ဇရာ - ၄၅

ဇရာ - ၄၅
Published 17 April 2018

Photo: foodnwellness

ယုံကြည်မှုတွေ ညှပ်ထားတဲ့ ဂဏန်းတွေ

လူတွေမှာ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အသိအမြင်၊ ကိုယ့်ခံယူချက်တွေ ဒါတွေအသီးသီးနဲ့ တစ်ခုခု တစ်စုံတစ်ရာရာကို သတ်မှတ် ဆုံးဖြတ်တတ်တာပါပဲ။ ပြီးတော့ ဒါကိုပဲ ယုံကြည်စွဲလမ်းတတ်ကြတယ်။ အဲဒီမှာ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ သတ်မှတ်ဆုံးဖြတ်ထားတာတွေ ရှိတယ်။ ဒီဆုံးဖြတ်သတ်မှတ်ထားတဲ့ အပေါ်မှာလည်း အယုံအကြည် အစွဲအလမ်းတွေ ဖြစ်ကြတယ်။ အနောက်ဘက်က လူတချို့က ၁၃ ဂဏန်းဆို Unlucky လို့ မှတ်ယူကြတယ်။ ပြောကြ ဆိုကြတယ်။ တချို့ ဟိုတယ်မိုတယ်တွေမှာဆို ၁၃ ဂဏန်းမထားဘူးတဲ့။ ကြားဖူးတာပြောတာပါ။ ဟုတ်တာ မဟုတ်တာကတော့ ကိုယ်တိုင်မရောက်ဘူးလို့ မသိပါဘူး။ ခရစ်ယာန် သမ္မာကျမ်းစာထဲမှာဆိုရင်လည်း ၆၆၆ ကို မကောင်းဆိုးဝါးကိန်းစဉ်တန်းအဖြစ် သတ်မှတ်ကြတာ။ ဟစ်တလာကို ခရစ်ယာန်တွေ ဝိုင်းတိုက်ခိုက်တာဟာ ဟစ်တလာရဲ့ ကိန်းဂဏန်းဟာ ၆၆၆ ဖြစ်နေလို့ပဲတဲ့။ မဟာယာနဂိုဏ်းတစ်ခုက ဘဝကို အနှစ်အသား ဗလာဖြစ်တယ်ဆိုတဲ့ သုညတာဓမ္မအဖြစ် တွေးတာရှိတယ်။ နိဗ္ဗာန်ဆိုတာဟာလည်း ပရမာနုတ္တရသုညတာကို သိမြင်တာလို့ ယူဆတယ်။ အရှေ့ဘက်က စိန့်တိုင်းသားတွေကတော့ မ,ကိန်းတွေမှာ ကောင်းတဲ့ချီဓာတ်တွေ ကိန်းဝပ်နေပြီး စုံဂဏန်းတွေမှန်သမျှကိုတော့ နတ်ဆိုးစောင့်တယ်လို့ မှတ်ယူထားတယ်။ ဒါကို ယူပြီးတော့တောင် ကျွန်တော်တို့ အိုးအိမ် တည်ဆောက်တဲ့ ယဉ်ကျေးမှုမှာ လှေကားကို တစ်ထစ်၊ သုံးထစ်၊ ငါးထစ်၊ ခုနစ်ထစ်ဆိုပြီး မ,ကိန်းပဲထားတယ်။ ဘုရားအိုးဆိုလည်း တစ်အိုး၊ သုံးအိုး၊ ငါးအိုး မ,ကိန်းပဲထိုးတယ်။ ဒါကိုတော့ တချို့က စိန့်တိုင်းသားတွေရဲ့ အယူမဟုတ်ဘူး။ ဟိမဝန္တာတောင်ခြေကလာတဲ့ ဗုဒ္ဓအာဝသအောက်က ထွက်ပေါ်လာတဲ့ အယူလို့ ပြောကြပြန်တယ်။ ဘယ်လိုပဲပြောပြော မသာချရင်လည်း ချက်ချင်းချရင်ချ။ မချရင် သုံးရက်၊ ငါးရက်၊ ခုနစ်ရက် မ,ကိန်းမှာပဲ သဂြုႋဟ်တာတွေ၊ ဆွမ်းသွတ်တာတွေ လုပ်ကြတယ်။ Lucky 7 ဆိုတာလည်း လူတိုင်းကြားဖူးသားပဲ။ နူမရော်လော်ဂျီဆိုတဲ့ ပညာဆိုရင် ဂဏန်းတွေကိုအခြေခံပြီး တွက်ဆကြတာ။ ဒါဟာ ကျွန်တော် ဖတ်သိသိရသလောက် ကိန်းဂဏန်းတွေနဲ့ပတ်သက်တဲ့ လူတွေရဲ့ အယူအဆတွေပါ။

ကျွန်တော်တို့ဆီမှာလည်း ဒီလိုအယူအဆမျိုးတွေ ရှိနေတာပါပဲ။ လယ်တွင်းကိုးခရိုင်ဆီ လူကိုးယောက် မသွားမိဖို့ သတိထားကြတာတွေကအစ ရွှေရင်ကျော်ဂိုဏ်းရဲ့ အဓိကကျလှတဲ့ စမဟာတြိဂံကို အခြေခံထားတာတို့။ ၁၁ မီးငြိမ်းဖို့တို့။ ၃၈ ဖြာ မင်္ဂလာတရားတော်တို့။ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်တို့။ ရေကန်ပေါင်း ရှစ်သောင်းလေးထောင် တို့ဆိုတာတွေ အပါအဝင် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ၁၀ ပါး စတဲ့ သီလအရေအတွက်တွေဟာလည်း ကျွန်တော်တို့ဘက်မှာ စွဲနစ်နေတဲ့ကိန်းတွေပါပဲ။ အနောက်ဘက်က လူတွေရဲ့ ၄၀ ကျော်မှ ဘဝစတယ်ဆိုတာနဲ့အပြိုင် ၄၀ ကျော်ရင် အသင့်ပြင်ဆိုတဲ့ ကိန်းဂဏန်း ယူဆချက်တွေလည်း ရှိပါတယ်။ တချို့ကိန်းဂဏန်းတွေက ကြောက်ရွံ့စရာ။ တချို့ကတော့ တန်ဖိုးထား လေးစားနေစရာပါပဲ။ ဒီအထဲမှာ လူမျိုးစုအတွက်၊ နိုင်ငံတစ်နိုင်ငံအတွက် တော်လှန်ရေးတစ်ခုခုအတွက် ကြည်နူးချမ်းမြေ့စရာအတွက်နဲ့ တန်ဖိုးထားသတ်မှတ်တဲ့ ကိန်းဂဏန်းတွေလည်း အများကြီး ရှိပါသေးတယ်။ ဇန်နဝါရီ ၄ ရက်။ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်။ ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၄ ရက် စသဖြင့် ရှိပါတယ်။ ဘာပဲပြောပြော အဲဒီကိန်း ဂဏန်းတိုင်းဟာ သူ့အကြောင်းပဋိစ္စနဲ့ သူ့ သမုပ္ပ သူဆောင်လာကြတာချည်းပါပဲ။ ကျွန်တော့်မှာလည်း အကြောင်းတရားရှိနေတဲ့ ကိန်းဂဏန်းတစ်ခု ရှိနေတယ်။ အဲဒါ ၄၅ ပဋိစ္စပါပဲ။

မုန်လာဥသုတ်တွေ ပိုချိုသွားတယ်

လွန်လေပြီးတဲ့ နှစ် ၂၀ ကျော်ကို ကျွန်တော် ပြန်လွမ်းတယ်။ အသက် ၃၀ ကာလပေါ့။ အဲဒီနှစ်တွေထဲမှာ ကျေနပ်စရာ၊ ကြည်နူးစရာတွေအားလုံးဟာ လတ်ဆတ်စွာ ပါဝင်နေတယ်။ တည်ငြိမ်တဲ့ အလုပ်အကိုင်ရယ်၊ ဘဝလက်တွဲဖော်ရယ်ဟာ အဲဒီအသက်ကာလတွေမှာ ပွင့်ဖူးခဲ့တာလေ။ တကယ်တမ်းက ကျွန်တော်နဲ့ ကျွန်တော့်ဘဝလက်တွဲဖော်က အသက်ကွာပါတယ်။ ဒွေးချိုး လေးတိုးလောက်ကြီး မဟုတ်ပေမယ့် သူက ကျွန်တော့်အောက် ၁၄ နှစ် ငယ်တယ်။ ဆရာနဲ့ တပည့်အဖြစ်ကနေ လင်နဲ့မယား လျှာနဲ့သွားဖြစ်ကြတာ။ ဒီကိစ္စမှာ ဦးရာလူမဟုတ်လို့ ဖူးစာယူလို့ပဲ ပြောရမှာပဲ။ လူပျိုကြီးပဲ လုပ်တော့မယ်ဆိုပြီး နေလာတာ အသက် ၃၂ သန်းခေါင်ယံတိတိမှာ တစ်ဖက်သား စိတ်ဒုက္ခခံစားရတာကို မကြည့်ရက်ပါဘူးဆိုတဲ့ စာတစ်စောင်နဲ့ ကျွန်တော်တို့နှစ်ယောက် သမီးရည်းစားတွေ ဖြစ်ကုန်ကြတယ်။ အဲဒီတုန်းက ညဟာ ဘယ်ညနဲ့မှ မတူအောင်လှတဲ့ညပေါ့။ ညဟာ ပေါ့ပေါ့လေးနဲ့ ဖွဖွလေး လှနေတာ။ ရွှေဝါဖူးမှာရောင်းတဲ့ မုန်လာဥသုတ်တွေတောင် ပိုချိုသွားတယ်။ အိမ်ပြန်လာတော့ ဖိနပ်ပေါ်မှာ ခြေဖဝါးတွေတောင် ကပ်မပါဘူး။ မွမွလေးနဲ့ မြောက်နေတာ။ ၁၈ နှစ် သမီးရည်းစားလေးကို ခဏခဏ တွေးတွေးကြည့်ပြီး ကြက်သီးမြမြတွေလည်း ယိမ်းထိုးထကြွခဲ့တယ်။ ဘယ်အချိန် တွေးကြည့်တွေးကြည့် ဆွေးငြိနေတာကလည်း လွန်လွန်းပါတယ်။ နေမြင့်ပြီ။ အရူးရင့်တာလေ။ ရည်းစားတွေဖြစ်တော့ လူပျိုသိုးကြီး ကျွန်တော်က လက်ထပ်ဖို့အရေးကို နွားသိုးကြိုးပြတ်လိုက်တယ်။ သူက ၂၅ နှစ်ပြည့်အောင် စောင့်ဦးတဲ့။ မအောင့်နိုင်လို့ ရည်းစားသက်တမ်း သုံးနှစ်မြောက်မှာ သူ့မိဘတွေဆီ ဝင်တောင်းပစ်ပြီး လက်ထပ်ဖြစ်ကြတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့ အသက် ဒီလောက်ကွာတယ်လို့ သူက ထင်မထားဘူး။ ကျွန်တော်ကလည်း အသက်ကို အမှန်ပြောမထားမိဘူး။ အသက်နဲ့ပတ်သက်ပြီးလည်း များများစားစား စကားမစပ်မိကြပါဘူး။ သူတို့သူငယ်ချင်းတွေ တစ်အုပ်လုံးနဲ့ အတူရှိတုန်းက တစ်ခါလားပဲ ပြောမိကြတာ။

သူတို့က အသက်ဘယ်လောက်ရှိပြီလဲတဲ့။ မေးတယ်။ ကျွန်တော်က ဘယ်လောက်ရှိပြီထင်လဲလို့ပဲ ပြန်မေးဖြစ်တယ်။ သူတို့ဘာသာ ရုပ်ကြည့်ပြီး ခန့်မှန်းပြောတာ။ ၂၆ တဲ့။ သူတို့ခန့်မှန်းလိုက်တာ ကျွန်တော့်အသက် ခြောက်နှစ်လောက်တောင် ငယ်သွားတယ်။ ဒါပေမဲ့ ဒီနုပျိုခြင်း အမှန်းအဆကို အတွန့်မတက်ဘဲ ငြိမ်နေလိုက်တယ်။ အင်းလည်း မလုပ်။ အငြင်းလည်း မထုတ်ခဲ့ဘူး။ ဝိနည်းလွတ်ပဲ နေနေလိုက်တယ်။ ကျွန်တော့် ရုပ်ကလည်း သိပ်မရင့်လေတော့ အသက်ကြီးတယ် မထင်ရဘူး။ ဒါကြောင့် သမီးရည်းစားဘဝနဲ့ ညားကာစကာလတွေမှာ သူနဲ့ ကျွန်တော့်ကို ရုပ်ကြည့်ပြောရင် အသက်တအားကွာတယ် မထင်ရဘူး။ ကိုယ့်ကိုယ်ကိုယ်မို့လားတော့ မသိဘူးလေ။ ကွမ်းမစား၊ ဆေးလိပ်မသောက်၊ အရက်မမှီဝဲလို့များ ကျွန်တော့်ရုပ်က နုနေတာလား။ စိတ်ကောင်းထားလို့လား။ (Facebook မှာဆိုရင်တော့ ဒီနေရာမှာ သွားဖြဲပြီး ရယ်တဲ့ပုံလေး နှိပ်မိမှာပါ) မနာလိုတဲ့ သူငယ်ချင်း တစ်ယောက်တလေကတော့ ကလေးမသာလေးတဲ့။ ကလေးရုပ်ပေါက်နေတယ်ဆို နားခံနိုင်သေးတယ်။ ပြောပုံက မသာလေးတဲ့။ ဒါပေမဲ့ စိတ်မဆိုးပါဘူး။ သူငယ်ချင်းတွေပဲ။ လက်ထပ်ပြီးစထိအောင် ကျွန်တော့်အသက်အမှန်ကို မသိသေးဘူး။ နေပြည်တော် တည်ထောင်စ ဒီရွာဟိုပြောင်း ဒီရပ်ကွက် ဟိုရွှေ့တွေလုပ်တော့ ရှိစုမဲ့စုလေးနဲ့ ဝယ်ထားတဲ့ ဝိုင်းကွက်လေး အလျော်အစားမရ ရန်သူတော်တစ်ပါးဒဏ် ခံလိုက်ရမှာကြောက်လို့ ပုံစံ ၆၆ ကို ပြောင်းရွှေ့နေထိုင်တယ် လုပ်တော့မှ ကျွန်တော့်မွေးသက္ကရာဇ် ၁၉၆၉ လို့ သိသွားတာ။ လူလိမ်တဲ့။ ဒါကို ပြန်ပြီး မတုံ့ပြန်ပါဘူး။ ရယ်ပြီး ငြိမ်နေလိုက်တယ်။ အကျောက်အကန် တုံ့ပြန်နေစရာလည်း မလိုတော့တဲ့ အနေအထားလေ။ သူကလည်း ပြုံးပြုံးကြီးပြောတာကိုး။ တုံ့ပြန်ရရင်လည်း အချစ်နဲ့စစ်မှာ တရားတာ မတရားတာမှ မရှိတာ။ တကယ်တော့ တရားသော စစ်၊ တရားသော အချစ်ချည်းပဲ မဟုတ်လား။ အချစ်ဆိုတာ လိမ်ညာခွင့်လည်း ရှိတာပါပဲ။

ကမ်းဖျား လေးဆယ့်ငါး

ဒါပေမဲ့ နုပျိုခြင်းဆိုတဲ့တဒင်္ဂမှာ ကျွန်တော် ဘယ်လောက်ပျော်မွေ့မွေ့ ရူပံဘိက္ခေ၀ အနတ္တာမဟုတ်လား။ ဘယ်ရုပ်မှ မမြဲဘူးဟေ့ပေါ့။ မှတ်မှတ်မိမိ ကျွန်တော် ၄၃ အရောက်မှာ မျက်လုံးတွေက မျက်မှန်ကို တောင်းဆိုကြတယ်။ စာလုံးတွေသေးရင် ဘာမှဖတ်လို့ကို မရတော့တာက စတယ်။ ဇရာဟာ သူ့ ရပိုင်ခွင့်တွေအတွက် လမ်းပေါ်ထွက် တောင်းဆိုလာတာ။ မျက်လုံး စစ်ပေးရတယ်။ မျက်မှန် လုပ်ပေးရတယ်။ အနီးမှုန်တာတဲ့။ ပါဝါ ၁၂၅။ နားထင်စပ်က ဆံစလေးတွေထဲမှာ တစ်ပင်စ နှစ်ပင်စ အဖြူရောင်လေးတွေ ကြွထလာတယ်။ မိန်းမက အဲဒီ ဆံဖြူစလေးတွေကို နုတ်ပေးတယ်။ နုတ်တဲ့နေရာမှာ ယားယားကျင်ကျင်ဖြစ်တော့ လက်ဖျားထိပ်လေးတွေနဲ့ ပွတ်ခြေပေးတယ်။ အဲဒီအချိန်အခါမျိုးကျရင် ကျွန်တော် ငိုက်မျဉ်းသွားတတ်တယ်။ မိန်းမ ရင်ခွင်ထဲကျမခန်းပါပဲ။ သူ့ပေါင်ပေါ် လက်ကို ကွေးထောက်ထားရင်း ဆံနုတ်ခြင်းရသကို ကျွန်တော် ခံစားနေလိုက်တယ်။ ကျွန်တော့် ဦးခေါင်းထက်က စံပယ်ပွင့်တွေကို တစ်ပွင့်ချင်း ခူးခြွေနေသလိုပါပဲ။ တစ်ပွင့်--နှစ်ပွင့်- -လေး-ငါးပွင့်---။

အမယ်လေး တံတောင်ဆစ်ကြီးက ပေါင်ကိုစူးလိုက်တာဆိုမှ ဇိမ်ခံလက်စကို သတ်လိုက်တာ။ မိန်းမကို ပြုံးပြုံးကြီးကြည့်ရင် သူ့မျက်စောင်းဒဏ်ကို ကျေနပ်တဲ့အရသာနဲ့ ခံစားမိတယ်။ အဲဒီအချိန်အထိ ဇရာပိဒုက္ခာကို အတွင်းကျကျ မခံစားမိသေးပါဘူး။ မျက်မှန်လေးကလည်း စာဖတ်တုန်းခဏလေး တပ်ရတာ။ ဆံဖြူဖြူလေးတွေကျတော့လည်း မိန်းမရင်ခွင်ထဲတိုးပြီး အနုတ်ခံလိုက်တာ။ အလွန်ဆုံးနုတ်ရမှ ဆံဖြူပွင့်တွေက ၁၀၊ ၁၅ ပေါ့။ ဒီလိုဆိုတော့ ဘယ်မှာဒုက္ခလို့ မြင်နိုင်ပါ့မလဲ။ ဒါ့ကြောင့်လည်း ကျောက်စိမ်းဘုရားမှာ မိတ်ဆွေတစ်ယောက် လျှပ်တစ်ပြက် ရိုက်ပေးထားတဲ့ မနှစ်ကဓာတ်ပုံကိုကြည့်ပြီး တို့နှစ်ယောက် သိပ်ကွာတယ်မထင်ရပါဘူးနော်လို့ ဒီပါးစပ်ကြီးက အရှက်မဲ့မဲ့ ပြောထွက်ခဲ့သေးတာ။ သူ့နှုတ်ခမ်းပါးလေး နှစ်လွှာကလည်း လိုလိုချင်ချင် လှိုက်လှိုက်လှဲလှဲ “အွန်း” လို့ ထွက်ခဲ့သေးတာ။

၄၅ ဆီ ဒက်ဒက်ထိ ကပ်ပြီ

ဒါပေမဲ့ အဲဒီလို စံပယ်ခူးကြတဲ့နေ့တွေ သိပ်မကြာလိုက်ပါဘူး။ ကျွန်တော် ကျောင်းအားတဲ့တစ်နေ့ ဆံပင်ဖြူတွေ နုတ်ပေးတော့ “ကြည့်စမ်း အဖြူတွေ အများကြီးပဲ” တဲ့။ နုတ်လို့တောင်နိုင်မှာ မဟုတ်တော့ဘူး။ နားထင်စပ်တစ်ခုလုံး ဖွေးဖွေးလှုပ်လို့။ နောက်စေ့တွေမှာရောပဲ။ ဆေးဆိုးမှပဲ ရတော့မယ်တဲ့။ ဒီ စကားသံဟာ တကယ်တော့ ဇနီးမယားရဲ့ အသံဆိုတာထက် ဇရာမင်းရဲ့ တပ်လှန့်သံဆိုတာ ပိုသေချာတယ်။ အင်အားပြင်းတယ်။ ဒဏ်ထိစေတယ်။ စိတ်ထဲအထိ အိုစာသွားရတယ်။ တစ်ခုခုကို ဆုံးရှုံးသွားရသလိုလည်း ခံစားလိုက်ရတယ်။ ဘယ်မခံစားဘဲ နေနိုင်ပါ့မလဲ။ ခေါင်းပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် မည်းမည်းတုပ်နေလာကြတာပဲ။ သူတို့ကို ပုံစံအမျိုးမျိုးညှပ်လို့ ဥပဓိရုပ်လုံးကို ထုတ်သုံးပြခဲ့တာတွေက ကာလမှ မနည်းတော့တာ။ ဒီမိုး၊ ဒီနှင်းနဲ့ ဒီနွေတွေကို ခေါင်းဆီးခံ ဖြတ်သန်းခဲ့ကြတာ။ မောင်ငြိမ်းချမ်း။ စိုင်းလားရှိုး။ ကျော်အောင်မော်တို့ရဲ့ ရုပ်ပြတွေထဲက ဇာတ်ကောင်ဆံပင်ပုံ ဘေးခွဲတွေအတိုင်း ခွဲလားခွဲရဲ့။ ကျော်ဟိန်းက ဆံပင်နားထင်ထောက်ကို နားရွက်တစ်ဝက်ဖုံးထားတော့လည်း နားရွက်တစ်ဖက်ဖုံးလိုဖုံးရဲ့ ။ဒါပေမဲ့ အဲဒီနားရွက်ဖုံးတာက ကျွန်တော့်အတွက် အဆင်မပြေပါဘူး။ ကျွန်တော်က ဆံပင်လည်းသန် နားရွက်လည်းကားတော့ ဆံပင်တွေက နားရွက်ပေါ်မှာ ပျော့ပျော့ခွေခွေ လှလှပပ ကျမနေဘဲ ကဲလားတံခါးရွက်ဖွင့်ထားသလိုမျိုး စောင်းစောင်းထောင်ထောင်ဖြစ်နေတာ။ ဒါကြောင့် နားရွက်ဖုံးတဲ့ ဆံပင်ထောက်နဲ့ အဆင်မပြေခဲ့ဘူး။ နားရွက်ဖော်ပြီး နားသီးနဲ့အညီ ထောက်ဖြတ်တော့လည်း လိုက်ဖြတ်လိုက်တာပါပဲ။ ဒွေးပေါ်လာတော့ ဒွေးကေညှပ်လိုက်ပြန်ရော။ ဒါလည်း အဆင်မပြေပြန်ဘူး။ ကျွန်တော့်ညာဘက် နဖူးခင်းမှာ ဗွေဆလန်ရှိနေတော့ ဒွေးကေ မဖြစ်ဘဲ ဘဲမြှီးလေးယိုင်နေသလို ဖြစ်နေပြန်တာ။ ဘာပဲပြောပြော ဆံပင်တွေကို စိတ်မဆိုးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆံပင်တွေနဲ့ ခေတ်တွေကို ဖြတ်သန်းလာရတာ။ ခုတော့ ဒီဆံပင်တွေက ကျွန်တော့်ကို ထားခဲ့ပြီ။ တစ်စတစ်စ စွန့်ခွာနေကြပြီ။ အချိန်ယန္တရားရှေ့မှာ ဒူးထောက်ချနေကြပြီ။ မကြာခင်မှာပဲ ဆံပင်တွေ ဖွေးနေအောင် ဖြူတဲ့တစ်နေ့ဆီ ရောက်ရတော့မယ်။ ကျွန်တော့်ခေါင်းဟာ အဖေ့ခေါင်းလို ဖွေးဖွေးလှုပ်ရတော့မယ်။ ဒီလောက်ဖြူရအောင် ကျွန်တော့်အသက် ဘယ်လောက်ရှိပြီလဲ။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ၄၅ ပြည့်တော့တာကိုး။ ၄၅ ဇရာဟာ ကျွန်တော့်ကို အိုတွင်းထဲ ဆွဲချလိုက်ပြီ။ ဇရာပိဒုက္ခောကို အသက် ၄၅ မှာ အကျအန ခံစားလိုက်ရပြီ။ မိန်းမရင်ခွင်တွင်းမှာတိုးပြီး ဆံနုတ်ခွင့်တွေ ရုပ်သိမ်းခံလိုက်ရပြီ။ ဒီဆိုက်ရောက်မှုကို မမေ့ဘူး။ လျစ်လျူရှုလို့ မရဘူး။ ဒါနဲ့ပဲ ဒါကို ရင်ထဲအထိ အစွဲအလမ်းတစ်ခုအဖြစ် သိုလှောင်မှတ်သားထားမိတာနေမှာ။ ဘယ်လိုပဲနုပျိုခဲ့နုပျိုခဲ့ ၄၅ ရောက်ရင် အိုရုပ်ကတော့ သေချာပေါက်ပေါက်လာမှာ။ တကယ်တော့ ဒါဟာ ကျွန်တော့်ကိန်းဂဏန်း အစွဲအလမ်းထဲက ဇရာ-၄၅ ပါပဲ။ ၄၅ ရောက်ပြီလား။ ခင်ဗျား အဘိုးကြီးဖြစ်တော့မယ်။