ကမ်း

ကမ်း
Published 26 May 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဧပြီလအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့စဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း (မုံရွာ))

“မမျှော်လင့်တဲ့ ငွေကြေးတစ်စုံတစ်ရာ ရခဲ့ရင် ဘာလုပ်မလဲ” တဲ့။ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း သူငယ်ချင်းတစ်ယောက်က မေးခွန်းထုတ်တယ်။ မမျှော်လင့်တဲ့ဆိုတာက ထီပေါက်သလိုမျိုး၊ အမွေရသလိုမျိုး၊ ပံ့သကူ ကောက်ရသလိုမျိုးကို သူရည်ညွှန်းပြီးပြောမှန်း ကျွန်တော်သိပါတယ်။ ထီကလည်း မထိုးဖြစ်တာ ကြာပါပြီ။ အမွေရဖို့ဆိုတာကတော့ ထီပေါက်တာထက်တောင် ခက်လိမ့်မယ်ထင်ပါတယ်။ ပံ့သကူပစ်ထားတဲ့ ငွေကြေးအများကြီးကို ကောက်ရခဲ့ပြန်ရင်လည်း အရာရာကို ကြောက်ရွံ့စိုးထိတ်နေရတာနဲ့တင် အိပ်ပျော်နိုင်မယ် မထင်ပါဘူး။

မေးခွန်းကိုပြန်မဖြေခင် တွေးမိသွားတာလေးတွေလည်း အများကြီးပါ။ သူငယ်ချင်းရဲ့ မေးခွန်းထဲက ငွေကြေးတစ်စုံတစ်ရာဆိုတာ ကျွန်တော် နေ့စဉ်ရနေကျ ငွေကြေးပမာဏထက် အတော်ကြီးများမှာ သေချာပါတယ်။ သူ့မေးခွန်းထဲမှာပါတဲ့ ‘ဘာလုပ်မလဲ’ ဆိုတဲ့ စကားကြောင့် တွေးဆမိတာပါ။ ကျွန်တော် နေ့စဉ်ရနေတဲ့ လုပ်အားခပဲဆိုဆို၊ အမြတ်အစွန်းလို့ပဲပြောပြော၊ ခေါင်းစဉ်တစ်ခုပေးလို့ရတဲ့ ငွေကြေးပမာဏတစ်ခုတော့ ရှိပါတယ်။ အဲဒါကိုတော့ ထွေထွေထူးထူး ဘာမှလုပ်လို့ မရနိုင်ပါဘူး။ နေ့စဉ် ဖြေရှင်းဖြတ်ကျော်ရတဲ့ အိမ်အသုံးစရိတ်အောက်မှာ ပျောက်ကွယ်သွားရစမြဲပါ။ ခေတ်က သမ္မာအာဇီဝကျကျ လုပ်ငန်းလေးတွေကို မျက်နှာသာမပေးသေးပါဘူး။

ကျွန်တော်တို့တစ်တွေဟာ မနက်အိပ်ရာထ၊ မျက်နှာသစ်၊ သွားတိုက်အပြီး သက်ဆိုင်တဲ့ လုပ်ငန်းခွင်မှာ တက်သုတ်ရိုက် အလုပ်လုပ်ကြရတယ်။ ကိုယ်ပိုင်လုပ်ငန်းလေးတွေ ရှိကြရင်လည်း ကိုယ်ပိုင်လုပ်ငန်းပေါ့။ မရှိကြသူတွေကလည်း အဆင်ပြေရာ၊ သင့်တော်ရာ လုပ်ငန်းခွင်တွေမှာပေါ့။ (ဒီနေရာမှာ အစိုးရဌာနတွေမှာ လုပ်ကိုင်နေကြတဲ့ဝန်ထမ်းတွေကို ထည့်မပြောလိုပါဘူး။ သူတို့လည်း သူတို့ အနေအထားနဲ့သူတို့ နေ့စဉ်လူနေမှုဘဝကို ဖြတ်သန်းကူးခတ်နေကြရမယ် ထင်ပါတယ်။ ကျွန်တော် သေသေချာချာမသိပါဘူး)။ လုပ်ငန်းကိုယ်စီထဲမှာ စိတ်ပါလက်ပါ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာနဲ့ လုပ်ကိုင်နေကြသူတွေ အရေအတွက်နဲ့ စိတ်နဲ့ခန္ဓာ မကပ်ငြိနိုင်ဘဲ နောက်ဆံတငင်ငင် လုပ်ကိုင်နေကြသူအရေအတွက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ အချိုးချကြည့်မယ်ဆိုရင် ကွာဟချက်အတော်ကြီးမားနေမလားလို့လည်း တွေးမိပြန်တယ်။

ကျွန်တော်ကိုယ်တိုင်က လုပ်ငန်းခွင်ထဲမှာ နောက်ဆံတငင်ငင်ဖြစ်တတ်၊ ပူပန်စိုးရိမ်နေတတ်တော့ သူများတွေလည်း ကျွန်တော့်လိုများ ဖြစ်နေမလားလို့ ထင်မိတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ဥပမာလေးတစ်ခုကို ပြပါဆိုရင် မီးကိစ္စနဲ့ တင်ပြလို့ရပါတယ်။ လျှပ်စစ်မီးအသုံးပြုရတဲ့ အလုပ်ကိုလုပ်ကိုင်နေတုန်း “မီးများ ပျက်သွားလေမလား” လို့ ပူပန်နေရတာလည်း အမြဲလိုပါပဲ။ “ဆိုင်းမဆင့်၊ ဗုံမဆင့် ပျက်ချင်သလို ပျက်နေတတ်တဲ့ လျှပ်စစ်မီးအကြောင်းကို စကားထဲ ထည့်ပြောမနေစမ်းပါနဲ့၊ အထူးတဆန်းလုပ်လို့ကွာ” ဆိုပြီး အငေါ်တူးစကားဆိုခဲ့ရင်လည်း ဆိုခဲ့နိုင်ပါတယ်။ လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရသူမို့ ‘မီး’ အကြောင်းကို ဦးစားပေးပြီး ပြောမိတာပါ။ ရေပိုက်က ရေမလာသေးလို့၊ တွင်းရေ ခြောက်ခန်းသွားလို့ ‘ရေ’ ကို မျှော်လင့်နေတဲ့ ခေါက်ဆွဲ၊ မုန့်တီလုပ်ငန်းလိုမျိုး တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နေကြသူတွေလည်း ရှိနေမယ်ထင်ပါရဲ့။ ရေတိုင်ကီထဲမှာ ခေါင်းလျှော်ပေးဖို့ ရေမရှိလို့ စိတ်ညစ်သွားတဲ့ အလှပြင်ဆိုင်အသေးစားလေးတစ်ဆိုင်က မိန်းမပျိုလေးတစ်ယောက် ရှိနိုင်သလိုပဲ ရေတွင်းထဲ ကြိုးတစ်ဆုံးကျသွားတဲ့ ရေငင်ပုံးလေးနဲ့ တွင်းအောက်ခြေထိမိသံ တဂျစ်ဂျစ်ကို စိတ်မချမ်းမသာနားထောင်ရင်း “နောက်တစ်နေ့ သူများထက် စောစောရောက်အောင် လာမှပါ” လို့ စဉ်းစားမိလိုက်တဲ့ ကျေးလက်မိန်းမပျိုလေးလည်း ရှိမှာပေါ့။ နေ့စဉ်ဈေးသုံးစရိတ်၊ အိမ်စရိတ်ရအောင် ကျောင်းဈေးရောင်းနေရပေမယ့် ရေခပ်ရေငင်ရတာ ခက်ခဲလွန်းလို့ ဆိုင်ခင်းနောက်ကျရှာသူလေးလည်း ရှိနေနိုင်တာပါပဲ။

ဘေးမှာထိုင်နေတဲ့ သူငယ်ချင်းကတော့ တစ်ခုခုကို တွေးနေမှန်းသိနေလို့ထင်ပါရဲ့။ အလိုက်တသိနဲ့ ထပ်မမေးတော့ပါဘူး။ ဆိုင်အပြင်ဘက်ကို ငေးနေတယ်။ ကျွန်တော်နဲ့သူ့အတွက် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ အချိန်ကလေးတစ်ခုဟာ ရှားပါးလွန်းနေလို့ ဖြစ်နိုင်မယ်ဆို လေးလေးနက်နက်မေးခွန်းမျိုးတွေ မမေးစေချင်ပါဘူး။ သူကြည့်နေတဲ့ ဆိုင်အပြင်ဘက်ကို ကျွန်တော်လည်း လိုက်ငေးနေမိတယ်။ လမ်းမကြီးရဲ့တစ်ဖက်မှာ ညနေဈေးနဲ့ ညဈေးရောင်းဖို့ ဈေးဆိုင်ကလေးတွေ ခင်းနေကြပြီ။ အဲဒီနေရာလေးမှာ ဟိုးအရင်တုန်းက ဈေးဆိုင်ခန်းလေးတွေ ရှိခဲ့ကြတယ်။ လျှပ်စစ်ရုံးကြီးနဲ့ ကျောကပ်ဆောက်ထားတဲ့ ဈေးဆိုင်တန်းလေးကို မနှစ်ကတည်းက ဖျက်ပစ်လိုက်ကြရပြီး အခုတော့ ညနေတိုင်ဆိုင်ခင်း မနက်တိုင်ဆိုင်သိမ်းပြန် ဈေးတန်းကလေး ဖြစ်နေပါပြီ။ သူတို့ဆိုင်ခန်းလေးတွေဟာ အစက ‘ကျူး’ တဲ့။ အခုတော့ ညဈေးကောက်မှန်မှန် ပေးရတဲ့ ‘လမ်းဘေးဆိုင်’ တဲ့။ ခေါင်းစဉ်တွေကို ကျွန်တော်လိုက်မမီပါဘူး။

ဆိုင်ခင်းနေကြတဲ့သူတွေဟာ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်၊ ဆိုင်ခင်းလိုက်လုပ်နေကြရှာတယ်။ ပတ်ဝန်းကျင်က မှိုင်း သွားတာကို ကျွန်တော်သတိထားမိတယ်။  “လေကျတော့မယ်ထင်တယ်” လို့ သူငယ်ချင်းက တိုးတိုးလေး ရေရွတ်ရင်း မီးသေနေတဲ့ ဆေးပေါ့လိပ်တိုကို မီးထညှိတယ်။ လေခပ်ပြင်းပြင်းလေးတစ်ချက် ဝေ့တိုက်လာတယ်။ သူ့ဆေးပေါ့လိပ်က မီးပွားတွေ ဖွားခနဲ လွင့်ထွက်ကုန်တယ်။ လမ်းမကြီးတစ်ဖက်က ဈေး ဆိုင်လေးတွေ ကမျောသောပါး ပြန်သိမ်းနေကြပြီ။ တာလပတ်အမိုးလေးတွေ လန်တဲ့ဆိုင်လည်း လန်လို့ပေါ့။ သူငယ်ချင်းက မီးပွားတွေ တအားလွင့်နေတဲ့ သူ့ဆေးပေါ့လိပ်တိုကို ညစ်ပတ်နေတဲ့ ဆိုင်ကြမ်းခင်းပေါ်ချရင်း ဖိနပ်နဲ့ နင်းလိုက်တာတွေ့ရတယ်။ ကျွန်တော်က အပြင်မှာတိုက်နေတဲ့ လေပြင်းထဲ ဝရုန်းသုန်းကားဖြစ်နေကြတဲ့လူတွေကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေမိတယ်။ လူတွေတင် မကပါဘူးလေ။ ခွေးလေးတွေလည်း ဟိုပြေးဒီပြေးနဲ့ လုံခြုံရာကို ခိုလှုံဖို့ လိုက်ရှာနေကြရပြီ။ အဲဒီအခိုက်အတန့်လေးမှာ အိမ်အကြောင်း ခေါင်းထဲရောက်လာတယ်။ “အိမ်မှာ လေလာရင် ပျက်စီးနိုင်မယ့် ဘာပစ္စည်းတွေများ သိမ်းထားဖိထားခဲ့ဖို့ မေ့နေသေးသလဲ” ကိုယ်ဘာသာ မေးခွန်းပြန်ထုတ်နေမိတယ်။ လေပြင်းပြင်းထဲ ဖြတ်ပြီး အိမ်ပြန်ပြေးရကောင်းနိုးနိုး၊ ဆက်ထိုင်နေရကောင်းနိုးနိုး ေ၀ဝါးတဲ့ အတွေးတွေနဲ့ပါပဲ။

ဂဟေဆော်လိုက်သလို တစ်ချက်တစ်ချက် ဝင်းခနဲလက်သွားပြီး သံစည်ပိုင်းတွေ အများကြီးလှိမ့်လာသလို တဂျိမ်းဂျိမ်း တဂျိုင်းဂျိုင်း အသံတွေမြည်နေတဲ့ ကောင်းကင်ကြီးအောက်မှာ လူတန်းစားတချို့ရယ်၊ အိမ်ခြေရာမဲ့ လမ်းနံဘေး ခွေးလေးတွေရယ်ကတော့ တက်သုတ်ရိုက် လှုပ်ရှားနေကြရှာတုန်းပါ။ ချက်ချင်းကြီးရောက်လာတဲ့ ဝေါခနဲအသံနဲ့ မိုးသီးမိုးပေါက်တွေ ကြွေဆင်းလာခဲ့ပြီ။ ကျွန်တော်မြင်နေရတဲ့ ဆိုင်ကလေး အတော်များများဟာ လေနဲ့မိုးရဲ့ ရိုက်ချက်ပြင်းပြင်းကို ပြင်ဆင်ချိန်မရဘဲ အလူးအလဲ ခံလိုက်ကြရရှာပါတယ်။ ရွှဲရွှဲကို နစ်လို့ပေါ့။ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတွေကို မမြင်လိုပေမဲ့လည်း မျက်လုံးကို လွှဲဖယ်ပစ်လို့မရတာ အံသြနေမိတယ်။ “သူများတွေ ဒုက္ခရောက်နေကြတာကို မိုးလုံလေလုံနေရာက ပွဲကြည့်သလို ကြည့်နေရက်တာ လွန်များသွားပြီလား၊ ငါတတ်နိုင်သလောက်လေးကို ဘာဖြစ်လို့များ သွားမကူညီမိပါလိမ့်” လို့ ထူးထူးဆန်းဆန်း တွေးနေမိတဲ့အဖြစ်ကိုလည်း အံသြမိခဲ့ရပါတယ်။ အဲဒီလိုအတွေးမျိုး တစ်ခါမှ မတွေးခဲ့ဖူးလို့ ဖြစ်မယ်ထင်ပါတယ်။

လေမတိုက်တော့ပေမယ့် မိုးက ခပ်စိပ်စိပ်လေး ရွာနေသေးတယ်။ မိုးနည်းနည်းစဲရင်တော့ အိမ်ပြန်ပြေးဦးမှလို့ တွေးနေမိတယ်။ အဲဒီအခိုက်အတန့်လေးမှာ စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို ထပ်ပြီးမြင်ရပါတော့တယ်။ မိုးရေတွေ ရွဲရွဲစိုနေတဲ့ လမ်းနံဘေး ခွေးလေးတစ်ကောင်ဟာ ဈေးခုံတစ်ခုံအောက်ကို မိုးခိုဖို့ဝင်သွားရှာတယ်။ စိတ်တိုနေပုံရတဲ့ ဆိုင်ရှင်က ခွေးလေးကို ဝါးလုံးနဲ့ထိုးပြီး သူ့ခုံအောက်က မောင်းထုတ်လိုက်တယ်။ နာကျင်တဲ့အော်သံအတူ ခွေးလေးဟာ ကျွန်တော်တို့ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ခြမ်းကို လမ်းကူးလာတယ်။ ဝုန်းခနဲအသံနဲ့အတူ စောစောကထက် ပိုပြီးနာကျင်တဲ့ အော်သံကို ကြားလိုက်ရပါတယ်။ တကယ်တော့ ကျွန်တော်သေသေချာချာကြီး မြင်လိုက်လျက်သားနဲ့ နာကျင်လွန်းတဲ့အသံလေးက မြင်ကွင်းတွေကို ဖုံးလွှမ်းသွားခဲ့တာပါ။ ပြောရမယ်ဆို အခုအချိန်မှာလည်း မြင်ကွင်းသာ မှုန်ဝါးသွားတယ်။ အဲဒီအသံကို နားထဲက ထုတ်မရပါဘူး။ ဘယ်အချိန်တွေးတွေး ထင်ထင်ရှားရှား ပြန်မြင်နေမိတာလည်း ရှိပါသေးတယ်။ တရှိန်ထိုး မောင်းလာတဲ့ အဖိုးတန်ကားတစ်စီး။ ဘရိတ်နင်းသံ၊ အရှိန်မသတ်နိုင်ဘဲ ဝင်တိုက်မိသံနဲ့အတူ ကားတံခါးဖွင့်လို့ ဆင်းလာပြီး ကားရှေ့ခွေးကာကို ပွန်းပဲ့သွားသလားလို့ ပွတ်သပ်ကြည့်နေတဲ့ လူတစ်ယောက်ကိုပါ။

တိုက်တဲ့ကား ပြန်မောင်းထွက်သွားပြီး အဲဒီနေရာမှာ အသက်ကင်းမဲ့သွားတဲ့ ခွေးလေးတစ်ကောင်ပဲ ကျန်နေရစ်ခဲ့ပါတယ်။ သူ့အနားတစ်ဝိုက်မှာ မိုးရေတွေဟာ သွေးရောင်လွှမ်းနေတာ မြင်ရပါတယ်။ ကားတွေ ဆိုင်ကယ်တွေက ကွေ့ပတ်မောင်းနှင်နေကြတယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို တစ်ခုခု အကူအညီတောင်းဖို့စဉ်းစားပြီး ကျွန်တော်ကြည့်မိတယ်။ ဒါပေမဲ့ သူလည်း မအားလပ်ပါဘူး။ “လမ်းစရိတ်ပြတ်လာလို့ ကူညီပါဦး” ဆိုတဲ့ လူတစ်ယောက်နဲ့ စကားပြောနေရှာတယ်။ အကူအညီတောင်းတဲ့သူကလည်း မိုးတွေရွှဲလို့၊ ခိုက်ခိုက်တုန်လို့ပါ။ အဲဒါနဲ့ပဲ စားပွဲပေါ်က ယင်ကောင်တွေကို စားပွဲသုတ်အဝတ်စိုနဲ့ လိုက်ရိုက်နေတဲ့ ကလေးတစ်ယောက်ကို မျက်ရိပ်ပြပြီး ခေါ်လိုက်ရပါတယ်။ “ဂျုံအိတ် ခွံလေးတစ်လုံး” ရှာပေးဖို့ တီးတိုးပြောလိုက်ရတယ်။

မိုးက တဖွဲဖွဲကျနေပါသေးတယ်။ သူငယ်ချင်းက ဆိုင်ကယ်ကို ရှေ့က စီးလို့၊ ကျွန်တော်က နောက်နား ခပ်ဆုတ်ဆုတ်ထိုင်လို့၊ အလယ်မှာတော့ ဂျုံအိတ်ခွံလေးနဲ့ ထည့်ထားတဲ့ ခွေးကလေးပါလာတယ်။ လမ်းနံဘေးက ခွေးငယ်လေးတစ်ကောင်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုကနေ ရုတ်တရက် ထွက်ခွာသွားပါပြီ။ သူ့အကြောင်းကိုလည်း ဘယ်သူမှ တခုတ်တရ ပြန်ပြောနေကြမယ် မထင်ပါဘူး။ သူသေဆုံး သွားခဲ့တဲ့နေရာမှာ သွေးနံ့မပျောက်ခင်သူ့ကို လူတွေ မေ့သွားကြမှာပါ။ အခုနေအခါဆို ညနေဝမ်းရေးအတွက် ဈေးဆိုင်လေးတွေ ပြန်ခင်းနေကြရောပေါ့။ အဲဒီနားက အများစုဟာ တကယ့်ကို လက်လှုပ်မှ ပါးစပ်လှုပ်ကြရတဲ့ အနေအထားတွေကိုယ်စီနဲ့ပါ။

သက်မဲ့ခန္ဓာပေမယ့် ခွေးလေးက ပူနွေးနေတုန်းပဲ။ သူ့အတွက် သင့်တော်ရာနေရာ လေးတစ်ခုကို ကျွန်တော့်သူငယ်ချင်းက ဆိုင်ကယ်မောင်းရင်း စဉ်းစားနေပုံရပါတယ်။ တဖြည်းဖြည်းနဲ့ မြို့လေးရဲ့အထွက်ကို ရောက်လာပေါ့။ ကျွန်တော့်စိတ်ကူးတွေလည်း မောင်းနှင်နေကြတယ်။ တစ်လောက ဖတ်ရတဲ့ စာလေးတစ်ပုဒ်ကို ပြန်သတိရနေမိတယ်။ လမ်းနံဘေးခွေးလေးတွေကို ကယ်ဆယ်စောင့်ရှောက်နေကြတဲ့သူတွေက ရေးထားတဲ့ စာလေးပါ။ သူတို့ ခွေးလေးတွေဆီ ဒီတစ်ခါလာ ဖြစ်ကြရင် မုန့်ပဲသရေစာလေးတွေ ဝယ်ပေးခဲ့ကြဖို့၊ ခွေးလေးတွေကို ဆန်မကျွေးနိုင်တော့လို့ ဆန်ကွဲကျိုကျွေးနေရကြောင်းနဲ့ ခွေးလေးတွေဟာ မုန့်ပဲသရေစာ မစားကြရတာကြာလို့ စားရတဲ့နေ့ဆို ပျော်ရွှင်ကြကြောင်း ရိုးရိုးလေး ရေးထားတာပါ။ ဟုတ်တာပေါ့။ သူတို့ မပြောနဲ့ ကျွန်တော်တို့တောင်မှ တစ်ခါတစ်ရံ မြိုးမြိုးမြက်မြက်စားရရင် ပျော်ရွှင်ကြရတာပဲလေ။

အိမ်အပြန်လမ်းမှာ သူငယ်ချင်းကို ရုတ်တရက်ပြောလိုက်မိတယ်။ “မမျှော်လင့်တဲ့ ငွေကြေးတစ်စုံတစ်ရာရခဲ့ရင် ခွေးလေးတွေကို မုန့်သွားကျွေးမယ်၊ ပြီးတော့ ဆန်လေးလည်း တတ်နိုင်သလောက်လှူခဲ့မယ်” ဆိုပြီးတော့ပါ။

အသောကမင်းကြီးလိုမဖြစ်နိုင်ပေမယ့် အနော်ရထာမင်းစောလိုမဖြစ်နိုင်ပေမယ့် ဘဝတူတွေလို့ယူဆမိရင် ဖဲ့ပေးချင်နေမိပါတယ်။