မက်လုံးပေး စီးပွားရေး ဈေးကွက်နဲ့ စားသုံးသူတွေအတွက် အာမခံချက်

မက်လုံးပေး စီးပွားရေး ဈေးကွက်နဲ့ စားသုံးသူတွေအတွက် အာမခံချက်
Published 11 June 2018

ပြည်ထဲရေး ဝန်ကြီးဌာနမှ ၂၀၁၇ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် MLM စနစ်ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ဆေးနှင့်အလှကုန်ပစ္စည်း အချို့ကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ ဆင့်ပွားဈေးကွက်လို့ခေါ်တဲ့ Multi Level Marketing (MLM) ဈေးကွက် အမြစ်တွယ်လာတာက နှစ်ပေါင်း ဆယ်စုနှစ်နှစ်စုနီးပါး ကျော်နေပါပြီ။ မြန်မာနိုင်ငံထဲမှာ ပြည်တွင်းပြည်ပ MLM ကုမ္ပဏီ ၁၀၀ ကျော်လောက်က လှုပ်ရှားနေတယ်လို့ သိရပါတယ်။

ဒီလိုမြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ MLM တွေကို လုပ်ငန်းလိုင်စင် ချပေးထားခြင်း မရှိဘူးလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဘက်က ပြောဆိုထားပေမယ့်လည်း လက်ရှိအချိန်အထိ MLM ကုမ္ပဏီတွေကတော့ ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ပြီး ပန်းပန်နေဆဲ ဖြစ်ပါတယ်။

လူတွေရဲ့ လောဘစိတ်ကို အခြေခံပြီး ဆွဲဆောင်ထားတဲ့ MLM စနစ်မှာ တကယ်ချမ်းသာသွားသူတွေဟာ MLM လုပ်ငန်းရှင်တွေသာဖြစ်ပြီး ဝင်ရောက် လုပ်ကိုင်ကြတဲ့ ပြည်သူတွေကတော့ နစ်နာမှုတွေကိုသာ ရင်ဝယ်ပိုက်ခဲ့ရတဲ့ ဇာတ်လမ်းတွေကလည်း ဆီသည်မ လက်သုတ်ပဝါလို ဖန်တစ်ရာတေနေပြီ ဖြစ်ပါတယ်။

MLM စနစ်က လူပိရမစ်ပုံစံမျိုး ပုံဖော်ထားပြီး လူတစ်ဦးကနေ တစ်ဦးဆီကို ဆင့်ကဲသွားနေတဲ့အတွက် လူပေါင်းတစ်ထောင်၊ တစ်သောင်းလောက်ထဲက လူတစ်ယောက်လောက်ပဲ ကြီးပွားချမ်းသာသွားနိုင်တဲ့ စနစ်မျိုး ဖြစ်ပါတယ်။ အဲဒီလူတစ်ယောက် ချမ်းသာဖို့အတွက် ကျန်သူတွေကတော့ ကိုယ့်ငွေ ကိုယ်စိုက်ထုတ်ပြီး လုပ်နေရတဲ့ ဗိုက်အငှား ဓားထိုးခံစနစ် ဖြစ်တာကြောင့် နိုင်ငံအများစုက ပိတ်ပင်ထားပြီး ခွင့်ပြုတဲ့ နိုင်ငံအနည်းစုကလည်း အကန့်အသတ်တွေ စည်းမျဉ်းတွေနဲ့သာ ခွင့်ပြုထားတာပါ။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် အကန့်အသတ်တွေ၊ စည်းမျဉ်းတွေနဲ့ MLM စနစ်ကို ထိန်းချုပ်နေတဲ့ကြားက ဥပဒေဘောင်ထဲကနေ လက်တစ်လုံးခြား လုပ်တာတွေဖြစ်လာလို့ အစိုးရက စောင့်ကြည့်ပြီး တရားစွဲနေရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ တောင့်တင်းခိုင်မာတဲ့ အမေရိကန်နိုင်ငံ မျိုးမှာတောင် ဒီလိုတွေရှိတယ်ဆိုရင် မြန်မာနိုင်ငံမှာတော့ ရင်လေးဖွယ်ရာပါပဲ။

လက်ရှိအချိန်အထိလည်း တရားမဝင် လုပ်ကိုင်နေတဲ့ MLM ဈေးကွက်တွေကို မြန်မာနိုင်ငံမှာ အရေးယူနိုင်တဲ့ ဥပဒေ မရှိတဲ့အတွက် အစိုးရက လက်ပိုက်ကြည့်နေတဲ့ အနေအထားပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက Multi Level Marketing (MLM) လုပ်ငန်းကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူ ဆောင်ရွက်ပေးဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

MLM လုပ်ငန်းနဲ့ပတ်သက်လို့ ဦးအောင်ကျော်ကျော်ဦးက “MLM လုပ်ငန်းတွေဟာ ဈေးရောင်းနည်းက ရှင်းရှင်းလေးပါ။ ၁၀ တန် ပစ္စည်းကို ၁၀၀ နဲ့ ရောင်းပြီးတော့ ၅၀ ကို အမြတ်ယူပြီး Member တွေကို ၄၀ ခွဲပေးတဲ့နည်းပါ။ အမြဲတမ်း ရောင်းနေရအောင်လည်း Bonus တွေနဲ့ မျှားထားပါတယ်။ Bonus ရအောင် အမှတ်တွေ လုပ်ထားပြီးတော့ မဝယ်ဝယ်အောင် မက်လုံးပေးထားပါတယ်။ ပြီးတော့ ဘယ်သူ့ကို ဂုဏ်ပြုတယ်။ ဘယ်သူက ဘယ်လောက် ရသွားတယ်ဆိုပြီး မက်လုံးပေးပြီးတော့ လိမ်လည်နေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

MLM ဈေးရောင်းချခြင်းစနစ်ကို တရုတ်နိုင်ငံမှာ လုံးဝပိတ်ပင်ထားပြီး အမေရိကန်၊ စင်ကာပူ အပါအဝင် နိုင်ငံတကာက အထူးတားမြစ်ကြပ်မတ် ကန့်သတ်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ထောက်ပြပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးရဲ့ မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားရာမှာ MLM စနစ်နဲ့ စပ်လျဉ်းပြီး ဥပဒေပြဋ္ဌာန်းထားခြင်း မရှိသေးပေမယ့် စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်တန်းမှုများရှိခြင်းတို့ ဖြစ်ပေါ်လာပါက စိစစ်ပေါ်ပေါက်ချက်ပေါ် မူတည်ပြီး အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနဲ့ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေစတဲ့ တည်ဆဲဥပဒေတွေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် MLM ကုမ္ပဏီတွေနဲ့ ပတ်သက်လို့ စာရင်းဇယား အသေးစိတ် အချက်အလက်တွေကို စိစစ်ကောက်ယူနေတယ်လို့ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၄ ရက် ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်မညီသော နိုင်ငံခြားသားများပိုင် စီးပွားရေးလုပ်ငန်းများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က တင်သွင်းခဲ့ပါတယ်။

ဒီအဆိုကို ၂၀၁၆ အောက်တိုဘာ ၁၁ ရက်က လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ဆွေးနွေးခဲ့ရာမှာ လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က “MLM စနစ်ကို လေ့လာသုံးသပ်ချက်များအရ လုပ်ကိုင်နေသည့် Level ၁၃ ခုထဲမှ အပေါ်ပိုင်း Level သုံးခုခန့်သာ အကျိုးအမြတ်ရှိပြီး အောက်ခြေ Level အသီးသီးတွင် မျှော်လင့်ချက်အိပ်မက်ဖြင့် အချိန်ကုန်ငွေကုန် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လျက် ရှိပါတယ်။ ယင်းလုပ်ငန်း လုပ်ကိုင်သူ ရာခိုင်နှုန်း ၉၀ ခန့်သော ပြည်သူလူထုကို အကျိုးမပြုသည်ကို လေ့လာတွေ့ရှိရပါတယ်။ အမြတ်ရနေသည့်သူမှာ ၁၀ ရာခိုင်နှုန်း ခန့်သာရှိပြီး ငါးရာခိုင်နှုန်းသည် နိုင်ငံခြားသားများသာဖြစ်၍ ကျန်နိုင်ငံသား အနည်းငယ်အတွက်သာ အကျိုးများစွာ ဖြစ်ပေါ်လျက်ရှိပါတယ်” လို့ ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်၊ ဂျပန်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံပေါင်း ၂၀ ကျော်မှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စောင့်ရှောက်သောအားဖြင့် အဆိုပါ ဆင့်ပွားဈေးရောင်းချခြင်း (MLM) စနစ်ကို တားဆီးပိတ်ပင်ထားကြောင်း ဦးကျော်မင်းဟန်က ဆွေးနွေးရာမှာ ဥပမာပေး ပြောကြားခဲ့ပါတယ်။

ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားများပိုင် စီးပွားရေး လုပ်ငန်းများကို အရေးယူ ဆောင်ရွက်ပေးဖို့ အဆိုကို အောက်တိုဘာ ၄ ရက်က လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အောက်တိုဘာ ၁၁ ရက်မှာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခဲ့ပေမယ့် ဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ထားရှိဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကနေ MLM စနစ်နဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းတာတွေ၊ အဆိုတင်သွင်းတာတွေက အချိန်နှစ်နှစ်ကျော်ကြာ ၂၀၁၈ ခုနှစ်ကို ရောက်လာပေမယ့်လည်း MLM လုပ်ငန်းတွေကိုတော့ ထိထိရောက်ရောက် တားဆီးနိုင်တာ မရှိသေးသလို အရေးယူဖို့ ဥပဒေကိုလည်း မပြဋ္ဌာန်းနိုင်သေးပါဘူး။

ဒါပေမဲ့ လွှတ်တော်တွေမှာ မေးခွန်းနဲ့ အဆိုတင်သွင်းပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ အများပြည်သူ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ရဲ့ တာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ် နှစ်ဆန်းက စတင်ကာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဦးဆောင်ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်စနစ် (MLM)  နဲ့ လုပ် ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူတွေ့ဆုံ စိစစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက် သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ် မဟုတ်တဲ့ ပြည်ပကနေ တင်သွင်းလာတဲ့ အလှကုန်၊ လူသုံးကုန်၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းများ၊ ဖြည့်စွက်စာများကို ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်ရေးစနစ် (MLM) အသုံးပြုကာ ဖြန့်ဖြူးလာတာကို တွေ့ရပြီး ပစ္စည်းအများစုက ဈေးကွက်မှာ မရှိတဲ့ ပစ္စည်းများဖြစ်ကြောင်း၊ MLM စနစ်ကြောင့် နိုင်ငံတော်အတွက် ရသင့်တဲ့ အခွန်များ မရဘဲ ဆုံးရှုံးနေသလို ဝယ်ယူသုံးစွဲသူ ပြည်သူတွေအနေနဲ့လည်း ပုံမှန်ဈေးထက် ပိုပေးရတဲ့အပြင် ကုန်ပစ္စည်းကလည်း အာမခံချက် မရှိဘူးလို့ ဖော်ပြထားပါတယ်။

အရေးယူမှုအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ်က လေသန့်ဆေးနဲ့ ဖြည့်စွက်အစားအစာများ၊ ဆေးဝါးများကို ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်စနစ် (MLM) နဲ့ ပြည်ပကနေ တင်သွင်းရောင်းချခဲ့တဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုနဲ့ ပြည်ပကုမ္ပဏီတစ်ခုတို့ကို စစ်ဆေးဖော်ထုတ် တရားစွဲဆိုနိုင်ခဲ့ပြီး ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့သလို ကုမ္ပဏီများကို အမည်ပျက်စာရင်း ရေးသွင်းခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနဲ့ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ MLM စနစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုနဲ့ ပြည်ပကုမ္ပဏီတစ်ခုကိုသာ အရေးယူနိုင်ခဲ့တာကို တွေ့ရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ ကျန်းမာရေးထောက်ခံချက် ရယူထားခြင်းမရှိဘဲ ဖြည့်စွက်စာတွေကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ရှိသူတွေကို အရေးယူထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲမှ တာဝန်ရှိသူတွေအနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံးမှာ MLM စနစ်နဲ့ လုပ်ကိုင်နေတဲ့ မူရင်းကုမ္ပဏီ ၂၈ ခု၊ ဆင့်ပွားကုမ္ပဏီ ၁၃ ခု စုစုပေါင်း ကုမ္ပဏီ ၄၁ ခု တို့နဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို တွေ့ဆုံပြီး စာရင်းဇယားများ၊ ဘဏ်ဝင်/ထွက်ငွေများ၊ သွင်းကုန်လျှောက်ထားခြင်းနဲ့  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်ရယူခြင်းများ၊ အခွန်ပေးအပ်မှုတွေမှာ ကုမ္ပဏီရဲ့ ရေးဆွဲတင်ပြလာတဲ့ စာရင်းဇယားများကို ဌာနဆိုင်ရာ အတည်ပြုချက်၊ ပြန်ကြားချက်များနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာ တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်ရှိ မြင့်မိုရ်ခွန်အား ကုမ္ပဏီလီမိတက်မှ ဖြည့်စွက်စာ ၁၆ မျိုး၊ ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်ရှိ World Class Innervation (Myanmar) ကုမ္ပဏီလီမိတက်မှ ဖြည့်စွက်စာ ကိုးမျိုး၊ ပျားရည် ကုန်းရပ်ကွက်ရှိ နှင်းမြန်မာ အပြည်ပြည်ဆိုင် ရာ ကုမ္ပဏီလီမိတက်နဲ့ ကျောက်မြောင်းကြီး ရပ်ကွက်ရှိ The Wisdom Plus ကုမ္ပဏီလီမိတက်တို့မှ ဖြည့်စွက်စာ ကိုးမျိုးတို့မှာ ကျန်းမာရေးထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချခဲ့တယ်လို့ တိုင်တန်းချက်အရ အဲဒီကုမ္ပဏီတွေက တာဝန်ရှိသူတွေကို တာမွေမြို့မရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ထားတယ်လို့ ၂၀၁၈ ခုနှစ် ဇွန် ၇ ရက်က ပြန်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ကုမ္ပဏီလေးခုကိုသာ အရေးယူ ဆောင်ရွက်ထားတယ်လို့ ပါရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ ကုမ္ပဏီ ၂၀ လောက်ကို အမှုဖွင့်ထားတယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝန်က ပြောပါတယ်။

“MLM ကုမ္ပဏီ ၂၀ လောက်ကို ကျွန်တော်တို့က ရဲစခန်းမှာ အမှုကဖွင့်ပြီးပြီ။ အမှုလက်ခံတယ်၊ လက်မခံတယ်ပဲ ရှိသေးတာ။ ပြည်ထဲရေးကထုတ်တဲ့ ကုမ္ပဏီလေးခုကတော့ အထောက်အထား အကုန်လုံး ပြည်စုံသွားပြီ ဆိုပြီးတော့ သူတို့က လက်ခံလိုက်ပြီပေါ့။ လက်ခံလိုက်တဲ့ဟာမို့ သူတို့က တင်လိုက်တာ။ ကျန်တဲ့ဟာတွေ ဟာတွေက သူတို့ဘာသာသူတို့ စိစစ်နေဆဲပေါ့ဗျာ။ ကျွန်တော်တို့ဟာကို လက်ခံလိုက်တာတော့  မဟုတ်သေးဘူး။ အမှုဖွင့်တာကတော့ ဇွန် ၁ ရက်ကတည်းက ဖွင့်ထားပြီးသားပါ။ အမှုလက်ခံတာ လက်မခံတာတော့ မသိသေးပေမယ့် ကျွန်တော်တို့ တရားစွဲဆိုထားတဲ့ ကုမ္ပဏီကတော့ ၂၀ လောက်ရှိတယ်” လို့ ဒေါက်တာမင်းဝန်က ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ MLM ကုမ္ပဏီ ၂၀ လောက်ကို အမျိုးသား အစားအသောက်ဥပဒေ ပုဒ်မ ၃၀ နဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။

အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၄ မှာ “မည်သူမျှ လိုင်စင်မရှိကြဘဲ ထုတ်လုပ်ထားသော ထိန်းချုပ်အစားအသောက်ကို ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မ ၂၄ ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရရင် ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်ထောင်မှ အများဆုံး ကျပ်သုံးသောင်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့အပြင် သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ပုဒ်မ ၃၀ မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမဝင် လုပ်ဆောင်နေတဲ့ MLM ကုမ္ပဏီတွေအနေနဲ့ အွန်လိုင်းကို အသုံးပြုပြီး ကုန်ပစ္စည်းတွေကို ကြော်ငြာရာမှာ အလွန်အကြူး ဖော်ပြမှုတွေလည်း ရှိနေပါတယ်။ ဥပမာ ကင်ဆာရောဂါပျောက်တာတို့၊ ဆီးချိုသွေးချိုရောဂါ ပျောက်တာတို့ စတဲ့ကမ္ဘာပေါ်မှာ ဆေးပညာရှင်တွေတောင် ပျောက်အောင် မကုသနိုင်သေးတဲ့ ရောဂါတွေကို ပျောက်တယ်ဆိုပြီး ဖြည့်စွက်စာတွေကို အလွန်အကြူး ကြော်ငြာလာတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရန်ကုန် ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝန်က “ကျွန်တော်တို့ဆီမှာ ဖြည့်စွက်အစာတွေအနေနဲ့ သွင်းလာကတည်းကိုက ကျွန်တော်တို့ဆီက တရားဝင်လိုင်စင်ယူထားတဲ့ သူကိုတောင်မှ ကျွန်တော်တို့ဆီကနေ မှတ်ချက်က ဘာပြုထားလဲဆိုတော့ ရောဂါတစ်ခုကို ပျောက်ပါသည် ဆိုတဲ့ဟာနဲ့ လုံးဝကြော်ငြာပြီး ရောင်းခွင့်မရှိပါဘူးလို့ အဲဒီလို ထည့်ထားပြီးသား။ အဲဒါကို သူတို့က ကျော်ပြီးလုပ်တယ်ဆိုရင် တင်သွင်းခွင့်တို့ ဘာတို့ကို ပြန်သိမ်းခွင့်ရှိတယ်။ ပြန်သိမ်းခဲ့တဲ့ ထုံးစံလည်း ရှိခဲ့တယ်။ ကျွန်တော်တို့ စစ်လိုက်တာကတော့ သွင်းလာတဲ့ဟာက ကောင်း၊ မကောင်း ဆိုတာကို စစ်တယ်။ သွင်းလာတဲ့အပေါ်မှာ ရေးထားတဲ့ အညွှန်းတွေ အကုန်လုံးကို စစ်တယ်။ အဲဒီအညွှန်းတွေမှာ သူတို့ကြော်ငြာနေတဲ့ ဘာရောဂါကြီးတော့ ပျောက်တယ်ဆိုပြီး မရေးရဘူး။ သူတို့က ဖြည့်စွက်အစာပဲ ဖြစ်တယ်။ ဆေးမဟုတ်ဘူး။ ဆေးဆိုရင်တောင်မှ ဘယ်ရောဂါ ပျောက်ပါတယ်လို့ ပြောလို့ရတဲ့ ဆေးဆိုတာ တော်တော်လေးရှားတယ်။ အဲဒီလိုမျိုးကို ကျွန်တော်တို့က ထည့်သွင်းပြီး ဖော်ပြခွင့်မရှိဘူး။ ဒါ ကျွန်တော်တို့ စည်းကမ်းပေါ့။ သွင်းတုန်းကတော့ ဖြည့်စွက်စာက ကိုက်ညီတယ်။ သူတို့ ပြန်ကြော်ငြာတော့မှ တရားလွန်တွေ ကြော်ငြာကုန်တာ။ အဲဒီလိုဟာမျိုးက မကြော်ငြာရပါဘူးဆိုတာ သူတို့ကို ကျွန်တော်တို့က အကြောင်းကြားထားပြီးသားပါ။ သူတို့လည်း ဒါကို လက်ခံထားပြီးသား” လို့ ဆိုပါတယ်။

“အလွန်အကျူးညွှန်း အွန်လိုင်းမှာ ကြောြ်ငာနေတာတွေက လိမ်နေတာပဲ။ ပြောနေတဲ့ သူတွေကလည်း ထုတ်ကုန်တွေကို သူတို့ကိုယ်တိုင် မသုံးဖူးလို့ပဲ ဖြစ်ရမယ်။ သူတို့ကိုယ်တိုင် ရောဂါခံစားရရင်လည်း ဒီဆေးတွေကို အားကိုးမှာ မဟုတ်ဘူးလို့ ထင်တယ်။ အဲဒါတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကင်ဆာကို ပျောက်တယ်ဆိုတာ ကျွန်တော်တို့ ဆရာဝန်တွေတောင်မှ အကုန်လုံး ကင်ဆာသမားတွေကို ပျောက်အောင် ကုပေးနိုင်တယ်လို့ အာမမခံထားဘူး။ ဒါက မက်လုံးတောင် မဟုတ်တော့ဘူး။ လိမ်ညာနေတဲ့ အဆင့်ကို ရောက်နေပြီ” လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ထောက်ပြပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာ ကြော်ငြာနေတဲ့ ကုန်ပစ္စည်းတွေက တရားဝင် တင်သွင်းလာခြင်း ရှိ မရှိကို မသိရှိတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ FDA ထောက်ခံချက် လျှောက်ထားထားတဲ့ ပစ္စည်းတွေ မဟုတ်ဘူးလို့ ဒေါက်တာမင်းဝန်က ဆက်ပြောပါတယ်။

“အွန်လိုင်းကဟာတွေနဲ့ အခုဟာတွေက အတူတူပဲ။ အခုကြော်ငြာနေတဲ့ ဟာတွေကလည်း တရားဝင် တကယ်တင်သွင်း လာတာတွေလား၊ မတင်သွင်း လာတာတွေလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ တော်တော်များများကတော့ ကျွန်တော်တို့ဆီမှာ လိုင်စင်ဝင်ထားတဲ့ဟာတွေ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ထောက်ခံချက် လျှောက်ထားတဲ့ဟာတွေ မဟုတ်ဘူး။ သူတို့တွေက ကြော်ငြာကြတယ်။ FDA ထောက်ခံချက် အပြည့်ရှိတယ် ဆိုတာက တခြား FDA လား၊ မြန်မာပြည်က FDA လား မသိဘူး။ အဲဒါကြောင့် သူတို့က ရေးရင် FDA လို့သာရေးတာ။ ဘယ် FDA ဆိုတာ သူတို့မရေးဘူး။ တကယ်တော့ မြန်မာပြည်ရဲ့ FDA ထောက်ခံချက်နဲ့ ဟာတွေ မဟုတ်ကြဘူး။ များသောအားဖြင့်ကိုပြောတာ အကုန်လုံးကိုပြောတာ မဟုတ်ဘူး။ သူတို့ပြောတဲ့ FDA ဆိုတာ လုံးပြီးသုံးလိုက်ကြတာ။ ဘယ်နေရာကနေ ရထားမှန်းမသိတဲ့ FDA ထောက်ခံချက် ဆိုတာနဲ့ သူတို့က FDA ထောက်ခံချက်ရှိတယ်ဆိုပြီး လုံးချလိုက်တာပေါ့” လို့ ဒေါက်တာမင်းဝန်က ဆိုပါတယ်။

MLM ကုမ္ပဏီတွေရဲ့ဒဏ်ကို အဆိုးဆုံး ခံရတာကတော့ နယ်ကလူတွေပဲ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာကတော့ နယ်ကလူနာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူနာဆီကို MLM ကုမ္ပဏီက ရောက်လာပြီး သူတို့ရဲ့ ဆေးတွေ၊ ဓာတ်စာတွေကို သောက်ဖို့ ဆွယ်တဲ့အတွက် ရောဂါကကုသဖို့ နောက်ကျသွားတဲ့ လူနာမျိုးတွေ ရှိတယ်လို့ ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“သူတို့ဆေးတွေ သောက်နေတဲ့အတွက် တချို့ရောဂါတွေက ကုသရာမှာ နောက်ကျသွားရတာတွေ ရှိတယ်။ စောစောစီးစီး ကုရမယ့်ရောဂါကို သူတို့ဆေးတွေက အကြာကြီး စွဲသောက်ခိုင်းတဲ့အတွက် ရောဂါအခြေအနေ ဆိုးပြီးမှ ရောက်လာတဲ့ လူနာမျိုးတွေ ရှိတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လူနာတစ်ဦးရဲ့ ဖြစ်ရပ်ကိုလည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

“လူနာက နှလုံးမှာ အဆို့ရှင် မကောင်းတဲ့ အတွက်ကြောင့် အဲဒီအဆို့ရှင်မှာ ရောဂါပိုးဝင်မှာ စိုးလို့ ဆေးတိုက်နေတာပေါ့။ အဲဒီလို ဆေးတိုက်နေရင်းနဲ့ လူနာက အချိန်တန်လို့ ပိုက်ဆံလည်း တတ်နိုင်မယ်ဆိုရင် ခွဲလို့ရမယ့်သဘော ရှိတာပေါ့။ လူနာကလည်း တစ်ဖက်တစ်လမ်းကနေ ပိုက်ဆံရှာနေချိန်မှာ MLM ကုမ္ပဏီတွေက လူနာဆီ ရောက်လာတယ်။ လူနာဆီရောက်တဲ့အခါ သူတို့ ဆေးကိုသုံးရင် နှလုံးလည်း ကောင်းတယ်ဆိုပြီး ဝိုင်းညွှန်းကြတော့ လူနာက သူတို့ဆေးကို သုံးလိုက်တယ်။ သုံးပြီး ကျွန်တော့်ဆီ ရောက်လာတဲ့ အချိန်မှာ လူနာရဲ့နှလုံးက အခြေအနေ တော်တော်ဆိုးနေပြီ။ ဘာဖြစ်လဲဆိုတော့ အခု သူ့ရောဂါကိုကုဖို့ အခက်အခဲ ဖြစ်သွားတယ်။ အရင်အခြေအနေအတိုင်း ပြန်ဖြစ်သွားတယ်။ ပါရဂူက ထိန်းပေးထားတဲ့ဟာက အဆင်မပြေတော့ဘူး။ သူ့ရောဂါက အရင်အခြေအနေအတိုင်း ပြန်ဖြစ်သွားတယ်။ ပြီးတော့ ပိုက်ဆံကလည်း မပြေလည်တော့ဘူး။ MLM က ဆေးတွေကို ဝယ်သောက်တာ သိန်းဆယ်ဂဏန်းကျော်လောက် ကုန်သွားတယ်” လို့ ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒီဖြစ်ရပ်ကိုကြည့်ရင် ဒါဟာ စားသုံးသူ လူနာကို ရောဂါပျောက်မယ်လို့ လိမ်လည်ပြီး ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခု နှစ် မတ် ၁၄ ရက် ပြဋ္ဌာန်းထားတဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမှာ လိမ်လည်လှည့်ဖြားမှုနဲ့ ပတ်သက်လို့ ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ စပ်လျဉ်းပြီး စားသုံးသူ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ မှားယွင်းဖော်ပြမှုကိုဖြစ်စေ၊ မမှန်ကန်တဲ့ ကြောငြာကိုဖြစ်စေ သဘောရိုးနဲ့ ဆောင်ရွက်ခြင်း မဟုတ်တဲ့ ပြုလုပ်မှုကို လည်းကောင်း၊ ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ စပ်လျဉ်းပြီး သဘာ၀ အရည်အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသ လက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကိုဖြစ်စေ၊ အရေအတွက်ကိုဖြစ်စေ အများပြည်သူက ယုံကြည်မှုလွဲမှားစွာ လက်ခံဖို့ မရိုးမဖြောင့်တဲ့ သဘောနဲ့ ပြုလုပ်မှုကို ဆိုတယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေရဲ့ရည်ရွယ်ချက်မှာ စားသုံးသူတွေအနေနဲ့ မိမိတို့အခွင့်အရေးကို သိရှိနားလည်ပြီး တောင်းဆိုနိုင်ဖို့နဲ့ ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုကို သုံးစွဲရာမှာ လိမ်လည်လှည့်ဖြားမှုတို့ မခံရစေဖို့ အတွက်လို့ ဖော်ပြထားပါတယ်။

ပုဒ်မ ၈ ပုဒ်မခွဲ(ဆ)မှာ “သက်ဆိုင်ရာ အဖွဲ့အစည်းက သိပ္ပံနည်းကျ သုတေသနပြု ဆောင်ရွက်ချက်၊ တွေ့ရှိချက် အထောက်အထားများ မရှိဘဲ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အာမခံချက်များ ဖော်ပြထားသည့် ကုန်စည်” ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ဆောင်ရွက်ခြင်း မပြုရလို့ စီးပွားရေး လုပ်ငန်းရှင်တွေကို တားမြစ်ထားပါတယ်။

ပုဒ်မ ၈ က တားမြစ်ချက်တွေကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ အငြင်းပွားနေတဲ့ ကုန်စည်ကို ရောင်းချဖြန့်ဖြူးခွ့် ကာလ အကန့်အသတ် တားမြစ်ခြင်း၊ ကုန်စည်ကို ဈေးကွက်အတွင်းကနေ ပြန်လည်သိမ်းဆည်းစေခြင်း၊ စားသုံးသူတို့အတွက် ဘေးဥပါဒ် အန္တရာယ် ဖြစ်စေနိုင်တဲ့ ကုန်စည်ကို ဖျက်ဆီးစေခြင်း၊ လုပ်ငန်းလိုင်စင်ကို ယာယီပိတ်သိမ်းခြင်း ဒါမှမဟုတ် အမြဲပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ဖို့ လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းတို့နဲ့ အရေးယူ ဆောင်ရွက်နိုင်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၉ ပုဒ်မခွဲ (ဆ)မှာ “သတင်းအချက်အလက် အပြည့်အစုံ ခိုင်မာမှုမရှိသော ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း” ကို စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူသူ ဒါမှမဟုတ် အသုံးပြုသူတွေ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ရည်ရွယ်ပြီး ရောင်းချဖို့ ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းတွေကို မပြုလုပ်ရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ် စေ၊ ကျပ်သိန်း ၅၀ ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမယ်လို့ ဖော်ပြထားပါတယ်။

“စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမှာလည်း စားသုံးသူကို လှည့်ဖြားတာတို့ နောက်ပြီးဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တာဝန်ယူနိုင်တာ မရှိရင်တော့ ဒါစားသုံးသူရဲ့ ရပိုင်တဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ အဲဒီတော့ ဥပဒေနဲ့ ငြိစွန်းတာပါပဲ” လို့ စားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ဆိုပါတယ်။

ဒါ့အပြင် MLM ကုမ္ပဏီမှ ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့ Product ကို လာရောင်းပါက အောက်ပါ အချက်တွေကို မေးသင့်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုပါတယ်။ အဲဒီအချက်တွေကတော့

၁။ FDA က ခွင့်ပြုထားသလား။

၂။ ခွင့်မပြုရင် Traditional Medicine လား၊ Remedies လား။

၃။ Mechanism of Action (ဆေးရဲ့အလုပ်လုပ်ပုံက ဘယ်လိုလဲ)

၄။ Onset of Action (ဘယ်လောက်ကြာရင် ဆေးစွမ်းပြမလဲ)

၅။ Side Effects (ဘေးထွက်ဆိုးကျိုးတွေ)

၆။ Thesis Paper (စစ်တမ်းတွေ လုပ်ထားသလား၊ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်၊ ဘယ်ကျောင်းမှာ ဘာ Result တွေ ထွက်ခဲ့သလဲ)

၇။ Success Rate (အောင်မြင်မှု ရာနှုန်းဘယ်လောက်လဲ)

၈။ Member တွေတင်မဟုတ်ဘဲ အမြဲသုံးနေတဲ့ Customer တွေရောရှိလား။ ဘယ်လိုဆက်သွယ်ရမလဲ။

၉။ ကိုယ်စားလှယ် (ဆေးရောင်းတဲ့သူက) ဘယ်တက္ကသိုလ်က ဘွဲ့ရထားတာလဲ။ Pharmacy လား Paramedic လား။

၁၀။ ဒီ Product ရဲ့ Indication ကို ဘယ်လိုသိတာလဲ။

၁၁။ Ingredients ပါဝင်တဲ့ပစ္စည်းက ဘာလဲ။ Chemical လား၊ Synthetic လား၊ Natural Product လား။

၁၂။ Pharmacy တစ်ခုခုက သုံးပေးနေတာရှိလား။ (AA တို့ SUN တို့လို ကုမ္ပဏီကြီးတွေက Order မှာသလား)

၁၃။ ဒီဆေးတွေကို Prescribe လုပ်ပေးတတ်တဲ့ ဆရာဝန်တစ်ယောက်ယောက် ရှိသလား။

၁၄။ ဒီဆေးနဲ့ လက်တွေ့ပျောက်ဖူးတဲ့ လူနာတစ်ယောက်ယောက်နဲ့ ချိတ်ပေးလို့ရမလား။

၁၅။ MLM ရဲ့ Member တွေထဲမှာ In Service ဆရာဝန်တွေရှိလား။

၁၆။ ဘယ်ကာလ အပိုင်းအခြားအထိ သောက်ရမလဲ။ ရောဂါမသက်သာရင် တိုင်ပင်လို့ရမယ့်သူရှိလား။

၁၇။ အခြေအနေ မကောင်းဘူးဆို တက်ရောက်ကုသလို့ရမယ့် MLM က Health Care Centre မျိုးရှိလား။

၁၈။ ဒါဖြစ်ရင် ဒီဆေးသောက်ပါလို့ ညွှန်းရအောင် Diagnosis (ရောဂါအမည်) ဘယ်လိုစွဲပါသလဲ။

၁၉။ Symptoms လက္ခဏာကို ကုတာလား။ Disease ရောဂါကို ကုတာလား။

၂၀။ ဆရာဝန်တွေက ဘာကြောင့် လက်မခံကြတာလဲ။

၂၁။ လူနာရယ် ဆရာဝန်ရယ် MLM က ကိုယ်စားလှယ်ရယ် သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ပါသလား ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစားအစာ ဘေးကင်းရေးနဲ့ စားသုံးသူကာကွယ်ရေးအတွက် ဥပဒေ နှစ်ခုသာ ပြဌာန်းထားပါတယ်။ အစားအစာ ဘေးကင်းရေးအတွက် ၁၉၉၇ ခုနှစ်မှာ အမျိုးသား အစားအသောက်ဥပဒေကို ပြဌာန်းခဲ့ပြီး စားသုံးသူ ကာကွယ်ရေးအတွက် ၂၀၁၄ ခုနှစ်မှာ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အကောင်းအထည်ဖော်မှု အပိုင်းမှာတော့ အစားအစာ ဘေးကင်းရေး အတွက်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကောင်းအထည် ဖော်ရတာဖြစ်ပြီး စားသုံးသူ ကာကွယ်ရေး အတွက်ဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အစားအစာ ဘေးကင်းရေးအတွက် MLM ကုမ္ပဏီတွေက FDA ထောက်ခံချက် ရယူခြင်းမရှိဘဲ ဖြန့်ချိရောင်းချခဲ့တဲ့ ဖြည့်စွက်စာတွနဲ့ ပတ်သက်လို့ MLM ကုမ္ပဏီ ၂၀ လောက်က တာဝန်ရှိသူတွေကို အမျိုးသား အစားအသောက် ဥပဒေနဲ့ အမှုဖွင့်ထားပြီး ဖြစ်ပါတယ်။

စားသုံးသူကာကွယ်ရေးနဲ့ ပတ်သက်လို့ MLM ကုမ္ပဏီတွေက ထုတ်လုပ်ဖြန့်ချိရောင်းချတဲ့ ဆေး၊ ဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျှော်ရည် စတဲ့ လူသုံးကုန် အမျိုးမျိုးအပြင် ပိုလန်၊ ဗီတာမင်စီ၊ ပဲနို့ စတဲ့ အာဟာရဓာတ်စာ၊ ဖြည့်စွက်စာတွေကိုလည်း စားသုံးသူတွေအနေနဲ့ ကျေနပ်မှုမရှိပါက စားသုံးသူရေးရာ ဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ Constumer Information and Complaint Center (CICC) တွေမှာ တိုင်ကြားနိုင်ပြီ ဖြစ်ပါတယ်။ တိုင်ကြားချင်တယ် ဆိုရင်တော့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲရာမှာ ငွေပေးချေမှုပြေစာ အထောက်အထားတွေ ရယူသိမ်းဆည်းထားဖို့နဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဌာနတွေတွေကို ဆက်သွယ်တိုင်ကြားပါက အသုံးပြု တင်ပြနိုင်မှာ ဖြစ်ပါတယ်။

စားသုံးသူတွေအနေနဲ့ မိမိတို့ နစ်နာမှု ဆုံးရှုံးမှုတွေကို တိုင်ကြားမယ်ဆိုပါက နည်းလမ်းလေးသွယ်နဲ့ တိုင်ကြားနိုင်ပြီး http://www.doca.gov.mm/complaint/public/ မှာ တိုင်ကြားမှုပုံစံ ဖြည့်စွက်၍ တိုင်ကြားနိုင်ခြင်း၊ တိုင်းကြားမှုပုံစံကို Download ရယူ၍ အချက်အလက်များ ဖြည့်စွက်ကာ တိုင်ကြားသူက လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ တိုင်းသေကြီး၊ ပြည်နယ်၊ ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနသို့လိပ်မူ၍ တိုင်ကြားနိုင်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်တွေမှာ ဖွင့်လှစ်ထားတဲ့ CICC များရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်၍ အထောက်အထားများနဲ့အတူ တိုင်ကြားနိုင်ခြင်း၊ သက်ဆိုင်ရာ တိုင်းသေကြီး၊ ပြည်နယ်၊ ခရိုင်တွေမှာ ဖွင့်လှစ်ထားတဲ့ CICC များမှာ လူကိုယ်တိုင်သွားရောက်၍ သတ်မှတ်တိုင်ကြားမှုပုံစံ ဖြည့်စွက်ပြီး စာရင်းသွင်း တိုင်းကြားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

“အဓိကကတော့ ထောက်ခံချက်ရှိထားတဲ့ အစားအသောက်၊ ထောက်ခံချက်ရှိထားတဲ့ ဆေးဝါး၊ ထောက်ခံချက် ရှိထားတဲ့ အလှကုန်ပစ္စည်းတွေကိုပဲ ရွေးပြီးသုံးကြပါ။ ဝယ်ယူသုံးစွဲသူတွေက မသိလို့ ဝယ်ယူသုံးစွဲတဲ့ အခါကျတော့ သွင်းတဲ့သူတွေကလည်း သွင်းနေကြတာပေါ့။ တားဆီးလို့ မရတဲ့ လိုင်းပေါင်းစုံကနေ လာနေကြတာပေါ့။ အဲဒါကြောင့် စားသုံးသူတွေကိုယ်၌ကလည်း အာမခံရှိတဲ့ဟာတွေကိုပဲ ဝယ်ယူသုံးစွဲကြပါလို့ ပြောချင်ပါတယ်” လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝန်က ဆိုပါတယ်။