စီးပွားက ကျပ်၊ လုပ်ရကိုင်ရ ခက်၊ ကုန်ဈေးနှုန်းက တက်

စီးပွားက ကျပ်၊ လုပ်ရကိုင်ရ ခက်၊ ကုန်ဈေးနှုန်းက တက်
Published 28 May 2018

ရန်ကုန်မြို့ သံဈေးတွင် ဈေးရောင်းချနေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အစိုးရသစ် တက်လာပြီးနောက် မြန်မာ့စီးပွားရေး ဦးမော့လာရန် ဆောင်ရွက်ခဲ့သော်လည်း နှစ်နှစ်တာ ကုန်လွန်သွားချိန်၌ စီးပွားရေး တိုးတက်မလာသည့်အပြင် ပြိုလဲမသွားအောင်ပင် ရုန်းကန်နေရသည်။

စီးပွားရေး လုပ်ငန်းရှင် အများစုက မြန်မာ့စီးပွားရေး အနာဂတ်အတွက် မှန်းဆရခက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေသည်ဟု ဆိုကြသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများ ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ခန့်မှန်းခဲ့ကြသော်လည်း ပြည်သူများ ခံစားရမှု မရှိသလောက် နည်းပါးနေသည်။

ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ရုန်းကန်နေရသည်။ ပြည်သူအများစု စီးပွားရေး အကျပ်အတည်းအောက် ရောက်နေသည်။ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်း၊ ဝန်ထမ်းလစာ တိုးမြှင့်ခြင်း၊ အခွန်တိုးမြှင့် ကောက်ခံခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာခြင်း စသည်တို့က ပြည်သူများ၊ လုပ်ငန်းရှင်များအပေါ် ထိုးနှက်ချက်များ ဖြစ်လာပြန်သည်။

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်သုံးဆီများကို အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် သုံးစွဲနိုင်ရေး အထူးအရေးကြီးပြီး နိုင်ငံတကာ ဈေးနှုန်းအပေါ် အခြေခံ၍ ပြည်တွင်းဈေးနှုန်းများ ပြောင်းလဲမည် ဖြစ်သော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ပြောင်းလဲမှုမျိုး ဖြစ်စေရန် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

 စက်သုံးဆီဈေး မြင့်တက်လာခြင်း

ကမ္ဘာ့ရေနံစိမ်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သဖြင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်း ဧပြီလကုန်ပိုင်းမှ စတင်မြင့်တက်လာခဲ့ရာမှ မေလတတိယပတ်အထိ တစ်လအတွင်း တစ်လီတာလျှင် ကျပ် ၁၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာ လဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၇၁ ဒေါ်လာအထိ ဆက်လက် မြင့်တက်ခဲ့ကာ ဧပြီလဆန်းပိုင်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် မေ ၁၈ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၈၀  (တစ်ဂါ လန် ၃၉၉၅ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ  ကျပ် ၈၉၅ (တစ်ဂါလန် ၄၀၆၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၄၅  (တစ်ဂါလန် ၃၈၃၆ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၃ ကျပ်) ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဖြစ်ပေါ်သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ၃၅ ကျပ် (၄  ဒသမ ၁၄ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၀၆ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၃၂ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်လီတာ ၄၀ ကျပ် (၄ ဒသမ ၆၇ ရာခိုင်နှုန်း) ၁၈ ရက်အတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါ လန် ၃၆၃၂ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၂၀ (တစ်ဂါလန် ၃၇၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၄၅ ကျပ် (တစ်ဂါလန် ၃၈၃၆ ကျပ်) ဖြစ်ရာ ငါးလကျော်အတွင်း ဒီဇယ် ၁၀ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၉ ဒသမ ၁၄ ရာခိုင်နှုန်း၊ 92 Ron ၅ ဒသမ ၆၂ ရာခိုင်နှုန်း၊ 95 Ron ၅ ဒသမ ၉၁ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည်။

မေ ၂၆ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ 92 Ron အမြင့်ဆုံးဈေး ၈၇၀ ကျပ်၊ 95 Ron အမြင့်ဆုံးဈေး ၉၂၀ ကျပ်၊ ပရီမီယံဒီဇယ် ၉၂၀ ကျပ်၊ ဒီဇယ်ဈေး ၉၀၅ ကျပ်အထိ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့က အလုပ်ကိစ္စနဲ့ ခရီးခဏခဏ ထွက်ရပါတယ်။ တစ်လီတာကို ၈၀၀ ကျပ်ဝန်းကျင် တုန်းက ခရီးတွေ ဆက်တိုက်သွားတယ်။ ၉၀၀ ကျပ်အထိ သွားနိုင်သေးတယ်။ အဲဒီထက် ကျော်သွားရင် ခရီးမသွားနိုင်တော့ဘူး။ နယ်တွေမှာ ဆီဈေးပိုတက်တယ်။ အခု ဒီဈေးနဲ့တင် မြို့ထဲ ဟိုနားဒီနားသွားတာ ကိုယ့်ကားနဲ့ကိုယ် သိပ်မသွားနိုင်တော့ဘူး။ လိုင်းကားနဲ့ပဲ သွားရတော့မလို ဖြစ်နေတယ်။ ဆီဈေးဒီထက် တက်လာရင်တော့ ကားထိုးထားရတော့မယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

“စက်သုံးဆီ ဈေးတက်တော့ ကျွန်တော်တို့ ကားသမားတွေ အရင်ခံရတယ်။ ကိုယ်ပိုင်နဲ့ Taxi မောင်းနေတဲ့သူတွေက သိပ်အထိမနာပေမဲ့ ကျွန်တော်တို့လို အငှားမောင်းနေရတဲ့သူတွေမှာ နေ့တွက်တောင် မကိုက်တော့ဘူး။ ကားဆွဲမကောင်းတာကြာပြီ။ Taxi ဈေးကွက် မကောင်းတာ ကြာပြီ။ ဒီကြားထဲ ဆီဈေးတက်တော့ ပိုဆိုးပေါ့ဗျာ” ဟု ရန်ကုန်မြို့ရှိ Taxi ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံက တစ်နှစ်လျှင် ဓာတ်ဆီ တန်ချိန်နှစ်သိန်း၊ ဒီဇယ် တန်ချိန်လေးသိန်းခန့် တင်သွင်းလျက်ရှိသည်။ ဓာတ်ဆီကို မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်၊ မီးစက်များ စသည်တို့တွင် အသုံးပြုသည်။ ဒီဇယ်ကိုမူ မော်တော်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများ၊ သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ ငါးဖမ်းသင်္ဘော၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ စသည်တို့တွင် အသုံးပြုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုတန်ဖိုး ဒေါ်လာသုံးဘီလျံအထိ စံချိန်တင် တင်သွင်းထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုများနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စက်သုံးဆီဈေးတွေ မြင့်တက်မှု ဘယ်လိုရင်ဆိုင်မလဲ

ကမ္ဘာ့ဈေးကွက်တွင် ရေနံစိမ်း ဈေးတက်လာချိန် ပြည်တွင်း၌ စက်သုံးဆီဈေး မြင့်တက်သည်။ ကမ္ဘာ့ဈေး ကျဆင်းချိန်၌မူ ပြည်တွင်းဈေးကွက်တွင် စက်သုံးဆီဈေး ကျဆင်းလေ့ မရှိခြင်းမှာလည်း မေးခွန်းထုတ်စရာ ရှိလာခဲ့သည်။

လက်ရှိအချိန်တွင် စက်သုံးဆီ အရောင်းဆိုင်များမှ နိုင်ငံတကာ ဈေးနှုန်းထက် လေးရာခိုင်နှုန်းကျော် အရှုံးခံ ရောင်းချနေသော်လည်း ယင်းအရှုံးခံ ရောင်းချမှုသည် စာရွက်ပေါ်၌သာ အရှုံးပေါ်နေခြင်း ဖြစ်ကြောင်း မေ ၂၂ ရက်က မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများ အသင်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အသင်း၏ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့သည်။

“ဈေးက နိုင်ငံခြားက တက်သွားတာက တစ်လီတာကို ၁၁၈ ကျပ်တက်သွားတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ တက်တာက ၁၀၈ ကျပ်ပဲတက်ဖြစ်တယ်။ ၁၀ လောက် တောင် ကျွန်တော်တို့ ဈေးနှုန်းတက်တာ လျော့တယ်။ အရှုံးအမြတ် ရာခိုင်နှုန်း အနေနဲ့ကတော့ ဧပြီလတုန်းက ၃ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှုံးတယ်။ ခု ၄ ဒသမ ၂၃ ရာခိုင်နှုန်း စာရွက်ပေါ် မှာ အရှုံးပေါ်ပါတယ်” ဟု ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ အရှုံးခံ ရောင်းနိုင်ခြင်းသည် ယခင်က စက်သုံးဆီဈေး နှုန်းအနိမ့်ဖြင့် ရထားသည့် ဆီများကို လက်ရှိရောက်ရှိနေသည့် ဈေးနှုန်းအတိုင်း ဈေးနှုန်းတက်ရောင်းချခြင်း မဟုတ်ဘဲ လေးရာခိုင်နှုန်းကျော် လျော့ရောင်းခြင်းဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ စက်သုံးဆီဈေး မြင့်တက်လာသည့် ကာလတွင် စက်သုံးဆီ ရောင်းချသည့် ဆိုင်များအနေဖြင့် ရှုံးနိုင်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ကမ္ဘာ့ဈေး ဘယ်လောက်ရှိတယ်၊ မြန်မာ့ဈေး ဘယ်လောက်ရှိတယ်ဆိုတယ်။ ဒေါ်လာဈေး ဘယ်လောက်ရှိတယ် ဆိုတာ တစ်ချက်ကြည့်ရင် သိတာပဲဗျာ။ ကမ္ဘာ့ဈေးတက်လို့ မြန်မာ့ဈေး လိုက်တက်တာတော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဈေးကျပြီး မြန်မာ့ဈေး မကျတာကတော့ မကောင်းဘူးပေါ့ဗျာ၊ အခုဟာက လိမ်လို့ညာလို့ မရဘူးလေ။ အင်တာနက်ထဲမှာ သိချင်တာကို ခေါက်လိုက်ရင် သိနေတာပဲဟာ။ ဒီအပေါ်မှာ အာဏာရှိတဲ့ သူတွေက ထိန်းညှိပေးဖို့ လိုပါတယ်။ ထိန်းညှိပေးပါ” ဟု စက်မှုဇုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကုန်စည်သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် မရှိမဖြစ် အရေးပါသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ စသည့် စက်သုံးဆီဆိုင်များမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်ခြင်း ကြုံတွေ့နေရပြီး လက်ရှိတွင် နိုင်ငံ့အရေးပေါ် အခြေအနေ ကြုံလာရပါက တည်ငြိမ်မှု ထိန်းထားနိုင်ရန်၊ စက်သုံးဆီ သိုလှောင်ခွင့် ရထားသူများ၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသည့် အခြေအနေများကို ပြင်ဆင်နိုင်ရန် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ အစိုးရက မမြင်နိုင်သောလက်ဖြင့် ထိန်းကျောင်းသွားမည့်အပြင် စက်သုံးဆီဈေးနှုန်း လျှော့ချနိုင်ရေးအတွက် ကုမ္ပဏီထူထောင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ် ၇ ရက်တွင် ပြောကြားသည်။

“ဒီဇယ်၊ ဓာတ်ဆီစက်သုံးဆီတွေဟာ ကုန်စည်စီးဆင်းမှုအတွက် မရှိမဖြစ် လိုအပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် ဈေးအင်မတန်ကြီးပါတယ်။ ကျွန်တော်တို့ဆီက နိုင်ငံတကာထက် နည်းနည်းပိုပြီး ဈေးများနေတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒါကို စင်ကာပူကနေ တင်သွင်းရတာပဲဆိုပြီး စင်ကာပူ ပမာဏနဲ့ သင်္ချာနည်းနဲ့ တွက်မယ်ဆိုရင် ဒီအဖြေဟာ မှန်ကောင်း မှန်ပါလိမ့်မယ်။ စီးပွားရေးအရ တွက်မယ် ဆိုရင်တော့ ကျွန်တော်တို့ စက်သုံးဆီကို သန်းနဲ့ချီပြီး သိုလှောင်ထားမယ်ဆိုရင် စက်သုံးဆီဈေးကို ထိန်းနိုင်မှာပဲ ဖြစ်ပါတယ်။ အခုအခြေအနေမှာတော့ စက်သုံးဆီကို သိုလှောင်ခွင့်ရှိတဲ့ သူတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲ တချို့အခြေအနေတွေက ရောက်နေတာ ဖြစ်နေပါတယ်။ ဒီအခြေအနေကို ၂၀၁၈-၂၀၁၉ မှာ ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရကိုယ်တိုင်က မမြင်ရတဲ့လက်နဲ့ ထိန်းဖို့ ပြင်ဆင်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက မတ် ၇ ရက်က ပြောကြားသည်။

“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့လည်း ထူထောင်ဖို့ ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ ထိန်းပါမယ်။ စက်သုံးဆီ သိုလှောင်မှုဟာ ကျွန်တော်တို့ ခြောက်လစာလောက် ထိန်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဈေးကို လျှော့ချလို့ရပါတယ်။ ဘာကြောင့်လဲဆို ဈေးက နေ့စဉ်ပေါက်နေတဲ့ ဈေးနဲ့တွက်ပြီး ရောင်းရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ဒီဥစ္စာက ဈေးကိုအနိမ့်ဆုံးအချိန်မှာ တစ်နှစ်စာဖြတ်ပြီး ဝယ်ထားနိုင်ပါတယ်။ ရန်ကုန်ကို ပို့ထားလို့လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဒီပစ္စည်းတွေကို သိုလှောင်နိုင်တဲ့ အဆင့်ရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ရဲ့ အရေးပေါ် အခြေအနေ တစ်ခုခုမှာ စက်သုံးဆီကို ကာလကြာရှည် ထိန်းထားနိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ပိုပြီးထိန်းညှိ ပေးထားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ အခြေအနေများကြောင့် စက်သုံးဆီများ ဈေးနှုန်းကျဆင်း လာနိုင်ရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ဈေးအများဆုံး ဖြစ်နေသည့် နိုင်ငံအဖြစ်မှ ဆင်းသက်နိုင်ရန် တိုင်းဒေသကြီး အစိုးရက စီစဉ်နေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးကိုပါ အဆင့်မြှင့်တင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပြီး ကုန်းလမ်းတစ်ခုသာ အားပြုနေမည် ဆိုပါက ကုန်စည်သယ်ယူ ပို့ဆောင်မှုဈေးနှုန်း ကြီးမြင့်နေမည် ဖြစ်ကြောင်းနှင့် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခွင့်ပြုရာတွင် ပတ်ဝန်းကျင်မှ လက်သင့်မခံမှုကြောင့် ချိန်ညှိနေရသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက မတ် ၇ ရက်က ပြောကြားခဲ့သည်။

စက်သုံးဆီဈေးနှင့်အတူ နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လျက်ရှိသ ဖြင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အဆင်ပြေသော်လည်း သွင်းကုန်လုပ်ငန်းရှင်များ အတွက်မူ ပို၍ အခက်အခဲများ ရှိလာသည်ဟု ဆိုကြသည်။

ရန်ကုန်မြို့ မြို့နယ်တစ်ခု အတွင်းရှိ ဈေးတွင် ရောင်းချနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နိုင်ငံခြားငွေလဲနှုန်း အခြေအနေ

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် မေ ၂၅  ရက်တွင် ၉၄ ပွိုင့်အထက်ရောက်ပြီး တစ်ပတ်တာ ဈေးပိတ်ခဲ့ကာ မေ ၂၆ ရက် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၈ ကျပ် ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် သုံးနှစ်ကျော်အတွင်း အ နိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၂၅  ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၁၃ ရက်အထိ ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် စဆင်းခဲ့သည်။ ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်၊ ဇန်နဝါရီ ၂၃ ရက်တွင် ပွိုင့် ၉၀ အောက်၊ ဇန်နဝါရီ ၂၅ နှင့် ၃၁ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ၈၉ ပွိုင့် အထက်၊ မတ် ၁၇ ရက်အထိ ပွိုင့် ၉၀ အထက် ရှိသော်လည်း မတ် ၁၉ ရက်တွင် ပွိုင့် ၉၀ အောက်၊ မတ် ၂၆ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ကျ ဆင်းကာ ဧပြီ ၅ ၊ ၂၁ တွင် ပွိုင့် ၉၀ အထက်၊ ဧပြီ ၂၆ ရက်တွင် ၉၁ ပွိုင့် အထက် မေ ၁ ရက်တွင် ၉၂ ပွိုင့်အထက်၊ မေ ၁၅ ရက်တွင် ၉၃ ပွိုင့်အထက်၊ မေ ၂၅ ရက်တွင် ၉၄ ပွိုင့်အထက် ပြန်ရောက်ခဲ့သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက် တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိအမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလက စတင်ကာ ဒေါ်လာဈေး အညွှန်းကိန်းများ ပြန်ကျခြင်းဖြစ်သည်။ ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ညွှန်းကိန်းများမှာ ဒီဇင်ဘာတွင် ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်နဝါရီတွင် ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှ စတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊ ဇန်နဝါရီ တွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ် မတ် ၂၁ ရက် တွင် ၁၃၃၄ ကျပ်ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက် တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်း တွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁  ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁ ကျပ်အထိ မြင့်တက်ခဲ့ပြီး မေ ၂၆ ရက်တွင် ၁၃၄၈ ကျပ်ဖြစ်ခဲ့သည်။ မေ ၂၅ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၃၅၆ ကျပ်ဖြစ်ကြောင်း သိရသည်။

NLD အစိုးရသစ် တက်လာပြီးနောက် နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၆ ခုနှစ် ဧပြီမှ သြဂုတ်လလယ်အထိ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ နည်းပါးသော်လည်း သြဂုတ်လကုန်မှစပြီး မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းလာခြင်းဖြစ်ကာ စက်တင်ဘာ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းအထိ အတက်ဘက်သို့ ဆက်တိုက် ဦးတည်လာခဲ့သည်။

မြန်မာနိုင်ငံတွင် စံချိန်တင် ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံး ငွေလဲနှုန်းမှာ ၁၃၆၅ ကျပ် (၂၀၀၇ ခုနှစ်၊ ဇူလိုင် ၁ ရက်) ဖြစ်ပြီး အနိမ့်ဆုံး နိုင်ငံခြားငွေလဲနှုန်းမှာ ၇၂၅ ကျပ် (၂၀၁၁ ခုနှစ် သြဂုတ် ၁၇ ရက်) ဖြစ်သည်။

မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ခုနစ် ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် ဈေးနှုန်းများသည် အသင့်အတင့်သာ မြင့်တက်ခဲ့သော်လည်း ဒုတိယနှစ်ဝက် ကာလတွင် ပိုမိုလျင်မြန်စွာ မြင့်တက်ခဲ့သည်။ အစားအသောက်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ရခြင်းမှာ အထူးသဖြင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ခဲ့၍ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တစ်လျှောက်တွင် နိုင်ငံခြားသုံးငွေနှင့် ယှဉ်လျှင် ပြည်တွင်းကျပ်ငွေတန်ဖိုး မြင့်တက်ခဲ့သော်လည်း ကျပ်ငွေ၏ ပကတိတန်ဖိုးမှာ ကျဆင်းခဲ့သည်။ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံကဲ့သို့ အဓိက ကုန်သွယ်ဖက် နိုင်ငံများနှင့်ယှဉ်လျှင် ငွေကြေးလဲလှယ်နှုန်းများ ကျဆင်းခဲ့ပြီး ငွေဖောင်းပွမှုနှုန်း မြန်ဆန်ခဲ့ရာ လက်လီကုန်သည်များနှင့် သွင်းကုန်သုံးစွဲသူများအပေါ် ထိခိုက်မှု ရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

“ပို့ကုန်သမားတွေအတွက် ကောင်းပေမဲ့ သွင်းကုန်တွေ ဈေးကြီးတဲ့အတွက် အခက်အခဲ ဖြစ်ပေမဲ့ ဒါတွေက နောက်ဆုံးမှာတော့ စားသုံးသူတွေတွေဆီပဲ ရောက်ပါတယ်” ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“ဒီနှစ်ပိုင်းတွေမှာ လုပ်ငန်းတွေက မကောင်းကြဘူး၊ ဝန်ထမ်းစရိတ်၊ ရုံးစရိတ်၊ စက်ရုံစရိတ်ကျေရုံ အလုပ်လုပ်နေကြရတာ၊ ဆီဈေးတက်တော့ ဝင်ငွေပိုမရဘဲ စရိတ်ပိုထောင်းတာပေါ့” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်ပမှ တင်သွင်းနေရသည့် နို့မှုန့်၊ တစ်သျှူး၊ ကော်ဖီ စသည့် ကုန်စည်အမည်အချို့ ယခင်ကထက် ကျပ် ၂၀၀ မှ ၅၀၀ အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိအချိန်တွင် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် ကုန်ထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ ဆောင်ရေး စရိတ်များ မြင့်တက်လာပြီး အထွေထွေ ကုန်ဈေးနှုန်းများ အပေါ်တွင်ပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

ကုန်ဈေးနှုန်း အခြေအနေ

ပြီးခဲ့သည့် ဧပြီလဆန်းက သြင်္ကန် မတိုင်ခင်ကာလ ဖြစ်သည့်အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းများ စတင်မြင့်တက်လာရာ သြင်္ကန်ကျော်ကာလတွင် သမ္မတသစ် ဦးဝင်းမြင့် တက်လာပြီးနောက် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဆိုသည့် သတင်းများကြောင့် ကုန်ဈေးနှုန်း မြင့်တက်ခဲ့သည်။

စက်သုံးဆီဈေး မြင့်တက်လာခြင်း၊ ဒေါ်လာဈေး အခြေအနေများကြောင့်လည်း ပြည်တွင်း၌ ကုန်စည်အချို့ ဈေးနှုန်းလိုက်ပါ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“စားဆီ၊ စက်သုံးဆီဈေးတွေ တက်လာပါတယ်။ အဲဒီအတွက် ကုန်ဈေးနှုန်းတွေ တက်လာပါတယ်။ အခြားကုန်ဈေးနှုန်း တွေကလည်း လစာတိုးအရှိန်နဲ့ တက်လာကြတယ်။ ကြက်သွန်၊ မီးဖိုချောင်သုံး သီးနှံဈေးတွေလည်း တက်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

အခြေခံစားသောက်ကုန် အများစုမှာ ကုန်ဈေးနှုန်း မြင့်တက်ပြီးနောက် ပြန်လည်ကျဆင်းလေ့ မရှိသဖြင့် လက်ရှိအချိန်တွင် အတက်ဈေးဘက်တွင်သာ ရှိနေခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း ဖြစ်ပေါ်ခဲ့သည့် ကုန်စည်ဈေးနှုန်းများကို လေ့လာကြည့်ပါက သြင်္ကန်ကာလ မတိုင်မီ ကုန်ဈေးနှုန်း ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးဈေး မြင့်တက်ခဲ့သည်။

ဆန်ဈေးနှုန်း အနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ယခင်ကျပ် ၂၂၀၀-၂၅၀၀ မှ ကျပ် ၂၃၀၀-၂၉၀၀၊ ယခင်တစ်အိတ်လျှင် ၅၃၀၀၀ မှ ၆၉၀၀၀၊ ဖျာပုံဆန်သစ် ရှယ်တစ်ပြည်လျှင် ယခင်ကျပ် ၁၈၀၀-၂၀၀၀ မှ ကျပ် ၁၉၀၀-၂၂၀၀၊ တစ်အိတ်လျှင် ယခင်ကျပ် ၄၅၀၀၀ မှ ကျပ် ၅၀၀၀၀ သို့ အသီးသီး ဈေးတက်ခဲ့သည်။

ဆန်ကြမ်းဈေး အနေဖြင့် ဧည့်မထဆန် တစ်အိတ်လျှင် ယခင်ကျပ် ၂၄၀၀၀ မှကျပ် ၃၁၀၀၀၊ ဇီယာဆန် တစ်အိတ်လျှင် ယခင်ကျပ် ၂၄၀၀၀ မှ ကျပ် ၁၉၀၀၀ မှ ၃၀၀၀၀ ကျပ်သို့ ဈေးတက်ခဲ့သည်။

သား၊ ငါး ဈေးနှုန်းများ အနေဖြင့် မွေးမြူရေး ကြက်တစ်ပိဿာလျှင် ယခင်ကျပ် ၅၀၀၀-၆၀၀၀ ကြားရှိရာမှ ယခုကျပ် ၆၀၀၀-၇၀၀၀၊ ဗမာ ကြက်တစ်ပိဿာလျှင် ယခင်ကျပ် ၇၀၀၀-၈၀၀၀ ကြားမှ ၉၀၀၀- ၁၀၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ယခင် ကျပ် ၆၀၀၀- ၁၀၀၀၀ ကြားမှ ကျပ် ၇၀၀၀မှ ၁၂၀၀၀၊ အမဲသား တစ်ပိဿာလျှင် ယခင် ကျပ် ၇၀၀၀ -၉၀၀၀ ကြားရှိခဲ့ရာမှ ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးတက်ခဲ့သည်။

ကုန်ဈေးနှုန်းများ အနေဖြင့် ၂၀၁၄ ခုနှစ်မှ ဈေးနှုန်းသိသိသာသာ မြင့်တက်လာခြင်းဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း ကုန်ဈေးနှုန်းများ နှစ်ဆ၊ သုံးဆခန့် ဈေးနှုန်းမြင့်တက် ခဲ့ခြင်းဖြစ်သည်။

ကုန်ဈေးနှုန်း မြင့်တက်မှု အနေဖြင့် ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးကာလအတွင်းမှ စတင်ကာ သုံးနှစ်တာ ကာလအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများ အနေဖြင့် စံချိန်တင်မြင့်တက် ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာလမှ ထပ်မံ စတင်မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်းများသည် ၂၀၁၆ ဧပြီ သြင်္ကန်မတိုင်မီ ကာလတွင် ဈေးနှုန်းထပ်မံမြင့်ခဲ့သည်။

အခြေခံ စားသောက်ကုန်စည်များ အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ကုန်ဈေးနှုန်းများ ဈေးနှုန်းစတင် မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ကုန်ဈေးနှုန်းများ အနေဖြင့် မြင့်တက်ခဲ့သော်လည်း စံချိန်တင် မြင့်တက်ခဲ့ခြင်း မရှိခဲ့ပေ။

သုံးနှစ်တာကာလ ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်း အကြောင်းရင်းများ အနေဖြင့် ဝန်ထမ်းလစာတိုးခြင်း၊ ဒေါ်လာဈေး မြင့်တက်ခြင်း၊ ကုန်ပစ္စည်း အဝင်နည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် အခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် ကုန်ဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်သည့်ဒဏ်ကို ၂၀၁၃ ဇွန်လမှ စတင်၍ ခံစားလာရခြင်း ဖြစ်သည်။

သုံးနှစ်တာ ကာလအတွင်း မြင့်တက်ခဲ့သည့် အခြေခံ စားသောက်ကုန်စည်များ အနေဖြင့် တစ်ကြိမ်တစ်ခါမှ ဈေးနှုန်းသိသိသာသာ ပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ ဈေးအနည်းငယ် အတက်အကျ ရှိရုံမျှသာ ရှိခဲ့သည်။

ထို့ပြင် အကောက်ခွန်နှုန်းများ ပြင်ဆင်သတ်မှတ် လိုက်ခြင်းကြောင့် ပြည်ပက တင်သွင်းသည့် အခြေခံ စားသောက်ကုန်အချို့ အကောက်ခွန် ပိုမိုပေးရမည် ဖြစ်သဖြင့် တင်သွင်းသူများက ဈေးတိုးရောင်းချမည် ဖြစ်သည်။ နောက်ဆုံးတွင်မူ စားသုံးသူ ပြည်သူများသာ ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကို ခါးစည်းခံရမည် ဖြစ်သည်ဟု မြန်မာ့စီးပွားရေး လေ့လာသူများက သုံးသပ်ကြသည်။

အခွန်တိုးမြှင့် ကောက်ခံခြင်း

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်ကစတင်ပြီး ဘတ်စ်ကား၊ ထရပ်ကား၊ လူစီးမော်တော်ယာဉ်၊ သတင်းစာစက္ကူ၊ ဟန်းဆက်များ၊ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော အသီးအနှံများ စသည်တို့အပေါ် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံရန် ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်တိုးမြှင့်လိုက်သည့် အကောက်ခွန်နှုန်းမှာ ဘိလပ်မြေကို တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်း၊ အိမ်သုံးဆားကို ယခင် ၁၀ ရာခိုင် နှုန်းကနေ ရာခိုင်နှုန်း ၂၀၊ အသင့် သောက်သုံးနိုင်သည့် ကော်ဖီ (Instant Coffee) ကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀၊ ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသည့် အသီးအနှံများကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀၊ ကြက်သွန်နီ/ကြက်သွန်ဖြူကို ယခင် ၀ ဒသမ ၅/၁ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ ပန်းမျိုးစုံကို ယခင် ငါးရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ပရိဘောဂများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်။

“လွယ်လွယ်ပြောရရင် အရင် ၁၀၀ တန် ကော်ဖီမစ်ဟာ ၁၂၀ ဖြစ်လာမှာဖြစ်ပြီး သတ်မှတ်ရာခိုင်နှုန်း တိုးမြှင့်မှုအလိုက် ကုန်ဈေးနှုန်းမြင့် တက်မယ့်ဒဏ်ကို ပြည်သူတွေ ခံရဦးမှာပါ” ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အကောက်ခွန်နှုန်း ပြင်ဆင်မှုတွင် မော်တော်ယာဉ်များလည်း မလွတ်ခဲ့ပေ။ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကို ယခင် သုံးရာခိုင်နှုန်း ကောက်ခံနေရာမှ ၁၀ ရာခိုင်နှုန်း CKD စနစ်ဖြင့် တင်သွင်းထုတ်လုပ်မည့် ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကို ယခင်သုံးရာခိုင်နှုန်း ကောက်ခံနေရာမှ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးကောက်မည်ဖြစ်သည်။

အိမ်သုံးလူစီး မော်တော်ယာဉ်များကို ယခင်အတိုင်း မပြောင်းလဲဘဲ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက် မော်တော်ယာဉ်များကို ရာခိုင်နှုန်း ၃၀ အင်ဂျင်ပါဝါ ၂၀၀၀ စီစီအထက် မော်တော်ယာဉ်များကို ယခင်အတိုင်း ရာခိုင်နှုန်း ၄၀ ဖြင့်သာ ဆက်လက် ကောက်ခံမည်ဖြစ်သည်။

အကောက်ခွန်နှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ “အကောက်ခွန်နှုန်း တိုးမြှင့်တယ် ဆိုတာက အာဆီယံနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်တယ်ဆိုတဲ့ သဘောတော့ရှိတယ်။ နောက်တစ်ခုက တချို့နေရာတွေမှာ တိုင်းပြည်အတွက် အကျိုးနည်းစေမယ့်ဟာတွေ မြှင့်တာကတော့ မှန်တာပေါ့လေ။ အကျိုးများစေမယ့် ဟာကျတော့ လျှော့သင့်တာ လျော့ရမှာပေါ့။ အကောက်ခွန် ဆိုတာက နိုင်ငံတစ်ခုရဲ့ သွင်းကုန်အပေါ်မှာ ကောက်တဲ့အခါမှာ နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု ပမာဏတို့ ဝယ်ယူစားသုံးနိုင်မှု ပမာဏတို့ အခြေအနေတို့ကို ကြည့်ပြီးတော့ အပြောင်းအလဲ လုပ်တာကတော့ ထုံးစံပါပဲ” ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ) က သုံးသပ်ပြောကြားခဲ့သည်။

အန္တရာယ် စိန်ခေါ်မှုများအကြား အကောင်းဘက် ဦးတည်သည့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အား ဆက်လက် ထိန်းသိမ်းထားနိုင်ရန်မှာ ဦးစားပေး ဆောင်ရွက်သင့်သည့် အစိုးရကဏ္ဍ သုံးစွဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေး လုပ်ငန်းများကို တည်ငြိမ်သည့် မေခရိုစီးပွားရေး အခြေအနေ၊ အားကောင်းခိုင်မာသော မူဝါဒများဖြင့် အားပေးထောက်ကူရန် လိုအပ်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများအား သင့်လျော်စွာ ပြင်ဆင်သတ်မှတ်ခြင်း၊ ကုမ္ပဏီများ ဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အခွန်ထမ်းများအတွက် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ ငွေရေးကြေးရေး လုပ်ငန်းများအတွက် လုံခြုံစိတ်ချရသည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခြင်းတို့က အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံး၏ ဦးဆောင် ဘောဂဗေဒ ပညာရှင် ဟန်စ်အာနန်ဘက်ခ်က ပြောကြားသည်။

ထို့ပြင် “ဂယက်ကတော့ အားလုံးခံရတာပေါ့။ စက်ရုံအလုပ်ရုံဆိုတာ ရှုံးတာမြတ်တာ မကြောက်ပါဘူး၊ လုပ်လို့ရအောင်ပဲ လုပ်ချင်ကြတာ။ အလုပ်လုပ်လို့ မရလောက်အောင် ဖြစ်လာရင်တော့ လုပ်ငန်းတွေ ရပ်ကြမယ်၊ နောက်ဆုတ်ကြမယ်၊ လုပ်လို့ရတဲ့ တိုင်းပြည်မှာပဲ သွားလုပ်ကြမှာပေါ့” ဟု စက်မှုဇုန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ ပြောတာကတော့ ဆီဈေးတစ်ခုတည်းပဲ။ အဲဒီနောက်ကွယ်မှာ ပြဿနာပေါင်း မြောက်မြားစွာ ရှိလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အချိန်နဲ့ တစ်ပြေးညီလေ။ လခကို ၄၈၀၀ ပေးရပြီ။ မီးကလည်း ဒီရက်ပိုင်းမှာ တောက်လျှောက် ပျက်နေပြီ။ ဒီကြားထဲ လယ်သမားကိစ္စတွေကလည်း တစ်စခန်းထနေပြီ။ အဲဒီတော့ ဌာနဆိုင်ရာတွေကလည်း အရမ်းရစ်နေပြီ။ အရင်လို မြန်ဆန်လွယ်ကူအောင် မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲတွေ ဖြစ်လာတဲ့ အခါကျတော့ လူတွေလုပ်ရတာ မပျော်ကြတော့ဘူး။ စိတ်ညစ်ကုန်ကြပြီ။ သူဌေးစိတ်ညစ်ရင် ဘာဖြစ်လဲ စက်ရုံပိတ်လိုက်ကွာဆိုပြီး တစ်ခွန်းတည်းပဲ ပြောလို့ရတယ်။ သူဌေးက ငတ်မသွားဘူး။ မှီခိုနေတဲ့သူတွေ ဒုက္ခရောက်မှတော့ ကျွန်တော် စိုးရိမ်တယ်ဗျာ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေတွင် လုပ်ငန်းရှင်များ လုပ်ရကိုင်ရ ပိုမိုခက်ခဲနေသည်။ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ကြီးကြီးမားမား လျော့နည်းသွားမည် ဆိုပါက မက်ခရိုစီးပွားရေး မတည်ငြိမ်မှု ကြီးထွားလာနိုင်ကာ နိုင်ငံ၏ အထွေထွေ မတည်ငြိမ်မှုကို ဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအချိန်က ကုစားရင် မီပါသေးတယ်။ လုပ်တဲ့သူတွေကို ဥပဒေနဲ့ အကာအကွယ်ပေးပါ။ ဈေးကွက် စီးပွားရေးအရ Floating ဖြစ်နေတာကို နားလည်ပါတယ်။ ဒါပေမဲ့ သဘာ၀ မကျတဲ့ ဟာမျိုးတွေကို ထိန်းညှိပေးပါ။ ဒါဆိုရင် ရပါပြီ။ နိုင်ငံတော်က ဘာမှ ကုန်ကျစရာ မလိုပါဘူး။ လုပ်တတ်တဲ့သူကိုသာ ခေါင်းဆောင်တင်ပြီး လုပ်ခိုင်းပါ။ အရည်အချင်းရှိတဲ့သူတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အထက်ပါဈေးနှုန်းများသည် ဈေးကွက်အတွင်းမှ ရရှိသော ဈေးနှုန်းများကို ဖော်ပြထားခြင်းဖြစ်ပြီး နေရာကိုလိုက်၍ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။