ပြည်သူ့မျက်နှာကိုကြည့် မူပြောင်း လူပြောင်းကြလော့

ပြည်သူ့မျက်နှာကိုကြည့် မူပြောင်း လူပြောင်းကြလော့
Published 24 May 2018

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ လမ်းမတော်မြို့နယ် အမှတ်(၆)ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကြေညာထားသည့် မဲစာရင်းကို လာရောက်ကြည့်ရှုနေသူများအား တွေ့ရစဉ်

ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုတဲ့စကားနဲ့အညီ တိုင်းရေး ပြည်ရေးနဲ့ ပတ်သက်ရင် ရှေ့လျှောက်ဘယ် လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းရမလွယ်သလို  အလွန်လည်းရှုပ်ထွေးပွေလီလှပါတယ်။ မူဝါဒတွေ၊ လမ်းစဉ်တွေ၊ ဗျူဟာတွေနဲ့ လူပုဂ္ဂိုလ်တွေ အကြား လုံးထွေးနေတဲ့ ခေတ်ပြိုင်နိုင်ငံရေး အခင်းအကျင်းမှာ ပြည်သူ့မျက်နှာတစ်ခုတည်းကိုကြည့်ရင်း ဆုံးဖြတ်နိုင်ဖို့က အရေးကြီးသထက် ကြီးလာနေပါတယ်။ လူပြောမသန်၊ လူသန် မပြောဆိုသလို အပြောကြီး၊ လေလုံးထွားတဲ့ မင်းအစိုးရမျိုးမဟုတ်ဘဲ၊ ပြည်သူ့မျက်နှာကို တကယ်ကြည့်တဲ့၊ ပြည်သူကိုတကယ်မျက်နှာမူတဲ့ အစိုးရမင်းမျိုးဖြစ်ဖို့ဆိုရင် အစိုးရရဲ့ မူပိုင်းရော၊ လူပိုင်းကိုပါ လိုက်လျောညီထွေပြောင်းလဲနိုင်ဖို့က သော့ချက်ကျလာနေပါတယ်။

ပြောင်းလဲချိန်တန်ပြီလို့ကြွေးကြော်နေရင်း အပြောင်းအလဲတွေက မထင်မှတ်လောက်အောင် လေးလံထိုင်းမှိုင်းလှချည်လားလို့ ပြောသံဆိုသံ၊ ဝေဖန်သံတွေက ကျယ်လောင်လာနေပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အသံတွေဟာ ဗလုံးဗထွေးဖြစ်လာကာ အပြောင်းအလဲတွေဟာ ဗလောင်းဗလဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်သံတွေကလည်း မြင့်တက်လာနေပါတယ်။ နှစ်ပေါင်း ၅၀ ကျော်အမြစ်တွယ်ခဲ့တဲ့  ဆိုးမွေတွေကို နေ့ချင်းညချင်း မြေလှန်ပစ်ဖို့၊ ပြောင်းလဲပစ်ဖို့ မလွယ်ဘူးဆိုတာ ပြည်သူတွေလည်း နားလည်သဘောပေါက်ပြီးဖြစ်ပါတယ်။ အဲဒါကြောင့် အစိုးရနဲ့လွှတ်တော်ထဲက ပုဂ္ဂိုလ်တွေအနေနဲ့ ပြဿနာရှာနေတယ်၊ သခွတ်ပင်က မီးတကျီကျီလုပ်နေတယ်ဆိုတဲ့ ယုံမှားသံသယတွေကို ဘေးဖယ်ထားကာ၊ ပြည်သူ့မျက်နှာကိုကြည့် အလုပ်လုပ်နိုင်ကြဖို့ အရေးကြီးတဲ့အကြောင်း ဦးဦးဖျားဖျားပြောချင်ပါတယ်။

ပူးသတ်သူတွေလည်း ရောနေတဲ့လော်ဘီတွေအကြား ခေတ်စားနေတဲ့ အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့ မရနိုင်ဘူးဆိုတဲ့စကားကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဘဝတွေနဲ့ပေးဆပ်ရင်းနှီးကာ နားလည်ပြီးသားဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတွေက အခုချက်ချင်းရေကြည်သောက်ရဖို့ ဆန္ဒပြုနေတာမဟုတ်သလို ရေကြည်မတိုက် ရစကောင်းရယ်လို့ အစိုးရနဲ့လွှတ်တော်တွေကို မေးခွန်းတွေထုတ်နေတာ မဟုတ်ဘူးလို့ နားလည်မိပါတယ်။ တိုင်းရင်းသားပြည်သူ တွေစိုးရိမ်နေတာက ရေတွင်းတူးမယ့်နေရာရှာရင်း အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်မှာ၊ ရေတွင်းတော့တူးပါရဲ့၊ ရေကြည်ရေသန့် မထွက်ဆိုသလိုဖြစ်မှာကိုပါ။ အဲဒီလိုကနေ အစိုးရတွေနဲ့လွှတ်တော်တွေအပေါ် ပြည်သူအများစုက စိတ်ပျက်စ ပြုလာမယ်ဆိုရင် အဲဒီအခြေအနေဟာ မြန်မာ့ဒီမိုကရေစီ စပ်ကူးမတ်ကူးအတွက် အနုတ်သဘော သက်ရောက်လာနိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်သက်တမ်း အစိုးရတွေနဲ့ လွှတ်တော်တွေရဲ့စွမ်းဆောင်ရည်ကို ဆန်းစစ်၊ အမှတ်ပေးပါဆိုရင် ကျွန်တော့်အနေနဲ့ကတော့ ဘယ်လိုမှ အောင်မှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု အများစုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ကြည့်ရင်လည်း အောင်မှတ်ပေးကြမှာ မဟုတ်ပါဘူး။ မော်ဒရေးရှင်းနဲ့တောင် အောင်မှတ်ရဖို့ မလွယ်ပါဘူး။ အစိုးရတွေ၊ လွှတ်တော်တွေရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ရင် အမှတ်ပေးစရာ လုံးဝမရှိဘူး၊ သုညလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အမှတ် ၁၀၀ ပေးရင်သာ မန်အောင်မှတ်ဖြစ်တဲ့ အမှတ် ၄၀ မရတာကို ပြောချင်တာပါ။ အစိုးရတွေနဲ့ လွှတ်တော်တွေရဲ့စွမ်းဆောင်ရည်က အောင်မှတ်တောင်မရ နိုင်ဖြစ်နေတဲ့ အခင်းအကျင်းမှာ ဟိုးအရင့် အရင်၊ ပြည်သူကရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့ အစိုးရတွေခေတ်တုန်းကလို အစိုးရသတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေ နှစ်နှစ်သက်တမ်းရှိနေတဲ့ အစိုးရရဲ့စွမ်းဆောင်မှုတွေဆိုပြီး၊ စီကာပတ်ကုံးရေးပြ၊ ရိုက်ပြနေတာတွေတွေ့ရတော့ တကယ့်ကို နားမလည်နိုင်ဖြစ်မိပါတယ်။ ရှက်လည်း ရှက်မိပါတယ်။

အစိုးရတွေနဲ့လွှတ်တော်တွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ရင် ပြည်သူတွေအနေ နဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြတာတွေဟာ တကယ်တော့ အဆီအနှစ်တွေပဲဖြစ်ပါတယ်။ ပြည်သူကအသိဆုံးပါ။ အဆင်းရဲဆုံး၊  အမွဲတေဆုံး၊ ဆင်းရဲမွဲတေတဲ့နွံထဲနစ်နေတဲ့ ပြည်သူတွေက အခြေခံအကျဆုံး အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ပိုအသိဆုံးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သူတို့ ပုံအောထောက်ခံမဲပေးခဲ့တဲ့ အစိုးရလက်ထက်မှာ သူတို့ပုခုံးထက်က ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားသလား၊ ပိုတိုးလာသလားဆိုတာ ပြည်သူတွေက ဘဝနဲ့ရင်းလို့ သိထားပြီးသားပါ။ ပြည်သူတွေဟာ သဘောထားကြီးကြီးနဲ့  တတ်နိုင်သရွေ့ မသိဟန် ဆောင်နေတာလည်း  ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလို သဘော ထားကြီးတယ်ဆိုတဲ့ နေရာမှာ အကန့်အသတ်တော့ ရှိနိုင်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ အာဏာရပါတီတွေအနေနဲ့ တိုင်းရင်းသား ပြည်သူတွေကို လျှော့မတွက်မိဖို့သိပ်ကို အရေးကြီးတယ်ဆိုတဲ့အကြောင်း စကားမစပ် ပြောလိုပါတယ်။

ပြည်သူလို့ပြောရင် အဲဒီပြည်သူတွေနဲ့ အနီးကပ်ဆုံးမှာရှိနေတဲ့ သတင်းမီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေကိုလည်း ဘေးဖယ်ထားလို့ မဖြစ်နိုင်ပါ။ သူတို့ရဲ့အသံတွေဟာ ပြည်သူ လူထုရဲ့အသံစစ်၊ အသံမှန်တွေကို မြင့်မြင့်မားမား ကိုယ်စားပြုနေတယ်ဆိုတာ မျက်ခြည်မပြတ်ဖို့လိုပါတယ်။ ပြည်သူတွေ၊ သတင်းမီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေကနေ အစိုးရတွေနဲ့လွှတ်တော်တွေကို ပေးတဲ့အမှတ်တွေ အပေါ်အခြေခံကာ အာဏာသုံးရပ် စာမေးပွဲအောင်တယ်၊ မအောင်ဘူးဆိုတာ သတ်မှတ်နိုင်ရင် ပိုအဓိပ္ပာယ်လေးနက်မယ်လို့ ယုံကြည်မိပါတယ်။ တကယ်တော့ အစိုးရတွေ၊ လွှတ်တော်တွေဟာ နှစ်နှစ်စွန်းစွန်းသက်တမ်းမှာ သူတို့ရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ အလွဲအချော်တွေ၊ လုပ်မှားကိုင်မှားအဆုံးအဖြတ်မှားခဲ့တာတွေ၊ ပြည်သူကို ဝန်ပိုပိစေခဲ့တာတွေကို ပြန်ပြောင်းဆန်းစစ်သုံးသပ်ရင်း ပြည်သူကို လူသိရှင်ကြား ထုတ်ဖော်တောင်းပန်သင့်တာဖြစ်ပါတယ်။ ပြည်သူကို အလေးထား တောင်းပန်တာမျိုး လုံးလုံးမတွေ့ရပဲ၊ အရင့် အရင် အစိုးရတွေရဲ့ပုံစံခွက်ထဲကနေ အားလုံးကောင်းပါတယ်ဆိုတဲ့ ထုံးနဲ့ချဉ်းကပ်နေတာကတော့ အတော့်ကို စိတ်ပျက်စရာလို့လည်း ဆိုရမှာဖြစ်ပါတယ်။ အဲဒီလိုအမှားတွေ၊  အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို လာမယ့် လက်ကျန်သက်တမ်းမှာ ဘယ်လိုပြုပြင်၊  ထိန်းကျောင်းဆောင်ရွက်သွားမယ်ဆိုတာမျိုး တိုင်းရင်းသားပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေးနိုင်မယ်၊ ကတိပေးနိုင်မယ်ဆိုရင် ပိုလျော်ကန်သင့်မြတ်မယ်လို့သုံး သပ်မိပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေနဲ့လွှတ်တော်တွေ၊  တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေရဲ့ သက်တမ်းနှစ်နှစ်စွန်းစွန်း ကာလ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျောသားရင် သားမခွဲမခြား၊ လွတ်လပ်၊ တရားမျှတစွာ ဆန်းစစ်၊ သုံးသပ်၊ အဖြေထုတ်ထားတဲ့ သုံးသပ်ချက် အစီရင်ခံစာမျိုးကို မြင်ချင်တာပါ။ အထက်ဖား အောက်ဖိမဟုတ်တဲ့၊ သနပ်ခါးလိမ်း၊ ပန်းပန်ထားတာမျိုးမဟုတ်တဲ့ အောက်ခြေက ပြည်သူတွေရဲ့ဘဝမှန်တွေ၊ အခြေအနေမှန်တွေ၊ ဖြစ်စဉ်မှန်တွေကို ရာခိုင်နှုန်း အတော်များများထင်ဟပ်စေနိုင်တဲ့ အစီရင်ခံစာမျိုးကမှ တိုင်းပြည်ရဲ့အပြောင်းအလဲအတွက် တကယ်အစွမ်းထက်တဲ့ ဆေးကောင်းဝါးကောင်းဖြစ်မှာပါ။ အသက်ကယ်ဆေးဖြစ်မှာပါ။ ဆေးဝါးအတုတွေနဲ့ရမ်းကုကို အိမ်ဦးခန်းမှာ ခန့်ခန့်ကြီးထိုင်ခိုင်းပြီး၊ အိမ်ပင့်ဆေးကုခိုင်းသလို ဖြစ်နေမယ်ဆိုရင်တော့ မြွေပါလည်း ဆုံး၊ သားလည်းဆုံး ဖြစ်ရကိန်းရှိလာနိုင်တယ်ဆိုတာ သတိနဲ့ဆင်ခြင်သိစေချင်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ငင်းအခြေအနေဟာ အထူးကြပ်မတ်ကုသခန်း (အိုင်စီယူ)ထဲ ရောက်နေတဲ့၊ အသက်လုနေရတဲ့ လူနာနဲ့ အတော်ကိုဆင်ပါတယ်။ အသက်ကယ်ဆေး မြန်မြန်ထိုးဖို့လိုနေတဲ့ အနေအထားဆိုရင်လည်း မမှားနိုင်ပါဘူး။ အဲဒီလိုအခြေအနေမှာ ချီတုံချတုံဖြစ်နေမယ်၊ တုဏှိဘာေ၀ လုပ်နေမယ်၊ တွေဝေနေမယ်၊ ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေမယ်ဆိုရင် လူနာဟာ အခြေအနေ ပိုဆိုးသွားဖို့၊ အသက်ဆုံးသွားဖို့ပဲရှိနေတယ် လို့သုံးသပ်ရမှာဖြစ်ပါတယ်။ ဘွင်းဘွင်းပြောရ ရင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန် ဖွဲ့စည်းခဲ့တဲ့ အစိုးရတွေ၊ လွှတ်တော်တွေ၊ အဖွဲ့အစည်းတွေဟာ နှစ်နှစ်စွန်းစွန်း ကာလမှာ အိုင်စီယူထဲရောက်နေတဲ့လူနာလို၊ အသက်ကယ်ဆေး ထိုးရမယ့်ကိန်း ဆိုက်နေပြီဆိုတာ သိစေ၊ မြင်စေချင်တာပါ။

အခုကာလမှာ အသက်ကယ်ဆေးထိုးဖို့၊  မူပိုင်းရော၊ လူပုဂ္ဂိုလ်ပိုင်းရော အပြောင်းအလဲတွေ လုပ်ဖို့ ဆက်တွန့်ဆုတ်နေဦးမယ်၊ မပြတ်မသားဖြစ်နေဦးမယ်ဆိုရင် ဒီမိုး ဒီလေ ဒီလူတွေနဲ့ နောက်သက်တမ်းသုံးနှစ်မှာ ပဆိုးမနိုင် ပဝါမနိုင်ဖြစ်မှာ၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်မှာ၊ ဗရုတ်ဗရက်တွေဖြစ်မှာ၊ ကျော် မကောင်း ကြားမကောင်းတွေဖြစ်မှာ ပြေးကြည့်စရာမလို၊ တွေးကြည့်တာနဲ့သိနိုင်ပါတယ်။ အဲဒါကြောင့် အခုအချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်စွန်းစွန်းကာလ အစိုးရတွေ၊ လွှတ် တော်တွေရဲ့စွမ်းဆောင်ရည်တွေကို လွတ်လပ်၊ တရားမျှတစွာ ပြန်လည်ဆန်းစစ် သုံးသပ်ရင်း၊ အပြောင်းအလဲတွေကို မဖြစ်မနေ ဖော်ဆောင်ဖို့ လိုအပ်နေပြီလို့ မြင်မိပါတယ်။ အပြောင်းအလဲ ဆိုတဲ့နေရာမှာ မူဝါဒပိုင်း၊လုပ်နည်း လုပ်ဟန်ပိုင်း၊ နည်းနာပိုင်းတွေမှာသိသာ  မြင်သာ ပြောင်းလဲဖို့ လိုအပ်နေသလို၊ လူပုဂ္ဂိုလ်ပိုင်း၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ  အပိုင်းတွေမှာလဲ အပြောင်းအလဲတွေလုပ်ဖို့  လိုအပ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့်မူပိုင်းရော၊ လူပိုင်းရော အပြောင်းအလဲတွေကို  တိုင်းပြည်နဲ့ပြည်သူလူထု မျက်နှာကိုပဲကြည့်ပြီး၊ အမြန်ဆုံး ဖော်ဆောင်သင့်တဲ့အကြောင်း  တိုက်တွန်းဆော်သြလိုတာဖြစ်ပါတယ်။

ဘယ်တုန်းက ဘယ်လောက်စွန့်လွှတ်၊  အနစ်နာခံခဲ့ပါစေ၊ သစ္စာရှိခဲ့ပါစေ၊ ပုဂ္ဂိုလ်ရင်းနှီးခဲ့ပါစေ၊ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်ရည် အားနည်းရင်တော့ ဘယ်သူ့မျက်နှာမှထောက်ထားစရာ မလို၊ ပြည်သူ့မျက်နှာကိုပဲ ထောက်ထားကာ အမြန်ဆုံး လဲပစ်၊ အစားထိုးပစ်ရမယ်လို့ သဘောပေါက်မိပါတယ်။ နိုင်ငံရေးမှာ  သံယောဇဉ်တွေ၊ ခင်မင်တာတွေ၊ ပုဂ္ဂိုလ်ရေးတွေထက် တိုင်းရင်းသားပြည်သူလူထုက ပို  အခရာကျပါတယ်။ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ဦးစားပေး၊ မျက်နှာသာပေး၊ ရှေးရှုရမှာဖြစ်ပါတယ်။ တကယ်လို့ အစိုးရတွေ၊ လွှတ်တော်တွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မူဝါဒပိုင်းရော၊ လူပုဂ္ဂိုလ်ပိုင်းရော   အပြောင်းအလဲတွေ၊ ပြုပြင်ပြောင်းလဲတာတွေ  အဆောတလျင်ဖော်ဆောင်ဖို့ ပျက်ကွက်နေ ဦးမယ်၊ တုန့်ဆိုင်းနေဦးမယ်ဆိုရင် အခြေအနေဟာ နေမြင့်လေ အရူးရင့်လေဖြစ်ကာ ဆိုးသထက် ဆိုးလာမှာကို စိုးရိမ်မိပါတယ်။

ဖိုးသူတော် မျက်စိလည်လေ ဆန်ပိုရလေ ဖြစ်မယ့် အနေအထားတွေကလည်း ရှိနေပါတယ်။ ဖင်မနိုင်ပဲ ပဲကြီးဟင်း သောက်တယ်လို့လည်းပြောသံ ဆိုသံတွေ ဆူညံနေတာကြားရပါတယ်။ မရဲဘဲနဲ့ ကျွဲပြဲစီးသလိုဖြစ်မယ်ဆိုရင်တော့ အရှက်တွေကွဲသထက်၊ ကွဲမှာကို ကြောင့်ကြမိပါတယ်။ တကယ်ကိုင်စွဲရမှာက  လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ  မကောင်း၊ လက်မဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေထဲက လုပ်ရည်ကိုင်ရည် အားနည်းတဲ့သူတွေ၊ ဖော်လံဖားတွေ၊ မလုပ်မရှုပ် မပြုတ်တွေ၊ အားလုံးကောင်းပါတယ်ဆိုတဲ့ သူတွေကို ပြတ်ပြတ်သားသား လက်တွဲ  ဖြုတ်ခဲ့ဖို့ အချိန်မစောတော့ဘူး၊ နောက်တောင် ကျနေပြီဆိုတာ သိစေချင်ပါတယ်။  အဲဒါကြောင့် ပြင်သင့်တဲ့မူဝါဒတွေ၊ လဲသင့်တဲ့ လူပုဂ္ဂိုလ်တွေကို အမြန်ဆုံးပြင်ဖို့၊ လဲဖို့  အားစိုက်ရင်း ပြည်သူ့မျက်နှာကိုကြည့် မူပြောင်း လူပြောင်းကြလော့ဟု ထပ်ဆင့်ဆော်သြလိုက်ရပါတယ်။

Most Read

Most Recent