ခုနစ်နှစ်ပြည့်တော့မယ့် တစ်ကျော့ပြန်စစ်

ခုနစ်နှစ်ပြည့်တော့မယ့် တစ်ကျော့ပြန်စစ်
Published 14 May 2018

တနိုင်း ပယင်းမှော်တစ်ခုကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်မှုပြန်ဖြစ်လာတာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်ကစလို့ ၇ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ကချင်လွတ်မြောက်ရေး တပ်မတော်ဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်းကတည်းက တပ်မတော်နှင့် တိုက်ခိုက်မှုတွေရှိခဲ့ပြီး ၁၉၄၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ ၁၇ နှစ်ကြာပြီး နောက်ပိုင်းမှာတော့ တပ်မတော်နှင့် ကေအိုင်အေတို့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်ရော ကေအိုင်အေအဖွဲ့တွေကပါ တိုက်ခိုက်ရတဲ့ အကြောင်းတရားတွေ ပြောကြပါတယ်။ တရုတ်နိုင်ငံကို သစ်သယ်နေတဲ့ လောပန်းတွေရဲ့ ကိုယ်တွေ့ထဲက သစ်မှောင်ခိုအဝေမတည့်တဲ့ ဇာတ်လမ်းကိုတော့ နှစ်ဖက်စလုံးက မပြောခဲ့ကြပါဘူး။ တပ်မတော်နှင့် ကေအိုင်အေ/ကေအိုင်အို ခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပေမယ့် စစ်မီးဟာငြိမ်းလာခြင်းမရှိဘဲ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ချီဖွေမြို့နယ်၊ ဆွမ်ပရာဘွမ်နှင့် ဖားကန့်မြို့နယ်တွေဘက်ကို တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့ပါတယ်။ ရွာပေါင်း ၃၀၀ ကျော်က လူတစ်သိန်းကျော်လောက် ဒေသစွန့်ခွာကြရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် ဘာသာရေးဆရာတွေက စစ်ပွဲကို ကြိုတင်မျှော်မှန်းထားပုံရပြီး ပြည်သူအများစုကတော့ မမျှော်လင့်တာတွေ ကြုံတွေ့ကြရလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်သာ ပြေးကြရပါတယ်။ အခုတော့ လူပေါင်းတစ်သိန်းကျော်ဟာ မရေရာတဲ့နေရာတွေမှာ ခုနစ်နှစ်နီးပါးကြာလာပေမယ့် မျှော်လင့်နေတဲ့အဖြေတွေအတွက် ပုစ္ဆာတွေတောင် မတွက်ရသေးပါဘူး။ ၂၀၁၈ ခုနှစ် လီဒိုလမ်းဝန်းကျင်မှာ တပ်မတော်ရဲ့ နယ်မြေစိုးမိုးမှုများ၊ တပ်မတော်နှင့် ကေအိုင်အေဟာ ခုနစ်နှစ်ကာလအတွင်းမှာ ပစ်ခတ်မှုတွေဟာ ပြင်းထန်လာလိုက် လျော့ကျသွားလိုက် ရှိနေခဲ့ပါတယ်။ အပြင်းထန်ဆုံးအချိန်တွေက ၂၀၁၂ လဂျားယန်၊၂၀၁၆-၁၇ ဂီဒွန်တိုက်ပွဲတွေပါ။ ဒါတွေဟာ ကေအိုင်အေရဲ့ ရှေ့တန်းအမာခံစခန်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် ဧပြီမှာတော့ ထူးခြားတဲ့တိုက်ပွဲတွေ ဖြစ်လာပါတယ်။ တနိုင်းဒေသက ကေအိုင်အေတပ်ရင်းတွေ၊ တပ်မဟာတွေ ဝင်သိမ်းတာဖြစ်ပါတယ်။ ဝင်သိမ်းတဲ့ကာလကလည်း ဧပြီသြင်္ကန်ကာလကြီး ဖြစ်ပါတယ်။ ကေအိုင်အေရဲ့ ပယင်း၊ ရွှေမှော်ရှိတဲ့ ရင်း ၁၄ ကို ဖေဖော်ဝါရီ၊ အောင်လောဒ် ကျေးရွာအခြေစိုက် တပ်မဟာ ၂၊ ကဆုန့် အခြေစိုက်ရင်း ၁၁ တွေကို ဝင်ရောက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေဖြစ်ရတဲ့ အကြောင်းရင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က မေ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ “တပ်မတော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တည်ရှိနေတဲ့ တပ်မတော်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ တာဝန်တွေက နိုင်ငံတော်အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့၊ နိုင်ငံအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ အစိုးရရဲ့ယန္တရားကို ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါတယ်။ မြစ်ကြီးနား-ပူတာအိုလမ်းဆိုရင် အသက်ချွေးမြောက်မြားစွာနဲ့ ချောမွေ့အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အများကြီး ရင်းနှီးမြှုပ်နှံရပါတယ်။ အများနှောင့်ယှက်တာပြောဖို့လိုမယ် မထင်ပါဘူး။ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို မပျက်ယွင်းအောင် စောင့်ရှောက်ရပါတယ်။ လူသစ်ဆွဲတာ။ ဆက်ကြေးကောက်တာတွေ ရှိပါတယ်။ တပ်ပိုင်းကတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုယန္တရား မပျက်ပြားဆောင် ဆောင်ရွက်နေတာ ရှိပါမယ်” ဟုပြောကြားပါတယ်။

ကေအိုင်အေ/ကေအိုင်အိုရဲ့ ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီကိစ္စဟာ တရုတ်နိုင်ငံရဲ့ တစ်ဇုန်တစ်လမ်းမူဝါဒ (ONE BELT ONE ROAD) ကြောင့် လီဒိုလမ်းပိုင်းက ကေအိုင်အေစခန်းတွေကို အစိုးရရဲ့ သဘောတူညီမှုနဲ့ တပ်မတော်က နယ်မြေစိုးမိုးရေး လုပ်ဆောင်တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

တနိုင်းဒေသက သယံဇာတအရေး

တနိုင်း ဟူးကောင်းချိုင့်ဝှမ်းဟာ ရွှေ၊ ပယင်း၊ ကျောက်နီထွက်တာကြောင့် မှော်တွေမှာ လူပေါင်းသိန်းနဲ့ချီပြီး စည်ကားနေတာ ဆယ်စုနှစ်တစ်ခုလောက် ရှိခဲ့ပါပြီ။ ဒေသခံတွေရဲ့ အပြောအရ မှော်လုပ်ကွက်အကြီးပေါင်း ၂၀ ကျော်ရှိပြီး အငယ်တွေလည်း အများအပြားရှိနေကြောင်း သိရပါတယ်။

တပ်မတော်ဘက်က ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သတိပေးစာတစ်စောင် ဖြန့်ဝေခဲ့ပါတယ်။ သတိပေးစာမှာ တနိုင်းမြို့နယ်အတွင်းရှိ ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ နန့်ကွမ်းမှော်များမှာ နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသည့် မှော်များမဟုတ်ကြောင်း၊ ရွှေပယင်းတူးဖော်ခြင်းများကြောင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် တပ်မတော်မှ မကြာမီ နယ်မြေရှင်းလင်းရေးများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ စာတွင် ဒေသခံပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက် နောက်ဆုံးထား ထွက်ခွာရန်၊ ထွက်ခွာခြင်းမရှိပါက KIA အဖွဲ့နှင့် ပူးပေါင်းနေသူများဟု သတ်မှတ်မည်ဖြစ်ပြီး နယ်မြေရှင်းလင်းသည့်အခါ ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်မည်ကို မလိုလားသဖြင့် ကြိုတင်အသိပေးခြင်းဖြစ်ကြောင်း ပါရှိပါတယ်။ စာကိုကြည့်ရင် ရက်စွဲတွေနေရာမှာ ပြင်ထားလို့ ကြိုတင်စီစဉ်ခဲ့တာဖြစ်မယ်လို့ ယူဆလို့ရပါတယ်။ ထုတ်ပြန်ချက်ထုတ်ပြီး တပ်မတော်က နယ်မြေစိုးမိုးမှုလုပ်ဆောင်မှု လုပ်ဆောင်ခဲ့တာဟာ သြဂုတ် ၂၅ ရက်မှာ ရခိုင်အရေးဖြစ်သွား၍ ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း တက်လာမည့်တပ်မတွေကို ရခိုင်ဘက်သို့ ရွှေ့ပြောင်းရတဲ့အခြေအနေ ရှိနေကြောင်း စစ်ရေးနီးစပ်သူတွေက ဆိုကြပါတယ်။

တနိုင်းဟူးကောင်းအရေးနှင့် လွှတ်တော်

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလှိုင်ဖြိုးဝေက “ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသ သဘာဝထိန်းသိမ်းရေးနယ်မြေတွင် တရားမဝင် ရွှေနှင့်ပယင်းတူးဖော်လုပ်ကိုင်နေမှုအား ရပ်စဲ၍ ပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေး” ခေါင်းစဉ်ဖြင့် အဆိုတင်ပါတယ်။ အဆိုရှင်ဖြစ်သူက ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဇီဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ ဧရိယာအကျယ်အဝန်း ၂၄၀၀ စတုရန်းမိုင်၊ ၁၅၇၄၄၀၀ ဧက ရှိကြောင်း၊ တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်နှင့် ခန္တီးမြို့နယ်အတွင်းရှိ ဧရိယာ ၂၇၁၈၇၂၀ ဧက၊ စတုရန်းမိုင် ၄၂၄၈ နယ်မြေကို ၂၀၁၀ ခုနှစ်တိုးချဲ့ခဲ့ကြောင်း၊ ယင်းနယ်မြေအတွင်း မြေအသုံးချမှုကို ပြည်ထောင်စုအစိုးရက ခွင့်ပြုမှသာ ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှလည်း ယင်းဒေသရှိ မည်သည့်ကျောက်မျက်လုပ်ငန်းများကိုမှ တူးဖော်ခွင့်ပြုပေးထားခြင်းမရှိကြောင်း၊ ယင်းဒေသတွင် အစိုးရ၏ ကွပ်ကဲထိန်းချုပ်မှု အားနည်းပြီး ကေအိုင်အေ/ကေအိုင်အိုအဖွဲ့က တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းများကို ခေါ်ဆောင်ကာ ရွှေ၊ ပယင်း တူးဖော်သည့်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ယင်းလုပ်ငန်းများတွင် ဒေသခံနည်းပြီး ရွှေ့ပြောင်းလုပ်သား တစ်သိန်းဝန်းကျင်ရှိကြောင်း၊ ဆားကျင်း၊ နန်ဗျူ၊ ဆွတ်ကြိုင် စသည့် ပယင်းမှော်ကြီးများ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ပယင်း၊ ရွှေတူးဖော်မှုကြောင့် ကြီးမားသည့် ချိုင့်ခွက်ကြီးများဖြစ်ပေါ်နေခြင်း၊ ရွှေသန့်စင်ရာတွင် အသုံးပြုသည့် ပြဒါး၊ ဆာလာနိုက် ဓာတုဗေဒဆေးဝါးများကြောင့် ပတ်ဝန်းကျင်ထိခိုက်နေသည်ကို တွေ့ရကြောင်း၊ ရွှေ့ပြောင်းလုပ်သားများကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို ဒေသခံများ ခံစားနေရကြောင်း၊ ယင်းဒေသ တရားမဝင်လုပ်ငန်းများမှ ကေအိုင်အို/ကေအိုင်အေအဖွဲ့သို့ နှစ်စဉ်ဆက်ကြေးငွေ ကျပ်သိန်း ၂၈၀၀၀ ခန့်ပေးဆောင်နေရကြောင်း၊ အစိုးရဘက်မှ အခွန်မရခြင်းကြောင့် နစ်နာနေကြောင်း၊ ဥပဒေအရလည်းပြစ်ဒဏ်များ အမျိုးမျိုးကို ပြဋ္ဌာန်းထားပါကြောင်း၊ ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဂေဟစနစ်ပျက်စီးမှုကို ကာကွယ်ရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံးမှာ နိုင်ငံတော်ပိုင်ဖြစ်ပါကြောင်း၊ ထုတ်ယူသုံးစွဲခြင်းပြုပါက လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရမည်ဟု ပါရှိပါကြောင်း၊ ဥပဒေစိုးမိုးသည့်နေရာတွင် အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့တို့ကို တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရပြီး ဥပဒေစိုးမိုးမှု အားနည်းသည့်နေရာတွင် တပ်မတော်က ပါဝင်ဆောင်ရွက်ရပါကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်း သဘာဝပတ်ဝန်းကျင်နယ်မြေကို ၂၀၁၀ ပြည်နှစ်နှင့် ၂၀၁၂ ခုနှစ်များတွင် ရာဇဝတ်ဥပဒေပုဒ်မ ကျင့်ထုံး ၁၄၄ အား ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအချိန်တွင် သက်တမ်းကျော်လွန်ခြင်းကြောင့် အာဏာတည်မြဲမှု မရှိတော့ကြောင်း၊ ယခုအချိန်တွင် တရားမဝင် ရွှေနှင့် ပယင်းတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု များပြားလာ၍ ဟူးကောင်းချိုင့်ဝှမ်းဒေကို ထိန်းသိမ်းနိုင်ရေးအတွက် ယခင်ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သောနေရာနှင့် ဟူးကောင်းချိုင့်ဝှမ်း တိုးချဲ့ဒေသများကို ပုဒ်မ ၁၄၄ ထုတ်ပြန်သင့်ပါကြောင်း ပြည်နယ်လွှတ်တော်တွင် တင်ပြရခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြပါတယ်။

ယင်းအဆိုနှင့်ပတ်သက်ပြီး တနိုင်းမဲဆန္ဒနယ် အမှတ် (၂) နှင့် ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ကန့်သတ်နယ်မြေပြုလုပ်ခြင်းမှာ ယင်းဒေသအတွင်း ဒေသခံကျေးရွာများ ရှိနေခြင်းကြောင့် မဖြစ်သင့်ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင်လည်း တနိုင်းပဋိပက္ခကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ရသည့်အတွက် စစ်ရေးနည်းဖြင့်မဖြေရှင်းဘဲ တခြားသောနည်းလမ်းဖြင့် ဖြေရှင်းရန် အဆိုတင်ထားပါကြောင်း၊ ကန့်သတ်နယ်မြေ ပြုလုပ်သဖြင့် ဒေသခံပြည်သူလူထုကို တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေမည်ဖြစ်ကြောင်း၊ မှော်ဒေသတွင် စာဖြန့်ဝေမှုကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပြုလုပ်ခဲ့သော်လည်း မိမိတို့မှာ မသိရှိရပါကြောင်း၊ ယင်းအကျိုးဆက်ကြောင့် ကောင်းကျိုးဆိုးကျိုးများကိုလည်း ပြည်သူများ ခံစားရပါကြောင်း၊ ထို့ကြောင့် အဆိုကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း လွှတ်တော်တို့ တင်ပြဆွေးနွေးခဲ့ပါတယ်။ ယင်းအဆိုကို လွှတ်တော်မှာဆွေးနွေးရန် သင့်မသင့်မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၂၀၊ ကန့်ကွက်သူ ၂၉ ဦးရှိခဲ့ပြီး ထောက်ခံမှု ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် အဆိုကိုဆွေးနွေးရန် ရှုံးနိမ့်ခဲ့ပါတယ်။

တပ်မတော်က စစ်ဆင်ရေးမလုပ်ခင် နောက်ထပ် ကချင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၇ ဒီဇင်ဘာ ၆ ရက်မှာ ဟူးကောင်းချိုင့်ဝှမ်းဒေသနယ်မြေအား ကန်သတ်နယ်မြေအဖြစ် ယခင်အတိုင်း သတ်မှတ်ပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဝင်းက မေးမြန်းခဲ့ပါတယ်။ မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကိုယ်စား ဖြေကြားရာမှာ ဟူးကောင်းချိုင့်ဝှမ်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေကို သတ်မှတ်ပြီး ပြည်ထောင်စုဝန်ကြီး သဘောတူညီချက်ဖြင့် ဥပဒေကန့်သတ်ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရကသာ စီမံပိုင်ခွင့်ရှိပြီး ကန့်သတ်နယ်မြေ ထုတ်ပြန်မှုမှာ ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းဖို့

ကချင်ပြည်နယ်မှာ ကချင်မျိုးနွယ်စုတွေအပြင် အခြားသော တိုင်းရင်းသားတွေ စုပေါင်းတည်ရှိနေတဲ့ ကချင်ပြည်နယ်အရေးဟာ ညှိနှိုင်းမှုနှင့် သဘောထားကြီးမှုတွေ မရှိမချင်း ဒီပြဿနာတွေ ပြေလည်နိုင်မှာမဟုတ်ပါဘူး။ ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆ သိန်းကျော် နေထိုင်ပြီး ကချင်တိုင်းရင်းသား ၃၆ ရာခိုင်နှုန်း၊ ဗမာ ၂၉ ရာခိုင်နှုန်း၊ ရှမ်း၂၄ ရာခိုင်နှုန်း၊ အခြား ၁၁ ရာခိုင်နှုန်းရှိကြောင်း စာရင်းအရ သိရပါတယ်။ လက်နက်ကိုင်အရေး တစ်ခုတည်း အာရုံစိုက်ဖြေရှင်းရုံနှင့် လုံလောက်မှာ မဟုတ်ပါဘူး။ စားပွဲပေါ်မှာ ပြောပေးကြပါ။ အပစ်အခတ်ရပ်ကြပါ။ အားလုံးပါဝင်ကြပါ။ နိုင်ငံရေးကို အကြောင်းပြုပြီး ဘာကိုမှအသုံးမချကြပါနဲ့။ အားလုံးရည်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ဖန်တီးကြပါမှ ကချင်ပြည်နယ်က စစ်မီးတွေငြိမ်းမှာပါ။

Most Read

Most Recent