စိတ်ဒုက္ခဖြစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ

စိတ်ဒုက္ခဖြစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ
Published 21 April 2018

Photo း brittanymyersart

ငယ်ငယ်က လူကြီးတွေပြောရင် နားမလည်နိုင်တဲ့ စကားတစ်ခွန်းရှိခဲ့တယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့  စာတွေမကျက်ချင်၊ စာမေးပွဲမဖြေချင်၊ လူကြီးတွေချုပ်ချယ်တာ မခံချင်တော့တဲ့အခါ ပြောကြတယ်၊ လူကြီးဖြစ်ချင်တယ်၊ လူကြီးဖြစ်ရင် ပျော်စရာကောင်းမှာပဲဆိုတော့ သူတို့က ပြန်ပြောတယ်၊ ကလေးဘဝက အကောင်းဆုံးပဲတဲ့။

အဲဒီတုန်းက နားမလည်ခဲ့ပေမယ့် အသက်ကြီးလာလေလေ နားလည်လာလေလေပဲ။ ငယ်ငယ်တုန်းက အကြီးကြီး ထင်ခဲ့ရတဲ့ စိတ်ဒုက္ခတွေဟာ ခုကြုံနေရတာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ ကျောင်းမှာ ဖြေခဲ့ရတဲ့စာမေးပွဲတွေထက် ဘဝစာမေးပွဲတွေမှာ အောင်မြင်ဖို့က လိုအပ်ချက်တွေ ပိုများလာတယ်။ အဲဒီတုန်းက စည်းကမ်းကြီးတဲ့ ဆရာ ဆရာမတွေကို တုန်နေအောင် ကြောက်ခဲ့ရတာတွေက အပြုံးချိုချိုလေးတွေသုံးပြီး နောက်ကျောဓားနဲ့ ထိုးတတ်သူတွေနဲ့ ယှဉ်တဲ့အခါ ဘာမှ မဟုတ်တော့ဘူး။ ဖြူဖြူစင်စင် ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ နေရာမှာ ‘စိတ်မကောင်းလိုက်တာ’ ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး ကိုယ်ပျက်စီးရှုံးနိမ့်တာကို ကြိတ်ဝမ်းသာနေတဲ့သူတွေ အစားထိုးဝင်ရောက်လာတယ်။ ကျောင်းမထုတ်ခံရဖို့ဆိုတာ စည်းကမ်းကြီးကြီးမားမား မဖောက်ဖျက်ရင် ဖြစ်နိုင်ပေမယ့် အလုပ်မထုတ်ခံရဖို့ကတော့ အချိန်ပြည့် ကြိုးစားနေရသလို ဘာမှမမှားဘဲနဲ့လည်း ဝန်ထမ်းလျှော့တဲ့အထဲ နေရင်းထိုင်ရင်းပါသွားနိုင်တယ်။

ချစ်ရခင်ရသူတွေနဲ့  ခွဲခွာရတာတွေ များလာတယ်။ ပြိုင်ရတဲ့ ပြိုင်ပွဲတွေ များလာတာ နဲ့အမျှ ရှုံးပွဲမရှိ စံချိန်ဆိုတာတွေ ကျိုးပျက်လာတယ်။ ငယ်ငယ်က မိဘကလိုသမျှ ဖြည့်ဆည်းပေးခဲ့ပေမယ့် ကြီးလာတော့ ဆန္ဒနဲ့ ဘဝဟာ တစ်ထပ်တည်း အမြဲမကျနိုင်ဘူးဆိုတာ သဘောပေါက်လာတယ်။ ကိုယ်ဖြစ်ချင်တာ တွေဖြစ်လာဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာ မဖြစ်ချင်တာတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားလာရတယ်။ ဒါကိုပဲ ရင့်ကျက်ခြင်းလို့ ခေါ်တယ်။ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့ မရှိမဖြစ် လိုအပ်ချက်လည်း ဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထား သလိုပါပဲ၊ ဘဝဆိုတာ ဒုက္ခတွေနဲ့ ပြည့်နှက်နေတာပါ။ ကြည့်ကြည့်လိုက်ပါ၊ ဒုက္ခကင်းတဲ့ ဘဝဆိုတာ ဘယ်မှာမှ  မရှိပါဘူး။ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ဖို့  ပြောနေတာမဟုတ်ပေမယ့် ဘဝတစ်ခုကို ဖြတ်သန်းတဲ့အခါ ဒုက္ခဆိုတာ ပါလာမယ်၊ ဒါကို ရှောင်လွှဲလို့ မရဘဲ အရှိ အရှိအတိုင်း လက်ခံနိုင်ဖို့ လိုတယ်ဆို တာလေးပြောချင်တာပါ။

ကိုယ့်ဘဝမှာ ကိုယ်နဲ့ ကတောက်ကဆ ဖြစ်နေချိန် ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်၊ ကိုယ်ချစ်ရသူ တစ်ယောက်ယောက် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ သိပ်ကို အောင်ချင်လို့ တအားကြိုးစားဖြေဆိုထားတဲ့  အင်တာဗျူးတစ်ခု ကျသွားတာမျိုး၊ ပြိုင်ပွဲတစ်ခုမှာ ရှုံးသွားတာမျိုး၊ ကိုယ်သိပ်ချစ်ရတဲ့သူ တစ်ယောက်ဆီက အကြောင်းမဲ့ လမ်းခွဲစကား ပြောတာခံလိုက်ရတာမျိုး၊ ကိုယ်အင်မတန်ယုံကြည်သူတစ်ယောက်ရဲ့ လိမ်ညာတာကို သိလိုက်ရတာမျိုး၊ အဓမ္မပြုကျင့်တာလို၊ အရှက်ခွဲခံရတာ၊ အနိုင်ကျင့်ခံရတာလို အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုခုနဲ့ ကြုံခဲ့ရတာမျိုး စသဖြင့် ရှိပါသလား။ အဲဒီလိုအဖြစ်အပျက်တွေ၊ ရှုံးနိမ့်မှုတွေကြောင့် အရာရာ ပြိုလဲသွားတာမျိုးးရော ဖြစ်ဖူးပါသလား။

တကယ်တော့ ဒီလိုဆုံးရှုံးမှုတွေ၊ ရှုံးနိမ့်မှုတွေကို ရှောင်လွှဲလို့ မရနိုင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ဒါတွေကို ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မလဲဆိုတာပါပဲ။

စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Martin Seligman က ပြောတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကနေ ပြန်လာနိုင်ဖို့ လူတစ်ယောက်ကို ဟန့်တားနိုင်တဲ့ အရာသုံးခု (3 P) ရှိပါတယ်တဲ့။

၁။ Personalization - ကိုယ့်အပြစ်ကြောင့်၊ ကိုယ်အသုံးမကျလို့ ဒီလိုဖြစ်တာလို့ ခံယူတတ်ကြတယ်။

၂။  Pervasiveness - ကိုယ့်ဘဝရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေအားလုံးမှာလည်း ဒါကြီးက သက်ရောက်မှုရှိလိမ့်မယ်လို့ မှတ်တတ်ကြတယ်။

၃။ Permanence - ဒီကိစ္စကြီးက အမြဲတည်တံ့နေတော့မယ်လို့ ထင်တတ်ကြတယ်။

ဥပမာဆိုပါတော့ ကိုယ်မျှော်လင့်ချက် အပြည့်နဲ့ တအားကြိုးစားခဲ့ရတဲ့ အင်တာဗျူးတစ်ခု ကျသွားပြီး နောက်တစ်ယောက်က ကိုယ့်အစား ရွေးချယ်ခံလိုက်ရတယ်။ အဲဒါက ကိုယ်အသုံးမကျလို့ ဖြစ်တာလို့တွေးတယ် (Personalization) ။ ငါဟာ ဘယ်နေရာမှာမှလည်း အောင်မြင်မယ့်သူ မဟုတ်ဘူးလို့ တွေးတယ်။ ကျန်တဲ့ဘဝရဲ့ အစိတ်အပိုင်းတွေမှာပါ အဆင်မပြေဖြစ်လာတယ် (Prevasiveness) ။ နောက်ထပ်လည်း ကြိုးစားချင်စိတ် မရှိတော့ဘူး။ ငါဟာ အမြဲရှုံးနိမ့်နေတော့မှာ လို့တွေးတယ် (Permanence) ။

Facebook ရဲ့  Sheryl Sandberg က သူ့ရဲ့ Option B ဆိုတဲ့ စာအုပ်မှာ ရေးဖူးတယ်။ သူ့အမျိုးသားက ပြေးစက်ပေါ်မှာပြေးနေရင်း ရုတ်တရက်ဆုံးပါးသွားတယ်။ အဲဒီအဖြစ်ဆိုးကြီး ကြုံပြီးနောက်မှာရုန်းကန်ထပြီး ပုံမှန်အနေအထား ပြန်ရောက်နိုင်ဖို့အတွက် သူလည်းဒီ 3 P ကိုကျော်ဖြတ်ခဲ့ရတယ်။ သူဘယ်လိုထင်သလဲဆိုတော့ ငါဂရုမစိုက်လိုက်လို့ ယောကျ်ားးဖြစ်သူ ဒီလိုဖြစ်တာပေါ့။ ပြေးစက်ပေါ်ကနေ ပြုတ်ကျပြီး ခေါင်းထိသွား တယ်ထင်လို့  ငါသာ စောစောရောက်လိုက်ရင် သူ့အသက် မီနိုင်တယ်လို့ တွေးတယ်။ သူ့အမျိုးသား ဆုံးပြီးနောက်ပိုင်း လုပ်ငန်းခွင်မှာလည်း အဆင်မပြေတော့ဘူး။ သူရော သူ့ကလေးနှစ်ယောက်ရဲ့ ဘဝတွေအကုန် ဒုက္ခရောက်ပြီလို့ ထင်နေမိခဲ့တယ်။ နောက်ပြီး ဒီစိတ်ဒဏ်ရာ၊ ဒီအရိပ်ဆိုးကြီးက သူတို့ ကျန်ရစ်တဲ့မိသားစုမှာ ရှိနေတော့မှာလို့ တွေးတယ်။

နောက်မှ သူ့ယောကျ်ားဟာ နှလုံးသွေးကြောပြဿနာကြောင့် သေဆုံးတာလို့ သိရတယ်။ သူ့အပြစ် ဘာမှမပါပါဘူးပေါ့။ လုပ်ငန်းခွင်နဲ့ သူတို့မိသားစုရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း နဂိုအတိုင်း ပျော်ရွှင်မှုတွေ ရနိုင်တယ်လို့  မြင်လာတယ်။ ဒီအရိပ်ဆိုး၊  ဒီစိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်တယ်လို့လည်း ယုံကြည်လာတယ်။ ဒါကြောင့် သူက သူ့အမျိုးသားဆုံးပါးသွားတဲ့ အဖြစ်ဆိုးတစ်ခုကနေ ပြောပြသွားတယ်၊ အဲဒီ 3 P ကနေ မြန်မြန်ရုန်းထွက်နိုင်တဲ့သူဟာ ရှုံးနိမ့်မှုတစ်ခု၊  အဖြစ်အပျက်ဆိုးတစ်ခု ကြုံပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် မြန်မြန်ပြန်တည်ဆောက်နိုင်ပါတယ်တဲ့။

အဓိကကတော့ အတွေးတွေကိုပြောင်းဖို့ပေါ့။ တချို့ကိစ္စတွေဟာ ကိုယ့်အမှားကြောင့်  ဖြစ်တာမှန်ပေမယ့်  အခါခပ်သိမ်းတော့ မဟုတ်ပါဘူး။ ဥပမာ အင်တာဗျူးမှာ လူရွေးတော့ ကိုယ်က တော်ပါလျက်နဲ့ အချင်းချင်းရင်းနှီးသူကို ရွေးလိုက်တာမျိုး ရှိတတ်တယ်။ နေရင်း ထိုင်ရင်း သွားရင်း လာရင်းနဲ့ အဓမ္မပြုကျင့်တာ၊ လိင်အကြမ်းဖက်မှုတစ်ခုခု ကျူးလွန်ခံလိုက်ရတာမျိုး ရှိနိုင်တယ်။ ကိုယ်စိတ်အခန့် မသင့်လို့ စကားမာမာ ပြောမိလိုက်ပြီး မကြာခင်မှာပဲ ကိုယ့်မိသားစုဝင်တစ်ယောက် ရုတ်တရက် အသက်ဆုံးရှုံးသွားတယ်။ အဲဒါမျိုးဆိုလည်း ကိုယ်ပြောလို့ ဖြစ်တာမဟုတ်ပေမယ့် သူ့ကို ဒီလိုလေး မပြောခဲ့သင့်ဘူးဆိုပြီး နောင်တရနေတတ်တာပဲ။ အဲဒီလို ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတစ်ခုအတွက် ငါ့အပြစ်ကြောင့်ဖြစ်တာဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်နိုင်ဖို့လိုတယ်။

နောက်တစ်ခု၊ ဒီတစ်နေရာမှာ ရှုံးနိမ့်သွားတိုင်း၊ ဒီလိုအဖြစ်အပျက်ဆိုးတွေ ကြုံလိုက်ရတိုင်း ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတာ မဟုတ်ဘူး။ ယောကျ်ားကဆိုးလို့ အိမ်ထောင်ကွဲသွားတာနဲ့ပဲ အရာအားလုံး ပြိုလဲသွားမှာ မဟုတ်ဘူး။ အသည်းကွဲလို့၊ အဖေအမေဆုံးသွားလို့၊ အလုပ်ပြုတ်သွားလို့ ငါ့ဘဝတစ်ခုလုံး ပျက်စီးသွားပြီတွေးစရာ မလိုပါဘူး။ ကျန်တဲ့အစိတ်အပိုင်းတွေဟာ သတ်သတ်ဖြစ်ပါတယ်။ သူ့ဟာနဲ့သူ ဖြစ်တည်နေပါတယ်။ ဒါကို ခွဲခြားပြီးတော့ မြင်ကြည့်ပေးပါ။

နောက်ဆုံးတစ်ခုကတော့ အမြဲအရိပ်လို လိုက်နေမှာဆိုတဲ့ အတွေးမျိုးပါ။ ဒီတစ်ခါ ရှုံးနိမ့်သွားတာဟာ ဒီတစ်ခါပါပဲ။ ကိုယ့်ရဲ့ အားထုတ်မှုမှန်သမျှ ရှုံးနိမ့်နေတော့မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ဝမ်းနည်းစရာတွေနဲ့ အဆုံးသတ်သွားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီတစ်ပုဒ်စာပါပဲ။ ထပ်ပြီး ဖြစ်လာမယ့် အချစ်ဇာတ်လမ်းတိုင်းဟာ ဒီလိုပြီးဆုံးမှာ မဟုတ်ပါဘူး။ မအောင်မြင်လို့၊ အရှုံးပေါ်လို့ လုပ်ငန်းတစ်ခု ရပ်လိုက်ရခြင်းဟာ ထပ်လုပ်မယ့် လုပ်ငန်းမှန်သမျှ ရှုံးနေမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

ခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ တွေ့ရများလာတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်လို့လည်း ကျူးလွန်ခံလိုက်ရတဲ့သူတွေကို ဒါလေး သိစေချင်တယ်။ ဒီလိုအဖြစ်အပျက်မျိုးနဲ့ ကြုံလိုက်ရတာ ကိုယ့်အပြစ် လုံးဝမဟုတ်သလို ဒီလိုကြုံလိုက်လို့လည်း ကိုယ့်ဘဝတစ်ခုလုံး စုတ်ပြတ်သွားပြီမထင်ပါနဲ့။ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် သေချာစနစ်တကျ တည်ဆောက်ယူနိုင်ပါတယ်။ ဘဝရဲ့ ကျန်အစိတ်အပိုင်းတွေဟာ သူ့ဟာနဲ့သူပဲ ရှိနေတာပါ။ အဲဒီလိုပဲ၊ ဒီအဖြစ်ဆိုးကြီးက ကိုယ့်ဘဝရဲ့တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ပြန်ပါဘူး။ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူတစ်ယောက်အနေနဲ့ လောကအလယ်မှာ ဆက်လက်ရပ်တည်နိုင်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် အရှုံးတွေကို လက်ခံနိုင်ပုံချင်းမတူကြသလို၊ ကြုံရတဲ့ အဖြစ်အပျက်တွေရဲ့ ဆိုးရွားမှုချင်းကလည်း မတူကြပါဘူး။ တကယ်လို့များ ကိုယ်ဟာ အရှုံးတွေ၊ စိတ်ဒုက္ခတွေကို သိပ်ပြီးလက်မခံနိုင်ဘူး၊ ဒါမှမဟုတ် ဘဝမှာ သိပ်ကိုမှ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရဖူးတယ်ဆိုရင်တော့ ခုပြောခဲ့တဲ့  3 P ကို သိထားဖို့နဲ့ ကျော်လွှားနိုင်ဖို့ လိုပါတယ်။

လူရယ်လို့ ဖြစ်လာရင် ကျွန်တော်တို့မှာ အကြွေစေ့လေးတွေ ရလာပါတယ်။ ဆုံတွေ့ခြင်းဟာ ‘ခေါင်း’ ဆိုရင် ခွဲခွာခြင်းဟာ ‘ပန်း’ ပါ။ အောင်မြင်ခြင်းဟာ ‘ခေါင်း’ ဆိုရင်လည်း ရှုံးနိမ့်ခြင်းဟာ ‘ပန်း’ ပါ။ ပျော်ရွှင်ခြင်းက ‘ခေါင်း’ ဆိုရင်တော့ ဝမ်းနည်းခြင်းက ‘ပန်း’ ပါ။ သုခတွေက ‘ခေါင်း’ ဆို ဒုက္ခတွေက ‘ပန်း’ ပေါ့။ ‘ခေါင်း’ တွေပဲ လိုချင်ပါတယ်ဆိုပြီး တောင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ‘ခေါင်း’ ကျတဲ့အခါ ပျော်နေတဲ့ တစ်ချိန်တည်းမှာပဲ ‘ပန်း’ ဘက်ခြမ်းမှာ ပါလာတဲ့ အဆိုးတရားတွေကို လက်ခံပြီး ရုန်းကန်ထနိုင်စွမ်းရှိလာအောင် ကြိုးစားဖို့ပါပဲ။