လွမ်းမောရသော မြို့စွန် နေပူကုန်းများ

လွမ်းမောရသော မြို့စွန် နေပူကုန်းများ
Published 10 April 2018

ရန်ကုန်တက္ကသိုလ် ရတနာဆောင်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-Wikiwand)

ဝတ္ထုစာအုပ်တွေ စပြီးဖတ်တတ်တဲ့ အရွယ်တုန်းကတော့ သူလိုကိုယ်လိုပါပဲ။ ကာတွန်းစာအုပ်၊ သိုင်းဝတ္ထု၊ အပျော်ဖတ် အချစ်ဝတ္ထုတွေပဲပေါ့။ ဘယ်ဟာမှ စွဲစွဲလမ်းလမ်း ဖြစ်လှချည့်လည်း မဟုတ်ဘူး။ ဖတ်ပြီး ပြီးသွားတာမျိုးပါပဲ။ ဒါပေမဲ့ အဲဒီစာစဖတ်တတ်တဲ့အရွယ် ခုနစ်တန်း ရှစ်တန်းကျောင်းသားဘဝမှာ စာတွေဖတ်ရင်း စိတ်ကူးယဉ်မိတာတော့ ရှိတယ်။ တက္ကသိုလ်ကျောင်းသားဘ၀ လွတ်လပ်မှုကို ခပ်မြန်မြန် ခံစားချင်စိတ်ပေါ့။ လူပျိုပေါက်အရွယ်လည်း ဖြစ်စဆိုတော့ ခပ်ချောချော ရည်းစားကောင်မလေးတစ်ယောက်နဲ့ အတူ ပေါတောတောဇာတ်ကားတွေထဲကလို တက္ကသိုလ်ကျောင်းဝင်းထဲ အချစ်သီချင်းတစ်ပုဒ် နောက်ခံဖွင့် ခုန်ပေါက် ပျော်မြူးနေရမယ်။ ဘေးမှာ တစ်ချိန်လုံး ဟာသတွေ ပြောနေမယ့် ကျပ်မပြည့်တာလိုလို ဘာလိုလို သူငယ်ချင်းနှစ်ယောက် သုံးယောက်လည်း အမြဲရှိနေမယ် မပျင်းရဘူးချည်း အောက်မေ့ခဲ့တာ။ ဒါပေမဲ့ တကယ်တက္ကသိုလ်တက်ရတဲ့ အချိန်မှာတော့ ငယ်တုန်းက ခဏခဏ မက်ရတဲ့ အိပ်မက်နဲ့ လက်တွေ့ဟာ တော်တော့်ကို ဝေးကွာခဲ့တာပဲ။ အဲဒီအကြောင်းလေး ကျွန်တော် နည်းနည်း ပြောကြည့်ပါရစေ။

ငယ်စဉ်က တက္ကသိုလ်နောက်ခံနဲ့ ဇာတ်လမ်းတွေ ဖတ်ရင်း ရူးသွပ်ခဲ့ရတာများ ရှစ်တန်း ကျောင်းသားအရွယ်မှာကတည်းက တစ်ယောက်တည်း အင်းလျားကို သွားထိုင်တတ်ပြီ။ ရန်ကုန်တက္ကသိုလ်ဝင်းကြီးကို လှည့်ပတ်ကြည့်ရင်း တစ်နေ့တော့ ဒီကို ငါလာရမှာလို့ ဘုမသိ ဘမသိ တွေးနေမိပြီ။ တကယ်တမ်းကတော့ အဝေးကြီးပါ။ အဲဒီအချိန်တုန်းကတော့ ဒီရန်ကုန်တက္ကသိုလ်ဝင်းကြီးကို ပိတ်ထားတာမှန်း ဘယ်သိပါ့မလဲ။ ဆရာမင်းလူ ဝတ္ထုတွေဖတ်ရင်း စွဲစွဲလမ်းလမ်းဖြစ်မိတာကိုး။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများကိုဖတ်။ နောက်ပြီး ဆရာဒဂုန်တာရာ ကျောင်းသားဘဝက အဆောင်ကို စန္ဒရားယူပြီး တီးတယ်ဆိုတာမျိုးတွေဖတ်ပြီး စိတ်ကူးဖဲတွေရိုက်ရင်း ကိုးတန်း၊ ၁၀ တန်း၊ အထက်တန်းတွေဟာ ဒီဘဝမှာ ပြီးမှပြီးပါ့မလားလို့တောင် ကြာတယ်ထင်မိတာပဲ။ တက္ကသိုလ်ကျောင်းဝင်းထဲက လမ်းတွေပေါ် လျှောက်ချင်ပြီ။

၁၀ တန်းအောင်ပြီး တက္ကသိုလ်ဝင်ခွင့် အဓိကဘာသာရပ်ရွေးဖို့ သထုံလမ်းမှာ စာအိတ်သွားတင်ရတဲ့အထိ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ရမယ် ထင်မိတုန်း။ ဒါပေမဲ့ အရှေ့ပိုင်းတက္ကသိုလ်သန်လျင် (တာဝ) ကို ရောက်သွားတယ်။ ပြီးတော့ ထင်မထားတဲ့  အချိုးအကွေ့တွေနဲ့ ရန်ကုန်ကနေ နယ်မြို့ကိုပြောင်း၊ ရန်ကုန်တက္ကသိုလ်ဝေးလို့ သန်လျင်မှာတောင် မတက်လိုက်ရဘဲ ကျောင်းလည်း တစ်နှစ်အောက်သွား။ ပြီးတော့ နယ်မြို့ကလေးမှာ မိသားစု စားဝတ်နေရေးကျပ်တည်းမှုကို ခပ်ငယ်ငယ်နဲ့ပဲ ကြုံတွေ့ရလို့ အလုပ်တွေ တောင်လုပ် မြောက်လုပ် ခါးကော့နေအောင် လုပ်ခဲ့ရ။ ငယ်စဉ်က တက္ကသိုလ်ကျောင်းသားဘ၀ အိပ်မက်ဆိုတာ အဝေးသင် ဇာတ်လမ်းနဲ့ပဲ ညားခဲ့ရတာပေါ့။

၁၀ တန်းအမှတ်ကလည်း နည်းလိုက်တာဆိုတာ အောင်မှတ်ထက် ကိုးမှတ်သာ ပိုခဲ့တာပဲ။ ပြန်စဉ်းစားကြည့်တော့ ၁၀ တန်း ကျောင်းသားဘ၀ ပေခဲ့တေခဲ့ လူကြီးပုံဖမ်းခဲ့ မိုက်ရိုင်းစုတ်ချာခဲ့တာတွေဟာ တစ်နှစ်တည်းနဲ့သာ မအောင်ခဲ့ရင် ဘဝတစ်လျှောက်လုံး ဖြေနေရင်တောင် အောင်မယ့်ပုံ ရှိမယ်မထင်ဘူး။ တက္ကသိုလ်ဘာသာရပ်ရွေးတော့ အမှတ်ကလည်း အင်မတန် နည်း ကိုယ်ကလည်း စာကလေး တောင်တစ်လုံး မြောက်တစ်လုံးဖတ်ပြီး ခပ်ကြောင်ကြောင်ကောင်ပဲလို့ လူတကာပါးစပ်က ပြောထွက်လာအောင်လို့ စိတ်ပညာဘာသာရပ်ကို ရွေးခဲ့သေးတာ။ လူတော်တော်များများမှာကလည်း ဗဟုသုတနည်းပုံများ စိတ်ပညာယူရင် ရူးသွားမယ်ထင်ကြသေးတာကိုး။ ဟစ်လို့သာ အော်ရယ်လိုက်ချင် တာပါပဲ။ ဒါပေမဲ့ ကျွန်တော် မရယ်မိပါဘူး။

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သုံးနှစ်ကို ခုနစ်နှစ်တက်ခဲ့တဲ့ ကာလတစ်လျှောက်လုံးကို ခုနေ ပြန်စဉ်းစားလိုက်တော့ လောင်ဇု၊ တောက်ဝါဒ၊ ဆတ်ဂမန်ဖရွိက်ဆိုတဲ့ လူနာမည်လေးနှစ်ခုနဲ့  ဝါဒလေး တစ်ခုကို စကားလုံးအရ မှတ်မိနေတာဟာ ခုနစ်နှစ်စာ အနှစ်ချုပ်ဖြစ်နေတော့တာပဲ။ သြော်ရူးမသွားတာ  တော်သေးတာပေါ့။ ဒဿနိကသာ ယူခဲ့ရင် ကျွန်တော်ဟာ ဖြစ်တည်မှုပဓာနဝါဒသမား ကလေးဖြစ်ပြီး နွေနေပူထဲ လူတစ်ယောက်ယောက်ကို သေနတ်နဲ့ လေးချက်ဆက်တိုက် ပစ်ချင်ပစ်နေမိခဲ့မလား မပြောတတ်ဘူး။

အဲဒီ ခုနစ်နှစ် တက်ခဲ့တဲ့ အဝေးသင် တက္ကသိုလ်ကာလတစ်လျှောက်လုံးမှာ မှတ်မိနေတာ ဒါပဲလားဆိုရင်တော့ မဟုတ်သေးဘူး ဆိုရမှာပေါ့။ လူငယ်ဘဝကို အဆီအနှစ်ထုတ် ယူခံရသလိုဖြစ်ခဲ့တဲ့ ခုနစ်နှစ်ပဲ။ ဘဝမှာ အတော်ကြီး ရုန်းကန်ခဲ့ရတဲ့ ခုနစ်နှစ်ပဲ။ ဘယ်မှာ ဒီလောက်နဲ့ မေ့လို့ရခဲ့ပါ့မလဲ။ လူငယ်တော်တော်များများ အဝေးသင်တက်တယ်ဆိုတာမျိုးက နှစ်စမှာ ကျောင်းလာအပ်  ပြက္ခဒိန်ဝယ်၊ ကျောင်းက ထုတ်တယ်ဆိုတဲ့ ကျောင်းက ဆရာ ဆရာမတွေ တောင်ရေးမြောက်ရေး လျှောက်ရေးထားတဲ့မဂ္ဂဇင်းတွေဝယ်၊ အမှတ်တရ ဓာတ်ပုံရိုက်၊ အဆိုင်းမန့် နှစ်ခါကို ကျောင်းက စာရေးမတွေကို ဖြေဖို့ပိုက်ဆံပေး၊ တစ်ခါတည်းမှာခဲ့။ အနီးကပ် မတက်ခင် တစ်လလောက်အလိုမှာ ကြိုပြီး မိဘဆီက ပိုက်ဆံခပ်များများတောင်းလာ၊ အချိန်ဖြုန်း ဖွန်ကြောင်၊ ဂစ်တာတီး၊ အရက်ဘီယာသောက်၊ ပြီးတော့ အနီးကပ် ၁၀ ရက်ကို ပေါချာနေတဲ့ ဇာတ်ကားတွေထဲကလို ပျော်ပါး။ စာမေးပွဲဖြေရက်မှာ ပေါ့ကက်ဝယ် ခိုးချ၊ သုံးနှစ်မြောက်မှာ ဘွဲ့နဲ့အတူ မိန်းမပါ ရသွား (တချို့ ပထမနှစ်၊ ဒုတိယနှစ်ကတည်းက ရကြပြီ)။ အဝေးသင်တက်တယ်ဆိုတာ ဒါပါပဲ။ တချို့လည်း စာနည်းနည်းပါးပါး ကျက်ချင် ကျက်ကြပေမပေါ့။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီ ပညာရေးနဲ့တကွ ပျော်ပါးသွားလာခဲ့ကြပုံပေါ့။

ကျွန်တော့်အဝေးသင်ကာလတွေကတော့ အဲဒီလို ပျော်ခဲ့ရတာမျိုး မဟုတ်ခဲ့ဘူး။ အဲဒီလို မပျော်ခဲ့ရလို့ အဲဒီလို ပျော်ခဲ့ကြရတဲ့ လူငယ်တွေကို မစ္ဆရိယပွား ညံ့လှချည့်၊ ဆိုးလှ ချည့်ဆိုနေရခြင်းတော့ မဟုတ်ရပါ။ အဲဒီခေတ်က နဝတ၊ နအဖအစိုးရအဖွဲ့ကြီးတွေရဲ့ ပညာရေးအစီအမံလေးကို နည်းနည်းသိရသလောက် ပြောရုံသက်သက်ပါ။ တစ်ခေတ်လုံး မှိုင်းဝခဲ့တဲ့ နှစ်တွေပဲ။ သူတို့ ဖြစ်စေချင်တာကလည်း မျက်နှာကို အဝတ်စည်း တို့အရေး တို့အရေး အော်တာထက်၊ ဆိုင်ကယ်တိုက်သေ၊ မူးယစ်ရမ်းကား၊ ဖဲရိုက်ပျော်ပါးပြီး အိမ်ထောင်ကျ ဒုက္ခပင်လယ်မှာ လက်ပစ်ကူးကြပြီး ကျန်တဲ့ နိုင်ငံရေး၊ ပညာရေး မသိလေကောင်းလေ သဘောမျိုးပဲကိုး။ အောင်မြင်ခဲ့ကြပါတယ်။ အခုထိလည်း လမ်းညွှန်မြေပုံနဲ့  ၂၀၀၈ ခြေဥနဲ့ သူတို့ အောင်မြင်ဆဲပါပဲ။ တစ်ဘဝလုံး မသိဘူး။ ဂိမ်းအစီအစဉ်တွေထဲ အောင်မြင်နေဆဲ ဂိမ်းဖန်တီးတီထွင်သူတွေပေါ့။

နယ်မြို့လေးနဲ့ ခုနစ်မိုင်လောက်ဝေး ဝေးမြို့နယ် အစွန်အဖျား နေပူကုန်းတွေမှာ သေချာပို့ထားတဲ့ တက္ကသိုလ်ကို ပထမနှစ် ကျောင်းအပ်ဖို့ တစ်နှစ်အအောက်ခံ၊ အလုပ်လုပ်ရင်း ငွေစုဆောင်း၊ အဲဒီတုန်းကတော့ ဘွဲ့ရမှ တစ်ခုခုဖြစ်မယ်ချည်း ထင်ခဲ့တာ။ ဘာဖြစ်မယ်တော့ မသိဘူးပေါ့။ ဘွဲ့ရတာနဲ့ ဘွဲ့မရတာ အတူတူပါပဲဆိုတာ ဘယ်သိခဲ့မလဲ။ အမေတို့၊ အဖေတို့ကလည်း ဘွဲ့ဝတ်စုံနဲ့ သူ့သားငယ် ဓာတ်ပုံကို အိမ်မှာ ချိတ်ဖို့ ဝါသနာသိပ်ကြီးလှတယ်ဆိုပေမယ့် ကျောင်းထားပေးနိုင်လောက်အောင် အဲဒီအချိန်တွေမှာ မစွမ်းဆောင်နိုင်ခဲ့ဘူး ဖြစ်နေပြန်တယ်။ အဲဒီတုန်းကတော့ ဘာရယ်မဟုတ်ဗျာ၊ ကိုယ်နဲ့အရွယ်တူ ချာတိတ်တွေကို ငေးရင်း ၁၆ နှစ်သားတစ်ယောက် မျက်ရည် ပေါက်ပေါက် ခဏခဏ ကျခဲ့ရတာ ပဲ။ တခြားသော လူမှုဘဝတွေအကြောင်း ဘယ်မှာသိဦးမလဲ။ ကိုယ့်ခြေရာခွက်ကို ချောက်ကျတယ် ကြည့်ထင်နေမိတဲ့ အရွယ်ကိုး။

ငါ့ကျမှ အိတ်အကြီးကြီးတွေ ထမ်းရ၊ ငါ့ကျမှ ညစ်ပတ်နံစော်နေတဲ့ ဇလားကြီးတွေ ဆေးရ၊ ငါ့ကျမှ နယ်မြို့ကလေးကို ရောက်လာတဲ့ တက်သစ်စရုပ်ရှင်မင်းသမီးလေးကို နေပူပူထဲက ထောင်ထားတဲ့ လှေကားထိပ်မှာ ရေနံချေးတွေ ပေကျံနေရင်း ငေးရတာလားလို့ အကြိမ်ကြိမ် တွေးတာပေါ့။ ညတိုင်း တစ်စုံတစ်ယောက်ကို ကြားစေချင်စိတ်နဲ့ တစ်ခုခုကိုတော့ အော်ဟစ်နေခဲ့မိတာပေါ့။ တစ်စုံတစ်ယောက်ဟာ ဘယ်သူလဲ အခုထိတော့ မသိဘူးပေါ့။ ကျွန်တော်ဟာ အဲဒီလို ဖြစ်ခဲ့ရပါတယ်။

အဆိုင်းမန့်တွေ စာရေးမကို ရေးခိုင်းဖို့ ပိုက်ဆံမရှိလို့ အင်္ဂလိပ်လို တစ်လုံးမှ နားမလည်ပါဘဲနဲ့လည်း ပုံနှိပ်စာအုပ်တွေကို ကြည့်ကူးရေး ဖြည့်တင်ခဲ့မိပါတယ်။ ရယ်စရာပြောရရင် အဆိုင်းမန့်ရေးဖြေစာစဉ်တွေကို ကိုယ်တိုင်ကိုယ်ကျ ပုံနှိပ်ကနေ ကူးရေးပြီးတင်တာများ စကြဝဠာတစ်ခုလုံးမှာ ကျွန်တော် တစ်ယောက်ပဲ ရှိမယ်ထင်တယ်။ အသွားကားခ ၅၀၊ အပြန်ကားခ ၅၀ မို့ အနီးကပ်မတက်နိုင်ပါ။ ပေါ့ကက်လည်း မဝယ်နိုင်ပါ။ ရှေ့ခုံက ကူးရေးနေတဲ့ ညီမလေးတစ်ယောက် ကူးပြီးသား စာရွက်ကလေးတွေကို ဝါးစားပြီး အစမဖျောက်ခင် တောင်းထားလိုက်နိုင်တဲ့ တစ်နှစ်မှာ ကျွန်တော်ဟာ ဒုတိယနှစ်ကို ရောက်သွားခဲ့တာပေါ့။ ကျွန်တော် ဉာဏ်ကောင်းလွန်းလိုက်တာ။

စာမေးပွဲဖြေတဲ့ ခုနစ်ရက်အတွက် ယုံကြည်ရတဲ့ လူတစ်ယောက်ဆီ ငွေ ၁၄၀၀  အပ်လိုက်ပြီး တစ်နေ့ ၂၀၀ ကျပ် ထုတ်ပေးဖို့ စာမေးပွဲဖြေရေး စီမံကိန်း ရေးဆွဲရပါတယ်။ အသွား ၅၀၊ အပြန် ၅၀။ လက်ဖက်ရည်တစ်ခွက် ၇၀၊ ဖက်ကြမ်း ဆေးပေါ့လိပ် ၃၀ ဖိုး။ ခုနစ် ရက် ၁၄၀၀။ အဲဒီလို ပညာရေးစနစ်ထဲကို ကျွန်တော် ထည့်ဝင်လိုက်တဲ့ ပိုက်ဆံကလေး အနည်းငယ်ဟာ သိပ်စင်ကြယ်ပါတယ်။ အဲဒီ ငွေစကလေးအနည်းငယ်ကို ကျွန်တော်ဟာ ၁၁ လတိတိ ခွဲစိတ်ခန်းမှာ သားအိမ်လာထုတ်တဲ့ အမျိုးသမီးရဲ့ သားအိမ်တုံးကြီးကို မြို့တစ်ဖက်က အမှိုက်ပုံကို သွားသွားပစ်ရင်း စုခဲ့တာ။ တစ်ညလုံး မအိပ်ဘဲ သစ်ရွက်ခြောက်တွေ မြေပေါ်ကြွေကျလာပုံကို ကြည့်ရင်းစုခဲ့တာ၊ ပေါင်မုန့်တွေဖုတ်ရင်း စုခဲ့တာ။ ကျွန်တော်ဟာ သနားအောင် သိပ်ရေးတတ်တာပါပဲဗျာလို့ ဆိုပါတော့။ ထိုနည်း ထိုပုံနဲ့ ပထမနှစ် နှစ်နှစ်၊ ဒုတိယနှစ် သုံးနှစ်၊ တတိယနှစ် နှစ်နှစ်တက်ခဲ့ပြီး ကျွန်တော် ဘွဲ့ရသွားတာပါပဲ။

အိမ်မှာ ကျွန်တော့်ရဲ့ ဘွဲ့ဓာတ်ပုံလည်း မရှိပါဘူး။ ဘွဲ့ဝတ်စုံလည်း မဝတ်ခဲ့ဖူးပါဘူး။ ဘွဲ့ဝတ်စုံဆိုလို့ တစ်ခါက ကျောင်းသားလေးတွေ ဘွဲ့ဝတ်စုံနဲ့ ဆိုက်ကားနင်းတဲ့ပုံ ပါဖောမန့် သဘောမျိုးလုပ်တော့ တချို့လူတွေက လက်မခံနိုင်ကြဘူးတဲ့။ မတူကွဲပြားတဲ့ ဖြတ်သန်းမှုကနေ မတူကွဲပြားတဲ့ အမြင်တွေရှိနေကြမှာပဲ။ ကျွန်တော်ကတော့ အဲဒီပါဖောမန့် အတ်ကို သိပ်သဘောကျတာပါပဲဗျာ။ (ထားပါ တော့လေ) ကျွန်တော်တော့ ဘွဲ့လည်း တက်မယူခဲ့ မယူရက်ပါဘူး။ ယူရမှာ ရှက်တယ်တို့ ဘာတို့ ဒရာမာလည်း မခင်းလိုပါဘူး။ ဒီနေ့ အထိ အဲဒီဘွဲ့နဲ့လည်း ဘာမှလုပ်မစားဖူးပါဘူး။ လုပ်စားလို့လည်း ရမှ မရပဲ။

ဆိုတော့ ဘယ်မှာလဲဗျာ ကျွန်တော်ဖတ်ခဲ့ရတဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုဇာတ်လမ်း၊ ဇဝနရဲ့ ကောလိပ်ကျောင်းသား၊ ကောလိပ်ဂျင်စသဖြင့်တွေ၊ ဒါမှမဟုတ် သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ၊ သပိတ်မှောက်ကျောင်းသား (ရိုးရိုးသားသားဆိုရရင် ကျွန်တော်ကျောင်းသားဘဝက ကျောင်းသား သမဂ္ဂတွေဘာတွေ နားမလည်ပါဘူး။ နိုင်ငံရေးစာပေတွေလည်း အဲဒီလောက် မဖတ်ဖူး သေးပါဘူး) တွေ၊ ရွှေကူမေနှင်းရဲ့ ငါတို့ခေတ်က တက္ကသိုလ်ထဲက ဇာတ်လမ်းတွေ၊ မင်းလူရဲ့ ဝတ္ထုတွေ။

ဘယ်မှာလဲ ကော်ရစ်ဒါထောင့်မှာ အီးမေဂျာက ကောင်မလေးနဲ့ တွေ့၊ ကင်းတင်မှာထိုင်၊ အကြင်နာမျှဝေ၊ သမီးရည်စားဖြစ် နောက်ခံတေးအချစ်သီချင်းတစ်ပုဒ်နဲ့ ပြေးလွှားနေတဲ့ ကျွန်တော်ဖတ်ခဲ့ရတဲ့ အပျော်ဖတ် ဝတ္ထုထဲက၊ အပေါစား ဗီဒီယိုဇာတ်လမ်းထဲက ရောမန္တိကတွေ။ ဘယ်မှာလဲ အဆောင်ရှေ့ ဂီတာသွားသွား တီးဖို့ အပေါင်းအသင်း ရောင်းရင်းတွေ။ ကျွန်တော်ဖြင့် တက္ကသိုလ်တက်လာခဲ့တဲ့ တစ်လျှောက်လုံး အပေါင်းအသင်းရယ်လို့ တစ်ယောက်မှ မရှိခဲ့တာအမှန်ပါ။ အံမယ် ပန်းမရောင်းဖူးပေမယ့် အဲဒီတုန်းက လွှမ်းမိုးဆိုတဲ့ ပန်းရောင်းရင်းနဲ့ ကျောင်းတက်ရတဲ့သူမို့ ဆိုတဲ့ စာသားပါတဲ့ သီချင်းလေး ကျွန်တော် လွှတ်ကြွေပါပဲဗျာ။

အဲဒီလိုနဲ့ တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ဂေါ်ကီထင် လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂျက်လန်ဒန်ထင် လာပါတယ်။ ရယ်တော့ ရယ်စရာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော်ပါပဲ။ တခြားသော အရာတွေကလည်း တခြားသောအရာတွေပါပဲ။ တွေးရင်း ခေါ်ရင်းစဉ်းစားရင်း တက္ကသိုလ်ကျောင်းသားဘ၀ အကြောင်းပြန်စဉ်းစားရင်များ တခြားသူတွေလို ပျော်ရမလားလို့ ပြန်မြင်ယောင်ကြည့်တာ။ အမေဇုန်တော နက်ကြီးထဲက သစ်ရွက်စားတဲ့ မျောက်အိုကြီးတစ်ကောင် ငုတ်တုတ်ထိုင် ငေးမောနေတာကို ကြည့်ရသလိုပါပဲ။ ဖြစ်များဖြစ်နိုင်ရင်တော့ ခုနေခါမှာ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လိုချင်သား။ ညညဆိုရင် မိန်းကလေး အဆောင်တွေရှေ့သွား ခင်ဝမ်းသီချင်း၊ စိုးလွင်လွင်သီချင်းတွေ ဟဲချင်သား။ လူငယ်ဘ၀ ကျောင်းသားဘဝတုန်းက မရခဲ့တဲ့ လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေကို ခံစားချင်မိသား။ သို့သော်လည်းပဲ ဘယ်မှာအစပြုခဲ့တယ်မသိရတဲ့  ကာလတရားယန္တရားရဲ့ ခွေးသွားစိတ်တွေဟာ ဆံသားအရေပြားနဲ့ အလုံးစုံသော ရုပ်ခန္ဓာတွေအပေါ် ခပ်ကြမ်းကြမ်းလိမ့်ဆင်းသွားခဲ့ပြီ။ လွန်ခဲ့ပါပြီပေါ့။ ဒါပေမဲ့လည်း လူ့အဖြစ်ကလည်း တယ်ခက်သားလား။ မရနိုင်ဘူးဆို သိပ်လိုချင်တာပဲ။ လိုချင်စိတ် ဖြစ်ရတာကိုက အရသာရှိနေတာ မဟုတ်လား။