ညီညွတ်မှုနဲ့ တည်ဆောက်ပါ

ညီညွတ်မှုနဲ့ တည်ဆောက်ပါ
Published 8 February 2018

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးဒုက္ခသည်များအား ဇန်နဝါရီလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုသားဇော်)

စာရေးသူတို့ မိသားစု နေ့စဉ်နဲ့အမျှ စည်းကမ်းတကျ ခြိုးခြံချွေတာပြီး ညီညီညွတ်ညွတ်နဲ့ ဘဝရဲ့အခက်အခဲ အကျပ်အတည်းတွေကို  ရင်ဆိုင်ကျော်ဖြတ်ကာ နေထိုင်ခဲ့မှုကြောင့် နှစ်ပေါင်းများစွာ မပြုပြင်နိုင်ခဲ့တဲ့ မိဘလက်ငုတ် အိမ်အိုအိမ်ဟောင်းလေးကို ဒီနှစ်အတွင်းမှာ ပြုပြင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဉ်ဖြစ်သလိုစားလာခဲ့ရတဲ့ မိသားစုထမင်း စားဝိုင်းလေးအတွက် ထမင်းစားပွဲနဲ့ ကုလားထိုင်လေးတွေကိုလည်း ဝယ်ယူနိုင်ခဲ့တဲ့လို့ မိသားစုထမင်းစားဝိုင်းလေးဟာ ခါတိုင်းထက် သာယာစိုပြည်ခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့်အတူ ငြိမ်းချမ်းမှု အပြည့်အဝမရသေးတဲ့ မိမိတို့နိုင်ငံမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ စည်းကမ်းရှိကြရင်၊ အမုန်းတရား အာဃာတတွေမထားဘဲ ညီညွတ်မှုရှိကြရင် ကိုယ်ကျိုးအတ္တတွေနည်းကြရင် တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ပြီး တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေလည်း ထမင်းဝိုင်းတစ်ခုထဲမှာ အေးချမ်းသာယာစွာ အတူတကွစားသုံးနိုင်ကြမှာပဲလို့ စဉ်းစား မျှော်လင့်နေမိပါတယ်။

ယခုလိုမိမိတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ပြည့်ဝလာတာဟာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဘဝအကျပ်အတည်းတွေကို လက်မြှောက်အရှုံးမပေးဘဲ စည်းလုံးညီညွတ်မှုနဲ့အတူ ကျော်လွှားနိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ကြောင်း၊ အိမ်ထောင်ဦးစီးလုပ်သူက ဖခင်ကောင်းပီသစွာ တစ်ကိုယ်ကောင်းမဆန်၊  မသောက်မစားဘဲ အပျော်အပါးကင်းကာ မိသားစုအတွက် ရှာဖွေပေးသမျှကို သူ့အနေနဲ့ ချွေတာစုဆောင်းပြီး စည်းကမ်းရှိရှိနဲ့ နေထိုင်စားသောက် နိုင်ခဲ့တဲ့အတွက်ဖြစ်ကြောင်း၊ သားနဲ့ သမီးလေးတွေကလည်း မိဘတွေပြောစကား နားထောင်ပြီး စည်းကမ်းတကျပြုမှု နေထိုင်ကြတာ၊ မလိုအပ်ဘဲ ပျော်ပွဲရွှင်ပွဲ၊ စားပွဲ သောက်ပွဲတွေ သုံးဖြုန်းမှုတွေကို ရှောင်ရှားနိုင်ခဲ့တာ၊ မိသားစုလိုက် စည်းကမ်းရှိပြီး ညီညွတ်ခဲ့မှုတွေဟာ ဘဝရဲ့စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။

အမှန်တကယ်လည်း မိသားစုရဲ့ လူနေမှုဘ၀ အဘက်ဘက်က တိုးတက်လာဖို့ မိသားစု ဆန္ဒတွေပြည့်ဝလာဖို့ဟာ မိသားစုလိုက် စည်းကမ်းကောင်းပြီး ဘဝရဲ့အခက်အခဲအကြပ်အတည်းတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ စည်းလုံးညီညွတ်ဖို့လိုပါတယ်။ ဖခင်ကကိုယ် ကျိုးအတ္တများ၊  မိခင်က အပျော်အပါးမက်ပြီး အသုန်းအဖြုန်းကြီး၊ သားသမီးတွေက မိဘ ပြောစကား နားမထောင်ဖြစ်နေကြရင် အဆိုပါမိသားစုဟာ ဘယ်လိုမှ ကြီးပွားတိုးတက် လာမှာမဟုတ်ပါဘူး။

နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ရေးဟာ လည်း အဆိုပါနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေစည်းလုံးညီညွတ်ပြီး၊ နိုင်ငံသားတိုင်း စည်းကမ်းကောင်းကာ တက်ညီလက်ညီ ကျိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါ့အပြင် နယ်ပယ်အသီးသီးမှာ ဦးစီးဦးဆောင်သူတွေရဲ့ အများအကျိုးကို ရှေးရှုတဲ့ ခေါင်းဆောင်ကောင်းပီသမှုတွေ၊ အရည်အချင်းပြည့်ဝပြီး  ကိုယ်ကျိုးအတ္တနည်းပါးမှုတွေ တိကျမှန်ကန်ပြတ်သားတဲ့ မူဝါဒတွေ၊  ဥပဒေတွေ၊ တရားဥပဒေစိုးမိုးမှုတွေ အပြည့်အဝရှိဖို့လည်းလိုသလို ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး သုံးရပ်ကလည်း အများပြည်သူ အကျိုးစီးပွားအတွက် ညီညွတ်ကြဖို့လိုပါတယ်။

ဒီနေ့မျက်မှောက်ခေတ် အနေအထားတစ်ရပ်ကို ကြည့်လိုက်ရင် မိသားစုအတော်များများဟာ စီးပွားရေးကြပ်တည်းသူတွေ အများစုဖြစ်နေကြပါတယ်။ အများစုကတော့ တရားဥပဒေစိုးမိုးမှုမရှိတာ၊ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့  အစစအရာရာဈေးနှုန်းမြင့်မားနေမှုတွေကြောင့်လို့ ဝေဖန်ပြောဆို နေကြပါတယ်။ ဒါ ဟာမှားတယ်လို့ မဆိုလိုပါဘူး။ အစိုးရရဲ့စီမံခန့်ခွဲမှုအားနည်းတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို မထိမ်းချုပ်နိုင်တာ၊ တစ်နေ့တခြား ရာဇဝတ်မှုထူပြောများပြားမှုတွေက တစ်ကဏ္ဍရှိနေပါတယ်။ မိမိတို့ကိုယ်တိုင် လုပ်ငန်းကို စနစ်တကျဦးဆောင်ပြီး လုပ်ငန်းပေါ်ကရရှိတဲ့ နေ့စဉ်ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် သုံးနေကြရဲ့လား၊ စားသောက်ဆိုင်တွေ၊ ရှော့ ပင်းမောတွေသွားပြီး မိသားစုလိုက် အပျော်အပါး လိုက်စားမှုတွေ မကြာခဏလုပ်နေ သလား၊ စည်းကမ်းတကျ နေထိုင်ကျင့်ကြံပြီး ချွေတာစုဆောင်းမှုတွေလုပ်ကြရဲ့လားဆိုတာ မေ့နေကြပုံပေါ်ပါတယ်။

မိမိတို့ရဲ့ လူနေမှုဘဝတိုးတက်ပြောင်းလဲမှုနဲ့ စီးပွားရေးပြေလည်မှုတွေဟာ စည်းကမ်းတကျနေထိုင်ကျင့်ကြံပြီး အစားအသောက်၊ အသုံးအဖြုန်း၊ အပျော်အပါးတွေအပေါ် အများကြီးမူတည်နေတယ်ဆိုတာ မိသားစုတိုင်း  သတိမူကြဖို့လိုပါတယ်။ တစ်နေ့၊ တစ်လ မသိ သာလှပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ  မထူးဇာတ်ခင်းပြီး စည်းကမ်းမဲ့စွာ နေထိုင် သုံးဖြုန်းမှုတွေဟာ လူတစ်ယောက်ရဲ့ အနာဂတ်နဲ့ မိသားတစ်စုရဲ့ အနာဂတ်ဘဝတွေကို  ပြောင်းလဲသွားစေနိုင်ပါတယ်။ ရန်ကုန်မြို့လယ်ကောင်ရဲ့ အထင်ကရနေရာမှာ ခြံတွေ၊  ဝင်းတွေ၊ တိုက်ခန်းတွေအပြင် ကုမ္ပဏီတွေလည်း ပိုင်တဲ့ရင်းနှီးတဲ့ အသိမိတ်ဆွေ မိသားစု ရှိပါတယ်။ အိမ်ထောင်ဦးစီးဖြစ်သူက ဦးဆောင်မှု ညံ့ဖျင်းပြီး၊ သားသမီးတွေက မလိမ္မာကြတဲ့အပြင် ညီအစ်ကိုမောင်နှမအချင်းချင်း မသင့်မြတ်ကြဘဲ ညီညွတ်မှုမရှိခဲ့တဲ့အတွက် မိသားစု စီးပွားရေး ပြိုကွဲကာ မိသားစုအနာဂတ် ပျက်သုဉ်းသွားခဲ့ကြပါတယ်။

လူတိုင်း၊ မိသားစုတိုင်း အခက်အခဲ  အကျပ်အတည်းကြုံတဲ့အနေအထားမျိုးနဲ့ ဆိုက်ရောက်ခဲ့ဖူးကြမှာပါ။ ဘယ်လိုအနေအထားမျိုးပဲ ရောက်ရောက် စိန်ခေါ်မှုမှန်သမျှ  ရင်ဆိုင်ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်မျိုးတွေ ထားရှိကြဖို့လည်း လိုပါတယ်။ ဘယ်နယ်ပယ်ကပဲဖြစ်ဖြစ် ဘဝမှာ အောင်မြင်ကြီးပွားတိုးတက်လိုကြတယ်ဆိုရင်တော့ ဘဝရဲ့အကျပ်အတည်းအခက်အခဲမှန်သမျှ မောင်တစ်ထမ်းမယ်တစ်ရွက် တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြပြီး ဝင်ငွေနဲ့ထွက်ငွေကို မျှတအောင် သုံးစွဲကာ စည်းကမ်းရှိရှိ ကျင့်ကြံ နေထိုင်သွား ကြရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ပဲရှိရှိ ဝင်ငွေတွေဘယ်လောက်ပဲများများ အသုံးအဖြုန်းကြီးမားမှု၊ အသောက်အစား၊ အပျော်အပါး မက်မောမှု မိသားစုအတွင်း စည်းကမ်းနဲ့စည်းလုံးညီညွတ်မှု မရှိမှုတွေဟာ မြင့်မားနေတဲ့ လူနေမှုဘဝကို နိမ့်ပါးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိမ့်ပါးနေတဲ့ လူနေမှုဘဝတွေလည်း အောက်ဆုံးဘဝထိ ရောက်ရှိသွားကာ မိမိတို့ရဲ့အနာဂတ်ကို ပျက်သုဉ်းသွားနိုင်တယ်ဆိုတာ မိသားစုတိုင်း သတိမူကြဖို့လိုပါတယ်။

မိသားစု တစ်စုချင်းအလိုက် စည်းကမ်းကောင်းမွန်ပြီး လူနေမှုဘဝတွေ တိုးတက်အောင်မြင်မှုဟာ မိမိပတ်ဝန်းကျင်၊ မိမိမြို့နယ်၊ မိမိတိုင်းနိုင်ငံကို တစ်ဖက်တစ်လမ်းက အကျိုးပြုရာရောက်နေမှာ ဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေးတွေ ပြေလည်ပြီး သားသမီးတွေ ပညာရေးကို အဆင့်အတန်းမြင့်မြင့်ထားနိုင်တဲ့ မိသားစုတွေ နိုင်ငံနဲ့အဝန်းပေါများလာမှသာ နယ်ပယ်အသီးသီးနဲ့ ကဏ္ဍအသီးသီးတိုးတက်ဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စာရေးသူတို့ လူမျိုး အများစုဟာ ရရှိနေတဲ့ဝင်ငွေတွေပေါ်မှာ စနစ်တကျစီမံခန့်ခွဲခြင်းမရှိ၊ စည်းစနစ်မထားဘဲ သုံးဖြုန်းသောက်စား အပျော်အပါးမက်ကြတဲ့ ရလဒ်တွေကြောင့် မိသားစုအများစုရဲ့ အနာဂတ်ဟာ မှုန်ဝါးဝါးဖြစ်နေကြခြင်း ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံဟာ ကိုယ်ကျိုးအတ္တတွေ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးခံယူချက်တွေ ကြောင့် တိုင်းရင်းသားပြည်သူတွေ ဒုက္ခပင် လယ်ဝေပြီး မငြိမ်းမချမ်းဖြစ်စဉ်တွေ သက်ဆိုး ရှည်နေခြင်း ဖြစ်ပါတယ်။ ယနေ့အချိန်အထိ  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အပြည့် အ၀ မတည်ဆောက်နိုင်ခြင်းဟာ နိုင်ငံစီးပွားရေး ကျပ်တည်းမှုရဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တိုင်းပြည်မငြိမ်းမချမ်းမှု ဖြစ်စဉ်တွေကြောင့်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဆင်းရဲတွင်း နွံအတွင်းမှာ ယနေ့အချိန်အထိ ကျရောက်နေပြီး စီးပွားရေး၊ လူမှုရေး ကျပ်တည်းမှုဒဏ်တွေကို ခံစားနေကြရဆဲဖြစ်တယ်ဆိုတာ ပကတိ အရှိတရားတွေက သက်သေပြလျက် ရှိပါတယ်။

အမှန်တကယ်တော့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့အတူ စီးပွားရေး ကဏ္ဍအသီသီး ဖွံ့ဖြိုးတိုးတက် အောင်မြင်လာအောင် ကြိုးပမ်း ဆောင်ရွက် ပေးသွားနိုင်မှသာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေ အောင်မြင်တိုးတက်လာမှာ ဖြစ်ပါတယ်။ မိမိတို့လုပ်ပိုင်ခွင့်တွေရရှိခိုက်မှာ  ပြည်သူ့အစိုးရဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ တိကျမှန်ကန်ပြတ်သားတဲ့ ဥပဒေမူဝါဒများချမှတ်ကာ စိုးရိမ်ကြောင့်ကြမှုတွေဖြစ်နေတဲ့ ပြည်သူတွေရဲ့ဘဝလုံခြုံ အောင် အခြေခံလူတန်းစားတွေ နေ့စဉ်ခံစား နေရတဲ့ စားဝတ်နေရေးဒုက္ခတွေ စီးပွားရေး ကဏ္ဍ ကျပ်တည်း ကျဉ်းမြောင်းလာမှုတွေ ပြေလည်သွားအောင် အလေးထားဆောင်ရွက် ပေးသွားနိုင်မှသာ  ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို ရရှိကြမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ခဲ့တဲ့ မိမိတို့နိုင်ငံမှာ မရိုးနိုင်တဲ့ ပဋိပက္ခတွေဖြစ်ပေါ်နေသမျှ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမုန်းတရားနဲ့ အာ ဃာတတွေထားနေသမျှ ဥပဒေတွေကို မလေး စားဘဲ မင်းမဲ့စရိုက်တွေ လွှမ်းမိုးနေသမျှ၊ ပြည်သူ့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒတွေကို အပြည့်အ၀ အကောင်အထည်မဖော်ပေးနိုင်သမျှ၊ ၂၀၀၈ ခုနှစ် လောင်းရိပ်အောက်က ရုန်းမထွက်နိုင်သေးသမျှ၊ ပြည်သူတစ်ဦးချင်း စည်းကမ်းလိုက်နာမှု အားနည်းနေသမျှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး သုံးရပ်အနေနဲ့ ပြည်သူလူထုအကျိုးစီးပွားအတွက် တက်ညီလက်ညီ မစွမ်းဆာင်နိုင်သေးသမျှ ဘာမဆိုဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲ အကျပ်အတည်းတွေနဲ့အတူ စိန်ခေါ်မှု အမျိုး မျိုးကို ရင်ဆိုင်ကြုံတွေ့နေရဦးမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။