ရင်ခွင်မဲ့

ရင်ခွင်မဲ့
Published 19 May 2018

လှိုင်သာယာမြို့နယ်အတွင်းရှိ မိဘမဲ့ဂေဟာတစ်ခုတွင် ပညာသင်ကြားနေသည့် ကလေးငယ်များအား ၂၀၁၇ ခုနှစ် မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

မတူညီတဲ့ မြို့ကလေး နှစ်မြို့က ဆယ်ကျော်သက်အရွယ် လူငယ်လေးနှစ်ဦး ပညာရေးအတွက် မြို့ကြီးတစ်ခုက ဘော်ဒါတစ်ခုကို ရောက်လာခဲ့ကြတယ်။

မိဘရင်ခွင်က နို့နံ့မစင်တဲ့ ကလေးအရွယ်လို့ ကျွန်တော်တို့သတ်မှတ်ထားကြဆဲ သူတို့နှစ်ဦးအသက် ၁၆ နှစ်အရွယ်မှာ ရည်ငံခဲ့ကြသတဲ့။

ရည်ရွယ်ရာ ပညာရေးပန်းတိုင်လည်း မရောက်။ ၁၀ တန်းကို ပြိုင်တူကျကြတယ်လေ။ မိဘတွေက သားနဲ့ သမီးကို အားပေး ကျောင်းဆက်တက်ဖို့ ပံ့ပိုးချိန်မှာ သူတို့နှစ်ယောက်က နောက်ထပ်တိုးလာတဲ့ အချစ်ရက်ရှည်တွေအတွက် ကျေနပ်လို့ရယ်ပေါ့။

ဘော်ဒါဆောင်ရဲ့ စည်းကမ်းချက်တွေကိုပဲ အပြစ်ပြောရမလား။ ကလေးတွေ ကိုယ်တိုင်ကပဲ ဆီလို အပေါက်ရှာအခွင့်ရေးရှာကြသလားမသိ သူတို့ အချစ်နယ်လွန်ကြတော့တာပေါ့။ အကြိမ်ကြိမ် လွန်ခဲ့မိတဲ့ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆားငန်ရည်ကြောင့် အဲဒီနှစ်လည်း စာမေးပွဲကျကာ လမ်းခွဲရတော့တယ်။

အိမ်အသီးသီး ပြန်ရောက်ချိန်မှာ ကလေးမဆီမှာ တစ်ပါတည်း လက်ဆောင်အဖြစ် ပေါ်လာတာက ရာသီသွေးထိန် ဆီးစစ်တော့ နှစ်ကြောင်း ငါ့မှာ ကိုယ်ဝန်ရှိပြီ ဆိုတဲ့အဖြစ်ရယ်ပါ။ ချစ်ရတဲ့ ကောင်လေးဆီ ဖုန်းဆက် စာပို့တိုင်ပင်ကြတယ်။ ခေတ်ကိုက တိုး တက်မယ့်အလုပ်အကိုင် ပညာအတွက် အင်တာနက်ကို အသုံးမချရင်နေမယ်။ ကိုယ်ဝန်ဖျက်ချဖို့အတွက် လူမှုကွန်ရက်ကနေ ဖွဲ့ထားတဲ့ အုပ်စုတွေမှာ အဖွဲ့ဝင် အဆင့်ဆင့်ဆေးတွေမှာပြီး သောက်ကြ လိမ်းကြ ထည့်ကြသတဲ့။

နောက်ဆုံးတော့ နှစ်ဦးလုံး နေထိုင်ရာရော ကျောင်းတက်ရာရောမဟုတ်တဲ့ နယ်မြို့ လေးတစ်မြို့မှာ လမစေ့ ပေါင်မပြည့်တဲ့ သမီး မိန်းကလေးတစ်ယောက်ကို ကလေးမလေးဟာ အမျိုးသမီးတစ်ယောက်ကို အမေအဖြစ်ငှား သွားရောက် မွေးလိုက်တော့တာပေါ့။ ဆေးအညွှန်းအရ ဒီအချိန်မွေးရင် အသက်မပါဘူးလို့ ယုံကြည်ခဲ့ပေမယ့် သမီးလေးရဲ့  အတိတ်ကံလား ဝဋ်ကြွေးကြောင့်ရယ်လား မသိ။ အသက်ပါလာခဲ့ပါတယ်။  တအဲ့အဲ့နဲ့ ငိုလိုက်တဲ့ သမီးလေးရဲ့အသံဟာ သူ့ကိုမလိုချင်သူ သူ့အမေကလေးမအတွက်တော့ ထိတ် လန့်စရာအသံတွေပါပဲ။

ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ  စေတနာပါတဲ့ အထူးကုဆရာဝန်တွေကြောင့် သမီးလေး ဖန်ပေါင်းချောင်ထဲမှာ အသက်ဆက်ဖို့ ကြိုးစားနေရချိန် ဘဝရဲ့ ပထမဦးဆုံးရက်မှာပဲ အမေဖြစ်သူ ကလေးမရယ် သူမရဲ့  အမေအယောင်ဆောင် အမျိုးသမီးရယ်က ဆေးရုံကနေ ထွက်ပြေးသွားခဲ့ပါတော့တယ်။

သူနာပြုဆရာမကြီးကနေတစ်ဆင့် ဆေးလူမှုဆက်ဆံရေးမှူး နောက်ဆေးရုံအုပ်အထိ တင်ပြမှုတွေ ရောက်လာခဲ့ပါတော့တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း စွန့်ပစ်ကလေးအဖြစ် စာရင်းသွင်းကာ  နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေထဲကနေ စောင့်ရှောက်ကျွေးမွေး ဖို့ ပြင်ရပါတော့တယ်။ မိခင်နို့ဟာ အကောင်းဆုံးဆိုပေမယ့် မိခင်မရှိတော့တဲ့ ရင်ခွင်မဲ့ ကလေးတစ်ယောက်အတွက် နို့မှုန့်တွေ ဝယ်ရတော့တာပေါ့။ သောင်းဂဏန်းကုန်တဲ့ နို့မှုန့်တွေကို လက်မှတ်အဆင့်ဆင့်ထိုးကာ ဝယ်ယူ  တိုက်ကျွေး ကုသပေးနေတာ ရက်သတ္တပတ်  တစ်ပတ်ကျော်ခဲ့ ပြန်တာပါပဲ။

မထင်မှတ်တဲ့ ကာလမှာ သမီးငယ်လေးရဲ့အမေ ကလေးမလေး ပြန်ရောက်လာခဲ့ပါတယ်။ သူ့ဘေးမှာလည်း သူ့လိုပဲ မျက်နှာနုနုနဲ့ ကောင်ကလေးတစ်ဦး ပါလာပါတယ်။ နောက်ကောင်ကလေးရဲ့ အမေဆိုတာလည်း ပါလာပါတယ်။ သူတို့ကလေးကို ပြန်ခေါ်သွားမယ်။ ဒါက ကလေးအဖေ ဒါက ယောက္ခမတဲ့လေ။ သူတို့ ပိုမိုကောင်းမွန်တဲ့ ဆေးရုံကြီးတစ်ခုကို သွားမယ် လွှဲပေးပါတဲ့။

ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ယူဆနေခဲ့ကြလို့ ပေါ့ပါးသွားတာလား။ ဒါမှမဟုတ် ရင်ခွင်ပိုက်ကလေးတစ်ယောက်အတွက် အကောင်းဆုံး မိခင်နို့ ပြန်တိုက်ခွင့်ရပြီဆိုပြီး ပီတိနဲ့ ဝမ်းသာ သွားတာလားမသိတဲ့ ဆေးရုံကလူတစ်စုက လွှဲပြောင်းပေးဖို့ ရေးကြ ချွတ်ကြ ပြင်ကြ ဆင်ကြရယ်ပေါ့။

သံသယကြီးတတ်တယ်လို့ အပြောခံရတတ်တဲ့ ဆေးရုံအုပ်ကတော့ အဲဒီလွှဲပြောင်းမှုကို သူ လက်မှတ်မထိုးခင် တားမြစ်လိုက်ပါတယ်။ ကာယကံရှင်တွေရော ဆေးရုံက သက်ဆိုင်သူတွေကိုပါ ခေါ်တွေ့ပါတော့တယ်။ သူ တွေးမိတဲ့အတွေးက ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ နဂိုကတည်းက သေပါစေ၊ လွန်ကျူးမိတဲ့ အထောက်အထား ပျက်စီးသွားပါစေ ဆိုပြီးဆေးတွေ Online ကနေ မှာသောက်ခဲ့တယ်။ မွေးပြီးတော့လည်း ပေါင်မပြည့် လမစေ့လေးကို ဆက်မပြုစုဘဲထားပြီး ထွက်ပြေးသွားတယ်။ အမည် နေရပ်လိပ်စာ အမှန် တိုင်းပေးခဲ့မိတယ်။ ခုကလေးက အသက်ရှင်နေသေးတယ်ကြားတယ်။ သက်သေက မပျက်သုဉ်းဘူးပဲဆိုပြီး နောက်ထပ် အစဖျောက်ဖို့ ပူးပေါင်းလာတာရော မဖြစ်နိုင်ဘူးလားဆိုတဲ့ အတွေးပါ။

ဆေးရုံကနေ ခေါ်ထုတ်သွားမယ် လူမမြင် လူမရောက်တဲ့  နေရာတစ်ခုမှာပစ်ခဲ့မယ်  ဆိုရင်ဆိုတဲ့အတွေးက ငါ့လက်က လွတ်ပြီးရော ဆိုတဲ့အတွေး မတွေးနိုင်တဲ့ ဆေးရုံအုပ်တစ်ယောက်အတွက် ပူလောင်လွန်းလှပါတယ်။ နောက်ဆုံး ပိုမိုကောင်းမွန်တဲ့ ဆေးရုံ ကြီးတွေကို သွားချင်တယ်ဆိုရင်တောင်  ဒီဘက်က သူနာပြုတစ်ဦး လိုက်ပါပြီး လူနာတင်ယာဉ်နဲ့ပို့မယ်။ လာရောက်ခေါ်ဆောင်လာသူတွေဟာ အဖေ အဘွား မှန်ကန်ကြောင်း အာဏာပိုင်အဖွဲ့အစည်းရှေ့မှာ လက်မှတ် ရေးထိုး ခေါ်ဆောင်ရမယ်လို့ ဆုံးဖြတ်မိပါတော့ တယ်။ (ပထမလည်း မွေးခါနီးတုန်းက လူနာရဲ့ အမေပါဆိုပြီး လက်မှတ်ထိုးတဲ့သူ ငှားလာတာတဲ့လေ) ဒါမှမဟုတ်လည်း ခုလက်ရှိအတိုင်း ကလေးအသက်ကို ဆက်လုပေးဦးမယ်။ အဖေ အမေက အနားမှာ လာစောင့်ပါ  စောင့်တဲ့လူတိုင်းကို နေ့စဉ် ထမင်းသုံးနပ် ကျွေးပါ့မယ်လို့ ထပ်ကမ်းလှမ်းပါတယ်။ အဝတ်အစား မရှိလို့တဲ့ ဖြစ်ပြန်ရော။ တစ်ယောက်စောင့် တစ်ယောက် ပြန်ယူဆိုတော့ မခွဲနိုင်ပြန်ပါဘူးတဲ့။

သံသယတွေဟာ ပိုတိုးလာလေ ရက်သားကလေးလေးကို ပိုမပေးရဲလေပါပဲ။ ကိုယ် တိုင်မမွေး ကိုယ့်လက်နဲ့တောင် မထိခဲ့ရပေမယ့် လူသားငယ်လေး ရင်ခွင်မဲ့လေးဆိုတဲ့  အသိက သံယောဇဉ်ဖြစ်စေပြီး ဒီကလေးလေး အပြစ်မဲ့ သေဆုံးသွားမှာ စွန့်ပစ်ခံရမှာကို ဆေးရုံအုပ်က စိုးရိမ်မိပါတော့တယ်။ ကလေး အထူးကုကို ဆက်သွယ်ပြီး စိတ်ချရတဲ့ ကလေး အသက်တစ်လခွဲလောက်အထိ နိုင်ငံတော် ထောက်ပံ့ငွေ ဒါမှမဟုတ် ဆေးရုံအုပ်ရဲ့ ကိုယ်ပိုင်ငွေ ဒါမှမဟုတ် အလှူငွေတွေနှင့် ကုမယ် ကျွေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။

ညဘက်အိပ်ချိန်ကျတော့မှ ဆေးရုံအုပ်ခမျာ အခြေအနေအရ ခွဲခွာနေရတဲ့ သူ့ရဲ့ မိသားစုကို သတိရရင်း စီမံခန့်ခွဲမှုအရသာ ဆောင်ရွက်လိုက်တာ သူများမိသားစုကိုများ ခွဲခွာစေသလို ဖြစ်စေသလားဆိုပြီး ပြန်တွေးကာ ရင်ပူနေမိပါတော့တယ်တဲ့။

ခေတ်က တိုးတက်လာတယ်လို့ဆိုရတော့မှာလား ဆုတ်ယုတ်သွားတယ်လို့ ဆိုရတော့မှာလား မသိပါဘူး။ ကလေးတွေ လူငယ်တွေ အတတ်မြန်လာကြတယ်။ အတင့်ရဲလာကြတယ်။ ဘဝဆိုတာ ဘာမှမသိချိန် ဆန္ဒနောက်ကို ကောက်ကောက်ပါအောင် လိုက် ကြတယ်။ အတွေ့အကြုံဆန်းတွေကို မျှေ၀ ခံစားလာကြတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တာတွေ၊ မူးယစ်ဆေးသုံးတာတွေ၊ ရာဇဝတ်မှုတွေ များလာကြတယ်။ ဖခင်မဲ့တဲ့  ကလေးတွေ  (အမှန်က ဖခင်မဖော်တဲ့ ကလေး လို့ဆိုရမှာပါ) မိဘမဲ့တဲ့ ကလေးတွေ၊ ရင်ခွင်မဲ့ တဲ့ကလေးတွေ အများကြီး ပေါ်ထွက်လာကြတယ်။

ပရဟိတသမားတွေ စေတနာ့ဝန်ထမ်းတွေက ရင်ခွင်မဲ့ကလေးတွေအတွက် အနယ်နယ်အရပ်ရပ်မှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို စောင့်ရှောက်ပေးနေကြပါတယ်။ တချို့လည်း စီမံခန့်ခွဲမှု အမှားတွေကြောင့် ကလေးကုန်ကူးတဲ့သူတွေ ရဲ့ ပစ်မှတ်တွေအဖြစ် ကျရောက်နေကြပါတယ်။

နိုင်ငံတော်အဆင့်ကလည်း ရင်ခွင်မဲ့ ကလေးတွေ ကာကွယ်ရေးနဲ့ စောင့်ရှောက်ရေး အသင်းဖွဲ့စည်းပြီး State NGO အဆင့် အနေနဲ့ ကြိုးစားဆောင်ရွက်နေပြီလို့ သတင်းရရှိပါတယ်။ ဒီလို အသင်းအဖွဲ့တွေသာ ပေါ်ပေါက်လာရင် စနစ်ကျတဲ့ ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေ စောင့်ရှောက်မှုတွေ  ဥပဒေအတွင်းက လုံခြုံမှုတွေရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

အရင်တုန်းကဖွဲ့ခဲ့တဲ့ အဖွဲ့တွေလို ရည်ရွယ်ချက်ကောင်းမွန်ပေမယ့် အနားပြာတချို့ရဲ့ လွဲမှားစွာ ဆောင်ရွက်မှုတွေကြောင့် ပြည်သူ အထင်လွဲကာ ရည်ရွယ်ချက်တွေ ပျောက်ခဲ့ရတဲ့အဖြစ်မျိုး မဖြစ်စေဖို့ သတိရှိကြမယ်လို့လည်း ထင်မြင်မိပါတယ်။

နှလုံးသားမဲ့သူတွေကြောင့် ကလေးတွေ ရင်ခွင်မဲ့ကြရတယ်။ နှလုံးသား အပိုမပါပေမယ့် စာနာတတ်သူတွေကြောင့် ရင်ခွင်မဲ့ ကလေးတွေ သက်သာရာရနေကြတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ ထက်သန်တဲ့ သဒ္ဓါတရားတွေ ပူးပေါင်းလိုက်ရင် ရင်ခွင်မဲ့ ကလေးတွေ လျော့ကျလာမယ် ပိုမိုစောင့်ရှောက်နိုင်ပါလိမ့်မယ်။

ဆန္ဒ ဒေါသဘယာမောဟကင်းစွာ မြတ်သော စေတနာနဲ့ ရင်ခွင်မဲ့ ကလေးများရဲ့ ဘဝကို ကောင်းစွာ ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။