လမိုက်ည သန်းခေါင်ယံ ဆိုတေးသံ

လမိုက်ည သန်းခေါင်ယံ ဆိုတေးသံ
Published 18 March 2018

 

‘ရေး ချားလ်စ်’ (၁၉၃၀-၂၀၀၄)

ရှေးအနောက်ဥရောပတိုက်သားတွေမှာ ထုံးဟောင်း ယုံတမ်းစကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ ‘သာယာနာပျော်ဖွယ် အကောင်းဆုံးအသံဟာ အနာကျင်ဆုံးေ၀ ဒနာက ပေါက်ဖွားလာလေ့ရှိတယ်’ တဲ့။ ရှေးထုံးတို့ ဒဏ္ဍာရီတို့ဆိုတာဟာလည်း အကြောင်းမဲ့တော့ ဖြစ်လာရတာ မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တဲ့သာဓကတွေ ရှေးကရှိခဲ့ဖူးလို့သာ ဒီစကားတွေ ပေါ်ပေါက်လာပြီး လူတွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ ဖြစ်တယ်။ ဒီစကားမှန်ကန်ကြောင်း သက်သေပြနိုင်မယ့် လူတစ်ယောက်ဟာ အမေရိကန်ပြည်ထောင်စု ‘ဖလောရစ်ဒါ’ Florida ပြည်နယ်က ‘ဂရင်းဗင်း’ Greenville ဆိုတဲ့မြို့လေးမှာ ၂၃.၉.၁၉၃၀ ရက်နေ့က ဖွားမြင်ခဲ့ပါတယ်။ သူကတော့ ‘ရေးချားစ်’ Ray Charles ဆိုသူ လူမည်းအမျိုးသားတစ်ဦးဖြစ်ပြီး ဖခင်က မီးရထားလမ်း အလုပ်သမား ‘ဘေလီရော်ဘင် ဆန်’Baily Robinson နဲ့ မိခင်ကတော့ သစ်စက်အလုပ်သမ ‘အရီးသာ’Aretha တို့ ဖြစ်ကြပါတယ်။ အရီးသာဟာ သူများတွေအိမ်က အဝတ်တွေကို ယူလျှော်တဲ့ အပိုအလုပ်ကိုလည်း လုပ်ပါတယ်။ ‘ရေး’ ငါးနှစ်သားကျော်ကျော် အရွယ်အရောက်မှာ လေးနှစ်သားအရွယ်ညီလေး ‘ဂျော့ရှ်’ ဟာ အမေအဝတ်လျှော်တဲ့ စည်ပိုင်းပြတ်ထဲလိမ့်ကျပြီး ရေနစ်သေပါတယ်။ ရေနစ်တာကို မျက်မြင်တွေ့လိုက်သူကတော့ ရေးပဲဖြစ်တယ်။ ရေးဟာ ညီလေးက သူ့ကို စနေတယ်ထင်လို့ သွားမကယ်ဘဲ နောက်ခဏကြာမှ အိမ်မီးဖိုချောင်ထဲက အမေ့ကို သွားခေါ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ကျသွားပါပြီ၊ ညီလေးကို အသက်ပြန်ရှူလာအောင် လုပ်လို့မရတော့ပါဘူး။ ဒီမြင်ကွင်းဟာ  ရေးရဲ့ဘဝထဲက ဘယ်သောအခါမှထွက်ခွာ မသွားနိုင်အောင် ဖြစ်ခဲ့ရတာပါ။ ရေးဟာ အသက်ခြောက်နှစ်သားအရွယ်မှာ မျက်လုံး ရေတိမ်စဖြစ်ပြီး ဘယ်သူကမှ စနစ်တကျ ကုသမပေးကြလို့ ခုနစ်နှစ်သားအရွယ်အရောက်မှာတော့ ရေးဟာ မျက်စိကွယ်ခဲ့ရပါတယ်။ ရိုးရိုးကွယ်တာတောင်မဟုတ်ဘဲ ညာဘက်မျက်လုံးကို ဖောက်ထုတ်ပစ်ခဲ့ရတဲ့အထိတောင် အခြေအနေက ဆိုးရွားသွားခဲ့တာပါ။

အဲဒီနောက် အသားအရောင်ခွဲခြားမှု ပြင်းထန်နေတဲ့ကာလမှာလည်းဖြစ်ပြန် မျက်မမြင်ဒုက္ခိတလည်းဖြစ်ပြန်မို့ ရေးကို ဘယ်ကျောင်းကမှ လက်မခံကြတော့ပါဘူး။ ဒါ့ကြောင့် လူမည်းဖြစ်ပြီး ငွေကြေးလည်း မပြည့်စုံတဲ့ အရီးသာဟာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ အရေးထဲမှာ ရေးရဲ့အဖေက အိမ်ကထွက်သွားပြီး နောက်အိမ်ထောင်ပြုသွားတော့ ပိုဆိုးပါတယ်။ ရေးရဲ့အမေဟာ ဘဝပေးနုံချာသလောက် သတ္တိကောင်းသူ စိတ်မာသူပါ။ “သား ကိုယ့်ကိုယ်ကိုယ် ဒုက္ခိတတစ်ယောက်လို့ ဘယ်တော့မှ သဘောမထားနဲ့၊  သူများတကာတွေက သားကို လာသနားတာတွေကိုလည်း ဘယ်တော့မှ လက်သင့်မခံနဲ့၊  ငါဟာ တစ်နေ့ကျ  အောင်မြင်တဲ့လူသား တစ်ယောက်ဖြစ်ရမယ်လို့ပဲ စိတ်ထဲမှာနှလုံးသွင်းထား” လို့ အမြဲဆုံးမခဲ့ပါတယ်။ အမေ့ရဲ့ ဒီစကားတွေကြောင့်သာ ရေးဟာ လောကဓံကို အန်တုနိုင်ခဲ့ရုံသာမက အမေပြောသလို  ဘဝမှာ အောင်မြင်ကျော်ကြားတဲ့ လူသားတစ်ယောက်လည်း ဖြစ်လာနိုင်ခဲ့တာ ဖြစ်တယ်။

ကံအားလျော်စွာရေးဟာ ဖလောရစ် ဒါက ‘စိန့်သြဂတ်စတင်း’ ဆိုတဲ့ မျက်မမြင် ကျောင်းတစ်ကျောင်းမှာ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ကျောင်းတက်ခွင့်ရခဲ့ပါတယ်။ အဲဒီကျောင်းက ‘မစ္စလောရင့်စ်’ ဆိုတဲ့ ဆရာမဟာ ရေးကို ‘ဘရေးလ်’  Braille လို့ခေါ်တဲ့ မျက်မမြင်စာနဲ့ ဂီတသင်္ကေတတွေကိုဖတ်ပြီး စန္ဒရားတီးတတ်အောင် သင်ပေးခဲ့တာပါ။ ညာဘက်လက်နဲ့ မျက်မမြင်စာကိုဖတ်ပြီး စန္ဒရားပေါ်မှာ ဘယ်ဘက်လက်နဲ့ အရင်စတီး ရပါတယ်။ နောက်ဘက်ဘက်လက်နဲ့ မျက်မမြင်စာကိုဖတ်ပြီး ညာဘက်လက်နဲ့ စန္ဒရားပေါ်မှာ တီးကွက်တွေကို လေ့ကျင့်ရပါတယ်။ ပြီးဘယ်ရောညာပါနှစ်မျိုးလုံး ပေါင်းစပ်ပြီးမှ စန္ဒရားပေါ်မှာ တီးကွက်ဖော်ရတာပါ။ ဒါ့အပြင် ဆက်ဇိုဖုန်းကလဲ ရီးနက်နဲ့ ထရမ့်ပက်စတဲ့ လေမှုတ်တူရိယာတွေကိုလည်း ကျောင်းက သင်ပေးခဲ့ပါသေးတယ်။ ရေးဟာ ဂန္ဓဝင်တေးသွားတွေကို အရင်စတီးပြီး နောက်ပိုင်းမှာ ခေတ်ပေါ်တေးသွားနဲ့ ရေဒီယိုကလာတဲ့ သီချင်းတွေကို လိုက်တီးပါတယ်။ သူအသက် ဆယ်နှစ်သားမှာ အဖေကွယ်လွန်သွားပြီး အမေကတော့ နောက်နှစ်နှစ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီနောက် လောကမှာ ဆွေမျိုးဆိုလို့ တစ်ယောက်မှ မကျန်တော့ပါဘူး။ အမေ ကွယ်လွန်ပြီးနောက် စိတ်ညစ်ညစ်နဲ့ ကျောင်းပြန်တက်တဲ့အခါ ဆရာတစ်ယောက်အပေါ်မှာ မလေးမစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောင်းထုတ်ခံလိုက်ရ ပြန်ပါတယ်။

ကျောင်းကထွက်လိုက်ရပြီးတဲ့နောက် တစ်နှစ်အကြာ သူငယ်ချင်းရှိရာ အမေရိကန် ပြည်ထောင်စု အနောက်ဘက်ကမ်းခြေက ‘ဆီရပ်တယ်လ်’ လို့ခေါ်တဲ့ မြို့လေးကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အသက်ကတော့ ၁၈ နှစ်ပဲ  ရှိပါသေးတယ်။ အဲဒီအရောက်မှာ လုပ်ဖော်ကိုင်ဘက်တွေက နေကာမျက်မှန်တပ်ပေးလိုက်လို့ ရေးရဲ့သွင်ပြင်ဟာ နည်းနည်းကြည့် ပျော်ရှုပျော် ရှိလာပါတယ်။ အဲဒီတုန်းက အသက် ၁၅ နှစ်သာရှိသေးပြီး နောင်အခါမှာ  အမေရိကားရဲ့ စွယ်စုံအနုပညာရှင် ဖြစ်လာမယ့် ‘ကွင်စီဂျုံးစ်’ ဆိုသူနဲ့လည်း အဲဒီကို ရောက်ပြီး မကြာခင်မှာ ညီရင်းအစ်ကိုပမာ ခင်မင်သွားပါတယ်။ မိတ်ဆွေကောင်းတွေနဲ့  ဆုံတွေ့လာရသလို  ကိုယ့်ကိုဒုက္ခပေးမယ့်သူ တွေနဲ့လည်း ကြုံရပါတယ်။ “တစ်ဖွာလောက် ဖွာကြည့်စမ်းပါ၊ ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ အပြောလေးတွေအောက်မှာ ရေးဟာ မူးယစ်ဆေးနဲ့  စတင်ထိတွေ့ အကျွမ်းဝင်လာခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ၁၉၅၂ ခုနှစ်မှာတော့ ဓာတ်ပြားစထုတ်လုပ်နိုင်ခဲ့ပြီး ဒီကနေ့ငွေ ဒေါ်လာ ၂၃.၀၀၀ နဲ့ညီမျှတဲ့ အဲဒီတုန်းကငွေ ဒေါ်လာ ၂၅၀၀ ကို အနုပညာကြေးအဖြစ် စတင်ရရှိလာချိန်ကစပြီး ရေးရဲ့ဘဝဟာ  အပြောင်းလဲကြီး ပြောင်းလဲလာပါတော့တယ်။ အဲဒီနောက်ပိုင်းမှာလည်း ဓာတ်ပြားတွေကို ဆက်တိုက်ထုတ်လာနိုင်ပါတယ်။

ရေးရဲ့ ပထမအိမ်ထောင်ဟာ ‘အိုင်လင်း ဝီလီယံစ်’  ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ပြီး ငါးလအကြာမှာ ကွာရှင်းခဲ့ပါတယ်။ ဒုတိယအိမ်ထောင်ကတော့ ‘ဒဲလာ ဘီးယက်ထရစ်’ ဖြစ်ပြီး ၁၉၅၅ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။ ရေးက ချစ်စနိုးနဲ့ ‘ဘီး’ Bea လို့ အမြဲခေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ‘မာဂျီဟင်း ဒရစ်ဇ်’ (၁၉၃၅-၁၉၇၃) ဆိုတဲ့ လူမည်း အဆိုတော်မလေးနဲ့တော့ တီးဝိုင်းမှာဆုံခဲ့ကြတာဖြစ်ပြီး ဘီးကလွဲရင် ရေးရဲ့ဘဝမှာ သံယောဇဉ်အရှိဆုံး မိန်းကလေးပဲ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်ဟာ ရေးဘဝအတွက် အကူးအပြောင်း ကာလလို့ ဆိုရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အေဘီစီ အသံသွင်းကုမ္ပဏီကြီးက ရေးကိုအမြင့်ဆုံးအခကြေးတွေ ကမ်းလှမ်းခဲ့လို့ပါပဲ။ ကြိုတင်ငွေ တစ်နှစ်ကို ဒီကနေ့ငွေ ဒေါ်လာ လေးသိန်းနှစ်သောင်းနဲ့ညီမျှတဲ့ အဲဒီတုန်းက ဒေါ်လာငါးသောင်းကို နှစ်စဉ်သုံးနှစ်ဆက်တိုက်ပေးမယ်၊ ဒီသုံးနှစ်အတွင်းမှာ ဆိုချင်တာဆို ထုတ်ချင်တဲ့ဓာတ်ပြားထုတ်၊ ထုတ်လုပ်စရိတ်ဖြတ်ပြီး ကျန်ငွေရဲ့ ၇၅ ရာခိုင်နှုန်းကိုလည်း ပေးဦးမယ်လို့ ရေးကိုကမ်းလှမ်းခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ အဲဒီကြေးဟာ အဲဒီခေတ်အဲဒီအခါရဲ့ အမြင့်ဆုံးကြေးလည်း ဖြစ်တယ်။ ၁၉၆၅ ခုနှစ်မှာ ရေးဟာ ဘိန်းဖြူလက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရပါတယ်။ ကျွန်တော် ဘိန်းဖြူကို အသက် ၁၆ နှစ်သားကတည်းက စသုံးစွဲခဲ့တာလို့လည်း ဝန်ခံခဲ့ပါတယ်။ ဒါ့ကြောင့် ခါလစ်ဖိုးနီးယား ပြည်နယ်က ‘စိန့်ဖရန့်စစ်’ ပြန်လည်ထူထောင်ရေးစခန်းကို ရောက်သွားခဲ့ရပါတယ်။ ဆေးဖြတ်တဲ့ဒဏ်ကို အလူးအလဲခံခဲ့ရပြီး အဲဒီဆေးဖြတ်စခန်းမှာ တစ်နှစ်ကြာခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ‘ဒေး ဗစ်ရစ်ဇ်’ ဆိုသူနဲ့ပေါင်းပြီး ‘ကိုကြီးရေး’ Brother Ray ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ထုတ်ဝေတဲ့အခါမှာလည်း အရောင်းရဆုံး စာအုပ်စာရင်း ဝင်ခဲ့ပါတယ်။ နောက်နှစ်မှာ ဆွေးဆွေးမြည့်မြည့်နဲ့ သူရေးဆိုခဲ့တဲ့ ‘မေ့မရနိုင်သော ဂျော်ဂျီယာ’ Georgia on My Mind ဆိုတဲ့ သီချင်းဟာ အလွန်လွမ်းမောစရာ ကောင်းပြီး အကြီးအကျယ်အောင်မြင်သွားခဲ့ပြန်ပါတယ်။ အမေ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့  ဂျော်ဂျီယာပြည်နယ်မှာ ၁၉၆၁ ခုနှစ်တုန်းက တာဝန်ရှိသူတွေက ပရိသတ်တွေကို  ခန်းမထဲမှာ အသားအရောင်ခွဲခြားပြီး ထိုင်ခိုင်းခဲ့လို့ ရေးက သီချင်းသီဆိုဖျော်ဖြေဖို့ ငြင်းဆိုခဲ့ဖူးပါတယ်။ အဲဒီအတွက် ရေးဟာ ဂျော်ဂျီယာပြည်နယ်မှာ သီဆိုဖျော်ဖြေခွင့် ရာသက်ပန် အပိတ်ခံခဲ့ရပါတယ်။ ၇.၃.၁၉၇၉ ရက်နေ့မှာတော့ ရွေးကောက်ခံ ဂျော်ဂျီယာပြည်နယ်အစိုးရဟာ ရေးသီဆိုခဲ့တဲ့ Georgia on My Mind သီချင်းကို ပြည်နယ်ရဲ့ တရားဝင်သီချင်းအဖြစ် အသိအမှတ်ပြုလိုက်ရုံသာမက ပြည်နယ်အစိုးရက ရေးချားလ်စ်ကို ပြည်သူအများရှေ့မှောက်မှာ တရားဝင်တောင်းပန်ပြီး ပြန်လည်ခေါ်ယူကြိုဆိုခဲ့ပါတယ်။ “သီချင်းသံလေးက ချိုလွင်လို့နေတယ်…ထင်းရှူးပင်တွေကြားမှာ ဖြတ်သန်းကျရောက်လာတဲ့ လရောင်လေးကို တွေ့မြင်ရတာက ရင်ထဲမှာအေးမြလိုက်တာ ဂျော်ဂျီယာရယ်…လက်တွေဆန့်တန်းပြီး ဖိတ်ခေါ်တဲ့ အကြည့်တွေနဲ့ ကြိုဆိုနေခဲ့ပေမဲ့ ငြိမ်းချမ်းရေးရဲ့အရိပ်အယောင်ကို  ငါမမြင်ရသေးပါလား..” ဆိုတဲ့ သီချင်းစာသားလေးတွေက ကြမ်းတမ်းနေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို အမှန်တကယ်ပဲ ပျော့ပျောင်းလာစေနိုင်ခဲ့ပါတယ်လို့ ဂျော်ဂျီယာပြည်နယ်အစိုးရ အဖွဲ့ဝင်တွေက ပြောကြပါတယ်။

အဲဒီအချိန်ကစပြီးရေးဟာ အမေ့ရဲ့ မွေးရပ်ဇာတိမြေကို အလေးပြုတဲ့အနေနဲ့  အသက်ထက်ဆုံး ဘိန်းဖြူကို မသုံးစွဲတော့ပါဘူး။ ၂၄. ၈.၁၉၈၄ ရက်နေ့ ‘ရီပတ်ဘလီကန်’ ပါတီက လေးရက်ကြာကျင်းပတဲ့ ပါတီညီလာခံပိတ်ပွဲမှာ ရေးဟာ သူ့ရဲ့အအောင်မြင်ဆုံးသီချင်း တစ်ပုဒ်ဖြစ်တဲ့ America the Beautiful ဆိုတဲ့သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ အဲဒါကို သဘောကျလွန်းလို့ သမ္မတ ‘ရိုနယ်ရီဂင်’ နဲ့ သမ္မတကတော် ‘နန်စီရီဂင်’ တို့က သူ့ကိုကျေးဇူးတင်ကြောင်း အများပြည်သူရှေ့မှာပဲ ပြောကြားပြီး ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီနောက် ရေးဟာ အာဖရီကန် အမေရိကန်ကျောင်းတွေနဲ့ မျက်မမြင်နားမကြားသူတွေအတွက် ဒေါ်လာသန်း ၂၀ ကိုလည်း လှူဒါန်းခဲ့ပါတယ်။

မာဂျီနဲ့ပတ်သက်ပြီး ရေးနဲ့ဘီးတို့က တောက်ကဆတ်ဖြစ်ကြတဲ့အချိန်မှာ ရေးရဲ့ရင်ထဲက ခံစားချက်တွေ ပွင့်အန်ထွက်လာပါတယ်။ “ဒီမှာ ဘီးလူတစ်ယောက် စုံလုံးကန်း သွားရတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို မင်းမသိပါဘူး၊ အမှောင်ထုဟာ လူတစ်ယောက်ကို ဘယ်လောက်တောင်အားငယ်စေ ခြောက်ခြားစေတယ်ဆိုတာကိုလည်း မင်းမသိပါဘူး” လို့ ဆို့နင့်ကွဲအက်နေတဲ့အသံကြီးနဲ့ ပြောခဲ့ပါတယ်။ ‘ရေး’ အဖြစ်သရုပ်ဆောင်ခဲ့တဲ့  Jamie Foxx ကယ်ဒမီရသွားပြီး ၂၀၀၄ ခုနှစ်မှာ ပေါ်ထွက်လာခဲ့တဲ့ Ray ဆိုတဲ့ ဇာတ်ကားကိုကြည့်ဖို့ အားခဲခဲ့ပေမဲ့ ဇာတ်ကားထွက်မလာခင် လေးလအလို ၁၀.၆.၂၀၀၄ ရက်နေ့မှာရေးဟာ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ရေးရဲ့အကြောင်းကို စဉ်းစားနေရင်းနဲ့ ကိုယ့်အကြောင်းကိုလည်း ပြန်သတိရလာပါတယ်။ ၁၉၆၁ ခုနှစ် ကိုယ်ကလေးဘဝမှာ ရှိနေစဉ်တုန်းက ကိုယ်ဟာ အလင်းရောင်ကို ကောင်းကောင်းမြင်နိုင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ကိုယ့်ဘဝဟာ မှောင်အတိ ကျသွားခဲ့ပြီး ကိုယ့်ဘဝတစ်ခုလုံးဟာ ကြောက်စရာ ခြောက်ခြားစရာတွေနဲ့ချည်း ပြည့်နှက်လို့သာ နေခဲ့ပါတယ်။ ခုခေတ်ဟာ ရှေးယခင်နဲ့ မတူတော့ဘဲ ဆေးပညာတွေ တအားတိုးတက်လာပြီမို့ ကိုယ့်မျက်လုံးတွေ မကြာခင်ပြန် ကောင်းလာပြီး အလင်းရောင်ကို ပြန်မြင်လာ နိုင်သေးတယ်လို့ ဆရာဝန်တွေကတော့ ပြောနေကြပါတယ်။ အမှောင်ထဲမှာ ကိုယ်ဆိုတဲ့ သီချင်းဟာ သာယာနာပျော်ဖွယ် ကောင်းလှပါတယ်လို့ ဆိုနေကြတောင်မှ ဒီတေးသွားကို ကိုယ်ဆက်မဆိုချင် တော့တာကတော့ အမှန်ပါပဲ။ အခုအချိန်မှာတော့ ကိုယ်ဟာ အလင်းရောင်ကို ပြန်မြင်တွေ့ချင်တာကလွဲပြီး ကိုယ့်ရင်ထဲမှာ ဘာဆိုဘာမှ မရှိတော့ဘူး။