲဆိုတော့ သူငယ်ချင်းနှစ်ဦးပဲ စကားပြောစရာ ရှိခဲ့လို့ပါပဲ။

တကယ်တမ်း ကျောင်းကောင်စီဝင်ဖြစ်တော့လည်း ကျောင်းရဲ့ဝါဆိုသင်္ဃန်းကပ်ပွဲ နဲ့ ကထိန်ပွဲတွေလုပ်ရင် ပန်းကန်ကူဆေး အဆင့်လောက်ပဲ လုပ်ရတာပါပဲ။ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေ ဆုံးဖြတ်ချက်တွေကို တောင်းခံဆွေးနွေးခွင့် မရခဲ့ပါဘူး။တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ရွေးကောက်ဖွဲ့စည်းသလို အခြေခံ ပညာကျောင်းတွေမှာလည်း သမဂ္ဂတွေ ဖွဲ့ စည်းခွင့်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက ဒီမိုကရေစီစနစ်နဲ့ အများသဘောတူ ရွေးကောက်ပွဲလုပ်ပြီး ယှဉ်ပြိုင်တဲ့အကျင့်ကို ကျင့်သုံးပေးဖို့ အရေးကြီးပါတယ်။

ကျောင်းတွင်းရွေးကောက်ပွဲတစ်ခု အကြောင်း ရိုက်ကူးထားတဲ့ 'Election'  ဆိုတဲ့ ဇာတ်ကားလေးကလည်း ကောင်းလို့ မျှဝေချင်ပါတယ်။ ဒါရိုက်တာ Alanxder Pyane  ဖြစ်ပြီး Matthew Broderick နဲ့  Reene Witherpson တို့ပါဝင်ကြပါတယ်။ အထက် တန်းကျောင်းလေးတစ်ခုမှာ ကျောင်းသားထုရဲ့ ဥက္ကဋ္ဌရွေးပွဲကို ကျင်းပဖို့ ပြင်နေပါတယ်။

ကျောင်းသူထရေစီဖလစ်က ဆွေကြီးမျိုးကြီး အသိုင်းအဝန်းကလည်းဖြစ်ပြန် အသင်းအဖွဲ့တိုင်းမှာလည်း ပါဝင်လှုပ်ရှားလေတော့  မဲအများစုကို ရနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့  ဆရာချမ့်ကတော့ ထရေစီကို မျက်စေ့စပါးမွှေး စူးနေပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ငါးရက်လောက်မှာ ဆရာချမ့်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆရာဒေ့ဗ်နဲ့ ကျောင်းသူ ထရေစီတို့ ချစ်ကြိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှာ ထရေစီရဲ့ အမေကြီးသိတော့ ကျောင်းအုပ်ကြီးကို တိုင်ပါတယ်။ ဆရာဒေ့ဗ်လည်း  ကျောင်းထုတ်ခံရပါတယ်။ မိန်းမနဲ့လည်း ကွဲပြီးတော့ ဘဝပျက်သွားခဲ့ပါတယ်။

ထရေစီ ဥက္ကဋ္ဌဖြစ်မှာကို မမြင်ချင်တဲ့ ဆရာချမ့်ဟာ အားကစားသမားပေါလ်ကို ဥက္ကဋ္ဌအရွေးခံဖို့ တိုက်တွန်းပါတယ်။ နှင်းလျှောစီးပြိုင်ပွဲမှာ ဒဏ်ရာရလို့ စိတ်ပျက်နေသူ ပေါလ်ဟာ အရွေးခံဖို့ စာရင်းပေးလိုက်ပါတယ်။ ပေါလ်တို့မိသားစုမှာ ရွယ်တူမွေးစား သမီး တမ်မီဆိုတာ တစ်ယောက်ရှိပါတယ်။ တမ်မီရဲ့ အချစ်တော်သူငယ်ချင်းက ပေါလ်နဲ့ ချစ်ကြိုက်ပြီး အဆက်ဖြတ်သွားလေတော့ စိတ်နာပြီး တမ်မီက ဥက္ကဋ္ဌလောင်းအဖြစ် မဲဆွယ်ပါတယ်။ မဲဆွယ်ပွဲမှာ သုံးယောက်လုံး ကျောင်းသားထုရဲ့ ရှေ့ထွက်ပြီး စကားပြောကြရပါတယ်။ ကိုယ်လုပ်မယ့် အလုပ်တွေ ကတိတွေ ပေးကြပါတယ်။

ထရေစီဟာ မဲဆွယ်ပိုစတာတွေ ကပ်နေရင်း နံရံက ကွာကျတဲ့ သူမရဲ့ ပိုစတာကြီးကြောင့် ဒေါသတွေထွက်ပြီး တခြားပိုစတာတွေပါ ဆွဲခွာဖျက်ဆီးမိပြန်ပါတယ်။ လူမမြင်အောင် အမှိုက်အိတ်ထုပ်ကို မြို့ပြင်က အမှိုက်ကန်မှာ သွားပစ်ပါတယ်။ အဲဒီအချိန် မိန်းကလေးဘောလုံးပွဲကို ကြည့်ပြီးပြန်လာတဲ့ တမ်မီကတွေ့ ပြီးချောင်းကြည့်ရာက ပိုစတာ အမှိုက်အိတ်ကြီးမှန်း သိသွားပါတယ်။နောက်နေ့ ကျောင်းအုပ်ကြီးအခန်းမှာ ပိုစတာတွေ ဆုတ်ဖြဲခံရတဲ့ ပြဿနာနဲ့ ခေါ်တွေ့ပါတယ်။တမ်မီက ထရေစီကို အမှိုက်ကန်မှာ တွေ့တယ်လို့  ပြောပေမယ့် ထရေစီက ပြောင်ပြောင်ပဲ ငြင်းပါတယ်။ တမ်မီက ပိုစတာတွေကိုသူ ဆုတ်ဖြဲမိပါတယ်လို့ ကျောင်းအုပ်ကြီးကို ပြောလိုက်တဲ့အခါမှာ ရွေးကောက်ပွဲပြီးမှ ကျောင်းတက်ရမယ်လို့ ဒဏ်ပေးလိုက်ပါတယ်။

ဆရာချမ့်က တမ်မီကို သွားတွေ့ရင်း မေးတော့ မွေးစားသမီးဖြစ်တဲ့ သူမသာ အနိုင်ရသွားရင် ပေါလ်ရဲ့ မိဘတွေ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ပေါလ်ကိုလည်း စိတ်မညစ်စေချင်ဘူးလို့ ပြောပြပါတယ်။

ဆရာချမ့်ဟာ ထရေစီအပေါ်မှာ ဒေါသတွေ ပိုထွက်လာပါတယ်။ တစ်ကျောင်းလုံး မဲထည့်ပြီးချိန်မှာ ဆရာချမ့်ရဲ့ လက်ထဲကို မဲစာရင်းစာရွက်တွေ  ရောက်လာပါတယ်။ ထရေစီက ပေါလ်ထက် တစ်မဲအသာနဲ့ အနိုင်ရတာ မြင်ရတော့ ဆရာချမ့်ဟာ စိတ်မထိန်းနိုင်ဘဲ ထရေစီ့ မဲပုံးထဲက မဲ နှစ်စောင်ယူပြီး လွှင့်ပစ်လိုက်ပါတယ်။ ပြီးတော့ မိုက်ခွက်ကိုင်ပြီး ပေါလ် အနိုင်ရကြောင်း ကြေညာလိုက်ပါတယ်။

မဲစာရင်းတွေ ကြီးကြပ်ရတဲ့ ကျောင်းသား နှစ်ဦးဟာ သူတို့ ရေထားတဲ့ မဲစာရင်းစာရွက်ကို ဆရာချမ့်ဆီ လာပြပါတယ်။ ဆရာနဲ့ ငြင်းခုံကြရင်း ဆရာချမ့်ရဲ့အမှိုက်ပုံးထဲမှာ ရောက်နေတဲ့  မဲ နှစ်မဲကို ရှာတွေ့သွားပါတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းရောက်တော့ ဆရာချမ့်တစ်ယောက် အလုပ်ပြုတ်သွားပါတယ်။ထရေစီကတော့ ဥက္ကဋ္ဌဖြစ်သွားပါတယ်။ ဒါပေမဲ့ သူမကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။ ခဏတာ ဥက္ကဋ္ဌဖြစ်သွားတဲ့ ပေါလ်ကိုသာ ဝိုင်းဝန်းကူညီပေးကြလို့ ပေါလ်တစ်ယောက် စိတ်ဓာတ်တွေ ပြန်တက်လာပါတယ်။

ဒီလို ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်ပေးတဲ့ ကျောင်းသားသမဂ္ဂပွဲတွေလည်း မြန်မာပြည်မှာ အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအဆင့်ကို ရောက်အောင်လည်း အမြန်ဆုံးသင်ကြားပေးကြဖို့ မျှော်လင့်နေမိပါတယ်။

ယနေ့လူငယ် နောင်ဝယ် လူကြီးဘ၀ ရောက်မယ့် ကလေးတွေရဲ့ အနာဂတ်ကို ပျိုးထောင်ဖို့ မဖြစ်မနေ ကြိုးစားသင့်ကြပါပြီ။