ပေါ်ပြူလစ်ဇင်နှင့် မရေရာဆုံး အီတလီရွေးကောက်ပွဲ

ပေါ်ပြူလစ်ဇင်နှင့် မရေရာဆုံး အီတလီရွေးကောက်ပွဲ
Published 5 March 2018

မတ် ၃ ရက်က နေပယ်မြို့လယ်တွင် ဆယ်ဗီယိုဘာလူစကိုနီ (လယ်) က သူ့အား ထောက်ခံသူများနှင့်အတူ ဓာတ်ပုံရိုက်ကူးနေစဉ် (Photo - AFP)

မတ် ၄ ရက်တွင် အီတလီနိုင်ငံ၌ ပြုလုပ်မည့် ရွေးကောက်ပွဲကို သမိုင်း၌ မရေရာဆုံး ရွေးကောက်ပွဲဟု ခေါ်ဆိုနေကြသည်။ လက်ယာစွန်းပါတီများနှင့် ပေါ်ပြူလစ်ဇင်ပါတီများသည် အဓိကအောင်မြင်မှုရလိမ့်မည်ဟု မျှော်လင့်ထားကြပြီး ဆယ်ဗီယိုဘာလူစကိုနီသည် အဓိကအကျဆုံး ဖြစ်နေသည်။

လက်ယာစွန်းသမားများနှင့် ဖက်ဆစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများအကြားမှ ပဋိပက္ခများသည် လူဝင်မှုကြီးကြပ်ရေးကိစ္စနှင့် ချည့်နဲ့အားကုန်နေသည့် စီးပွားရေးတို့ကြောင့် စိုးရိမ်မှုများလွှမ်းမိုးနေသည့် မှိုင်းမှုန်နေသော မဲဆွယ်ပွဲများကို ပို၍ပင် အကျည်းတန်စေခဲ့သည်။

“သိပ်ကို အနုတ်လက္ခဏာသဘောဆောင်တဲ့ မဲဆွယ်ပွဲတစ်ခုပါ” ဟု ဖလောရင့် မြို့မှ အသက် ၂၈ နှစ်အရွယ်ရှိ ဒိုမေနီကိုကိုရီဆယ်လီက ပြောကြားခဲ့သည်။

အီတလီနိုင်ငံသားများစွာတို့သည် တစာစာကြွေးကြော်နေသော ပါတီများစွာကပေးသည့် ရွေးကောက်ပွဲကတိများနှင့် ပတ်သက်၍ အဆိုးမြင်လျက်ရှိကြပြီး မည်သို့သော ရလဒ်ထွက်ပေါ်လာမည်နှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးလျက်ရှိကြသည်။

“အခုအထိ အရာရာသိပ်ကို ဆိုးရွားခဲ့ပြီးပြီမို့ တစ်စုံတစ်ရာပြောင်းလဲလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု မီလန်မြို့မှ သက်ကြီးရွယ်ကြီး လမ်းဘေးဈေးသည်တစ်ဦးဖြစ်သည့် အန်ဇိုဂယ်လိုက ဆိုသည်။

“လူလတ်တန်းလွှာဆိုတာ မရှိတော့ပါဘူး။ ဆင်းရဲတဲ့သူတွေ ပိုပိုဆင်းရဲလာပြီး ချမ်းသာတဲ့သူတွေ ပိုပိုချမ်းသာသွားကြတယ်။ လူမှုရေး တရားမျှတမှုဆိုတာ မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ထွက်ပေါ်လာမည့် ရလဒ်သည် ပေါ်ပြူလစ်ဇင်ပါတီဖြစ်သော Five Star Movement ဝန်ကြီးချုပ်ရာထူးသက်တမ်း သုံးကြိမ်ရရှိဖူးသည့် ဆယ်ဗီယိုဘာလူစကိုနီ၏ လက်ယာစွန်း ညွန့်ပေါင်းအဖွဲ့နှင့် လက်ရှိအာဏာရ ဗဟိုလက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီတို့အကြား သရေပွဲဖြစ်ဖွယ်ရှိနေသည်။

မဲပေးပွဲများမတိုင်မီ နောက်ဆုံး ထင်မြင်ချက်စစ်တမ်းများ၌ ဘာလူစကိုနီ၏ ညွန့်ပေါင်းအဖွဲ့သည် ၃၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ယင်းနောက်၌ Five Star Movement က ၂၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ဗဟိုလက်ဝဲယိမ်းပါတီက ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ကပ်လျက်လိုက်နေသည်။

သို့သော် ပထမဆုံးအကြိမ်အဖြစ် စတင်ကြိုးပမ်းသည့် ရွေးကောက်ပွဲဥပဒေသစ်တစ်ရပ်အရ ပါလီမန်နှစ်ရပ်စလုံး၌ အမတ်နေရာအများစုကို လွှမ်းခြုံနိုင်သည့် အာဏာရရှိရန် အနည်းဆုံး မဲရာခိုင်နှုန်း ၄၀ လိုအပ်သည်။

“ဒီရွေးကောက်ပွဲတွေက ထီဖွင့်သလိုပါပဲ။ မဖွင့်ခင် ဘာမှ ပြောလို့မရပါဘူး။ ဒါပေမဲ့ ဒီနေ့နဲ့ မနက်ဖြန်ဟာလည်း ဘယ်တော့မှ မတူပါဘူး” ဟု ရောမမြို့ Luiss တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှူး ရောဘတ်တိုဒီအလီမွန်တေးက ပြောကြားခဲ့သည်။

မဲရုံများကို ဂရင်းနစ်စံတော်ချိန် ၀၆၀၀ နာရီတွင်ဖွင့်လှစ်ပြီး ၂၂၀၀ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကာ အစောပိုင်းရလဒ်များကို မတ် ၅ ရက် အစောပိုင်းတွင် သိရဖွယ်ရှိသည်။

ဘာလူစကိုနီ ပြန်လာမလား

ယခုရွေးကောက်ပွဲ၏ အထင်ရှားဆုံး လက္ခဏာရပ်မှာ အသက် ၈၁ နှစ်အရွယ်ရှိ ဘာလူစကိုနီ ပြန်လာမလားဟူသည့် ကိစ္စဖြစ်သည်။ ဘာလူစကိုနီသည် လိင်မှုကိစ္စအရှုပ်တော်ပုံများ၊ တရားစွဲဆိုခံခဲ့ရမှုများ ရှိနေသည့်ကြားမှ ရေပန်းစားနေဆဲပင် ဖြစ်သည်။

ဘီလျံနာသူဌေးကြီး ဘာလူစကိုနီသည် အခွန်ရှောင်သည်ဟု တရားစွဲဆိုခံထားရမှုကြောင့် ကိုယ်တိုင်ရာထူးရယူနိုင်ခြင်း မရှိသော်လည်း သူ၏ပါတီမှ ဝန်ကြီးချုပ်လောင်းအဖြစ် ဥရောပပါလီမန်ဥက္ကဋ္ဌ အန်တိုနီယိုတာ ဂျာနီကို ပွဲထုတ်ထားသည်။

သို့သော် ဘာလူစကိုနီ၏ အစီအစဉ်များအနေဖြင့် သူ၏ညွန့်ပေါင်းအဖွဲ့ မိတ်ဖက်တစ်ဦးထံမှ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ ထိုသူသည် League ပါတီခေါင်းဆောင်ဖြစ်ပြီး ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး၊ အီးယူကို ဆန့်ကျင်ရေး မိန့်ခွန်းများဖြင့် မဲဆွယ်ပွဲ၌ ရေပန်းစားနေသူ မက်တီယိုဆယ်ဗီနီ ဖြစ်သည်။

ဆယ်ဗီနီက သူ၏ပါတီသည် ဘာလူစကိုနီ၏ ပါတီထက် ရှေ့သို့ ရောက်နေပါက သူ့အား ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားသင့်ပြီး ၎င်းတို့ညွန့်ပေါင်းအဖွဲ့တစ်ရပ်လုံးအနေဖြင့် မဲအများစုကို ရရှိမည်ဟု ပြောကြားခဲ့သည်။

ဘာလူစကိုနီနှင့် ဆယ်ဗီနီတို့သည် ၎င်းတို့ အာဏာရပါက တရားမဝင် ရွှေ့ပြောင်းအခြေချသူ ၆၀၀,၀၀၀ ကို အီတလီနိုင်ငံမှ နှင်ထုတ်မည်ဟု ကတိပြုထားသည်။ ယင်းအဆို ပြုချက်ကို လက်ရှိအာဏာရ ဗဟိုလက်ဝဲယိမ်းပါတီက အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟုဆိုကာ ပယ်ချထားသည်။

ပေါ်ပြူလစ်ဇင်စစ်စစ်

ယခုအီတလီရွေးကောက်ပွဲကို နိုင်ငံတကာက အာရုံစိုက်လျက်ရှိရာ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်ဟောင်း စတိဗ်ဘန်နွန်လည်း ပါဝင်သည်။ ဘန်နွန်သည် ဒေါ်နယ်ထရန့် အာဏာရရှိအောင် တွန်းတင်ပေးခဲ့သည့် ပေါ်ပြူလစ်ဇင်လှုပ်ရှားမှုကို ကြိုးကိုင်ခဲ့သူဖြစ်သည်။

“အီတလီရွေးကောက်ပွဲဟာ အရာရာတိုင်းအတွက် စံနမူနာဖြစ်ပါတယ်။ ဒါဟာ ပေါ်ပြူလစ်ဇင်စစ်စစ်ပါ” ဟု ဘန်နွန်က လွန်ခဲ့သည့် သီတင်းပတ်အတွင်း နယူးယောက်တိုင်းမ် သတင်းစာနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

ဥရောပခရီးစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် အီတလီနိုင်ငံသို့ သွားရောက်နေသည့်  ဘန်နွန်က “ဘရီးဇစ်လုပ်တဲ့ ဗြိတိသျှတွေထက် ထရန့်အတွက်လုပ်တဲ့ အမေရိကန်သားတွေထက် အချိန်တိုလေးအတွင် း အီတလီသားတွေက ပိုပြီးခရီးရောက်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဘန်နွန်က Five Star Movement နှင့် League ပါတီတို့သည် မဟာမိတ်များ ဖြစ်လာဖွယ်ရှိကြောင်း၊ ယင်းဇာတ်ညွှန်းသည် ငွေကြေးဈေးကွက်များနှင့် ဥရောပမြို့တော်များကို ကိုင်လှုပ်မည့် ဇာတ်ညွှန်းနှင့် အဆုံးစွန်သော အိပ်မက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မက်တီယိုရန်ဇီက သူ၏ဇာတိဖလောရင့်မြို့တွင် မတ် ၂ ရက် နောက်ဆုံးမဲဆွယ်ပွဲ၌ သူ၏ပါတီအတွက်ပေးသည့် မဲတစ်မဲသည်ပင်လျှင် ဆယ်ဗီနီကို အာဏာမရအောင် ကာကွယ်မှု ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

“ဒီမိုကရက်တစ်ပါတီကသာ ခိုင်မာတဲ့ ရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်တဲ့ တစ်ခုတည်းသော လေးနက်တဲ့ နိုင်ငံရေးအင်အားစုပါ” ဟု အသက် ၇၀ အရွယ်ရှိ အငြိမ်းစား မီးရထားကုမ္ပဏီဝန်ထမ်း ချီယေရာဆာဒိုနေးက ပြောကြားခဲ့သည်။

ဇာတ်ညွှန်း

မည်သည့်ပါတီကမှ လွှမ်းခြုံနိုင်သည့် မဲအများစုကို မရရှိပါက သုံးသပ်သူများ အကြမ်းရေးဆွဲထားသည့် ဇာတ်ညွှန်းတစ်ရပ်မှာ ဒီမိုကရက်တစ်ပါတီနှင့် Forza Italia ပါတီတို့ ညွန့်ပေါင်းဖွဲ့ရန် ဖြစ်သည်။ ယင်း ဇာတ်ညွှန်းသည် ရင်းနှီးမြှုပ်နှံသူများကို နှစ်သိမ့်နိုင်ဖွယ်ရှိသော်လည်း မကောင်းမြင်မှုများ ပိုမိုကြီးထွားလာခြင်းနှင့် ပေါ်ပြူလစ်ဇင်သမားများနှင့် လက်ယာစွန်းသမားများကို ပို၍သွေးထိုးမှုဖြစ်စေခြင်း အစရှိသည့် အန္တရာယ်များ ရှိနေသည်။

အခြားဖြစ်နိုင်ခြေတစ်ရပ်မှာ ယာယီအစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး အဆင်ပြေသည့်အခါမှ ရွေးကောက်ပွဲသစ်ကျင်းပရန် ဖြစ်သည်။

အစဉ်အလာပါတီများကို စိတ်ပျက်နေသည့် အီတလီနိုင်ငံသားများထံမှ ထောက်ခံမှုရထားသည့် Five Star Movement ပါတီသည် ပါတီတစ်ခုချင်းအနေဖြင့် အားအကောင်းဆုံးအဖြစ် ရလဒ်ထွက်ပေါ်နိုင်သော်လည်း ရွေးကောက်ပွဲအပြီး အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရေးသဘောတူညီချက်မှာမူ ပယ်ချခံရဖွယ်ရှိနေသည်။