ဘယ်သူ့ကြောင့်လဲ ဖြေစေချင်

ဘယ်သူ့ကြောင့်လဲ ဖြေစေချင်
Published 23 May 2018

Lord of War ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

မြန်မာ့နှစ်ကူး ကာလသြင်္ကန်ကျခါနီးမှာ ကချင်ပြည်နယ်က KIA တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ကြတဲ့ သတင်းတွေ ကြားရပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး စာချုပ်တွေ လက်မှတ်ရေးထိုးကြဖို့အတွက် ဆွေးနွေးပွဲတွေ ကျင်းပဖို့ ကြိုးစားနေရင်း ပစ်ခတ်သံတွေ ပေါ်ပေါက်လာပြန်ပါတယ်။ စစ်ပွဲဖြစ်ပြီဆိုမှတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သူသေကိုယ်သေ တိုက်ကြမှာပါပဲ။ လက်နက်အင်အား၊ လူအင်အား အပြိုင်အဆိုင်နဲ့ ကိုယ့်နယ်မြေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားကြရင်းနဲ့ပဲ တိုက်ပွဲတွေဟာ ကြီးမားလာတတ်ကြပါတယ်။

စစ်ပွဲဖြစ်ရာဒေသတွေမှာ တိုက်ပွဲလမ်းကြောင်း ကျတဲ့နေရာက လူတွေရဲ့ ဒုက္ခတွေက ကြီးမားလှပါတယ်။ အိုးအိမ်တွေ လယ်ယာတွေ စွန့်ပြီး စစ်ဘေးလွတ်ရာ နယ်မြေတွေကို  ကိုယ်လွတ် ထွက်ပြေးကြရပါတယ်။

သားတစ်ကွဲ၊ မိဘတစ်ကွဲနဲ့ စစ်ရှောင်စခန်းတွေဆီ ပြေးရတာလည်း အများကြီးပါပဲ။ စခန်းမှာ ခိုလှုံနေထိုင်ရင်းနဲ့ စစ်မီးငြိမ်းအေးလို့ နေရပ်ပြန်နိုင်တဲ့အချိန်ကို မျှော်လင့်နေကြပါတယ်။ မိဘသေလို့ဖြစ်ဖြစ်၊ မိဘနဲ့ကွဲလို့ ဖြစ်ဖြစ်၊ မိဘမဲ့ဖြစ်ရရှာတဲ့ ကလေးတွေလည်း အများကြီးပါပဲ။

စစ်ပွဲဖြစ်နေတဲ့ နယ်မြေမှာပိတ်မိနေတဲ့ အရပ်သား ဒုက္ခသည်တွေလည်း ရှိကြပါတယ်။ဘေးလွတ်ရာကိုပြေးဖို့ အခွင့်မသာသေးသမျှ အသက်အန္တရယ်နဲ့ ကြုံနေရဦးမှာပါပဲ။ စစ်ရှောင်စခန်းတစ်ခုခုကို ခိုလှုံနိုင်မှ အသက်ဘေးရော စားဝတ်နေရေးဒုက္ခတွေပါ ပြေ လည်နိုင်ကြပါလိမ့်မယ်။

စစ်တိုက်တယ်ဆိုတာဟာ နှစ်ဖက်လုံးက လက်နက်အင်အားနဲ့ အပြိုင်အဆိုင် တိုက်ခိုက်ကြတဲ့ အလုပ်တစ်ခုပါပဲ။ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ် စီးပွားရေးကြောင့်ပဲဖြစ်ဖြစ် စစ်ဖြစ်ရင် တစ်ဖက်နဲ့ တစ်ဖက် မီးကုန် ယမ်းကုန် တိုက်ကြပါတယ်။ လက်နက်အင်အား လူအင်အားသာသူက တိုက်ပွဲမှာ အနိုင်ရစမြဲမို့ လက်နက် အသာစီးရဖို့ အရေးကြီးပါတယ်။ ဒီတော့ လက်နက်ဝယ်ဖို့ ဘဏ္ဍာရေးကလည်း အရေးကြီးလာပြန်တယ်။ ဒီလိုနဲ့ပဲ လက်နက်တွေ အပြိုင်အဆိုင် ဝယ်ယူတပ်ဆင်ရင်းနဲ့ စစ်စရိတ်တွေ ထောင်းပြီး ဘဏ္ဍာငွေတွေ တဖြည်းဖြည်း နည်းလာတော့ စီးပွားရေး ကျဆင်းလာပါတော့တယ်။

စစ် မရပ်မချင်း စစ်စရိတ်ဟာ တိုင်းပြည်ကို မွဲသထက် မွဲအောင် ဖိထောင်းနေပါတော့တယ်။ စစ်ကို တိုက်နေကြတဲ့ စစ်ပွဲတွေအပေါ်မှာ အမြတ်ထွက်တဲ့သူကတော့ လက်နက် ရောင်းချပေးတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အမြတ်ကြီးစားပြီး နှစ်ဖက်လုံးကို လက်နက် ရောင်းချပေးရင်းနဲ့ အဆမတန် ချမ်းသာလာကြပါတယ်။

“ဘယ်သူက ကမ္ဘာကို ချုပ်ကိုင်နေသလဲ သိလား။ လက်နက်ကုန်သည်တွေပေါ့။ လူတွေအားလုံး စစ်ပွဲကြားမှာ သေသွားနိုင်တယ်။ အသက်ရှင်ဖို့ လျှို့ဝှက်ချက်ကို ပြောပြပါမယ်။ စစ်နဲ့ မပတ်သက်နဲ့” တဲ့။ ဒီစကားကို ပြောတဲ့သူက ကမ္ဘာ့အကြီးဆုံး လက်နက်ကုန်သည် ယူရီအော်လော့ဗ်ဖြစ်ပါတယ်။

ယူရီအော်လော့ဗ်ဟာ ယူကရိန်းနိုင်ငံသားဖြစ်ပြီး ချမ်းသာကြွယ်ဝချင်ဇောနဲ့ လက်နက်အရောင်းအဝယ်လုပ်မိခဲ့ရာက တရားမဝင် အစွန်းရောက် ဒုစရိုက်လုပ်ငန်းတွေရဲ့ မတော်တရား လောဘဇောတွေကြောင့် မိသားစုဘဝတွေပါ ပြိုကွဲခဲ့ရပါတယ်။ သူ့ရဲ့ အကြောင်းကို ဒါရိုက်တာ  Andrew Nicol က  Lord of War ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ပါ တယ်။ မင်းသားက Nicolus Cage ဖြစ်ပါတယ်။ ယူရီဟာ အဖေ၊ အမေ၊ ညီဖြစ်သူ ဗိုက်တလေအော်လော့ဗ်တို့နဲ့ ယူကရိန်းကနေ အမေရိကန်ကို ထွက်ပြေးလာခဲ့ကြပါတယ်။ ရုရှားတွေရဲ့ရန်ကို ကြောက်လို့ ဂျူးလူမျိုးဟန်ဆောင်ထားရတဲ့ ဂျာမန်မိသားစုဖြစ်ပါတယ်။ မိခင်နဲ့ ဖခင်တို့က ထမင်းဆိုင်လေး ဖွင့်ထားကြပါတယ်။

ယူရီဟာ ဖခင်နဲ့အတူ ဘုရားကျောင်းကို လိုက်သွားရင်းနဲ့ လူတစ်ယောက်နဲ့ ခင်မင်ခဲ့ပါတယ်။ အဲဒီကစပြီး အီလီဆိုတဲ့ အဘိုးကြီး တစ်ယောက်နဲ့ အစ္စရေးလုပ် သေနတ်တစ်လက်ကို အရောင်းအဝယ်လုပ်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့လောဘကြောင့် မြို့ပေါ်က ဂိုဏ်းတွေ ရောင်းချရုံနဲ့ အားမရဘဲ ငွေကို အကြီးအကျယ် ရှာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

စစ်ပွဲတွေမှာ အစုလိုက်အပုံလိုက် ကျန်ခဲ့တဲ့ လက်နက်တွေကို ပြန်သယ်လေ့မရှိကြပါဘူး။ သယ်ယူပို့ဆောင်ခက ဈေးကြီးလို့ စုပုံပြီး ပစ်ထားတတ်ကြပါတယ်။ ယူရီဟာ ဒီကနေ ငွေကို အကြီးအကျယ် ရှာနိုင်ခဲ့ပါတယ်။

ယူရီဟာ ငွေအတွက်ဆိုရင် ဘာမဆိုဖြစ်အောင် လုပ်ပါတယ်။ ကွန်မြူနစ်တွေရဲ့လက်နက်ကို ဖက်ဆစ်တွေကို ရောင်းပါတယ်။ အစ္စရေးလုပ် သေနတ်တွေကို မွတ်စလင်တွေဆီ ရောင်းပါတယ်။ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေကြောင့် အပြည်ပြည်ဆိုင်ရာ ရဲမှူးဂျက်က အမိဖမ်းဖို့ ကြိုးစားပေမယ့် ယူရီရဲ့ လျင်မြန်မှုတွေကြောင့် ဖမ်းမမိခဲ့ပါဘူး။ လေယာဉ်ပျံ နဲ့ သယ်ဆောင်လာတဲ့ လက်နက်တွေအကြောင်း သတင်းရလို့ ဖမ်းဖို့ ပြင်ခဲ့ပါတယ်။ ယူရီဟာ အာဖရိကတောထဲမှာ လေယာဉ်ကို ဆင်းခိုင်းပြီး အနီးက ရွာသားတွေဆီ အားလုံး ဝေပေးလိုက်တော့ လက်ပူးလက်ကြပ်ရှာ မတွေ့ခဲ့ပါဘူး။

သင်္ဘောနဲ့သယ်ချိန်မှာ သတင်းပေးကြောင့် ရှာဖွေတဲ့အခါ သင်္ဘောကို အလံပြောင်းလွှင့်တာ သင်္ဘောရဲ့ ခေါင်းတိုင်တွေ ဆေးရောင်ပြောင်းတာတွေမျိုးတွေ စားသောက်ကုန် ကွန်တိန်နာထဲ ပြောင်းထည့်တာမျိုးကို လက်တစ်လုံးခြား လုပ်ရင်း လွတ်မြောက်ခဲ့ပါတယ်။

အာဖရိကတိုက်နိုင်ငံတစ်ခုမှာ ညီငယ်ဗိုက်တလေနဲ့အတူ ကုန်ကားနှစ်စီးစာ လက်နက်တွေကို စိန်တွေနဲ့ ရောင်းဝယ်တဲ့အချိန်မှာ ဗိုက်တလေဟာ အဲဒီနိုင်ငံထဲက လူမျိုးစု သတ်ဖြတ်ပွဲတစ်ခုကို  ကြုံတွေ့လိုက်ရပါတယ်။

လက်နက်ကိုင်လူစုဟာ ရွာထဲဝင်ပြီး မိန်းမတွေ၊ ကလေး၊ လူကြီး၊ လူငယ်မှန်သမျှ ကို အတင်းဝင်ရောက်သတ်ဖြတ်နေတာ မြင်ခဲ့ရတာပါပဲ။ ဗိုက်တလေဟာ စိတ်ဆင်းရဲပြီး အရမ်းတုန်လှုပ်သွားခဲ့ပါတယ်။အစ်ကိုဖြစ်သူ ယူရီကိုလည်း လက်နက်တွေ မရောင်းဘဲ ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

လက်နက်နဲ့ လဲလှယ်မယ့်  စိန်တွေကိုသာ မြင်နေတဲ့ ယူရီက လက်မခံခဲ့ပါဘူး။ ဗိုက်တလေက ယူရီကို အမျိုးမျိုးတောင်းပန်ပြောဆိုပါတယ်။ “ကျွန်တော်ဟာ မူးယစ်ဆေးဝါး တွေ၊ ဆေးခြောက်တွေ သုံးချင်သုံးမယ်။ ကျွန်တော် ရောင်းတဲ့ လက်နက်နဲ့ အပြစ်မဲ့တဲ့ မိန်းမ တွေနဲ့ ကလေးတွေကို ရက်ရက်စက်စက်သတ်နေတာတော့ လက်မခံနိုင်ဘူး” လို့ ပြောပေမယ့် ယူရီကို တားမရခဲ့ပါဘူး။

နောက်ဆုံးတော့ ဗိုက်တလေဟာ လက်နက်တင် ကားတစီးကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ သူ့ကိုတော့  လက်နက်ဝယ်သူတွေက ပစ်သတ်လိုက်ပါတယ်။ ယူရီလည်း စိန်တွေကို တစ်ဝက်ပဲ ရပါတော့တယ်။

ယူရီရဲ့ အဖေနဲ့ အမေဟာ သားအငယ် သေတဲ့သတင်းကို ကြားတဲ့အခါမှာ ယူရီကို အတွေ့မခံတော့ပါဘူး။ ယူရီ့မိန်းမကလည်း သတင်းဆိုးတွေ လူတွေရဲ့ ရှုတ်ချမှုတွေကို မခံနိုင်တော့တဲ့အတွက် သားငယ်ကို ခေါ်ပြီး ထွက်ပြေးသွားပါတယ်။ ရဲအရာရှိ ဂျက်ကတော့ ဗိုက်တလေရဲ့ အလောင်းက တွေ့တဲ့ ကျည်ဆန်ဟာ ယူရီရောင်းတဲ့ သေနတ်က ကျည်ဆန်ဆိုတာ စုံစမ်းလို့ သိသွားတော့ ယူရီကို စွဲချက်တင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ငွေနဲ့ အာဏာကြောင့် ပြန်လွတ်လာခဲ့ပါတယ်။ သူ့ဘဝရဲ့ မိသားစုကိုတော့ ဘယ်တော့မှ ပြန် မရတော့ပါဘူး။

ကမ္ဘာပေါ်မှာ စစ်မဖြစ်တဲ့နေ့ရယ်လို့ မရှိပါဘူးတဲ့။ အနည်းဆုံးတော့ သေနတ်မှန်ပြီး ကျည်ဆန်ကြောင့် မသေတဲ့ သူရယ်လို့ မရှိဘူး တဲ့။ နေ့စဉ် နေ့တိုင်းမှာတော့ ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ သေကြေနေကြရစမြဲပဲလို့ ဆိုပါတယ်။ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကြောင့်လည်း စစ်ပွဲကို ရပ်စေချင်သူတွေ ပိုများလာပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် စစ်ကို ဆက်တိုက်နေကြဆဲပါပဲ။

Most Read

Most Recent