ရှောက်ဟုန်

ရှောက်ဟုန်
Published 18 August 2017

ကျွန်တော် ခွေးတစ်ကောင်ကို သတိရနေမိတာ ကြာပါပြီ။ အဲဒီလို သတိရတဲ့အကြောင်းကို စာနဲ့ရေးဖို့ ကြိုးစားနေခဲ့တာလည်း ကြာပါပြီ။ အခု ဒီစာကိုရေးနေတဲ့ အချိန်မှာပဲ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ ခွေးတစ်ယောက်နဲ့ လူနှစ်ကောင် သီချင်းကိုလည်း သတိရမိပါတယ်။ ကျွန်တော်အလုပ်လုပ်တဲ့ အလုပ်ရုံက ခွေးကလေး တစ်ကောင်ပါ။ ကျွန်တော်တို့ အလုပ်ပိုင်ရှင်က တစ်ရက်မှာ ခွေးကလေးတစ်ကောင် ယူလာတယ်။ အဝါရောင် အမွေးပွနဲ့ ပုပုသေးသေး ခွေးကလေး ဖြစ်ပါတယ်။

ခွေးက ခွေးမလေးဖြစ်ပြီး နာမည်ကို ရှောက်ဟုန်လို့ တရုတ်လို ပေးထားတယ်။ ကျွန်တော်တို့ အလုပ်ရုံပိုင်ရှင် သူဌေးက ပန်းသေးလူမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်ရုံက ကားအလိုင်းမင့် အလုပ်ရုံဆိုတော့ စက်ဆီချေးတွေက နေရာအနှံ့ဆိုတော့ တစ်ပတ်လောက်မှာပဲ ရှောက်ဟုန်ရဲ့ အမွေးတွေဟာ ဆီချေးတွေ နဲ့ ပေကျံနေပါတော့တယ်။ ဆပ်ပြာနဲ့ ရေချိုးပေးလည်း ခဏနဲ့ပြန်ပေတာပါပဲ။ သူ့ကို ရေချိုးတဲ့အခါ ကာဘော်လစ်ဆပ်ပြာနဲ့ ချိုးပေးပါတယ်။

ရှောက်ဟုန်ကို ကျွေးရတဲ့ အစားအစာက ကြက်အသည်းအမြစ်ကို တောက်တောက်စဉ်းပြီး ထမင်းနဲ့ နယ်ကျွေးရတာပါပဲ။ နေ့လယ်ပိုင်းတွေမှာတော့ နွားနို့နဲ့ အရိုးပုံဘီစကစ် ကျွေးပါတယ်။ ကျွန်တော်တို့ကတော့ ခွေးစားမုန့်လို့ ခေါ်တာပဲ၊၊ ရှောက်ဟုန်က နည်းနည်းဆိုးပါတယ်။ အပြင်လူ အကပ်မခံပါ။ အလုပ်ရုံက လူတွေကတော့ သူ့ကိုချစ်ကြတယ်။ အလုပ်ရုံဆိုတော့ ကားအဝင်အထွက်၊ ဧည့်သည်တွေ အဝင်အထွက်နဲ့မို့ ရှောက်ဟုန်ကို မနက်ဆို သံကြိုး နဲ့ချည်ထားရတယ်။ ညနေပိုင်း အလုပ်သိမ်းပြီးမှပဲ ပြန်လွှတ်ပေးပါတယ်။ မနက်ခင်းဆို သူ့ကို ကြိုးချည်မှာ သူသိတော့ အလုပ်ရုံထဲ ပတ်ပြေးနေတော့တာပဲ။ ကျွန်တော်တို့ အလုပ်ရုံမှာ အလုပ်သမား ၁၀ ယောက် ရှိပါတယ်။ အိမ်ထောင်ရှိတဲ့လူတွေကို အောက်အိမ်လို့ ကျွန်တော်တို့ခေါ်တဲ့ သူဌေးခြံနဲ့ အိမ်မှာထားပါတယ်။ လူပျိုတွေကတော့ အလုပ်ရုံမှာပဲ နေပါတယ်။ ကျွန်တော်တို့နေတဲ့ အဆောင်ရဲ့တစ်ဖက်က တိုက်မှာ အလုပ်ရုံပိုင်ရှင် သူဌေးနေတယ်။သူဌေးက ဒံပေါက်ဆိုင်လည်း ဖွင့်ထားတော့ ထမင်းစားချိန်တွေမှာ ဒံပေါက်ဆိုင်ကို သွားစားရပါတယ်။ ဒံပေါက်ဆိုင်ကိုတော့ သူဌေးကတော် ထိုင်တာပေါ့။

ရှောက်ဟုန် ရောက်လာတော့ သူ့အတွက် အလုပ်တစ်ခု တိုးလာတယ်။ သူ့အတွက် နေ့လယ်စာ၊ ညစာကို ပါဆယ်ထုပ်ပြီး ယူရတဲ့အလုပ်ပါပဲ။ နေ့လယ်စာက အရေးမကြီးပေမယ့် ညနေစာကျ ကျွန်တော်တို့ အပြင်ထွက်လည်တဲ့အခါ ခွေးစာထုပ်က ကန့်လန့်ကန့်လန့် ပါပါလာတယ်။ အဲဒီအလုပ်ကို ကျွန်တော်တို့ တွက်ကပ်ဆုံးပဲ ဖြစ်တယ်။ တစ်ခါတစ်ခါကျ တစ်ယောက်ယူနိုး၊ တစ်ယောက်ယူနိုးနဲ့ ရှောက်ဟုန် ထမင်းငတ်ရပါတယ်။ ကျွန်တော်တို့ အလုပ်ရုံမှာ ညနေ ၅ နာရီ အလုပ်သိမ်းပြီးတာနဲ့ ၈ နာရီအထိ အလှည့်ကျ အိမ်စောင့်ရပါတယ်။ ကျွန်တော် ညစောင့်ကျတဲ့နေ့ဆို ရှောက်ဟုန်က ကျွန်တော် သီချင်းနားထောင်တဲ့ ဝါးထိုင်ခုံအကြီးကြီးပေါ် တက်တက်လာပြီး ငြိမ်ငြိမ်ကလေး ဝပ်ပြီး သီချင်းနားထောင်လေ့ ရှိပါတယ်။ ခွေး သီချင်းနားထောင်တတ်သလား ဘာလားတော့ ကျွန်တော်သေချာ မသိပါ။ ငြိမ်ငြိမ်ကလေးဝပ်ပြီး ကျွန်တော့်နားမှာ ဝပ်နေတာကိုပဲ သီချင်းနားထောင်တယ်လို့ ယူဆလိုက်တာပါ။

ရှောက်ဟုန်နဲ့ ပတ်သက်ပြီး သတိရမိတာတွေထဲက တစ်ခုကတော့ ကားလာပြင်တဲ့ လူတစ်ယောက်က ရှောက်ဟုန် ကြိုးချည်ထားတဲ့ နားကိုသွားကပ်မိလို့ ရှောက်ဟုန်က ကိုက်ပစ်လိုက်တာကိုပါပဲ။ ကိုက်ခံရတဲ့လူက “ဝ” လား၊ ကိုးကန့်လား မသိပါဘူး။ သွေးလည်း နည်းနည်း ထွက်သွားတယ်။ ကျွန်တော်တို့ အားလုံး ဝိုင်းတောင်းပန်ရပါတယ်။ ရှောက်ဟုန်ကို ခွေးရူးကာကွယ်ဆေး ထိုးထားတဲ့အကြောင်းလည်း ရှင်းပြကြပါတယ်။ မင်းတို့ခွေးက အတော်ကောင်းတာပဲ။ ငါ့ကိုရောင်းပါလား။ အစ်ကိုက မွေးချင်လို့လား။ မဟုတ်ဘူးကွ သတ်ပစ်မလို့တဲ့။

မလုပ်ပါနဲ့ အစ်ကိုရာလို့ တောင်းပန်ပြီး ရှောက်ဟုန်ကို တစ်နေရာ ခေါ်သွားလိုက်ရပါတယ်။ အဲဒီလူ စိတ်ဆိုးနေတဲ့ပုံကို ကြည့်ပြီး ကျွန်တော်တို့ လန့်နေကြတယ်။ လန့်ရတဲ့အကြောင်းက သူ့ခါးကြားက သေနတ်ကြောင့်ပါ။ သေနတ်ကိုင်ပြီး နေရာမရွေး ပစ်ရဲသူတွေ အာဏာကြီးထွားနေတဲ့အချိန်က လားရှိုးမို့လို့လည်း ဖြစ်ပါတယ်။

နေ့လယ် လက်ဖက်ရည် သောက်ချိန်တွေမှာ ရှောက်ဟုန်ကို ကျွန်တော်တို့ အကျင့်ဖျက်ကြတယ်။ သူ့ကို နွားနို့ မတိုက်တော့ဘဲ လက်ဖက်ရည် ပေါ့စိမ့် တိုက်ပါတယ်။ အဲဒီနေ့ကစပြီး ရှောက်ဟုန်ဟာ လက်ဖက်ရည် စွဲပါတော့တယ်။ ချိုစိမ့်၊ ပုံမှန် ဘယ်လိုတိုက်တိုက် မသောက်ပါ။ ပေါ့စိမ့်ပဲ သောက်တဲ့ ရှောက်ဟုန် ဖြစ်နေတော့တာပဲ။

“အန်တီ ရှောက်ဟုန်က လက်ဖက်ရည် သောက်ချင်နေပြီတဲ့”

“ ဟဲ့ နင့်ကို ရှောက်ဟုန်က ပြောလို့လား။ ကျွန်တော် သိတာပေါ့ အန်တီကလည်း”

သူဌေးကတော်ဆီ ရှောက်ဟုန်ကို အကြောင်းပြပြီး လက်ဖက်ရည်ဖိုး တောင်းလို့ရပါတယ်။ ပေါ့စိမ့် ပါဆယ်ဝယ်ပြီး သူတစ်ဝက် ကျွန်တော်တစ်ဝက် သောက်တာပေါ့။ ရှောက်ဟုန်ရဲ့ အရိုးပုံ ဘီစကစ်တွေကလည်း ကျွန်တော်တို့ စားကြတာပါပဲ။ ရှောက်ဟုန် ကြောက်ရတဲ့ လူတစ်ယောက်လည်း ရှိပါတယ်။ သူ့ကိုတော့ ကိုထိပ်ပြောင်လို့ ကျွန်တော်တို့က ခေါ်ကြပါတယ်။ ပုပုနဲ့ သိပ်စိတ်တိုတဲ့ လူပေါ့။ သူစိတ်မကြည်ရင် ရှောက်ဟုန်ကို ရိုက်တတ်ပါတယ်။ သူ့အသံကြားရင် ရှောက်ဟုန်ဟာ ငြိမ်ကုပ်နေတော့တာပဲ။

တစ်ညတော့ ကိုထိပ်ပြောင် အရက်မူးလာတဲ့အချိန် စကားပြောကြရင်း ဘယ်လိုကနေ ဘယ်လို ရှောက်ဟုန်အကြောင်း ရောက်သွားတယ် မသိပါဘူး။ ကျွန်တော်နဲ့သူနဲ့ အချေအတင် ဖြစ်ကြပါတယ်။ အဲဒီမှာပဲ သူက ဟေ့ကောင် မင်းနဲ့ ငါနဲ့ လောင်းမလား။ မင်းက ဒီဘက်ကနေ ငါက ဟိုဘက်မှာ နေမယ်။ ရှောက်ဟုန်ကို အလယ်မှာထားပြီး ပြိုင်တူခေါ်မယ်။ ရှောက်ဟုန်က ဘယ်သူ့ဆီလာမလဲ လောင်းမလားလို့ ပြောလာတော့ ကျွန်တော်ကလည်း လောင်းမယ်။ စိမ်လိုက်ဆိုပြီး လောင်းကစား ဖြစ်ပါတယ်။ ပြောထားတဲ့အတိုင်း ရှောက်ဟုန်ကို အလယ်မှာထားပြီး သူနဲ့ ကျွန်တော် ပြိုင်တူ လက်ဖျောက်တီးပြီး ရှောက်ဟုန်ကို ခေါ်ကြပါတယ်။ ရှောက်ဟုန်က ကျွန်တော့်ဘက်ကို လာတော့ သူကရှက်ပြီး အပေါ်တက်သွားတယ်။ စကားလည်း မပြောတော့ပါဘူး။ ကျွန်တော်လည်း ရှောက်ဟုန်ကို ထားခဲ့ပြီး အိပ်ရာထဲ စာအုပ်ဝင်ဖတ်နေတဲ့အချိန် ကိုထိပ်ပြောင်ဟာ အောက်ကိုပြန်ဆင်းပြီး ရှောက်ဟုန်ကို လှိမ့်ရိုက်တော့တာပဲ။

ကျွန်တော်လည်း မတားနိုင်ပါ။ လူတွေရဲ့ စိတ်ကိုလည်း အံ့သြမိပါတယ်။ တိရစ္ဆာန်နဲ့ တောင်ပြိုင်ပြီး အနိုင်ယူချင်တဲ့ လူ့သဘောဟာ ရှက်စရာ မကောင်းဘူးလား။ ကျွန်တော်ကရော ဘာလို့ တိရစ္ဆာန်တစ်ကောင်ကို လောင်းကြေးစားကြေးအဖြစ် လုပ်ရတဲ့အထိ မိုက်မဲရတာလဲ။ ကျွန်တော်ရှက်မိတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ အောက်ထပ်က အရိုက်ခံရလို့ အော်နေတဲ့ ရှောက်ဟုန်ရဲ့ အသံဟာ ကျွန်တော့်ကို နာကျင်စေပါတယ်။ ရှက်ရွံ့စေပါတယ်။ နှစ်တွေ ကြာခဲ့ပေမယ့်လည်း ရှောက်ဟုန်အတွက်ဖြစ်ခဲ့တဲ့ အလောင်းအစားပွဲကို မမေ့ပါ။ ရှောက်ဟုန်ရဲ့ နာကျင်စွာ အော်နေတဲ့ အသံကိုလည်း မမေ့တော့ပါ။ အခုတော့ ရှောက်ဟုန်လည်း မရှိတော့ပါ။ ကျွန်တော်တို့ အလုပ်ရုံလည်း မရှိတော့ပါ။ ဟိုတစ်လောက ကိုထိပ်ပြောင်နဲ့ ပြန်ဆုံတော့ သူ့ကိုရှောက်ဟုန်အကြောင်း မပြောဖြစ်ပါ။ သူ့ကိုပြန်တွေ့ရတော့ ရှောက်ဟုန်ကို ပိုသတိရမိပါတယ်။ သူနဲ့လည်း အလောင်းအစားလုပ်ဖို့ စိတ်ကူးမရှိတော့ပါ။ သူနဲ့ကျွန်တော်ရဲ့ အလောင်းအစားပွဲကို သူမှတ်မိလား မမှတ်မိလားလည်း ကျွန်တော်မသိပါ။ သူရှုံးရင်လည်း ရှောက်ဟုန်ကို ရိုက်ခဲ့သလို အပြုအမူမျိုးတွေ ထပ်လုပ်ဖို့ စိတ်ကူး သူ့ဆီမှာ ရှိသေးသလား၊ မရှိတော့ဘူးလားလည်း ကျွန်တော် မခန့်မှန်းတတ်ပါ။ ခွေးတစ်ကောင်ကို အကြောင်းပြုပြီး ဖြစ်ခဲ့တဲ့ ရှက်စရာလောင်းကစား တစ်ခုကတော့ အခုထိ ကျွန်တော့်ရင်ကို ထိထိရှရှ ထင်ကျန်နေတယ် ဆိုတာကတော့ အသေအချာ။