ဘတ်စ်ကားဖြင့် အလုပ်သွားခြင်း

ဘတ်စ်ကားဖြင့် အလုပ်သွားခြင်း
Published 20 August 2017

ရန်ကုန်မြို့အတွင်း ဘတ်စ်ကားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသည်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁)

မနက်မိုးလင်းတာနဲ့ မရှိခြင်းတွေက မျက်နှာကို ဖြတ်ကန်လိုက်ကြတော့တာပါပဲ။ သွားတိုက်ဆေးဘူးထဲမှာ သွားတိုက်ဆေးမရှိတော့ဘူး။ သောက်ရေအိုးထဲမှာ သောက်စရာ ရေတစ်စက်မှမရှိတော့ဘူး။ အဆင်သင့် ကောက်ဝတ်လိုက်ဖို့ မီးပူတိုက်ပြီးသား အင်္ကျီနဲ့ လုံချည်မရှိဘူး။ အဆိုးဆုံးကတော့ ကျွန်တော့်အတွက် အချိန်မရှိတော့တာပါပဲ။ သွားတိုက်ဆေးဘူးထွက်ဝယ်ဖို့ အချိန်မရှိတော့ဘူး။ အဝတ်အစားတွေကို မီးပူတိုက်ဖို့အချိန် မရှိတော့ဘူး။ အဲဒီလိုနဲ့ နောက်ဆုံးတော့ အရင်နေ့တွေတုန်းကလိုပဲ ဘာတစ်ခုမှ ထည်ထည်ဝါဝါ မရှိတဲ့ပုံစံမျိုးနဲ့ ကျွန်တော်ဟာ အလုပ်သွားဖို့ ထွက်လာခဲ့ရပြန်ပါတယ်။

(၂)

Time and tide wait for no man. အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဘူးတဲ့။ ဟုတ်ပါတယ်။ သိပ်မှန်ပါတယ်။ အချိန်နဲ့ ဒီရေဟာ လူတွေကိုမစောင့်ပါဘူး။ တိရစ္ဆာန်တွေကိုလည်း မစောင့်ပါဘူး။ ဒါပေမဲ့ ဘတ်စ်ကားတွေကတော့ ကျွန်တော့်ကို စောင့်ကြပါတယ်။ ကျွန်တော့်ကိုမှ မဟုတ်ပါဘူး။ မှတ်တိုင်တစ်ခုချင်းစီမှာ နောက်ထပ် ဘယ်က၊ ဘယ်လိုရောက်လာမယ်မှန်း မသိသေးတဲ့ လူတွေကိုလည်း စောင့်ပါတယ်။ ဘတ်စ်ကားအချင်းချင်းကိုလည်း ပြန်ပြီးတော့ စောင့်ပါတယ်။ ပြီးတော့ မီးနီတွေကိုစောင့်ပါတယ်။ မီးဝါတွေကို စောင့်ပါတယ်။ မီးစိမ်းတွေကို စောင့်ပါတယ်။ မျက်စိတစ်ဆုံး ပိတ်ဆို့စီတန်းနေတဲ့ ကားတန်းကြီးတွေကိုလည်း စောင့်ပါတယ်။

ဘယ်လောက်အထိ စောင့်သလဲဆိုရင် စောင့်လွန်းလို့ ကိုင်ကိုင်ပြီး ဆောင့်ပစ်ချင်စိတ် ပေါက်လာမိတဲ့အထိကို စောင့်ပါတယ်။ တကယ်လည်း ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ စူပါမင်းလိုအစွမ်းသတ္တိရှိရင် ကောင်းမယ်လို့ ကလေးဆန်ဆန် တွေးလိုက်မိတဲ့အထိ ကျွန်တော် စိတ်ပျက်၊ လက်ပျက် ဖြစ်မိပါတယ်။ ဟုတ်ပါတယ် စူပါမင်းလို အစွမ်းအစမျိုးရမှပဲ ဒီနေ့အဖို့ ကျွန်တော်အလုပ်ကို သတ်မှတ်ချိန်အမီ ရောက်အောင်သွားနိုင်တော့မှာပါ။ စူပါမင်းလို လေပေါ်ပျံသွားနိုင်မှပဲ အလုပ်နောက်ကျတဲ့အခါ ကျွန်တော့်အလုပ်ရှင်ရဲ့ ဆူပူ၊ ငေါက်ငမ်းမှုဒဏ်ကနေ ကျွန်တော်လွတ်နိုင်တော့မှာပါ။

တကယ်တော့ လွတ်လွတ်လပ်လပ် (လေလွင့်နေတာမျိုး မဟုတ်ပါဘူး) နေချင်တဲ့ ကန့်သတ်ချက်ဘောင်တွေများလှတဲ့ ကျွန်တော်လုပ်နေရတဲ့ အလုပ်က သိပ်ပြီးကီးမကိုက်လှပါဘူး။ ကျွန်တော်ဝါသနာပါတာနဲ့ ကျွန်တော်လုပ်နေရတဲ့အလုပ်ဟာ သိပ်ပြီးဟာမိုနီမဖြစ်ပါဘူး။ တကယ်တော့ အခုကျွန်တော်သုံးနှုန်းလိုက်တဲ့ အသုံးအနှုန်းတွေဟာ အနုပညာအသိုက်အဝန်း တစ်ခုဆီကနေမှတစ်ဆင့် ကျွန်တော်တို့လို အရပ်ထဲက လူတွေရဲ့ပါးစပ်ဖျားကို ပျံ့နှံ့ရောက်ရှိလာတဲ့ စကားလုံးတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ် ထင်ပါတယ်။ သေသေချာချာတော့ ကျွန်တော်လည်း မသိပါဘူး။ ပြီးတော့ ကျွန်တော့်လို လုပ်ချင်တာနဲ့ လုပ်နေရတာလွဲနေတဲ့ လူငယ်တွေ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်များများ ရှိနေပြီလဲလို့လည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက ဘယ်လောက်ပဲ လက်ရာမြောက်မြောက် ကျောက်ရုပ်တွေဟာ စကားမပြောတတ်ဘူးဆိုတာကိုပါပဲ။

(၃)

ကျောက်ရုပ်တွေက စကားမပြောတတ်ပေမယ့် ကျွန်တော့်ရဲ့ အမေကတော့ စကားပြောတတ်ပါတယ်။ ဆူတတ်ပါတယ်။ စာအုပ်တွေ၊ ဆေးလိပ်တိုတွေ၊ အဝတ်အစားတွေနဲ့ ရှုပ်ပွနေတဲ့ ကျွန်တော့်အခန်းလေးကို ရောက်လာတတ်တဲ့အခါတိုင်း ပူညံ ပူညံ လုပ်တတ်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့အမေဟာ စိတ်ကူးယဉ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အမေဟာ သူ့သားကျွန်တော့်ကို ဆရာဝန်ကြီးတစ်ယောက် သိပ်ဖြစ်စေချင်ခဲ့ဖူးပါတယ်။ အမေက ‘ငါ့သားကြီးလာရင် ဘာလုပ်မလဲ’ မေးလာတဲ့အခါ ကျွန်တော်က ‘ဆရာဝန်ကြီး လုပ်ပါမယ်’ လို့ဖြေပေးရပါတယ်။ အဲဒီလိုဖြေတဲ့အခါတိုင်းလည်း အမေဟာ သိပ်ကိုကျေနပ်သဘောကျသွားတတ်ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်ဟာ ဆရာဝန်ကြီးတစ်ယောက် ဖြစ်မနေခဲ့ပါဘူး။ ဆရာဝန်တစ်ယောက်လည်း မဖြစ်ချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ လူသေတွေကို ကြောက်တတ်လို့ပါပဲ။

အေးစက်တောင့်တင်းနေတဲ့ လူသေကောင်တွေဟာ ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးပဲလို့ ကျွန်တော့်ဘာသာ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ လူသေတွေထက် အသက်ရှိနေတဲ့လူတွေက ပိုပြီးကြောက်ဖို့ကောင်းတယ်လို့ ပြောခဲ့ဖူးပါတယ်။ သူပြောတာလည်း မမှားဘူးလို့ ကျွန်တော်ကတော့ထင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ သေပြီးသား လူတွေဟာ လက်နက်တွေ စစ်ပွဲတွေကို မဖန်တီးနိုင်တော့လို့ပါပဲ။ အေးစက်တောင့်တင်းနေတဲ့ လူသေအလောင်းကောင်ကြီးတွေဟာ ရက်စက်ယုတ်မာတဲ့ သက်ငယ်မုဒိမ်းမှုတွေကို မကျူးလွန်နိုင်ကြတော့လို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ လူသေကောင်တွေကို ပိုပြီးတော့ ကြောက်ပါတယ်။ ပြီးတော့ ကျွန်တော်အခုစီးလာတဲ့ ဘတ်စ်ကားပေါ်က ခရီးသည်ယောင်ဆောင်ထားတဲ့ စပါယ်ယာကြီးကိုလည်း ကြောက်မိပါသေးတယ်။

(၄)

မျောက်ပြပြီး ဆန်တောင်းဆိုတဲ့ စကားပုံတစ်ခုကို ကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကလေးတွေကို ခုတုံးလုပ်ပြီး ပိုက်ဆံတောင်းတတ်တဲ့ သူတွေကိုတော့ ကျွန်တော်မုန်းပါတယ်။ ကလေးတွေကို အတင်းအဓမ္မခိုင်းစေတဲ့သူတွေကို ကျွန်တော်မုန်းပါတယ်။ ကျွန်တော် အမုန်းဆုံးကတော့ စစ်ပွဲတွေမှာ ကလေးတွေကို အသုံးချဖို့ ကြိုးစားတတ်တဲ့သူတွေနဲ့ ကိုယ်လက်အင်္ဂါ သန်သန်စွမ်းစွမ်းရှိလျက်နဲ့ တောင်းရမ်းစားသောက်တတ်တဲ့ သူတွေကိုပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ရေသာခို အချောင်လိုက်နေကြတဲ့သူတွေ ဘာကြောင့်ဒီလောက်များလာရတာလဲ ဆိုတဲ့အကြောင်းကို ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာ အခုကျွန်တော့်ရဲ့ အရှေ့ခုံမှာထိုင်နေတဲ့ အန်တီကြီးရဲ့ လည်ပင်းမှာဝတ်ထားတဲ့ ဆွဲကြိုးကြီးက အတုကြီးဖြစ်တယ် ဆိုတာကိုပါပဲ။

(၅)

ပိုက်ဆံအတု၊ ရွှေအတု ငွေအတုတွေကို ကြားသိမြင်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုအတုရှိတယ်လိုတော့ ကျွန်တော်တစ်ခါမှ မကြားခဲ့ဖူးပါ။ ဓာတ်ကြိုးတွေပေါ်မှာ တိုက်အမိုးတွေပေါ်မှာ အုပ်စုလိုက်ရှိနေတတ်တဲ့ ခိုတွေထဲမှာ ခိုအတုတွေ ပါနေလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူူး။ ဒါပေမဲ့ ကတိအတုတွေ ခဏခဏပေးတတ်တဲ့ လူတွေရဲ့အကြောင်းတွေ လက်မှတ်အတုတွေ ခဏခဏထိုးနေကြတဲ့ လူတွေရဲ့အကြောင်းတွေကို ကျွန်တော်ခဏခဏ ကြားခဲ့ဖူးပါတယ်။ အဲဒီလိုပါပဲ ကြက်ဥအတု၊ အရက်အတု၊ ဖုန်းအတု၊ လူအတုနဲ့ အတုတွေ သောက်သောက်လဲ ပေါများနေတဲ့ ခေတ်ကြီးထဲမှာ ငြိမ်းချမ်းရေးအတုတွေ ပေါ်မလာပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

ဒါပေမဲ့ ကျွန်တော်သေသေချာချာ ပြောနိုင်တာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားကြီးကို မောင်းနှင်နေတဲ့ ဒရိုင်ဘာကြီးဟာ H1N1 ကိုကာကွယ်ဖို့အတွက် Mask ကိုတပ်မထားပါ။ ကျွန်တော့်အရှေ့က အန်တီကြီးကလည်း Mask ကို သူ့မျက်နှာမှာ တပ်ဆင်မထားပါဘူး။ ကျွန်တော်လည်း Mask မတပ်ပါဘူး။ တကယ်တော့ တစ်ယောက်စ နှစ်ယောက်စကလွဲရင် ကားပေါ်မှာရှိသမျှ လူတွေအကုန်လုံးရဲ့ မျက်နှာတွေမှာ Mask တွေကိုဖုံးအုပ်မထားကြပါဘူး။ အဲဒီအတွက်လည်း အဲဒီလူတွေကို ကျွန်တော့်စိတ်ထဲကနေ ကျေးဇူးတင်နေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ဖွက်ထားတဲ့မျက်နှာတွေကို မုန်းလို့ပါပဲ။

ဟန်ဆောင်မျက်နှာဖုံးတွေတပ်ထားတဲ့ မျက်နှာတွေကို ကျွန်တော်မုန်းပါတယ်။ ရှေ့တင်တစ်မျိုး နောက်ကွယ်ရာမှာတစ်မျိုး ပြောတတ်ဆိုတတ်တဲ့သူတွေ ကျွန်တော်မုန်းပါတယ်။ ပြီးတော့ မလုပ်ချင်တဲ့အလုပ်ဆီကို ကျွန်တော်မစီးချင်တဲ့ ဘတ်စ်ကားကြီးစီးပြီး သွားနေခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မုန်းနေမိခဲ့ပါတယ်။