လူကိုးဦးထက်မနည်း သေဆုံးခဲ့သည့် အင်ဒိုနီးရှား ခရစ်ယာန်ကျောင်းသုံးကျောင်း တိုက်ခိုက်ခံရမှုများ

လူကိုးဦးထက်မနည်း သေဆုံးခဲ့သည့် အင်ဒိုနီးရှား ခရစ်ယာန်ကျောင်းသုံးကျောင်း တိုက်ခိုက်ခံရမှုများ
Published 14 May 2018

မေ ၁၃ ရက်က အရှေ့ဂျာဗားကျွန်းရှိ ဆူရာဘာယာမြို့ ပန်တီကော်စတယ် ခရစ်ယာန်ကျောင်းအပြင်ဘက်၌ တိုက်ခိုက်ခံရသည့်နေရာကို K9 ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (Photo: AFP)

မေ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အသေခံဗုံးခွဲမှုအပါအဝင် ခရစ်ယာန်ကျောင်းသုံးကျောင်း တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး လူပေါင်းကိုးဦးထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီလျက် ဒဏ်ရာရရှိခဲ့သောကြောင့် ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံ၌ နှစ်အတန်ကြာအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။

IS အဖွဲ့ဝင်များဟု သတ်မှတ်ခံရသူအချို့အပါအဝင် ပြည်တွင်းပေါက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံသည် သတိပေးအဆင့်မြင့်မားခဲ့သည်။

မေ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဆူရာဘာယာမြို့၌ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ကြစဉ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် မည်သည့်အဖွဲ့၏လက်ချက်ဟု မသိရသေးပေ။

ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲအချိန်၌ ခရစ်ယာန်ကျောင်းသုံးကျောင်း တိုက်ခိုက်ခံရမှုသည် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သည့် တိုက်ခိုက်မှုများဟု ယူဆရပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့် ကားဗုံးဖောက်ခွဲမှုများ ပါဝင်ခဲ့သည်။

ရုပ်သံဖိုင်တစ်ခုတွင် ဗုံးဖောက်ခွဲခြင်းမပြုမီ ခရစ်ယာန်ကျောင်းဝင်းတစ်ခုအတွင်းသို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းဝင်သွားသော လူတစ်ဦးကို တွေ့ရှိရသည်။

အခြားရုပ်ပုံတစ်ခုတွင် မီးတောက်များ ပတ်ချာဝိုင်းနေပြီး ထူထဲသည့်မီးခိုးများ အူထွက်နေသည့် မော်တော်ယာဉ်တစ်စီးကို တွေ့ရှိရသည်။

ရဲတပ်ဖွဲ့မှ ကျွမ်းကျင်သူများသည် ဆူရာဘာယာစင်တာ ပန်တီကော်စတယ် ခရစ်ယာန်ကျောင်း၌ မပေါက်ကွဲသေးသော ဗုံးများကို စနတ်တံဖြုတ်ခဲ့ရသည်။

အခြားရုပ်ပုံများတွင် ဆန်တာမာရီယာ ကက်သလစ်ခရစ်ယာန်ကျောင်း ဂိတ်ဝအပြင်ဘက်၌ အလောင်းတစ်လောင်းနှင့် သူ၏ထိပ်ပိုင်း၌ လဲကျနေသော မော်တော်ဆိုင်ကယ်များကို အခြားအပျက်အစီးများအကြား တွေ့မြင်ရသည်။

လူတွေ ငယ်သံပါအောင် အော်ကြတယ်

ဆန်တာမာရီယာ ခရစ်ယာန်ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် အနည်းဆုံးတိုက်ခိုက်သူတစ်ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကျွန်တော် အရမ်းကြောက်တာပဲ။ လူတွေအများကြီးက ငယ်သံပါအောင် အော်ကြတယ်” ဟု အသက် ၂၃ နှစ်အရွယ်ရှိ မျက်မြင်သက်သေ ရိုမန်က အခင်းဖြစ်ပွားရာသို့ ရောက်ရှိသွားသည့် အေအက်ဖ်ပီသတင်းထောက်အား ပြောပြခဲ့သည်။

ဂျကာတာမြို့ ဆင်ခြေဖုံးရှိ လုံခြုံရေးအဆင့်မြင့်သော အကျဉ်းထောင်တစ်ခုတွင် အစ္စလာမ္မစ်အကျဉ်းသားများက အစောင့်တစ်ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ကို မြင်ရသော ပဋိပက္ခတစ်ရပ်တွင် အင်ဒိုနီးရှား ထိပ်တန်းအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် ငါးဦးနှင့် အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့က ယင်းကို ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က IS အဖွဲ့ ပါဝင်ပတ်သက်သည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်။

အကျဉ်းထောင်အဓိကရုဏ်းနှင့် ဆက်နွှယ်နေသော စီးနင်းတိုက်ခိုက်မှုများအတွင်း အစွန်းရောက်အဖွဲ့ဖြစ်သော ဂျာမားအန်ရှာဒူလာအဖွဲ့၏ အဖွဲ့ဝင်လေးဦးကို ပစ်သတ်ခဲ့ကြောင်း မေ ၁၃ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော် ယင်းအဖွဲ့သည် မေ ၁၃ ရက် ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်မှု ရှိ မရှိဆိုသည်ကိုမူ မှတ်ချက်မပေးခဲ့ပေ။

လူဦးရေ သန်း ၂၆၀ ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် ရာခိုင်နှုန်း ၉၀ နီးပါးမှာ မွတ်စလင်များဖြစ်သော်လည်း ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များလည်း အရေးပါလောက်အောင် များပြားသည့်ပမာဏရှိသည်။

ဘာသာရေးအရ သည်းမခံမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေရမှုများကြားတွင် အင်ဒိုနီးရှားနိုင်ငံ၌ ယခင်ကလည်း ခရစ်ယာန်ကျောင်းများမှာ ပစ်မှတ်ထားခံခဲ့ရသည်။

ဖေဖော်ဝါရီလအတွင်းကလည်း အင်ဒိုနီးရှား၏ ယဉ်ကျေးမှုမြို့တော် ယောဂယကာတာ အပြင်ဘက်ရှိ ခရစ်ယာန်ကျောင်းတစ်ကျောင်းတွင် တနင်္ဂနွေစုဝေးပွဲအတွင်း IS များကို အားကျသည့် အစွန်းရောက်တစ်ဦးက ဓားရှည်တစ်လက်ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ရသည်။ ယင်းအဖြစ်အပျက်၌ လူလေးဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်ကလည်း ခရစ္စမတ်လက်ဆောင်များအဖြစ် ပုံဖျက်ထားသောဗုံးများကို ခရစ္စမတ်အကြိုနေ့၌ ခရစ်ယာန်ကျောင်းများသို့ပို့ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတစ်လွှား၌ လူ ၁၉ ဦး သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ပရော်ဖက်ရှင်နယ်မကျပါဘူး

ကျွန်းပေါင်း ၁၇,၀၀၀ ခန့်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီရှားသည် အစ္စလာမ္မစ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ကာလရှည်ကြာစွာ ရုန်းကန်လာခဲ့ရသည်။ ၂၀၀၂ ခုနှစ်က ဘာလီဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ၌ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အများစုပါဝင်သည့် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့သောကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းတစ်လျှောက် အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

မေ ၁၃ ရက် တိုက်ခိုက်မှုများသည် ၂၀၀၉ ခုနှစ်က ဂျကာတာမြို့ရှိ ဇိမ်ခံဟိုတယ်နှစ်ခုတွင် လူပေါင်းကိုးဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုများပြီးနောက် လူအသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်လာသည်။ မကြာသေးမီနှစ်များအတွင်း လုံခြုံရေးတပ်များက အကြမ်းဖက်သမားများကို အဆက်မပြတ် နှိမ်နင်းမှုပြုလုပ်ကာ လူပေါင်းရာနှင့်ချီလျက်ကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ကွန်ရက်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းနောက် မကြာသေးမီကာလများအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် အဆင့်နိမ့်ကာ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာ ပစ်မှတ်ထားခဲ့သည်။

သို့သော် ယခုတိုက်ခိုက်မှုများသည် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုရှိသည့် သဘောသဘာဝကို ပြနေသောကြောင့် ပိုမိုအဆင့်မြင့်မြင့် စီစဉ်လာသည့် တိုက်ခိုက်မှုဖြစ်သည်ဟု သုံးသပ်သူများက ပြောကြားခဲ့ကြသည်။

“မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အရင်တိုက်ခိုက်မှုတွေဟာ ပရော်ဖက်ရှင်နယ်ကျဖို့ အရမ်းဝေးခဲ့ပါတယ်” ဟု အရှေ့တောင်အာရှ အကြမ်းဖက်ခံရမှုဆိုင်ရာ ကျွမ်းကျင်သူနှင့် ဂျကာတာအခြေစိုက် ပဋိပက္ခသုံးသပ်ရေး မူဝါဒဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူး ဆစ်ဒနီဂျုန်းက ပြောကြားခဲ့သည်။

IS အဖွဲ့ပေါ်ထွန်းလာခြင်းသည် အစွန်းရောက်များ ထိထိရောက်ရောက် စုစည်းလာနိုင်သည့် အကြောင်းခြင်းရာဖြစ်ကြောင်း သက်သေပြခဲ့ပြီး ပြည်တွင်းပေါက် အစွန်းရောက်အကြမ်းဖက်သမားများ ပြန်လည်ပေါက်ပွားလာစေနိုင်သည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်က မြို့တော်ဂျကာတာတွင် အသေခံတိုက်ခိုက်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူလေးဦးနှင့် အရပ်သားလေးဦး သေဆုံးခဲ့သည်။ ယင်းသည် အရှေ့တောင်အာရှ၌ IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဟု ပြောကြားသော ပထမဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သည်။