ကိုရီးယားကျွန်းဆွယ်အရေး၊ ထိပ်သီးဆွေးနွေးပွဲများနှင့် သံခင်းတမန်ခင်း

ကိုရီးယားကျွန်းဆွယ်အရေး၊ ထိပ်သီးဆွေးနွေးပွဲများနှင့် သံခင်းတမန်ခင်း
Published 11 April 2018

ဧပြီ ၉ ရက်က ထုတ်ပြန်ခဲ့သောပုံ၌ ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (နောက်ဘက်-လယ်) ပါတီဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအစည်းအဝေး တက်ရောက်နေစဉ် (Photo: AFP)

ဝါရှင်တန်၊ မော်စကို၊ ပေကျင်း၊ တိုကျို  အပါအဝင် ကမ္ဘာ့သံကြီးတမန်ကြီး နိုင်ငံတွေဟာ ဆိုးလ်နဲ့ ပြုံယမ်းကြားက နီးကပ်သထက် နီးကပ်လာနေတဲ့ သံခင်းတမန်ခင်း ခြေလှမ်းတွေကို သတိကြီးကြီးထား စောင့်ကြည့်သုံးသပ်နေကြပါတယ်။ ပြုံယမ်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို ဆွေးနွေးဖို့ စိတ်အားထက်သန်နေတာကတော့ အားသာချက်ကြီးပါ။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဟာ အာရှငြိမ်းချမ်းရေးရဲ့ မီးရှုးတန်ဆောင် ဖြစ်လာနိုင်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ အကြိတ်အနယ်ဖြစ်လာမယ့် သံခင်းတမန်ခင်းမှာ နေပြည်တော်ဟာလည်း လွတ်လပ်၊ တက်ကြွ ၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လှမ်းသင့်တဲ့ ခြေလှမ်းတချို့ကို လှမ်းရင်း သံခင်းတမန်ခင်း လူလုံးပြသင့်တယ်လို့မြင်မိပါတယ်။

၂၀၁၈ ခုနှစ် နှစ်ဦးပိုင်း ကမ္ဘာ့နိုင်ငံရေးနဲ့ အာရှနိုင်ငံရေးမှာ ကိုရီးယားကျွန်းဆွယ်အရေးဟာ ရှေ့တန်းရောက်လာနေပါတယ်။ တောင်-မြောက် ထိပ်သီးအစည်းအဝေးကို ဧပြီ၂၇ ရက်မှာ နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယား နယ်နိမိတ်ထဲက ပန်မန်ဂျုံးရွာမှာ ကျင်းပဖို့ ရှိနေပါတယ်။ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယားနိုင်ငံ) သမ္မတ မွန်းဂျေအင်းနဲ့ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) ခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ထိပ်သီးဆွေး နွေးပွဲကို ပန်မန်ဂျုံရွာမှာ လုပ်ဖြစ်ခဲ့ရင်တော့  ကင်ဂျုံအွန်ဟာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံပိုင်နက်ကို ပထမဆုံးခြေချတဲ့ မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် သမိုင်းဝင်သွားမှာဖြစ်ပါတယ်။  အဲဒီဆွေးနွေးပွဲဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်း ချမ်းရေးသမိုင်းမှာ အရေးပါတဲ့စာမျက်နှာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆိုးလ်-ပြုံယမ်း ထိပ်သီးအစည်းအဝေးဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ကိုရီးယားကျွန်းဆွယ်  နျူကလီးယား ကင်းစင်ရေးကို ဦးတည်မှာဖြစ်ပါတယ်။ ဆိုးလ်ဟာ တောင်-မြောက်ထိပ်သီးဆွေးနွေးပွဲကို အတော့်ကို အလေးထားတာတွေ့ရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တောင်ကိုရီးယားက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုပါမယ်။ နောက် တောင်-မြောက် ဆွေးနွေးပွဲကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်နိုင်ဖို့လည်း နှစ်ဖက်ညှိနှိုင်းနေကြပါတယ်။ ၂၀၀၀ ပြည့်နှစ် နဲ့ ၂၀၀၇ ခုနှစ်တုန်း က တောင်ကိုရီးယားသမ္မတရဲ့ ပြုံယမ်းခရီးစဉ်တွေမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ထိပ်သီးဆွေးနွေးပွဲတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တာ မလုပ်နိုင်ခဲ့ပါ။

တောင်ကိုရီးယားသမ္မတ ရိုမိုဟွန်းဟာ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ ပြုံယမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး (လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်၏ ဖခင်)နဲ့ တွေ့ဆုံဆွေး နွေးခဲ့ကာ ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိတောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ ၂၀၀၇ ခုနှစ် နောက်ဆုံးထိပ်သီးဆွေးနွေးပွဲတုန်းက သမ္မတရိုမိုဟွန်းရဲ့ အရာရှိချုပ်ဖြစ်ခဲ့တာပါ။ အဲဒီထိပ်သီး ဆွေးနွေးပွဲတုန်းက အားနည်းချက်တွေ၊ ဟာကွက်တွေကို မွန်းက မှတ်မှတ်သားသားရှိ နေဦးမယ်လို့ထင်မိပါတယ်။ ကိုရီးယားစစ်ပွဲ နောက်ပိုင်း၊ ပထမဆုံး တောင်-မြောက် ထိပ်သီး အစည်းအဝေးကို ၂၀၀၀ ပြည့်နှစ် ဇွန် ၁၃ ရက်ကနေ ၁၅ ရက်အထိ ပြုံယမ်းမြို့မှာ လုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ ကင်ဒေဂျုံးနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ တောင်- မြောက် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ကင်ဒေးဂျုံဟာ ကင်ဂျုံအီးကို တောင်ကိုရီးယား အလည်လာဖို့ ဖိတ်ကြားခဲ့ကာ ကင်ဂျုံအီးက လက်ခံခဲ့ပါတယ်။

ဆိုးလ်-ပြုံယမ်းဆက်ဆံရေးဟာ လတ်တလော အတော့်ကို ပြောင်းလဲတိုးတက်လာတာ တွေ့ရပါတယ်။ ပြုံယမ်းဟာ ဆောင်းရာ သီအိုလံပစ်ပွဲမှာ ဝင်ပြိုင်ခဲ့သလို၊ ကင်ဂျုံအွန်က သူ့ညီမကို ကိုယ်စားလှယ်အဖြစ် အိုလံပစ်ပွဲကို တက်ရောက်စေခဲ့ပါတယ်။ အဲဒီကနေ  ကင်ဟာ မွန်းနဲ့ရော၊ ထရန့်နဲ့ပါတွေ့ဆုံလိုတယ်။ နျူကလီးယားအစီအစဉ် ဖျက်သိမ်းဖို့ ဆွေးနွေးလိုတယ်ဆိုတဲ့ အသံတွေ ဆူညံလာခဲ့တာဖြစ်ပါတယ်။ ပန်မန်ဂျုံးရွာမှာထားတဲ့  တောင်-မြောက် အထူးဆက်သွယ်ရေးလိုင်းကို ပြန်ဖွင့်ခဲ့တဲ့အပြင်၊ မွန်းနဲ့ကင်အကြား အရေးပေါ်တယ်လီဖုန်းလိုင်းလည်း ဆက်သွယ်နိုင်ခဲ့ပါတယ်။ ကင်ဟာ ထိပ်သီးဆွေးနွေးပွဲကို ပြုံယမ်းမှာ မလုပ်ဘဲ ပန်မန်ဂျုံးကျေးရွာမှာ လုပ်ဖို့ လိုက်လျောခဲ့သလို ဝါရှင်တန်နဲ့ ဆိုးလ် ပူးတွဲစစ်ရေးလေ့ကျင့်တဲ့အချိန်တွေမှာတောင် ပြုံယမ်းအနေနဲ့ ဒုံးပျံစမ်းသပ်တာတွေကို ရပ်ထားဖို့ ကတိပြုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ၂၀၁၈ ခုနှစ် မေလမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ထရန့်နဲ့ကင် ထိပ်သီးဆွေးနွေးပွဲ အထမြောက်ခဲ့ရင် သမ္မတဒေါ်နယ်ထရန့် ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကို ပထမဆုံးတွေ့ဆုံဆွေးနွေးတဲ့ အမေရိကန်သမ္မတ ဖြစ်လာမှာပါ။ ဝါရှင်တန်-ပြုံယမ်းထိပ်သီးဆွေးနွေးပွဲဟာ ဆိုးလ်ရဲ့ ကြားဝင်စေ့စပ်တာကြောင့် ရုပ်လုံးပေါ်လာတာဖြစ်ပါတယ်။ ဝါရှင်တန်-ပြုံယမ်း ထိပ်သီးဆွေးနွေးပွဲရော၊ ဆိုးလ်-ပြုံယမ်းထိပ်သီးဆွေးနွေးပွဲရောဟာ  ဗျူဟာမြောက် အရေးပါတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဧပြီ ၂၇ ရက်လုပ်မယ့် ဆိုးလ်- ပြုံယမ်း ထိပ်သီးဆွေးနွေးပွဲဟာ ရလဒ်ကောင်းမှသာ ဝါရှင်တန်-ပြုံယမ်းထိပ်သီးဆွေးနွေးပွဲဟာလည်း အလားအလာ ကောင်းနိုင်မှာ ဖြစ်ပါတယ်။ ကလင်တန်ဟာ ပြုံယမ်းနဲ့ အတော့်ကို နီးစပ်တဲ့ အမေရိကန်သမ္မတဟောင်းပါ။ ကလင်တန်ဟာ သမ္မတအနေနဲ့ ပြုံယမ်းကို သွားဖို့ရှိခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက်ကို အရင်စေလွှတ်ခဲ့တာကတော့ သုံးသပ်ရမယ့်ခြေလှမ်းတစ်ခုလို့လည်း ပြောကြပါတယ်။ ထရန့်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ ဖလော်ရီဒါမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ တိုကျိုဟာ ကိုရီးယားကျွန်းဆွယ်အရေးကို စိတ်ဝင်စားလွန်းတဲ့ ဝါရှင်တန်ရဲ့ မဟာမိတ်ကြီးဆိုတာကတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။

ကင်ဂျုံအွန်ရဲ့ မတ်လကုန်ပိုင်း ပေကျင်း အလည်အပတ်ခရီးစဉ်ဟာလည်း သံခင်းတမန်ခင်း ချိန်ခွင်လျှာထိန်းကျောင်းတဲ့ ခြေလှမ်းလို့ဆိုနိုင် ပါတယ်။ အာဏာရပြီးတဲ့နောက်ပိုင်း  မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ပထမဆုံးသွားတဲ့ နိုင်ငံခြားခရီးစဉ်လို့လည်း ဆိုနိုင်ပါတယ်။  တရုတ်သမ္မတရှီကျင်ပင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပေကျင်းကလည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်လို့ အလားအလာကောင်းတဲ့ သဘောပြောတဲ့ အပြင်၊ လာမယ့် ဆိုးလ်-ပြုံ ယမ်း၊ ဝါရှင်တန်-ပြုံယမ်း ထိပ်သီးဆွေးနွေးပွဲတွေ ခရီးပေါက်အောင်မြင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ပေကျင်းဟာ ပြုံယမ်းကို  မဟာဗျူဟာ မဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ် နွေးထွေးပျူငှာကြိုဆိုခဲ့တဲ့အပြင် နှစ်နိုင်ငံအကြား လက်ချင်းချိတ်ထားတယ်ဆိုတာ အဲဒီခရီးစဉ်က မီးမောင်းထိုးပြခဲ့တယ်။ အဲဒီအချိန်မှာ မော်စကိုနဲ့ လန်ဒန်၊ ဘရက်ဆဲစတဲ့ ဥရောပသမဂ္ဂနိုင်ငံတွေအကြား သံခင်းတမန်ခင်း စစ်ပွဲကို ဆင်နွဲနေပြီး၊ ဝါရှင်တန်နဲ့ပေကျင်းအကြား ကုန်သွယ်ရေးစစ်ပွဲဆီဦးတည်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ မော်စကိုဟာလည်း ပြုံယမ်းနဲ့နီးကပ်တဲ့ မဟာဗျူဟာဆက်ဆံရေး ရှိနေတာကတော့ ငြင်းမရတဲ့အချက်ပါ။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၉ ရက်မှာ မော်စကိုခရီးစဉ်ကို စတင်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲဟာ အသွင်သစ်နဲ့  ပြန်အသက်ဝင်လာသလို မြင်နေ၊ ကြားနေရပါတယ်။

ကိုရီးယားကျွန်းဆွယ်အရေးနဲ့ဆက်စပ်တဲ့ အခင်းအကျင်းတွေနဲ့ပတ်သက်ရင် နေပြည်တော်ကတော့ တိတ်ဆိတ်နေပါတယ်။ မြန်မာနိုင်ငံဟာ ကိုရီးယားနှစ်နိုင်ငံစလုံးနဲ့ သံတမန်အဆက်အသွယ်ရှိတဲ့ နိုင်ငံဖြစ်ပါ တယ်။ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရစတုန်းက အတော့်ကို တက်တက်ကြွကြွ ရှိခဲ့ တာကို မှတ်တမ်းတွေထဲမှာ ဖတ်ရပါတယ်။ ကုလသမဂ္ဂနိုင်ငံရေးနှင့်လုံခြုံရေးကော်မတီမှာ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၈ ရက် ဆိုးလ်အစိုးရ ကို တရားဝင်အစိုးရအဖြစ် အမေရိကန်-သြစ တြေးလျ-တရုတ်(ထိုင်ဝမ်)တွေက ဆုံးဖြတ် ချက်ချမှတ်တုန်းက မြန်မာနိုင်ငံက ထောက်ခံခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်တွေက နိုင်ငံတစ်ခုနှစ်ခြမ်းကွဲမှာကို မလိုလားတဲ့အတွက် ဘယ်အစိုးရကိုမှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောခဲ့ပါတယ်။ နောက်  မြန်မာနိုင်ငံဟာ ပြန်လည်ပေါင်းစည်းရေး ဖော်ဆောင်ဖို့  ကုလသမဂ္ဂ ကိုရီးယား ကော်မရှင်ထူထောင်ခဲ့တာကိုလည်း ထောက်ခံခဲ့ပါ တယ်။ ၁၉၅၀ ပြည့်နှစ် ဇူလိုင်လမှာ မြောက်ကို ရီးယားက တောင်ကိုရီးယားကို ဝင်တိုက်ပြီးတဲ့နောက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ မြောက်ကိုရီးယားကို ကျူးကျော်သူအဖြစ် သတ်မှတ်ကာ မြောက်ကိုရီးယားကို ပြန်တိုက်ဖို့  ကုလသမဂ္ဂခေါင်းစဉ်နဲ့ တပ်တွေ စေလွှတ်တာကိုလည်း မြန်မာနိုင်ငံက ထောက်ခံခဲ့ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုရီးယားစစ်ပွဲနဲ့ပတ်သက်လို့ မဲခွဲတဲ့အခါ မြန်မာကိုယ်စားလှယ်က ငြိမ်းချမ်းစွာဆွေးနွေး၊ အဖြေရှာရေးလမ်းကြောင်းကို အလေးထားတင်ပြခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် မေလ လယ်မှာတော့ မြန်မာနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံတို့နဲ့ သံတမန်အဆက်အသွယ် ထူထောင်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်အထိ မြန်မာနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံထက် မြောက်ကိုရီးယားနိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့  ဆိုနိုင်ပါတယ်။ တရားဝင်သံတမန်အဆက်အသွယ်ကို ၁၉၇၅ ခုနှစ်မှ ထူထောင်ခဲ့ပေမယ့် မြောက်ကိုရီးယား ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံ ခြားကုန်သွယ်ရေးဝန်ကြီး Lee Jo Yum ဦး ဆောင်တဲ့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ၁၉၆၁ ခုနှစ် မေ ၆ ရက်ကနေ ၁၆ ရက် အထိ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားဝန်ကြီးချုပ် ကင်အီဆွန်းဟာလည်း ၁၉၆၅ ခုနှစ် ဧပြီ ၁၀ ရက်တုန်းက အင်ဒိုနီးရှားနိုင်ငံအသွား မင်္ဂလာဒုံလေဆိပ်မှာ ခေတ္တဝင်နားခဲ့တယ်လို့ သိရပါတယ်။ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အကြား  သမ္မတဦးနေဝင်း၊ ဝန်ကြီးချုပ်ဦးမောင်မောင်ခ နဲ့ နိုင်ငံခြားရေးဝန်ကြီးဦးချစ်လှိုင်တို့ဟာ ပြုံ ယမ်းကို အလည်အပတ်သွားရောက်ခဲ့သလို၊ မြောက်ကိုရီးယားပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ဟာလည်း ရန်ကုန်ကို အလည်အပတ်လာရောက်ခဲ့ကြပါတယ်။ ၁၉၈၃ ခုနှစ် အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုကို  အကြောင်းပြုလို့ ရန်ကုန်ဟာ ၁၉၈၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ပြုံယမ်းနဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဧပြီ ၂၆ ရက်မှာတော့ နေပြည်တော်နဲ့ ပြုံယမ်း သံတမန်ဆက်သွယ်ရေးဟာ ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။

အချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာသံခင်းတမန်ခင်းမှာ လူတောမတိုးတော့သလို ဖြစ်နေခဲ့တာ ဆယ်စုနှစ်တွေ အတော်ကြာခဲ့ပါပြီ။ ဒီနေ့အထိလည်း မြန်မာဟာ တွန့်ဆုတ်နေဆဲ၊ နောက်တန်းရောက်နေဆဲပါ။ လွတ်လပ်၍တက်ကြွပြီး၊ ဘက်မလိုက်သောနိုင်ငံခြားရေး မူဝါဒဆိုတာနဲ့ဟန်ချက်မညီသလို ခံစားမိပါတယ်။ ကမ္ဘာမှာရော၊ အာရှမှာပါ ဟိုးလေးတကျော်ကျော်စိတ်ဝင် စားနေတဲ့ ကိုရီးယားထိပ်သီးဆွေးနွေးပွဲနဲ့ပတ် သက်ရင် နေပြည်တော်ကလည်း စိတ်ဝင်စားကြောင်း ပြောရင်း၊ ရေးရင်း အာရှသံခင်းတမန်ခင်းမှာ လူလုံးပြဖို့ ကောင်းမယ်လို့ထင်မိပါတယ်။ နိုင်ငံတကာသံခင်းတမန်ခင်းမှာ ဖိအားတွေ၊ စိန်ခေါ်မှုတွေ၊ အကန့်အသတ် တွေနဲ့ အကြိတ်အနယ်ဖြစ်နေတာက တစ်ပိုင်း၊  ကိုယ့်နိုင်ငံရဲ့သံခင်းတမန်ခင်းကို နိုင်ငံတကာ စြင်္ကံလမ်းမှာ အရေးပါ၊ အရာရောက်အောင် ပုံဖော်ရမှာက တစ်ကဏ္ဍလို့ မြင်မိပါတယ်။ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်း၊ အာရှလည်း ငြိမ်းချမ်းလို့ အဲဒီငြိမ်းချမ်းမှုတွေ မြန်မာနိုင်ငံဆီ ထုံကူးကာ မြန်မာနိုင်ငံတစ်ဝန်းလည်း မနှေး အမြန် ငြိမ်းချမ်းဖို့ ဆန္ဒပြုလိုက်ရပါတယ်။