ရေအိမ်တံခါး

ရေအိမ်တံခါး
Published 21 April 2018

Photo: skscf

အမှန်တကယ် တပ်ချင်သည့်ခေါင်းစဉ်က ‘ရေအိမ်တံခါး’ မဟုတ်ပါ။ ‘အိမ်သာတံခါး’ ဖြစ်ပါသည်။ သို့သော် ‘အိမ်သာ’ ဟုသုံးရမည်ကို စာဖတ်သူကို အားနာလှသောကြောင့် ‘ရေအိမ်’ ဟု အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။ နံနက်ခင်း စောစောစီးစီး သတင်းစာဖတ်မိသူများအဖို့ ‘အိမ်သာ’ ဟူသောအသုံးအနှုန်းက မသတီရွံရှာဖွယ် ဖြစ်သွားစေနိုင်ကြောင်း တွေးမိသွားသောကြောင့်လည်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်ပြောချင်သည့် အကြောင်းအရာကတော့ ရွံစရာမဟုတ်ပါ။ တွေးတောချင်စရာမျှသာ ဖြစ်ပါသည်။ သို့ပါသော်လည်း စာဖတ်သူကို ရိုသေလေးစားသောအားဖြင့် ဤနေရာမှစတင်ကာ ‘ရေအိမ်’ ဟုပင်သုံးစွဲကာ ရေးသားချင်ပါသည်။ တကယ်တော့ ကျွန်တော်ရေးချင်သည်မှာ ‘ရေအိမ်’ အကြောင်းမဟုတ်။ ‘ရေအိမ်တံခါး’ အကြောင်းသာ ဖြစ်ပါသည်။ သူသူငါငါ နေ့စဉ်မြင်ဖူးနေကျ မထူးဆန်းလှသော ရေအိမ်တံခါးတစ်ချပ် အကြောင်းပင်ဖြစ်ပါသည်။

ကျွန်တော်တို့အိမ်မှာ ရေအိမ်တစ်လုံးရှိပါသည်။ ထိုရေအိမ်မှာ တံခါးတစ်ချပ် တပ်ဆင်ထားပါသည်။ အဆိုပါ ရေအိမ်သို့တက်ပြီးတိုင်း ရေအိမ်တံခါးကို ဝုန်းခနဲအသံမြည်အောင် ပိတ်သူများမှာ အဘိုး၊ အမေနှင့် အစ်ကိုကြီးတို့ ဖြစ်ကြပါသည်။ ကျွန်တော်သည် ရေအိမ်တံခါးပိတ်တိုင်း ထိုကဲ့သို့ ဘယ်တော့မျှပိတ်လေ့မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ရေအိမ်တံခါး၏အခြေအနေမှာ တော်တော်လေးဆိုးရွားနေပြီ ဖြစ်သောကြောင့်ပင်။ သူ့ဘာသာ ဤအတိုင်းနေပုံကိုက ယိုင်တိယိုင်ရွဲ့နှင့် ခပ်ယဲ့ယဲ့ လူမမာတစ်ယောက်သဖွယ်ဖြစ်နေသော ရေအိမ်တံခါးခမျာ လက်နှင့်ဆုပ်ကိုင်ပြီး ဝုန်းခနဲမြည်အောင် အတွန်းခံရမည်ဆိုလျှင် မည်သို့သောအခြေအနေသို့ ရောက်သွားနိုင်မလဲဆိုသည်မှာ တွေးပင်မတွေးဝံ့သော ကိစ္စဖြစ်ပါသည်။

ကျွန်တော်သည် ထိုကဲ့သို့ ဝုန်းခနဲမြည်အောင် အတွန်းခံရသည့်အခါတိုင်း (ကျွန်တော့်အခန်းက ရေအိမ်နှင့် ခပ်လှမ်းလှမ်းမှာ ရှိသောကြောင့် ကြားသိမြင်တွေ့နေရပါသည်) ရေအိမ်ဘက်မှနေ၍ အယူခံဝင်သည့် သဘောစိတ်ထဲမှ တိုးတိုးလေးရေရွတ်ကာ ‘ကျေးဇူးပြုပြီး ဖြည်းဖြည်းလေး ပိတ်ပေးပါလား’ ဟု တိုးလျှိုးတောင်းပန်နေမိတတ်ပါသည်။ ကျွန်တော့်အတွေးထဲမှာ ယိုင်တိယိုင်ထိုးနှင့် လျှောက်လာသည့် လူတစ်ယောက်ကို ဆောင့်တွန်းလိုက်သည့်သဖွယ် ထင်မြင်ကာ ရေအိမ်တံခါးကိုယ်စား နာကျင်သွားမိပါသည်။ ‘ဘာလို့များ ရေအိမ်တံခါးအပေါ် မစာမနာပြုမူရက်ကြတာလဲ’ ဟု တစ်ကိုယ်တည်း မကျေမနပ်တွေးကာ မေးနေမိပါသည်။

တကယ်တော့ ကျွန်တော်တို့ ရေအိမ်တံခါး၏ သက်တမ်းမှာ မနည်းလှတော့။ ကျွန်တော့်အထင် ၁၅ နှစ်ဝန်းကျင် ရှိလောက်ပေလိမ့်မည်။ တာလပတ်စကို နှစ်ခေါက်ခေါက်ပြီး ပတ်ပတ်လည် သစ်သားပြားပါးပါးလေးများဖြင့် ဘောင်ခွေကာ ပတ္တာနှစ်ခုတပ်ထားသော ရေအိမ်တံခါးတစ်ချပ်ကို မျက်လုံးထဲ မြင်ယောင်ကြည့်လိုက်ပါ။ သူစဖြစ်တည်လာကတည်းက မိုးဒဏ်၊ လေဒဏ်၊ လူဒဏ် အထွေထွေဒဏ်ရာဒဏ်ချက်များကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသော သူ့လောကဓံက သူ့ဘဝအမှန်ကို ပြောပြနေပါသည်။ သည်ကြားထဲ ခဏခဏချူချာလှသောသူ့ကို ကျွန်တော်တို့အိမ်သားများက မကြာခဏ ကုစားပေးရသောအခါ ယိုယွင်းပြိုဆင်းလာရသော သူ၏ရုပ်ရည်ရူပကာယမှာ တောင့်တောင့်တင်းတင်း ဖြောင့်ဖြောင့်ဆင်းဆင်း မဟုတ်တော့ချေ။ မိုးဒဏ်ကာလဒဏ်ကြောင့် ဆွေးရိလာသောသစ်ပြားများက သံရိုက်သည့်ဒဏ်ကိုပင် မခံနိုင်တော့။ ထိုအခါ သံနေရာမှာ သွပ်ကြိုး (ဝါ) ပလတ်စတစ်ကြိုးကို အစားထိုးရတော့သည်။ ဟိုနေရာက သွပ်ကြိုးချည်၊ ဒီနေရာက ပလတ်စတစ်ကြိုးချည်နှင့် ပုံလျက်သား လဲကျမသွားအောင် ကြိုးအထပ်ထပ်နှင့် တုပ်နှောင်ခံလိုက်ရသောအခါ သူ၏ပင်ကိုရုပ်ပင် မပီပြင်ချင်လှတော့။ သူ့ပုံပန်းက ပတ်တီးအထပ်ထပ် စည်းထားသော လူမမာတစ်ယောက် မတ်တတ်ရပ်နေသည့်သဖွယ်၊ ချိုင်းထောက်နှစ်ခု အားပြုကာ လမ်းလျှောက်လာသည့် ဒုက္ခိတတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့။ ကျွန်တော် ထိုကဲ့သို့ပင် မြင်ယောင်နေမိပါသည်။ သူ့ကိုယ်စား နာကျင်ခံစားနေမိပါသည်။ သူ့အတွက် ရင်ထုမနာ ဖြစ်နေမိပါသည်။ တကယ်တော့ သူသည် သက်မဲ့တံခါးတစ်ချပ်သာဖြစ်ပါသည်။ ယခင်က ထောင့်မှန်စတုဂံပုံအဖြစ် မွေးဖွားလာခဲ့သောသူသည် ယခုအခါ စတုရန်းမက တြိဂံလည်းမကျ ယိုင်တိယိုင်တ ရွဲ့တိရွဲ့စောင်း ပုံစံတစ်မျိုးပြောင်းသွားသည်ဟု ဆိုရပေတော့မည်။ ဤသည်ပင် လက်ရှိ ကျွန်တော်တို့နှင့် လက်ပွန်းတတီး ဆက်ဆံနေရသော ရေအိမ်တံခါးတစ်ချပ်၏ ရုပ်ပုံလွှာဖြစ်ပါသည်။

ပြောရမည်ဆိုလျှင် ကျွန်တော်တို့သည် တခြားတံခါးများအပေါ် စိတ်ဝင်စားမှု ပိုသလောက် ရေအိမ်တံခါးအပေါ်မှာတော့ စိတ်ဝင်စားမှု လျော့နည်းသယောင်ရှိပါသည်။ ဒါကလည်း သဘာဝကျပါသည်။ ‘ရေအိမ်’ ဟူသော အသံကြားလျှင် လူအများစုက နှာခေါင်းရှုံ့ကြစမြဲ မဟုတ်လား။ ‘ရေအိမ်’ သည် ရွံ့စရာ၊ မသတီစရာ၊ အညစ်အကြေးစွန့်ရာ အရပ်ဌာနတစ်ခုဖြစ်နေသောကြောင့်ပင်။ တတ်နိုင်လျှင် ရေအိမ်ထဲ မြန်မြန်ဝင်ပြီး မြန်မြန်ထွက်ချင်သည်။ မလွှဲမကင်းသာသောကြောင့်သာ ဆက်ဆံနေရသည့် သူ့ကိုအသုံးပြုပြီးသည်နှင့် ခပ်ဝေးဝေးမှသာ နေချင်ပါသည်။ သူ့ကို မချစ်သော်လည်း အောင့်ကာနမ်းနေရခြင်းဖြစ်သည်။ ခပ်ကင်းကင်းနေ၍ရလျှင် နေလိုက်ချင်သည်။ ထို့ကြောင့်လည်း ကျွန်တော်တို့သည် သူ့ကိုအသုံးပြုပြီးသည်နှင့် ဖြစ်ချင်ရာဖြစ် ‘ကျီးထိုးထိုး ခွေးစားစား’ သဘောမျိုး သူ့ကို ကျောခိုင်းစွန့်ပစ်ချန်ထားရစ်ခဲ့ကြလေသည်။ မိမိတို့နောက်ကွယ်၌ သူဘယ်လိုဖြစ်ပြီး ကျန်ရစ်နေပါစေ။ ကိစ္စမရှိ။ စိတ်လည်းမဝင်စား။ သနားလည်း မသနား။ စဉ်းလည်း မစဉ်းစား။ ဒင်းကို မလွှွဲသာလို့ ဆက်ဆံနေရတာမှန်။ ဒင်းက နံလည်းနံ။ ညစ်လည်းညစ်ပတ်။ ကျက်သရေလည်းမရှိ။ အမင်္ဂလာအတိ။ ထွီ ရွံ့စရာကောင်းလိုက်ပါဘိ။ ကိစ္စမြန်မြန်ပြီးသည်နှင့် ဒင်းထံပါးမှ ဝေးရာသို့ ပြေး၍သာ နေလိုက်ချင်ပါတော့သည်ဆိုပြီး ကျေးဇူးကန်းကြပါတော့သည်။

တွေးကြည့်လျှင် ‘ရေအိမ်’ သည် ကျွန်တော်တို့၏ ကျေးဇူးရှင်အမှန်ပင်။ ‘ရေအိမ်’ က ကျေးဇူးရှင်ဆိုနေမှတော့ ‘ရေအိမ်တံခါး’ သည်လည်း ကျေးဇူးရှင်ပင် ဖြစ်ရပါလိမ့်မည်။ သို့ဆိုပါလျှင် ကျွန်တော်တို့၏ ကျေးဇူးရှင်တံခါးကို မညှာမတာ မကြင်နာ ဝုန်းခနဲ ဒိုင်းခနဲ ဆွဲဖွင့် ဆွဲပိတ်ပြုလုပ်သင့်ပါသလား။ ပို၍ဆိုးသည်က အကောင်းပကတိဘဝမှ ဂိလာနဘ၀ အသွင်ပြောင်းလာသော ရောဂါသည် တံခါးကို ယုယုယယ ကြင်ကြင်နာနာမဆက်ဆံဘဲ ‘သူ့ကျေးဇူး ဘာရှိလို့လဲ’ ဆိုသည့် သဘောနှင့် ဖြစ်ချင်ရာဖြစ် ကန်ကျောက်ကာ ထားပစ်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်သည် အတူနေအိမ်သားများ ရေအိမ်တံခါးကို ထိုကဲ့သို့ ပြုမူဆက်ဆံကြသည့်အခါတိုင်း ရေအိမ်တံခါး၏ ငိုညည်းသံကို ကြားယောင်လာသည်ဟုပင် ထင်မိပါသည်။ ကျွန်တော့်နားထဲမှာတော့ ‘အောင်မယ်လေးဗျာ ကျုပ်ခါးရိုးတွေ ကျိုးပါပေါ့လား’၊ “ကျုပ်နံရိုးတွေ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်လာပါပေါ့လား” ဟု အသံထွက် အော်ညည်းသံများကိုပင် ကြားယောင်လာမိသလိုပင်။

ကျွန်တော်တို့၏ ‘ရေအိမ်တံခါး’ သည် အပစ်ပယ်ခံဘဝနှင့် နိဂုံးမချုပ်သင့်ပေ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အလေးတယူ နေရာပေးခြင်းမခံရသည့် ‘အထီးကျန်ဘဝ’ နှင့် ဘဝအဆုံးမသတ်သင့်ပေ။ သူသည် ကျွန်တော်တို့အတွက် မရှိမဖြစ် အရာတစ်ခုဖြစ်ကြောင်း မည်သူမှ မငြင်းဆန် မတွန်းလှန်နိုင်ပါ။ သူနှင့် မခေါ်မပြောဘဲနေ၍ရသော်လည်း သူနှင့်မဆက်ဆံ မပတ်သက်ဘဲ နေ၍တော့မရသည်မှာ သေချာပါသည်။ တကယ်တော့ သူသည် ကျွန်တော်တို့၏ အညစ်အကြေးများကို လှပစွာ ဖုံးကွယ်ပေးထားသော အရာတစ်ခုဖြစ်သည်။ ကျွန်တော်တို့၏ ဝန်ထုပ်ဝန်ပိုးများကို မညည်းမညူ သယ်ပိုးထမ်းရွက်ပေးထားသော ဝန်ထမ်းကောင်းလည်းဖြစ်သည်။ ကျွန်တော်တို့၏ ကျန်းမာရေး လှပရေး စမတ်ကျရေးအတွက် အဖက်ဖက်ကနေ ကူညီဖြည့်ဆည်းပေးနေသူလည်းဖြစ်သည်။ တွေးကြည့်လိုက်စမ်းပါ။ သူသာမရှိခဲ့လျှင် ကျွန်တော်တို့ ဘယ်လောက်များ ပေရေညစ်ပတ်နံစော်နေလိမ့်မလဲ။ သူသာ မကူညီခဲ့လျှင် ကျွန်တော်တို့ ဘယ်လောက်များ ရောဂါဘယတွေ ထူပြောနေပါလိမ့်မလဲ။ သူသာမကယ်လျှင် ကျွန်တော်တို့မှာ သေဖွယ်ရာသာရှိတော့သည် မဟုတ်ပါလား။ သူ့လောက် ကျွန်တော်တို့အပေါ် အနွံတာခံသည်မှာ သူသာရှိပါသည်။ သူ့လောက် ကျွန်တော်တို့ဆိုးသမျှ တေသမျှ ပေသမျှ ညစ်ပတ်သမျှ မရွံမရှာ သုတ်သင်ဖယ် ရှားရှင်းလင်းပေးသည်မှာ သူသာရှိပါသည်။ တွေးကြည့်လေလေ သူသည် တကယ့်ကျေးဇူးရှင် ပီသလေလေပင်။

နောက်ဆုံးအနေနှင့် သူ့ကိုယ်စား ကျွန်တော်မေတ္တာရပ်ခံချင်ပါသည်။ အနည်းဆုံး တစ်နေ့တစ်ခေါက်တော့ မလွဲမသွေ ဆက်ကိုဆက်ခံရမည့် ရေအိမ်တံခါးကို ဥပေက္ခာနှလုံးသားနှင့် ကျောခိုင်းစွန့်ပစ်ချန်ထားမရစ်ခဲ့ကြပါနှင့် မိတ်ဆွေတို့။ ကျေးဇူးပြုပြီး ရေအိမ်တံခါးလေးကို ညင်ညင်သာသာ ကြင်နာယုယ ဖွဖွကလေး ပိတ်ပေးကြစေချင်ပါသည်။ ရေအိမ်တံခါးက အဆင့်နိမ့်ပြီး ဧည့်ခန်းတံခါးက အဆင့်မြင့်သည်ဟုဆိုကာ လူတန်းစားခွဲခြားသလို တံခါးအမျိုးအစား ခွဲခြားမဆက်ဆံလိုက်ပါနှင့်ဟု ရေအိမ်တံခါးကိုယ်စား ကျွန်တော် တောင်းပန်စကားဆိုလိုက်ချင်ပါသည်။