ပြီးခဲ့ပြန်ပေါ့သြင်္ကန်

ပြီးခဲ့ပြန်ပေါ့သြင်္ကန်
Published 19 April 2018

သြင်္ကန်အတက်နေ့တွင် ရန်ကုန်မြို့၌ ရေကစားနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁)

ထိုင်းလူမျိုးတွေက ဆုံကရမ်လို့ ခေါ်ကြတယ်။ ကိုယ့်တိုင်းပြည်မှာတော့ သြင်္ကန်ပေါ့နော်။ ငယ်ငယ်တုန်းကတော့ သိပ်ပျော်တာပေါ့။ သြင်္ကန်နီးပြီဆို အလိုလိုကို ကျလိကျလိ ဖြစ်နေတာ။ အမေက မျက်စောင်းတခဲခဲနဲ့ပေါ့။ ကောင်မ တော်တော်ထ၊ မှတ်ပုံတင်မရခင် လင်ရနေမယ်တဲ့။ အမေပြောတဲ့ မှတ်ပုံတင်ဆိုတာက ၁၈ နှစ်ပြည့် နိုင်ငံသားကတ်။ အခုတော့ အဲဒီကတ်သာမက ပတ်စ်ပို့ပါ လက်ထဲမှာရှိခဲ့ပြီ။ အမေပြောတဲ့ မှတ်ပုံတင်ရတာလည်း ခုနစ်နှစ်ရှိခဲ့ပြီ။ လင်ယူဖို့ဆိုတာ ဝေးလို့ ရည်းစားတောင် မရသေးဘူး။

(၂)

“ကျွန်မလည်း ရည်းစားထားဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး အမရယ်။ စက်ရုံက ခဏ ခဏ အိုဗာတိုင် ဆင်းရတယ်လေ။ ပျော်တာပေါ့ အမရယ် ပိုက်ဆံပိုရတာကိုး။ ဒါပေမဲ့ ည အချိန်မတော် ပြန်ရတာကျတော့ အဆင်မပြေလှဘူး။ ဘာဘာညာညာ သတင်းတွေကလည်း ကြားဖူးထားတာကိုး။ သူက အဲဒီလိုညတွေကျရင် စက်ရုံအဝကနေ လာစောင့်ကြိုပြီး အဆောင်ကို ပြန်လိုက်ပို့ပေးတယ်။ ကြာလာတော့ သံယောဇဉ်ဖြစ်ပြီး အားကိုးချင်မိတာ”

ကြက်စာစက်ရုံမှာ အလုပ်လုပ်တဲ့ ညီမလေး တစ်ယောက်က ပြောတာ။ ညီမလေးလို့ ဆိုရလောက်အောင် သူကလည်း ကျွန်မ ညီမလေးနဲ့ အသက်အတူတူ။ ကျွန်မထက် သုံးနှစ်ငယ်တယ်။

“အားကိုးချင်တာနဲ့ လင်ယူလိုက်တယ်ပေါ့လေ”

“အမကတော့ လုပ်ပြီ။ အားကိုးချင်တာ တစ်ခုတည်းဆို ကျွန်မကို ကြိုက်တဲ့ ချမ်းသာတဲ့ အဘိုးကြီးတွေကို ယူမှာပေါ့။”

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ရုပ်ကလေးက လှတပတ၊ အရွယ်လေးက ကောင်းတော့ ရောင်းရင် ဈေးကွက်တင်လို့ ကောင်းချိန်ပေါ့။ သူ့သူဌေးက တပည့်တွေကတစ်ဆင့် စကားပစ်သွင်းနေတာတို့၊ မန်နေဂျာက လက်ထပ်ခွင့်တောင်းတာတို့ ကျွန်မလည်း သိတာပေါ့။

“ဟုတ်ပါပြီအေ။ အရွယ်တူတွေ အချစ်ကို ကိုးကွယ်ခဲ့ကြတာပေါ့”

တမင်ရွဲ့ပြီး ခနဲ့သလို စလိုက်တယ်။ ညီမလေးတစ်ယောက် အနားမှာ ကောက်ရတယ်ဆိုပြီး သူ့ကို သံယောဇဉ်ဖြစ်ခဲ့ ချစ်ခဲ့တာဆိုတော့ သူကလည်း ကျွန်မ ဘာပြောပြော စိတ်မဆိုးပါဘူး။

(၃)

“ကျွန်တော်တို့ကို ဘယ်သူတွေက ဘာပြောပြောပါ အမရယ်။ ကိုယ့်ဘဝကို ကိုယ် နားလည်ဖို့သာ လိုရင်းပါ”

နောက်စုံတွဲ တစ်တွဲရဲ့ ခေါင်းတွဲ မောင်လေးက ပြောတယ်။ အဲဒီစုံတွဲကို ကျွန်မတို့ မြန်မာအသိုင်းအဝိုင်းက ရင်းနှီးခင်မင်သူတွေက အမေရိကန်လင်မယားလို့ ခေါ်ကြတယ်။ ကျွန်မလည်း ကြားသိကာစက အံ့သြခဲ့တာပေါ့။ ဘယ့်နှယ် ယိုးဒယားတောင်မှ ကံကောင်းလို့ တရားဝင်လာပြီး အလုပ်လုပ်ခွင့်ရတာ။ ဘာကိစ္စ အမေရိကန် ရတာလဲပေါ့။

နောက်တော့မှ သိရတာ။ သူတို့ လင်မယားက ကိုယ်ရတဲ့ လုပ်ခထဲက ကိုယ့်မိဘ၊ မိသားစုဆီ လစဉ်ပို့ပေးတာကို ဘယ်သူကမှ မငြိုငြင်ကြဘူး။ လစဉ် စားစရိတ်၊ အခန်းငှား စရိတ်တွေကိုက လင်မယားနှစ်ယောက် တစ်ယောက်တစ်ဝက် ထည့်ကြရသတဲ့။ အမေရိကန် မဖြစ်ပေမဲ့ အမေရိကန်စနစ် စစ်မစစ်ဖယ်ထား၊ ကိုယ်စားတာ ကိုယ်ပေး ဆိုတဲ့စနစ်ကနေ ဆင်းသက်လာတာကြောင့် အမေရိကန်လင်မယားတဲ့။

“အခုကတော့ ထားပါတော့ဟယ်။ နင်တို့ ကလေးတွေ ဘာတွေ ရလာရင် ဘယ်လို လုပ်ကြမှာလဲ။”

“မလာပါနဲ့ဦးလို့တော့ ပြောထားတာပဲ။ တားထားတဲ့ကြားက ရလာတော့လည်း အဘိုးအဘွားတွေဆီ ပြန်ပို့ရုံပေါ့ အစ်မရယ်။ ဒီအပျိုကြီးကလည်း အမေးအမြန်း ထူလိုက်တာ၊ လင်ယူချင်နေလို့များ စပ်စုနေတာလား မသိဘူး”

(၄)

နှစ်ဆယ်ကျော် အစိတ်ပိုင်းဆို အရွယ်တော် တစ်ဆိတ်ဟိုင်းပြီ ဆိုပြီး အပျိုကြီးစာရင်း သွင်းချင်သူက ခပ်များများကိုး။ ပြောသာပြောရတာပါ၊ အိမ်မှာ ကိုယ်က အကြီးဆုံးဆိုတော့ ဆယ်ကျော်သက်တို့၊ မြီးကောင်ပေါက်တို့၊ အပျိုဖြန်းတို့ဆိုတာ စကားလုံးတွေသာ ဖြစ်ခဲ့တာပေါ့။ ဘာမှ စိတ်ရူးလည်း မထနိုင်၊ စိတ်ကူးလည်း မယဉ်နိုင်ခဲ့ပါဘူး။

လေးတန်း အောင်ကတည်းက မြို့မှာ အလယ်တန်း သွားတက်ဖို့ကလည်း အဆင်မပြေ၊ အိမ်မှာလည်း လယ်ထဲ ကူလုပ်ဖို့ လူလိုတာကိုး။ အိမ်သားတစ်ယောက် အဖော်ရရင် အပြင်က လက်စားလိုက် အကူတစ်ယောက်စာ သက်သာတယ်လေ။ လက်စားလိုက် ဆိုတာကလည်း ရှားတော့ ရှားခဲ့ပါပြီ။ အခုအခါမှာ တစ်ခါတည်း နေ့တွက်ဖြစ်ဖြစ်၊ ပုတ်ပြတ်ဖြစ်ဖြစ် အပြတ်ပေးလိုက်ကြရတာ များတယ်။ စပါးပေးတို့၊ ပဲပေး နှမ်းပေးတို့ စသဖြင့် သီးနှံပေါ်မှ ပေးဆိုတာ မပိုင်ဝက်မွေးလို့ အောက်မေ့သူတွေ များလာပြီကိုး။

(၅)

အမေက ပြောတယ် ပိုင်တာ မပိုင်တာ ဖယ်ထား၊ ဝက်မွေးတာ စုဘူးလေး စုထားတာတဲ့။ ဝက်ပေါ်ချိန်မှာ ဖြစ်ဖြစ်၊ ဒိုင်ကို ရောင်းလိုက်ချိန်မှာ ဖြစ်ဖြစ် ပိုက်ဆံ တစ်လုံးတစ်ခဲတည်း ရတာကိုး။ ဝက်ပေါ်တာကလည်း ပထမ တစ်ကောင် အိမ်မှာပဲ လုပ်ကိုင်နေကြသူတွေ ခေါ်ပြီး ပေါ်ပြီးကတည်းက စိတ်မချမ်းသာလို့တဲ့၊ နောက်အကောင်တွေ ကျတော့ ဒိုင်ကို အပြတ်ရောင်းတော့တာ။ ဒါတောင်မှ ဝက်ဒိုင်က လာဆွဲရင် သူတို့လည်း တိရစ္ဆာန်ပေမဲ့ သိတယ်။ ရုန်းကန် အော်ဟစ်နေတော့တာ။

တစ်နှစ်မှာ ပိုက်ဆံကျပ်လွန်းတာကြောင့် မျိုးထားတဲ့ ဝက်မကြီးကို ထုတ်ရောင်း လိုက်ရတယ်။ ဝက်ကလေးတွေက နို့ခွဲပြီးပြီဆိုပေမဲ့ သူတို့အမေကို ရှာနေတာ စိတ်မကောင်းစရာ။ ဝက်မကြီး အော်သံကလည်း တစ်ရွာလုံးညံလို့ပေါ့။ အငယ်မက တရှုတ်ရှုတ်နဲ့ ငိုတယ်။ အမေ က နှစ်သိမ့်တယ်။ ဝက်ကလေးတွေထဲက အမတစ်ကောင်ကို မျိုးပြန်ထားတာပေါ့ သမီးရယ်တဲ့။ ပြောသာပြောတာ အမေ့အသံကလည်း မကောင်းပါဘူး။ အမေ့မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့။

(၆)

“ဝဋ်ဆိုတာ မလွတ်နိုင်ဘူးတဲ့။ ဝက်မကြီးနဲ့ ဝက်ကလေးတွေကို ခွဲခဲ့လို့ ဒီလိုကြုံရတာ နေမှာပါ။”

ကျွန်မ ထိုင်းမှာ အလုပ်လုပ်ဖို့ ထွက်တော့ အဖေပြောတဲ့စကား။ ပြီးတော့ အဖေ က ပြောသေးတယ်။

“ငါပဲ ညံ့တာလား။ ခေတ်ပဲ မကောင်းတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ ငါတို့ အဘလည်း ဒီလယ် ဒီယာလုပ်ပြီး ငါတို့ မောင်နှမတွေကို လူလားမြောက်စေခဲ့တာပါကွာ။ ငါလည်း မိုးဆို စပါး၊ ဆောင်းဆို မြေပဲနဲ့ လယ်ထဲက မထွက်ရပါဘူး။ အခုတော့ ငါ့လက်ထက်ကျမှ ငါ့သမီးက နိုင်ငံခြားထွက်ပြီး ကျွန်ခံရမတဲ့။ ကောင်းကြသေးရဲ့လား”

“သြော် အဖေရယ်၊ ဒီမှာ အဆင်မှမပြေတဲ့ဥစ္စာ။ အခွင့်ကြုံတုန်းလေး အဖော်ကောင်းတုန်းလေး သွားရမှာ။ အငယ်တွေကလည်း ရှိသေးတယ်လေ။ အဖေပဲ သူတို့တစ်တွေကိုတော့ ဘွဲ့ရပညာတတ်တွေ ဖြစ်စေချင်တယ်ဆို။ တက္ကသိုလ်ဆိုကြီးကလည်း အဝေးကြီး သွားတက်စရာ မလိုတော့ဘူး။ ရွာနားကို ရောက်လာပြီဆို။ အဲဒီတော့ ပိုက်ဆံရှာရမှာပေါ့။ ကျောင်းစရိတ်ကလည်း နည်းတာမှ မဟုတ်တာ။ ပင်ပန်းတာချင်းအတူတူ ပိုက်ဆံပိုရတော့ ကောင်းတာပေါ့။”

ဟုတ်တယ်လေ လယ်ထဲ ဆင်းရတာ လွယ်တာမှတ်လို့။ ဗီဒီယိုထဲက မင်းသမီးတွေ နှုတ်ခမ်းနီမပျက်၊ လက်သည်းနီ မပျက်နဲ့ ဟန်ရေးပြနေတာမျိုး တကယ့်ဘဝမှာ ဘယ်လိုလုပ်ရမှာလဲ။ နည်းနည်း သက်သာမယ် ထင်ရတဲ့ ဆောင်းမြေပဲ စိုက်တာတောင် ခါးတွေကိုက်၊ ခြေသလုံးတွေ တောင့်တင်းနဲ့။ ထယ်ကြောင်းထဲ မြေပဲစေ့လေးတွေ ချပြီး ခြေထောက်နဲ့ ဘယ်ညာယက်ပြီး ပြန်ဖုံးရတာ။ ကြာတော့ ထိတာပေါ့၊ အမေဆို ခါးနာရောဂါ ရကတည်းက မြေပဲ မစိုက်နိုင်တော့ဘူး။ အဖေကတော့ မြေပဲစေ့ချပြီး မြေဖုံးပြီးတဲ့အခါ တလိမ့်တုံးချောချောကို နွားနဲ့ဆွဲပြီး ပြန်ဖိတယ်။ အရပ်အခေါ် ကြမ်းတုံးရိုက်တယ် ခေါ်တာပေါ့။

(၇)

“ဟဲ့ နင့်အဖေက နင့်ကို နိုင်ငံခြား သိပ်ပြီး သွားစေချင်တာ မဟုတ်ဘူး။”

အမေက သားအမိနှစ်ယောက်တည်း ရှိချိန်မှာ တိုးတိုးလေး လာပြောတယ်။

“ဘာဖြစ်လို့တုန်း အမေရဲ့”

“နိုင်ငံခြားမှာ အဝှာဖြစ်သွားမှာ စိုးလို့တဲ့ ဟေ့။”

“အောင်မလေး အမေရယ်။ အဝှာဖြစ်ဖို့ဆိုတာ နိုင်ငံခြားသွားမှ မဟုတ်ပါဘူး။ ဒီမှာလည်း ဖြစ်နိုင်တာပါပဲ။”

ရယ်ရင်း မောရင်း အမေ့ကို ပြန်ဖြေခဲ့ပေမဲ့ ရင်ထဲမှာ မကောင်းခဲ့တာအမှန်။

(၈)

အရင်နှစ်တွေတုန်းကတော့ သြင်္ကန်နီးပြီဆို ရင်ထဲမှာ မကောင်း။ အိမ်အလွမ်းက ပိုလာတယ်။ ပြန်မယ် ဆိုပြန်တော့လည်း အလုပ်ပျက်မှာနဲ့၊ စရိတ်တက်မှာနဲ့ ပိုက်ဆံတွက်ပြီး မပြန်ဖြစ်ခဲ့ပါဘူး။ အဲဒီတော့ ဘာလုပ်တုံး၊ ငိုတာပေါ့။
အခုတော့ မျက်ရည်လည်း ခန်းခဲ့ပြီထင်ပါရဲ့။ လွမ်းစိတ်ဆိုတာ ရှိပေမဲ့ ငိုယိုပေါက်ကွဲကျတဲ့ အဆင့်အထိ ရောက်မလာခဲ့တာ အံ့သြစရာ။ နင် အသည်းမာသွားပြီပေါ့နော်တဲ့။ ညီမက ဖေ့စ်ဘွတ်ကနေ ဗီဒီယိုဖုန်း ပြောကြတော့ လူကို ကလိတယ်။

(၉)

ဖေ့စ်ဘွတ်ကနေ သြင်္ကန်မြင်ကွင်းတွေ၊ ဗီဒီယိုတွေ၊ အကတွေ၊ အဆိုတွေ တွေ့ရတယ်။ သက်ကြီးရွယ်အိုတွေ ဆိုနေ ကနေ ပျော်နေကြတာ တွေ့ရသလို လူငယ်တွေ တရားစခန်း ဝင်ကြတာလည်း မြင်ရတာ။ ဒီအသက်အရွယ်ရောက်မှ အိုကြီးအိုမနဲ့ ကွာဆိုပြီး ခနဲ့ကြတာလည်း ဖတ်ရတယ်။ ရွာဦးကျောင်းဆရာတော် ဟောတဲ့ တရားထဲက ဝါသနာဘာဂီ ဆက်တိုင်းမီဆိုလား ပြန်ကြားမိတယ်။

ချင်းတွင်းသြင်္ကန်တဲ့။ လမ်းလျှောက်သြင်္ကန်တဲ့။ ပျော်နေတဲ့လူတွေကို ကြည့်ရ မြင်ရတာ စိတ်ချမ်းသာတယ်။ အငယ်မက မေးတယ်။ နင် ပြန်မလာချင်ဘူးလားတဲ့။

ဒါနဲ့ အားကျမခံ ဒီမှာလည်း သြင်္ကန်ရှိပါတယ်ဟဲ့။ တွေ့လား မဟာချိုင်မှာ မြန်မာတွေ စုပြီးလုပ်တဲ့ သြင်္ကန်၊ ကျွေးတဲ့ စတုဒိသာ၊ ဟောတဲ့တရား ဆိုပြီး ပုံတွေ ပြန်ပြလိုက်တယ်။ မွန်ရိုးရာ သြင်္ကန်ဆိုတာ အကြီးအကျယ်ပေါ့။ ထိုင်းမှာ မွန်လူမျိုးတွေလည်း များတယ်လေ။ ဆန်ခလာဘူရီက မွန်ဆရာတော်ကြီးဆို ထိုင်းဘုရင်ကြီးကစလို့ ကြည်ညို ကိုးကွယ်တာ။ ကျွန်မ မမွေးခင်လေးက ထိုင်းမှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆူချင်ဒါဆိုလည်း မွန်လူမျိုးပဲတဲ့။

(၁၀)

အလှပြင်ဆိုင်မှာ ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့ မွန်မလေးကတော့ ဒီနှစ်သြင်္ကန် အိမ်ပြန်သွားခဲ့တယ်။ မဲဆောက်ကနေ မြဝတီကူးပြီးတော့ပေါ့။ မနှစ်တုန်းက သြင်္ကန်မှာ အိမ်မပြန်ဖြစ်လို့ ငိုတဲ့ ကောင်မလေးလေ။

အငယ်မက ကျွန်မကို စတယ်။ နင်ကော မငိုဘူးလားတဲ့။ ဘာကိစ္စငိုရမှာလဲလို့ ပြန်ဖြေရင်း ဟန်ဆောင်ပြီး ရယ်ပြလိုက်တယ်။ အငယ်မ မျက်နှာလေး တစ်ချက်တွေသွားတယ်။ ပြီးတော့ စကားပြန်စတယ်။

“သြင်္ကန်ပြီးရင် ငါ မြို့တက်မယ်။ ပတ်စပို့ စာအုပ် လုပ်မယ်။”

“အလိုတော် ဘာလုပ်ဖို့။ ငါ့ဆီ အလည်လိုက်လာ မလို့လား။”

“အလည် မဟုတ်ဘူးဟေ့။ အလုပ် လုပ်ချင်လို့။ ငါ့အတွက်လည်း အလုပ်လေး ဘာလေး ရှာပေးထားဦး။ ငါတို့ ညီအစ်မနှစ်ယောက် အတူတူနေရအောင်။”

တက်လာတဲ့ ကုန်ဈေးနှုန်းတွေရယ်၊ ကြီးလာတဲ့ စရိတ်စကတွေရယ်၊ အိုလာတဲ့ မိဘတွေရယ်။ ကျွန်မ ဘာပြန်ပြောရမှန်း မသိဘူး။ ရုတ်တရက် ဆွံ့အသွားခဲ့တယ်။

အမေကတော့ ကျိတ်ပြီးငိုမှာ သေချာတယ်။ အဖေကရော သူ့ကိုယ်သူ လူညံ့လို့ ပြောရင်း ဝမ်းနည်းပက်လက် ဖြစ်နေလေမလား။