ဘင်္ဂါလီတွေ ပြန်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေနိုင်ပါ့မလား

ဘင်္ဂါလီတွေ ပြန်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေနိုင်ပါ့မလား
Published 12 February 2018

တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင်နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာသံတမန်များ သွားရောက်တွေ့ဆုံစဉ်

ရခိုင်ပြည်နယ်အတွင်းမှာ လာရောက်နေထိုင်ခဲ့ကြသည့် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် ကင်းစခန်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီးသည့်နောက်ပိုင်း နေ့စဉ်သဖွယ် ထွက်ပြေးနေကြသည်။ ယင်းသို့ထွက်ပြေးကြရာတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ အဓိကပါဝင်ခဲ့သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ် မကုန်ခင် ကတည်းက ထိုဘင်္ဂါလီများကို ပြန်လည်လက်ခံရန် ဆောင်ရွက်နေကြသည့်တိုင် ဘင်္ဂါလီများ ဆက်လက်ထွက်ခွာနေမှုများ ရှိနေခဲ့သည်မှာ စိတ်ဝင်စားစရာ ကိစ္စတစ်ရပ်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများကလည်း ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိလာခဲ့သည်။ ယင်းအတွက် ပြန်လည်လက်ခံသည့်အချိန်တွင် မည်သည့်အတိုင်းအတာအထိ အခက်အခဲဖြစ်လာမည်နည်း၊ တိုင်းရင်းသားများဘက်မှ လက်ခံနိုင်ခြေ ဘယ်လောက်အတိုင်းအတာရှိနေပြီး လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွေ အဆင်ပြေချောမွေ့မလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “အခုလိုမျိုး ထွက်ပြေးတာဟာ ထွက်ပြေးဖို့ခိုင်းတဲ့ လူရှိတဲ့အတွက် ထွက်ပြေးကြတာ ဖြစ်တယ်။ နောက်ကွယ်က  ကြိုးကိုင်လှုပ်ရှားနေသူတွေ ရှိတယ်ဆိုတာ အထင်းသားပေါ်လွင်နေတယ်။ ဒီလိုကြိုးကိုင်တဲ့ သူတွေဟာလည်း တစ်ဖက်နိုင်ငံထဲကနေ လှုပ်ရှားနေတာလည်းရှိမယ်၊ ပြည်တွင်းက လှုပ်ရှားနေသူလည်းရှိမယ်။ ဒါဟာသူတို့ရဲ့ လှည့်ကွက်တစ်ခု၊ ကစားကွက်တစ်ခုလည်း ဖြစ်တယ်။ ဘင်္ဂါလီတွေဟာ သီးခြားနယ်မြေတစ်ခုပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ သုံးလေ့ရှိတဲ့ နည်းဗျူဟာတစ်ရပ်လည်း ဖြစ်တယ်။ အဲဒီ လိုထွက်ပြေးတဲ့လုပ်ရပ်တွေကို သူတို့အမြဲလုပ်နေကျသာ ဖြစ်တယ်။ ဒါပေမဲ့ အစိုးရဘက်က လက်ခံရေးတွေ လုပ်နေတာဟာလည်း ပြည်ပတွန်းအားကို မလွန်ဆန်နိုင်တဲ့အတွက်လို့ မြင်တယ်” ဟု ပြောကြားသည်။

အလားတူစွာပင် ဘင်္ဂါလီများသည် ၁၉၇၄ ခုနှစ်မှာလည်း စိစစ်ဖို့လုပ်ဆောင်ခဲ့စဉ်က ထွက်ပြေးမှုများပြုလုပ်ခဲ့ပြီး ၁၉၇၈ ခုနှစ် တွင်လည်း နိုင်ငံသားစိစစ်ဖို့ လုပ်ဆောင်ခဲ့သည့်တိုင် စိစစ်ခြင်းကိုလက်မခံဘဲ ထွက်ပြေးခဲ့ကြောင်း၊ နောက်တစ်ခါ ၁၉၉၄ ခုနှစ်တွင်လည်း ထပ်မံထွက်ပြေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုတစ်ခါတွင်လည်း ထပ်မံထွက်ပြေးခြင်းသည် လူ့အခွင့်အရေးကို အကြောင်းပြရန် ရည်ရွယ်ခြင်းဖြစ်ကာ ပြန်လည်ဝင်ရောက်လာသည့်အခါတွင်လည်း တိုင်းရင်းသားများအား ဆက်လက်တိုက်ခိုက်လာမည်ဖြစ်ကြောင်းလည်း ဦးထွန်းအောင်သိန်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုသည် ကန်းစခန်းများကိုသာ အဓိကတိုက်ခိုက်ခဲ့ခြင်းမှာ လုံခြုံရေးတာဝန်ယူထားသူများကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် နယ်မြေသိမ်းပိုက်လိုသော ရည်ရွယ်ချက်ရှိသည်မှာ အထင်းသားပေါ်လွင်ခဲ့သည်။ ယင်းအတွက်လည်း ထောင်ပေါင်းများစွာသော ဒေသခံတိုင်းရင်းသားများမှာ ကျေးရွာများကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေး ခဲ့ရသည်။

ယင်းသို့ ထွက်ပြေးကြသည့်အချိန်တွင် ဘင်္ဂါလီများအနေဖြင့် ယင်းတို့၏ မူလနေရာဖြစ်သည့် ဘင်္ဂါလားဒေ့ရှ်သို့ အုပ်စုလိုက်ထွက် ပြေးနေကြသည်မှာ ယနေ့တိုင်အောင်ဆက်လက် ထွက်ပြေးနေကြဆဲ ဖြစ်သည်ကိုတွေ့ရှိရသည်။ ထိုသို့ထွက်ပြေးခြင်းဖြင့် နိုင်ငံတကာ ဖိအားကို မြန်မာနိုင်ငံအနေဖြင့် ခံရနိုင်ပြီး ဘင်္ဂါလီများဘက်မှ လုံခြုံရေးမရှိကြောင်းကို  နိုင်ငံတကာသို့ ချပြခြင်းရည်ရွယ်ချက်လည်း ဖြစ်နေသည်ကို တွေ့ရသည်။

အခြားတစ်ဖက်တွင် နိုင်ငံသားဖြစ်မှုကို လိုလားကြသည်။ နယ်စပ်ခြံစည်းရိုးအနီးသို့ ရောက်ရှိလာသူများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံစဉ်တွင် ယင်းတို့သည် ငြိမ်းချမ်းစွာ နေလိုသူဖြစ်ကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့် ရလိုသူများဖြစ်ကြောင်းကိုလည်း ပြောဆိုကြသည်။ ထိုပြောဆိုချက်များသည် နိုင်ငံသားမပေးလျှင် ထွက်သွားမည်ဆိုသည့် မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း တစ်မျိုးဖြစ်နေသည်ကို တွေ့ရသည်။

ခြိမ်းခြောက်မှုမရှိဘဲ၊ အနိုင်ကျင့်စော်ကားခြင်းမရှိဘဲ ဇန်နဝါရီလကုန်အထိ ထောင်နှင့်ချီသော ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးနေခြင်းကို ထောက်ရှုခြင်းအားဖြင့် အုပ်စုတစ်ခုမှ တွန်းအားပေးနေခြင်းဖြစ်ကာ မီဒီယာများသို့ အဖြစ်မှန်များကို ဖြေကြားခဲ့သူတို့အား နုတ်ပိတ်သတ်ဖြတ်ခြင်းများသည်  ငြိမ်းချမ်းရေးကို လိုလားသူများအား သတ်ဖြတ်ခြင်းဖြစ်သည်မှာလည်း ထင်ရှားနေပေသည်။ ယင်းသို့ဌာနဆိုင်ရာများနှင့် နီးစပ်သူ၊ မီဒီယာများသို့ ဖြေကြားခဲ့သူ သုံးဦးထက်မနည်း အသတ်ခံခဲ့ရသည်မှာလည်း အကြမ်းဖက်မှုလုပ်ရပ်များကို မည်သူတို့က လုပ်ဆောင်နေသည်ဆိုသည်မှာ ထင်ရှားပေါ်လွင်နေပေသည်။

ယင်းအတွက် ပြန်လည်လက်ခံရေး ကိစ္စရပ်များကို အချိန်ဆွဲစဉ်းစားရန် လိုအပ်ကြောင်းနှင့် ဥပဒေနည်းဥပဒေများ ရေးဆွဲကာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေး မပျောက်ကွယ်စေရေးအတွက် ကန့်ကွက်ပြောဆိုမှုများကိုလည်း တွေ့လာရသည်။

“အခု ပြန်လည်လက်ခံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဟာလည်း အလွန်တစ်ရာမှ ဂုဏ်သိက္ခာမဲ့စွာနဲ့ လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့က မြင်တယ်။ အစိုးရရဲ့ ဂုဏ်သိက္ခာကို မထောက်ဘဲနဲ့ နိုင်ငံတကာရဲ့ ဖိအားကိုလည်း မလွန်ဆန်နိုင်လို့ လုပ်နေတာလို့ မြင်တယ်။ နောက်ပြီး ပြန်လည်လက်ခံတဲ့နေရာမှာ သြဂုတ်လအတွင်းက အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေကို စိစစ်ပြီးအရေးယူမှုတွေ လုပ်ရမယ်။ ပြန်ပါဝင်မလာဖို့ စစ်ဆေးရမယ်။ ဒီအတိုင်းသာ လက်ခံလိုက်မယ်ဆိုရင် ပြန်ပြီးအကြမ်းဖက်လာမှာ ဖြစ်တယ်။ သူတို့လုပ်တဲ့ လုပ်ရပ်တွေဟာ အလယ်သံကျော်ညီလာခံ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တာလည်း ဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ဟာလည်း မေယုခရိုင်တစ်ခုလုံးကို ဘင်္ဂါလီနယ်မြေ သတ်မှတ်ဖို့သာဖြစ်တယ်။ ဆိုတော့ ပြန်လည်လက်ခံတဲ့ကိစ္စရပ်ဟာ စိန်ခေါ်မှုတွေရှိတယ် လို့မြင်တယ်။ တကယ်လို့သာ ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထားကို လျစ်လျူရှုခဲ့မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာမှာ သေချာပါတယ်” ဟုလည်း ဦးထွန်းအောင်သိန်းက ဆိုသည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဘင်္ဂါလီတွေက စနစ်တကျ လုပ်ထားပြီးမှ ထွက်ပြေးတာဖြစ်တယ်။ ထွက်ပြေးဖို့ အတွက်အချိန်ယူပြီး ပစ္စည်းတွေအားလုံးကို  ထုခွဲရောင်းချပြီးမှ ထွက်ပြေးကြတာကိုလည်း တွေ့ရတယ်။ အဲဒါကို အစိုးရက နိုင်ငံတကာ အမြင်ကောင်းအောင် လက်ခံပါမယ်ပြောနေပေမယ့် သူတို့က စနစ်တကျ ပြင်ဆင်ထားတဲ့ အခွင့်အရေးကိုရမှ သူတို့လာမှာပါ။ အခုလည်း အချက် ၂၁ ချက်ကို တောင်းဆိုလာကြတာကို တွေ့ရတယ်။ ARSA အဖွဲ့လည်း အစိုးရကိုတိုက်ခိုက်ဖို့အတွက် တရားဝင်ကြေ ညာချက်တွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်။ ဆိုတော့ အခွင့်အရေးတွေမပေးရင် တိုက်ခိုက်မှုတွေ လုပ်လာလိမ့်မယ်။ ဒီတော့ အခုထွက်ပြေးတဲ့ ပုံစံမျိုးနောက်လည်း ပေါ်လာနိုင်ခြေရှိတယ်။ ဒါကို မြန်မာအစိုးရဘက်က နိုင်ငံတကာဖိအားကိုစိုးရိမ်လို့ လုပ်နေမယ်ဆိုရင် မကြာခင် ကျွန်တော်တို့ရဲ့နယ်မြေ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တယ်။ ဒါကြောင့် အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ပြီးမှ ဥပဒေကို ချိုးဖောက်တဲ့လူတွေကို ဥပဒေအရ  အရေးယူဖို့လိုတယ်။ အခုထွက်ပြေးတဲ့လူ တွေအားလုံးဟာ အကြမ်းဖက်အဖွဲ့ဝင်တွေ ဖြစ်တယ်။ ဒါတွေကို မကြည့်ဘဲ လက်ခံပါမယ်လို့ လုပ်နေတာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီး ဥပဒေကိုချိုးဖောက်သူတွေကို အားပေးနေသလိုဖြစ်နေတယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံတကာ ဖိအားပေးလာမည့် အခြေအနေတစ်ခုတည်းကိုသာ ကြည့်နေမည်ဆိုပါက ဒေသခံများ လက်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံတကာတွင်လည်း အကြမ်းဖက်သမားများကို အကြမ်းဖက်ဥပဒေနှင့်အညီ အရေးယူမှုများရှိနေကြောင်း၊ သို့သော်လည်း ဘင်္ဂါလီများအကြမ်း ဖက်မှုကို ဖျောက်ဖျက်ပြီး မြန်မာဘက်မှ အကြမ်းဖက်သည့်အလား လုပ်ဆောင်နေခြင်းမျိုးကို တွေ့ရကြောင်း၊ ဘင်္ဂါလီများ အကြမ်းဖက်သည်ကို အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ပြောဆိုရန် လိုအပ်ကြောင်း၊ မီဒီယာဘက်မှ လည်းအားနည်းကြောင်း၊ လုံခြုံရေးစခန်းများကို အကြမ်းဖက်တိုက်ခိုက်ခံရပြီး ကိုယ်တိုင်က တရားခံသဖွယ် ပုံဖော်ခံနေရခြင်းကို ပြတ်သားစွာပြောဆိုရန် လိုအပ်ကြောင်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးသည် ဒေသခံတိုင်းရင်းသားများအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ကာ တိုင်းရင်းသားများပိုင်ဆိုင်သည့် နယ်မြေများ ပြန်လည်ဆုံးရှုံးမည့်အရေးသည် နိုင်ငံတော်အတွက်လည်း ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်လာနိုင်ကြောင်း ဒေသခံတိုင်းရင်းသားများက ပြောဆိုမှုမြင့်တက်လာခဲ့ကြောင်းလည်း တွေ့ရသည်။

ဦးအောင်သောင်းရွှေအနေဖြင့်လည်း ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ ဒေသခံဌာနေတိုင်းရင်းသားများ၏ အသက်အိုးအိမ် ၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝများကို ထူထောင်နိုင်ရေးအပါအဝင် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ရေတိုရေရှည်စီမံကိန်းများဖြင့် ပွင့်လင်းမြင်သာစွာ ချမှတ်ပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုအား တင်သွင်းခဲ့သည်။ ထို့နောက် ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် အစိုးရနှင့်ပြည်သူအကြား ကွဲပြားသောအမြင်နှင့် နိုင်ငံတကာ ဖိအားအကျပ်အတည်းကို ရင်ဆိုင်လာရနိုင်ဖွယ်ရှိသည့် အစိုးရအနေဖြင့်လည်း ရဲရင့်ပြတ်သားသင့်သော အချိန်ဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

ပြန်လည်နေရာချထားရေး ကိစ္စအပေါ်တွင် အမြင်အမျိုးမျိုး ရှိကြသော်လည်း အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်းက “အစိုးရအနေနဲ့ အခုလို အဆောတလျင် နေရာချထားရေး လုပ်ဆောင်တာကို ဘာမှမပြောလိုဘူး။ ဒါပေမဲ့ Time Frame အချိန်ဘယ်လောက်လဲဆိုတာ အရေးကြီးတယ်။ အခုက ဇန်နဝါရီ ၂၃ ရက် လက်ခံမယ်လို့ သဘောတူကြတယ်၊  တစ်ယောက်မှ ရောက်မလာဘူး။ ဒါပေမဲ့ ဒီဘက်က တမျှော်မျှော် ဖြစ်နေတယ်။ ဘယ်လောက်ထိ အချိန်အတိုင်းအတာပေးမှာလဲ ဆိုတာကလည်း အရေးကြီးတယ်။ လာချင်တဲ့အချိန် လာဆိုတဲ့သဘောမျိုး မြန်မာအစိုးရက လိုက်လျောမပေးသင့်ဘူးလို့ မြင်တယ်။ အချိန် အကန့်အသတ်လိုတယ်။ နောက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေပြမှ လက်ခံရမှာ ဖြစ်တယ်။ အစိုးရက ကြေညာတာက မြန်မာပြည်မှာနေထိုင်ခဲ့တဲ့ အထောက်အထားလိုတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လိုမှတ်တမ်းမျိုးတွေလဲ။ ပုံစံ ၁၀ တို့လိုမျိုး  အချက်တွေလိုမယ်ထင်တယ်။ ဘယ်မှာနေခဲ့ပါတယ်ဆိုတာမျိုးနဲ့တော့ မလုံလောက်ဘူးလို့  ပြောချင်တယ်။ ထွက်ပြေးတယ်ဆိုတဲ့ စကားကို သုံးလို့မရဘူး။ မူလနေရာကိုပြန် သွားတယ်လို့သာ သုံးသင့်တယ်။ ဒီမှာနေခဲ့ပြီးတော့ ဟိုဘက်ကိုထွက်သွားတယ် ဆိုကတည်းက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုပဲ။ တရားမဝင် နေစပ်ဖြတ်ကျော်သွားသူတွေကို ကြိုဆိုနေရာချထားရေး လုပ်ဆောင်နေတာကတော့ နည်းနည်းလွဲနေတယ်။ တကယ်လို့ လက်ခံမယ်ဆိုရင်တောင် သူတို့တွေမှာ ဘာအပြစ်တွေရှိသလဲ။ ပြန်လာရင်လည်း ဘာကြောင့် နယ်စပ်ဖြတ်ကျော်ရသလဲဆိုတဲ့ စစ်ဆေးမှုတွေတော့ လုပ်ရမှာဖြစ်တယ်။ တိုင်းရင်းသားတစ်ယောက်က နယ်စပ် ဖြတ်ကျော်မှုတွေ လုပ်ပြီဆိုရင် ပြစ်ဒဏ်ပေးတာတွေအများကြီးကို တွေ့နေရတယ်။ ဒါကြောင့် ပြစ်ဒဏ်ပေးသင့်ပါတယ်” ဟု ပြောကြားသည်။

မောင်တောဒေသဖြစ်စဉ် နောက်ပိုင်းနေရပ်ပြန်သွားသည့် ဘင်္ဂါလီတွေအားလုံးသည် ပြစ်မှုကျူးလွန်သူများဖြစ်ကြောင်းနှင့် မလွဲမသွေလက်ခံရမည်ဆိုပါက ယုံကြည်စိတ်ချရသည့်နေရာတွင် စောင့်ကြည့်ထားသင့်ကြောင်း၊ ယင်းတို့နေလိုသည့်နေရာတွင် ထား၍ မဖြစ်နိုင်ကြောင်း၊ ယင်းအတွက် မောင်တောမြောက်ပိုင်းဒေသတွင် ထားပြီးမှသာ လုံခြုံမည်ဖြစ်ကြောင်း၊ မောင်တောမြောက်ပိုင်းသည် ပင်လယ်ကမ်းစပ်ဖြစ်သဖြင့် ကြိုက်သလို ဝင်ထွက်သွားလာမှုများ ထပ်မံဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အမှန်မှာ ဘင်္ဂါလီများအား လက်ခံမည်ဆိုကတည်းက ပဋိပက္ခကို လက်ယပ်ခေါ်သလိုမျိုး ဖြစ်နေကြောင်း၊ ထို့ ပြင် မောင်တောမြောက်ပိုင်းမှာ တိုင်းရင်းသား ကျေးရွာငယ်များအတွက် လုံခြုံစိတ်ချရမှု အာမခံချက် ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ခိုင်မာသည့် လုံခြုံရေးစခန်းများ ချထားပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာကွယ်နိုင်ရေးအတွက် အစိုးရအနေဖြင့် ယုံယုံကြည်ကြည် ပူးပေါင်းပေး ရန်လိုအပ်ကြောင်း၊ သို့မှသာတိုင်းရင်းသား မျိုးနွယ်စုများ စိတ်အေးရမည်ဖြစ်ကြောင်းလည်း ဦးသန်းထွန်းက သုံးသပ်ပြောကြားသည်။

“မနေချင်လို့ ထွက်ပြေးသွားကြတဲ့ သူတွေဖြစ်တယ်။ လာခြင်းမလာခြင်းဟာ သူတို့အပိုင်းပေါ့။ လာလာ မလာလာ ရှင်းပြနေစရာ မလိုဘူး။ နိုင်ငံကာမှာလည်းရှိတာပဲ။ အဲဒါကို လာပါလို့  တစာစာ ခေါ်နေစရာလည်းမလိုဘူး။ သူတို့ ဟာ ဥပဒေကိုချိုးဖောက်ပြီးတော့  ထွက်ပြေးသွားကြသူတွေလည်း ဖြစ်တယ်။ အဲဒါကြောင့် ပြတ်ပြတ်သားသားလုပ်ဖို့ အချိန်လည်း ရောက်နေပါပြီ။  ဖောရှောလုပ်ပြနေဖို့ မလိုအပ်တော့ဘူးလို့လည်း ကျွန်တော်တို့က မြင်တယ်။ အခုလုပ်နေတာက နိုင်ငံတော်မှာ ငွေကုန်လူပန်း၊ မလိုအပ်ဘဲ လုပ်နေတာလို့မြင်တယ်။ နောက်တစ်ခုက တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသူတွေ ဖြစ်ပေမယ့် အစိုးရက အရေးယူဖို့ပျက်ကွက်ခဲ့တယ်။ ဒီနေရာကို ရောက်လာပြီး ပြန်လည်ပုန်ကန်တဲ့ သူတွေဖြစ်လာတယ်။ အဲဒါကို  ကမ္ဘာကသိဖို့ လိုတယ်။ ဒီနိုင်ငံမှာလာနေပြီး နိုင်ငံရဲ့ ဥပဒေနဲ့ စည်းကို ချိုးဖောက်တယ်။  အခုဖြစ်နေတာကလည်း သူတို့နိုင်ငံကို သူတို့ ပြန်သွားတာပဲဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသားတွေ သဘောမတူဘဲ အတင်းအဓမ္မ နေရာချထားမှုတွေ လုပ်ဆောင်လာမယ်ဆိုရင် ပြဿနာတွေ အကြီးအကျယ်ဖြစ်လာနိုင်တယ်။ အဲဒါကို တိုင်းရင်းသားတွေဘက်က  မကာကွယ်ရင် တိုင်းရင်းသားတွေ နေရပ်စွန့် ခွာမှုတွေဖြစ်လာပြီး နယ်မြေဆုံးရှုံးမှုကို ရင်ဆိုင်ရလာမှာ ဖြစ်တယ်” ဟုလည်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

ယင်းအပြင် ဘင်္ဂါလီများ ပြန်လည်လက်ခံသည့်နေရာတွင် တိုင်းရင်းသားများဘက်မှ ချမှတ်ထားသည့် မူဝါဒများကို သေချာစွာ လေ့လာပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ခြင်း ဟုတ် မဟုတ်ကို သေချာစွာစိစစ်ပြီးမှ လက်ခံရန် လိုအပ်ကြောင်း၊ ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်နေခြင်း၊ ပူးပေါင်းပါဝင်ခြင်းများရှိခဲ့သည့်အတွက် ယင်းတို့အားမစိစစ်ဘဲ လက်ခံမည်ဆိုပါက အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း၊ လက်ရှိတွင် အစိုးရအနေဖြင့် ပြန်လည်လက်ခံရေး ဆောင်ရွက်သည့် ကိစ္စရပ်များအပေါ် ဒေသခံများအနေဖြင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခြင်းမှာလည်း တိုင်းရင်းသားများအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

သို့သော်လည်း ပြည်ထောင်စုအစိုးရ အနေဖြင့် တိုက်ရိုက်ကိုင်တွယ်နေခြင်းကိစ္စအပေါ် ဒေသခံများအနေဖြင့် ပွင့်လင်းမြင်သာမှုမရှိဟု ခံစားတွေ့မြင်နေရသည့်အတွက် ဝေဖန်မှုများလည်း မြင့်တက်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများရှိနေသည်ကို တွေ့ရှိ လာရကြောင်း လေ့လာသူများက ပြောဆိုကြသည်။ ယင်းအပြင် ပြည်ထောင်စု ဖြစ်သည့်အတွက် ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားများအားလုံးလည်း ဘင်္ဂါလီအရေးတွင် နေရာချထားရေး ကိစ္စရပ်ကို ခေါင်းထဲထည့်ပြီး မျှဝေခံစားစေလိုကြောင်းလည်း ပြောကြားမှုများ ရှိလာသည်။

“အကယ်၍ မောင်တောမြောက်ပိုင်းမှာ နေရာချထားမှုတွေ အခက်အခဲရှိလာတယ်ဆိုရင် ဒါဟာ ပြည်ထောင်စုတစ်လုံးရဲ့ အရေးအရာဖြစ်တဲ့အတွက်ကြောင့် ဒါကို ပြည်ထောင်စုအနေနဲ့လည်း မျှဝေပြီးတော့ ပူး ပေါင်း ဖြေရှင်းသင့်တယ်။ ဒါကြောင့် ဒီဘင်္ဂါလီတွေကို ပြည်ထောင်စုမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ လုံခြုံတဲ့နေရာတွေမှာ ခွဲေ၀ နေရာချထားပေးသင့်ပါတယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။

ဖြစ်စဉ်တစ်လုံးအား ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့်အချိန်တွင် ရဲစခန်းတစ်ခုအား အနည်းဆုံးလူပေါင်း ၅၀၀၀ ခန့် ပူးပေါင်းခဲ့သဖြင့် စခန်း ၃၀ အား အနည်းဆုံး တစ်သိန်းခွဲခန့် ပူးပေါင်းပါဝင်ခဲ့သည်ကို တွေ့ရကြောင်း၊  ယင်းအတွက် မူရင်းဒေသသို့ ပြန်လည်သွားရောက်ကြသူများထဲတွင် ဘင်္ဂါလီတစ်သိန်းခွဲခန့်မှာ အကြမ်းဖက်သမားများ (သို့မဟုတ်) အကြမ်းဖက်သမားများနှင့် ပူးပေါင်းခဲ့သူများသာဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရမှ တရားဝင်ထုတ်ပြန်ချက်တွင် အကြမ်းဖက်သမား ၁၄၀၀ ဆိုသည့် ပမာဏထက်များနေကြောင်းနှင့် သေချာစွာစိစစ်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်သမားမိသားစုဝင်များ ပြန်လည်ပါဝင်လာနိုင်ကြောင်း၊ ပူးပေါင်းပါဝင်ခဲ့သူများမှတစ်ဆင့် ထပ်မံပြီး စုံစမ်းဖော်ထုတ်မှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ပါက အကြမ်းဖက်သမားများကို မွေးမြူထားသကဲ့သို့ ဖြစ်လာနိုင်ခြေရှိကြောင်းလည်း ဦးသန်းထွန်းက သုံးသပ်ပြောကြားသည်။

ထို့ပြင် ဘင်္ဂါလီများကို ကိုင်တွယ်မှု မကောင်းသရွေ့ ဘင်္ဂါလီများရှိနေသရွေ့ တည်ငြိမ်အေးချမ်းသည်ဟူသည့် စကားကို မည်သည့်အခါမှ ပြန်ပြော၍ ရနိုင်မည်မဟုတ်ကြောင်း၊ ပဋိပက္ခမဖြစ်သေးခင် တိုင်းရင်းသားများအနေဖြင့် သတိထားပြီး နေကြရမည့် အဆင့်ဟုသာ ပြော၍ရနိုင်ကြောင်းလည်း ဦးသန်းထွန်းက ပြောကြားသည်။

ဒေသခံများ လက်မခံနိုင်သည့် မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် တောင်ပိုင်းဒေသများတွင် အစိုးရအနေဖြင့် နိုင်ငံတကာဖိအားကြောင့် နေရာချထားရေး ဆောင်ရွက်များကို အတင်းအကျပ်လုပ်ဆောင် လာပါက ဖြစ်ပေါ်လာမည့် အခြေအနေများနှင့်ပတ်သက်ပြီး ဦးသန်းထွန်းက “စစ်တွေမှာနေတဲ့ လူတွေရဲ့ခံစားချက်က ဘူးသီးတောင်၊ မောင်တောဘက်မှာ နေထိုင်တဲ့လူတွေရဲ့ ခံစားချက်က ပိုပြီးပြည့်စုံမှာပါ။ ကျေးရွာတွေအနေနဲ့ ကြေညာချက်တွေ ထုတ်ထားတာရှိတယ်။ ကြေညာချက်လေးခု ထုတ်ထားတယ်။ အဲဒီကြေညာချက်များမှာ မောင်တောတောင်ပိုင်းနှင့် ရခိုင်ကျေးရွာအနီးတွင် နေရာချထား မည်ဆိုပါက မောင်တောဒေသခံများက နေရပ်ကိုစွန့်ခွာသွားမယ်လို့ ဖော်ပြထားတာလည်းရှိတယ်။ တကယ်လို့ အတင်းအဓမ္မ နေရာချထား ဆောင်ရွက်မယ်ဆိုရင် တိုင်းရင်းသားတွေမကျန်တော့ဘဲ တကယ်မူဆလင် ဧရိယာ ဖြစ်သွားလိမ့်မယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြန်လည်နေရာချထားရေး ကိစ္စရပ်သည် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပြီး ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများအတွက် စိတ်မအေးဖွယ် ကိစ္စတစ်ခုလည်းဖြစ်နေကြောင်း သိရသည်။

သို့သော်လည်း ယင်းကိစ္စရပ်များအပေါ် အစိုးရအနေဖြင့် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက် အကောင်အထည် ဖော်သွားမည်ဆိုသည်မှာ စောင့်ကြည့်ရမည့် အနေအထားဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် အခွင့်ကောင်းအချိန်ကို ရောက်ရှိလာစေရေး မှာလည်း အရေးပါသော အချက်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။