ဖျတ်ခနဲ မြင်လိုက်ရသည့် ငါတို့ မဟုတ်သော အခြားဇာတ်လမ်း

ဖျတ်ခနဲ မြင်လိုက်ရသည့် ငါတို့ မဟုတ်သော အခြားဇာတ်လမ်း
Published 28 February 2018

အဲဒီလမ်းထောင့်ဆုံးက အိမ်ကလေးမှာ လူတစ်ယောက်ရှိတယ်။ ခြံစည်းရိုးနောက်က သူ့ပုံစံက ထက်ထက်မြက်မြက် ရှိသလိုမျိုး တစ်ခါတလေမြင်ရပေမယ့် တစ်ခါတလေကျ ပြန်တော့လည်း ငထူ ငပိန်း ငအ တစ်ယောက်လိုပဲ။ ဘယ်ဟာ အမှန်လဲဆိုတာက မပြောနိုင်ဘူး။ မပြောနိုင်ရတာက အဲဒီလူက သူနဲ့ ရင်းနှီးအောင် နေခွင့်ကို ဘယ်သူ့ကိုမှ မပေးဘူး။ အဲဒီလိုပဲ လမ်းထောင့်က အိမ်ကလေးမှာ နေ၊ ပြီးတော့လည်း လမ်းထောင့်ဆုံးက အိမ်ကလေး မှာနေ။ အဲဒီလိုပဲ အဲဒီလူဟာ အဲဒီလူအနေနဲ့ ရှိနေသရွေ့ကာလပတ်လုံး နေတော့မယ်ဆို တဲ့ ပုံမျိုး။ ဘယ်လိုတွေ စားသောက် နေထိုင် တယ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ သိတယ် မဟုတ်လား လူဆိုတာ ဘယ်လိုမှ လူ့အဖွဲ့ အစည်းနဲ့ ကင်းပြီး မနေနိုင်ဘူး။ မှောင်မည်းပြီး အနံ့အသက် ဆိုးရွားလှတဲ့ အခန်းတစ်ခန်းထဲမှာ လိုက်ကာခန်းဆီးတွေ အကုန်ချ တစ်နေ့ နည်းနည်း နည်းနည်းနဲ့ ဝင်လာတဲ့ ဖုန်တွေ သဲတွေကြားက ရက်ရှယ်ထားတဲ့ ပင့်ကူအိမ်မှာ ပင့်ကူပဲ နေနိုင်မယ်။ လူမနေနိုင်ဘူး။ ဒါကြောင့် သူ့အိမ်ရဲ့ သစ်သားခြံစည်းရိုးနောက်မှာ ကတ်ထူစက္ကူပေါ် မီးသွေးနဲ့ရေးထားတဲ့ စာတန်းတစ်ခုရှိတယ်။ ဆိုင်းဘုတ်ပေါ့။

လူတွေနဲ့ ကင်းကွာပြီး နေလို့မရနိုင်တဲ့ အပြင်လူတွေကို လာချင်ရင် လာခဲ့ဆိုတဲ့ သဘောဆောင်တဲ့ ဆိုင်းဘုတ်ပေါ့။ 'ဂတ်စ်မီးခြစ် ဂတ်စ်ထည့်သည်'တဲ့။ ဟာသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ တကယ့်အလုပ်သဘော ဆောင်တာပဲ။ အခုခေတ်မှာ ကြုံခေါင့်ကြုံခဲ တစ်နှစ်မှာ တစ်ခါလောက်ပဲ အမေးခံရရင်တောင် အတော်ကြီးကို ထူးထူးဆန်းဆန်းဖြစ်မယ့် မေးခွန်းက “အစ်ကိုရေ မီးခြစ် ဘယ်နား ဂတ်စ်ထည့်ရမလဲ” ဆိုတဲ့မေးခွန်းပဲ။ သုံး၊ လေး၊ ငါးခါလောက် ခြစ်ပြီး ပျက်သွားမယ့် တရုတ်မီးခြစ်တစ်လုံးကို ငွေ ၁၀၀ နဲ့ ဝယ်လို့ ရပြီး၂၀၀ တန် ယိုးဒယားမီးခြစ်တွေဆိုရင် မပျောက်သရွေ့ မပျက်တော့ဘူးထင်ရတဲ့  ခေတ်မှာ ဘယ်သူတွေကများ ဂတ်စ်ကုန်တဲ့ မီးခြစ်တွေ တလှေကြီးကိုင်ပြီး ဂတ်စ်ထည့်တဲ့ ဆိုင် လိုက်ရှာနေမလဲ။ မပြောတတ်ဘူး ရှိချင်လည်း ရှိနိုင်မှာပေါ့။

ဆိုတော့ ဒီလို မုတ်ဆိတ်မွေး ပါးသိုင်းမွေး ခပ်ထူထူ၊ အသားအရေ အညိုရင့်ရင့် မျက်ဆံနက်နက်၊ မေးစေ့နဲ့ ပါးကြားမှာ လခြမ်းသဏ္ဌာန် အမာရွတ်ရှိတဲ့ အမြဲတမ်း စိတ်ဆိုးနေပုံရတဲ့ ဒီလူ့ဆီကို ဘယ်သူတွေကများ ဂတ်စ်မီးခြစ် ဂတ်စ်လာထည့်ကြမလဲလို့ စူးစမ်းရတာကိုက ဂိုဒေါ့ကို စောင့်မျှော်ရသလို ဆန်းကြယ်လှပါပြီ။ ရှိတော့ ရှိတယ်။ လမ်းညွှန်ပေးလိုက်ရတာမျိုးလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) က ဦးဇင်းတစ်ပါး ၆ ပေ x ၁၁ ပေ အိတ်တစ်လုံးထဲ ဘဝတစ်လျှောက်လုံး စုဆောင်းလာခဲ့သလား တောင် ထင်ရလောက်တဲ့ ဂတ်စ်မီးခြစ်တွေ အထွေးလိုက်ကြီးနဲ့ “မီးခြစ် ဘယ်မှာ ဂတ်စ်ထည့်သလဲ ဒကာလေးတို့ရယ်” လို့ လာမေးလို့ အဲဒီလူဆီ ညွှန်လိုက်ကြရသေးတယ်။ အဲဒီ လူရဲ့ အိမ်ဘက်ကို မေးသူ ဦးဇင်း ဆတ်ဆတ်ဆတ်ဆတ်နဲ့ ကြွသွားတော့ “ဒီလူတော့ အချီကြီး မိပဟေ့” လို့တောင် ကျွန်တော်တို့တစ်တွေ ဘာမဟုတ်တာလေးကို အော်ဟစ်ကျူးရင့်နေကြသေးတယ်။ တစ်ကောင်ဆို လက်ခေါက်တောင် မှုတ်နေသေး တရွှီရွှီနဲ့ဗျာ။

အဲဒီနောက်ပိုင်းတော့ ဒီလူလည်း ကမ္ဘာ့စီးပွားပျက်ကပ်ထဲ ပြန်ရောက်သွားလောက် မပေါ့။ ဂတ်စ်ထည့်သူ မမြင်ရတော့ဘူး။ မမြင်ရတော့ဘူးဆိုတာက လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ကို ဒီလူ့ကို အမြဲတမ်း စောင့်ကြည့်နေလို့ရတယ်။ကျွန်တော်တို့အဖွဲ့ကလည်း အဲဒီဆိုင်မှာပဲ ထိုင်ကြတာကိုး။ နံနက် တစ်ခါ ၊ နေ့လယ် တစ်ခါ၊ ည တစ်ခါ တစ်နေ့ လေး၊ ငါး၊ ခြောက်နာရီလောက်က လက်ဖက်ရည်ဆိုင်မှာပဲ။ ပြောချင်ရာ ပြော၊ ရယ်တန်တာရယ်နဲ့ ဖိနပ်တွေ ပြောင်းသွားကြ၊ အင်္ကျီတွေ ပြောင်းသွားကြ၊ ထနောင်းပင် အခေါက်ကြား ဆေးလိပ်မီးတွေ ထိုးခြေကြနဲ့ နှစ်တွေ နှစ်တွေ မနည်းပါလား။

အဲဒီတစ်လျှောက်လုံး ကျွန်တော်တို့ဟာ ရုတ်တရက် စကားစပြတ်သွားတိုင်း ဘယ်သူမှ သက်ပြင်းမချရသေးခင် အဲဒီလူရဲ့ အိမ်ကိုတော့ တစ်ချက် လှမ်းငေးလိုက်တာပါပဲ။ ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်ပြီးတော့ သက်ပြင်းတွေချ။ ဒီလူဟာ ဘယ်လိုလူပါလိမ့်။ လူတွေကို စိတ်နာနေတာလား။ စိတ်နာတယ်ဆိုတဲ့ စကားလုံးကြီးကတော့ ဖန်တရာတေနေပါပြီ။ သုံးလို့လည်း မကောင်းဘူး။ လူတွေကို ငြီးငွေ့နေတာဖြစ်မယ်။ ကျွန်တော်တို့ဟာ ဒီလူ ဟိုခုန် ဒီခုန် ဟိုသွားဒီသွားနဲ့ တည်ဆောက်ထားတဲ့ ပင်ကူအိမ်ထဲမှာ မိနေတဲ့ ခြင်၊ ယင်၊ ဖြုတ်ကောင် တွေလိုပဲ။ ရုန်းထွက်လို့ မရ။ တစ်စက္ကန့်ချင်း အစွဲကြီး စွဲလမ်းလာ။ ဒီလူ့ကို နားမလည်မှုဟာ ဒီလူ့ကို နားလည်အောင် ဘယ်လိုကြိုးစားရမလဲလို့ အားလုံးအတူတူ တွေးခေါ်လာကြတာပဲ။

ဒီလူ့အိမ်က ခြံစည်းရိုးနဲ့ ကပ်လျက်ကြီး ဆောက်ထားတာ။ ဒါပေမဲ့  အိမ်ရဲ့တောင်ဘက်မှာက ၁၀ ပေနီးနီးလောက်ရှိမယ့် ကွက်လပ်တစ်ခုရှိတယ်။ အဲဒီကွက်လပ်ကနေ အိမ်ရှေ့၊ အိမ်နောက်ကို သွားလို့ရနိုင်တာမျိုး။ အဲဒီကွက်လပ်မှာ  လမ်းပေါ်ကနေ ကြည့်ရင်တောင် ဆီတွေနဲ့ ပြောင်နေတဲ့ စားပွဲရှည်တစ်လုံး ချထားတယ်။ ထိုင်ခုံရှည်တစ်လုံး ချထားတယ်။ တန်းလျားသဘောမျိုးပေါ့။တစ်နှစ်မှာ တစ်ခါလောက်တော့ရှိမယ်။ အဲဒီလူဟာ အဲဒီစားပွဲရှည်ကြီးပေါ် စာအုပ်တွေ တင်ပြီး ဖုန်သုတ်တာလိုလို၊ ခြကိုက် မကိုက် စစ်တာလိုလို လုပ်တတ်တယ်။ စာတစ်အုပ်ကို သည်းသည်းမည်း မည်း ဖတ်နေတာမျိုးကတော့ မမြင်ဖူးပါဘူး။ သူ့အိမ်ထဲ သူ့အိပ်ရာပေါ်မှာ အိပ်ပြီး ဖတ်နေတာမျိုးဆိုရင်လည်း ကျွန်တော်တို့ ဘယ်မြင်နိုင်မလဲ။သူ့အိမ်ထဲကို ကျွန်တော်တို့ မြင်မှ မမြင်ရပဲ။

ကျွန်တော်တို့ သူငယ်ချင်းတစ်အုပ် သူ့ကို ခင်ဖို့ ကြိုးစားကြတာလည်း အဲဒီစာအုပ်တွေကို  ဘာလုပ်မှန်းမသိ လုပ်နေတာမြင်လို့ပဲ။ ကျွန်တော်တို့ မျက်လုံးတွေ အရောင်တက်ကုန်ကြတယ်။ စွမ်းအားတွေ တိုးလာသလို ခံစားလာရတယ်။ ယုံကြည်မှုတွေ မြင့်မားလာသလိုမျိုး။ ဘာကြောင့် အဲဒီလို ခံစားမှုတွေ ဗလွတ် ရွှတ်တလျှောက်ဖြစ်သွားတယ်တော့ မပြောတတ်ဘူး။ အဲဒီလူ အဲဒီလို စာအုပ်တွေကို တောင်လုပ် မြောက်လုပ် လျှောက်လုပ်နေတာကို ကြည့်ရင်း ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ဒီလူနဲ့ ရင်းနှီးခင်မင်အောင်တော့ဖြင့် ကြိုးစားသင့်တယ်လို့ ဆုံးဖြတ်လိုက်ကြတာပဲ။

နောက်တစ်နေ့မှာ ကျွန်တော်တို့တစ်သိုက်ရဲ့ အိမ်တွေအားလုံးဆီကနေ ဂတ်စ်ကုန်နေတဲ့ မီးခြစ်တွေ ရှာဖွေကြရာက လေးလုံး တွေ့တယ်။ နှစ်လုံးက ပြင်လို့ မရနိုင်တော့ဘူး။နှစ်လုံးကတော့ ဘီးလုံး၊ ကျောက်၊ ဂတ်စ်စသဖြင့် အကုန်ပြန်ထည့်ရင် ကောင်းနိုင်သေးတဲ့ အခြေအနေလို့ အားလုံးထင်မြင်ထားကြတယ်။ အဲဒီမီးခြစ်နှစ်လုံး ကိုင်ပြီး ကျွန်တော်တို့ သူ့အိမ်တံခါးဝကို ရောက်သွားကြတယ်ပေါ့။

ကျွန်တော်တို့ ဘာမှမပြောရသေးခင်မှာပဲ “အဲဒီမီးခြစ်တွေ သုံးလို့ရသွားရင် မင်းတို့ ဘာလုပ်မလို့လဲ” တဲ့။ သစ်သားကို ဆောက်နဲ့ ထွင်းချလိုက်သလိုပဲ။ ကျွန်တော်တို့လည်း နည်းနည်းတော့ ရှိန်းသွားတယ်။ ရုတ်တရက်ဆိုတော့ ဘာပြောရမယ် စဉ်းစားလို့မရဘူး။ ဒီလူ့မျက်နှာကလည်း ဖြစ်သင့်တဲ့အနေထက် ပိုပြီး တင်းမာနေတယ်။ ကြည့်ပုံက မနေ့ညကမှ သူ့အိမ်ကို ခဲနဲ့ထုထားတဲ့ လူရမ်းကားတွေ ခု သူ့အိမ်ရှေ့ရောက်နေပြီဆိုတဲ့ အကြည့်မျိုး။

ကျွန်တော်ကပဲ “အိမ်က ခိုင်းလို့ပါဗျာ” လို့ အဆင်အပြေအဖြစ်ဆုံး လိုက်လျောညီထွေ အရှိဆုံး အဖြေကို ဖြေလိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်ထဲက မီးခြစ်နှစ်လုံးကို လှမ်းယူပြီး သူ့အိမ်ထဲ ဝင်သွားတာပဲ။ ခြံတံခါးလည်း ဖွင့် မပေးဘူး။ ခဏစောင့်ဦး၊ ထိုင်ကြဦး စသဖြင့်လည်း မပြောသွားဘူး။ ကျွန်တော်တို့  အဖြစ်က အလွန်ပဲ ကသိကအောက် ဖြစ်စရာ  အခြေအနေကြီးပေါ့။ တစ်ယောက်ကို တစ်ယောက် မေးငေါ့ပြကြတယ်။ ဘယ်လိုလဲဆိုတဲ့ သဘော။ ခေါင်းငုံ့လိုက် ခေါင်းခါလိုက် အိတ်ကပ်ထဲ တစ်ခုခုရှိသလို ငုံ့ကြည့်လိုက်နဲ့ပေါ့။ မီးခြစ်နှစ်လုံး ထားခဲ့ပြီး ပြန်ကြတာပဲ ကောင်းမလား။ ဒီလူ့ကို လှမ်းခေါ် ခြံထဲဝင်ပါရစေ ခွင့်တောင်းရမလား။ တစ်ခုခုတော့ မြန်မြန်လုပ်သင့်တဲ့ အခြေအနေကို ရောက်ပြီ။

ဆယ်မိနစ်လောက်ကြာတယ်။ ဘယ်သူ   မှ ဘာမှ မလုပ်နိုင်ကြဘူး။ အိမ်က ခိုင်းလို့ပါ ဗျာရယ်လို့ ဒီလူနဲ့ စကားတစ်ကြိမ်ပြောဖူးတဲ့ ကျွန်တော့်မှာလည်း တစ်ခုခုတော့ လုပ်ချင်တယ်။ မလုပ်နိုင်တော့ဘူး ဖြစ်သွားပြီ။ တစ်ခုခု လုပ်တော့လည်း ဘာထူးမှာမို့လဲလို့ စိတ်က ယူဆလိုက်ပြီးပြီ။ ခဏနေတော့ ဒီလူ ထွက်လာတယ်။ “မီးခြစ်တွေက ပြင်မရတော့ဘူး။  အသစ်ဝယ်တော့” တဲ့။ ဘာအကြောင်းရယ်လို့လည်း ရှင်းမပြဘူး။ မီးခြစ်နှစ်လုံး ခြံစည်းရိုးပေါ်က ကျော်ပြီး လှမ်းပေးတယ်။ ဒီလူ့နှယ် ခြံစည်းရိုး သစ်သားတိုင်တွေကြားကနေ ပေးလည်းဖြစ်ရဲ့သားနဲ့ အပေါ်ကနေ လှမ်းပေး   တာ ဘာသဘောပါလိမ့်လို့ပေါ့။ အမှန်က ဘာသဘောမှ မဟုတ်တာလည်း ဖြစ်ချင်ဖြစ်မယ်။

ကျွန်တော်တို့လည်း ဘာမှကို ပြောမနေဘူး။ လှည့်ပြန်လာတာပေါ့။ အဲဒီလိုနဲ့ ဇာတ်လမ်း  တစ်ခုကို ပြတ်သွားတာပဲ။ ဇာတ်လမ်းတစ်ခုတောင် ဟုတ်ချင်မှဟုတ်မယ်။ ကျွန်တော်တို့   လျှောက်ထွင်ကြတဲ့ သိနားလည်ရခက်တဲ့ လူတစ်ယောက်ဆိုတဲ့ ကိစ္စမျိုး ပြီးသွားတာပေါ့။ လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ကျွန်တော့်သူငယ်ချင်းတွေက တစ်ယောက် တစ်ပေါက်တွေပြောနေကြတာပဲ။ ဒီလူက ဘာလဲကွ၊ အိတ်ဇစ်သမားလား၊ စိတ်ရောဂါသည်လား။ ဒါမှမဟုတ် ဇာတ်ကောင် တစ်ကောင်လား စသဖြင့်ပေါ့။ အများကြီးပဲ ထင်ကြေးတွေပေးကြတယ်။ ကျွန်တော်လည်း ခေါင်းတညိတ်ညိတ်နဲ့ပဲ နားထောင်နေကြည့်တယ်။ ဒီကောင်တွေရဲ့ ဝေဖန်ချက်တွေ၊ ထင် မြင်ချက်တွေ အတော်များတာပဲ။ သူတို့ ဖတ်ထားတဲ့ စာတွေထဲကနေ ဒီလူ့ကို ဘောင်တစ်ခုထဲ သွတ်သွင်းကြတာပေါ့။

ဒီပုံစံကို ဘာအဓိပ္ပာယ်မှ မရှိဘဲ သေချာ ဖမ်းထားတာနေမှာပေါ့။ ဆိုတာလည်းပါမယ်။  သေချာတာက ကျွန်တော်တို့ အပြောတွေ ချည်းပဲ။ ကျွန်တော့်အပြောတော့ မပါဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်တော်လည်း တွေးနေတာပဲ။ ဒီလူ့ကို ကျွန်တော်တို့မှာ လူကိုယ်ခန္ဓာကိုတောင် သစ်သားခြံစည်းရိုးနဲ့ကွယ်မနေတဲ့  အပိုင်းပဲ မြင်ရတာ။လူတစ်ကိုယ်လုံးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး (ထင်တယ်)။ ဒီလူ တွေးတာတွေ၊ ဘဝနောက်ခံဇာတ်လမ်း ကြမ်းတမ်းတာတွေ၊ ပျော်စရာတွေ၊ ပင်လယ်ခရီးထွက်ရင် ပျော်တတ်သလား၊ တောင်ပေါ်တက်ရင် လျှောက်အော်တတ်သလား၊ ကားစီးရင် အမြဲ   မိန်းမတစ်ယောက်ယောက်နဲ့ အတူတူထိုင်ရလို့ စိတ်ကျဉ်းကျပ်သွားတတ်သလား၊ ဒါမှမဟုတ် ပီတိဖြစ်နေသလား စသဖြင့် လူတစ်ယောက်နဲ့ ပတ်သက်တဲ့အပြူအမူကိုတောင် တော်တော်သေးငယ်တဲ့ အစိတ်အပိုင်းကလေးကိုလောက်ပဲ မြင်ရလိမ့်မယ်ထင်တယ်။

ဒီလူ ဘာတွေ တွေးလို့ ဘယ်စကားဆိုတယ် ဘာအပြုအမူဆောင်တယ်ဆိုတာတွေကို ဘယ်လို သွားပိုင်းဖြတ်ရမလဲ မသိနိုင်ဘူးပေါ့။ ကျွန်တော့်သူငယ်ချင်းတွေဟာလည်း   ဒီမှာတင် သူတို့ဝေဖန်ချက်တွေ၊ ထင်မြင်ယူဆမှုတွေက ဆုံးခန်းတိုင်သွားမှာပါ။ နောက်တစ်နေ့မှာ ထပ်စဉ်းစားချင်တော့မယ် မထင်ဘူး။ ဒီလူ့အကြောင်း စကားစဖို့တောင် ရှက်ရွံ့ရွံ့ ဖြစ်သွားကြလိမ့်မယ်လို့ ကျွန်တော်တော့   ထင်မိတာပဲ။ နေရာတစ်ခုကနေ နေရာတစ်ခုကို၊ မြို့တစ်မြို့ကနေ မြို့တစ်မြို့ကို ရွှေ့ပြောင်းတဲ့အချိန် လွမ်းဆွေးလို့ မဆုံးနိုင်တဲ့ အမှတ်တရ နေရာလေးတွေ အစီအစဉ်မဲ့လျှောက် ပေါ်လာသလိုမျိုးလောက်ပဲ။ နှင်းတွေလာတော့ တိမ်တွေကို ကျွန်တော်တို့ မေ့သွားကြပုံမျိုးပဲ။ ကျွန်တော်တို့အတွက် အကြောင်းအရာ  အသစ်လိုပြီလေ။ အကြောင်းအရာအသစ်ကလည်း လာနေမှာပဲ။