ပြည်ပချေးငွေတွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေရဲ့ အားနည်းချက်နဲ့ ပုံနှိပ်အခွန်

ပြည်ပချေးငွေတွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေရဲ့ အားနည်းချက်နဲ့ ပုံနှိပ်အခွန်
Published 4 February 2018

ရန်ကုန်မြို့လယ်တစ်နေရာတွင် သတင်းစာ၊ ဂျာနယ်ရောင်းချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြောက်ဦးဖြစ်စဉ် မတင်မကျ အခြေအနေမှာပဲ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ နေရာငါးနေရာခွဲပြီး အစုလိုက်၊ အပြုံလိုက် ခွဲမြှုပ်နှံထားတယ်လို့ AP သတင်းဌာနရဲ့ ဆင့်ကဲစွပ်စွဲချက် ပေါ်ထွက်လာပါတယ်။

ပဏာမစစ်ဆေးချက်မှာ ရာနဲ့ချီတဲ့လူတွေကို သတ်ထားတယ်ဆိုတာကို ငြင်းဆိုထားပေမယ့် ဒီအခြေအနေရဲ့ နောက်ဆက်တွဲဂယက်ဟာ ဘယ်လိုဖိအားဖြစ်လာနိုင်မလဲဆိုတာ ချင့်ချိန်စရာဖြစ်လာနေတဲ့ ဒီရက်သတ္တပတ်မှာ ပြည်ပချေးငွေရယူပြီး လုပ်နေတဲ့ စီမံကိန်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ၊ ပုံနှိပ်လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့အတွက် အခွန်လျှော့ချပေးဖို့ဆိုတာတွေကို ပြန်လည်တင်ပြလိုပါတယ်။

ပြည်ပချေးငွေတွေနဲ့ လုပ်ဆောင်တဲ့ စီမံကိန်းတွေရဲ့ အားနည်းချက်

ဦးသိန်းစိန်အစိုးရလက်ထက်ကနေ NLD အစိုးရကို နောက်ဆုံးလက်ဆင့်ကမ်းခဲ့တဲ့ ချေးငွေပမာဏဟာ ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံနဲ့ ပြည်ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံဖြစ်ပြီး စုစုပေါင်း ၂၇၉၇၀ ဘီလျံကို လက်ဆင့်ကမ်းခဲ့ပါတယ်။

အစိုးရတစ်ရပ်တက်လာတိုင်း လိုအပ်တဲ့ စီမံကိန်းတွေမှာ ရှိနေတဲ့ ငွေနဲ့သုံးစွဲဖို့ မလောက်ငှတာကြောင့် ထုံးစံအတိုင်းပဲ ဘတ်ဂျက်လိုငွေအတွက် ပြည်တွင်းပြည်ပကြွေးမြီတွေ ရယူခဲ့ရသလို စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက်လည်း ပြည်ပချေးငွေတွေ ရယူခဲ့ပါတယ်။

ဒီလို ရယူရာမှာဆိုရင် လက်ရှိအစိုးရရဲ့ ပထမဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံနှင့် အဖွဲ့အစည်းငါးခုဆီကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၇ ဘီလျံတန်ဖိုးရှိ ချေးငွေစာချုပ် ၁၄ ခု ချုပ်ဆိုခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်မှာလည်း ထပ်မံပြီး ဒေါ်လာ ၁၂၂၀ ဒသမ ၁၆ သန်း ချေးယူဖို့ ညှိနှိုင်းထားပြီး စုစုပေါင်းဒေါ်လာ ၂ ဒသမ ၃ ဘီလျံအထိ ချေးယူဖို့ ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။

“ပြည်ပချေးငွေရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်းတွေမှာ အကြောင်းကြောင်းကြောင့် မျှော်မှန်းတဲ့အတိုင်း အောင်မြင်မှုမရှိခြင်း၊ အားနည်းမှုရှိခြင်းတို့ကို တွေ့မြင်ကြရပါတယ်။ ဒါကြောင့် ယင်းအားနည်းချက်၊ လိုအပ်ချက်တွေကို သင်ခန်းစာယူပြီး သေချာစွာ စိစစ်သုံးသပ် ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ပချေးငွေရယူရာမှာ ဦးစွာသက်ဆိုင်ရာဝန်ကြီးဌာနက မိမိဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်တွေနဲ့ကိုက်ညီမှု ရှိ မရှိ စိစစ်သုံးသပ်ရမှာ ဖြစ်ပါတယ်” လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ ကြွေးမြီကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာသန်း ၉၀၀၀ နီးပါးရှိပြီး ၂၀၅၂-၂၀၅၃ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၇၀၀ ကျော်အထိ ပြန်လည်ပေးဆပ်ရမယ့် အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ ကြွေးမြီဟာ လက်ရှိအချိန်မှာ ပြည်ပကြွေးမြီတင် ဒေါ်လာ ၉ ဒသမ ၅ ဘီလျံကျော် ရှိနေပြီဖြစ်ပါတယ်။ ဒီလို ကြွေးမြီရှိနေပေမယ့် လက်ရှိအစိုးရစီမံကိန်းတွေအတွက် ချေးငွေတွေ ဆက်ယူထားတာကြောင့် မကြာခင်မှာ ၁၀ ဘီလျံကျော်ဆီ အဆင့်တက်လာတော့မှာဖြစ်ပါတယ်။ တိုင်းပြည်ဘတ်ဂျက်ကနေ တောင်းခံပြီးလုပ်နေတဲ့ စီမံကိန်းတွေမှာလည်း တောင်းခံထားတဲ့ ဘတ်ဂျက်နဲ့လျော်ညီတဲ့ စီမံကိန်း အကောင်အထည်ဖော်နိုင်မှု မမြင်ရသလို အတိုးပေးနေရတဲ့ ပြည်ပချေးငွေတွေနဲ့ ရယူထားတဲ့ စီမံကိန်းတွေမှာလည်း အားနည်းချက်တွေနဲ့ ရည်မှန်းထားသလောက် မအောင်မြင်တာကို မြင်နေရတာဟာ မြန်မာနိုင်ငံအတွက်တော့ ခြောက်အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။

ပုံနှိပ်အခွန်လျှော့ချရေးအိပ်မက်

ပြည်တွင်းပုံနှိပ်မီဒီယာလောက ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ် ခွင့်ပြုဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညိနှိုင်းထားပြီး ကင်းလွတ်ခွင့်ပေးမယ်ဆို အခွန်တွေဆုံးရှုံးနိုင်တာကို ချင့်ချိန်သင့်တယ်လို့ အကြောင်းပြန်ကြောင်းနဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေရေး ဆွဲချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးဆုံးဖြတ်မှုကို ခံယူသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ပုံနှိပ်ခြင်းဝန်ဆောင်မှုကနေ ဝင်ငွေအနည်းငယ်ပဲ ရရှိနေပေမယ့် ပေးဆောင်ရတဲ့ Withholding Tax နှစ်ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းဟာ လုပ်ငန်း ပမာဏတစ်ခုလုံးအတွက် ဖြစ်နေတာကြောင်း လုပ်ငန်းအပ်နှံသူတွေက ဈေးနှုန်းကြီးမြင့်မှုအပေါ် ကန့်ကွက်တာ၊ လုပ်ငန်းမအပ်နှံတော့တာတွေ ကြုံတွေ့နေရတာတွေကြောင့် ပုံနှိပ်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဒါ့အပြင်လည်း Social Media အသုံးပြုမှု ပျံ့နှံ့လာနေတာကြောင့် စာပေဖတ်ရှုမှု နည်းပါးလာတဲ့အတွက် နိုင်ငံတကာမှာ အားပေးလုပ်ဆောင်နေသလို နိုင်ငံတော် အစိုးရက အားပေးထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့နဲ့ ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် အခွန်အခတွေ လျှော့ချခြင်း၊ ကင်းလွတ်ခြင်းခွင့်ပြုပေးဖို့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေကို တင်ပြထားမှုတွေ ရှိနေပေမယ့်လည်း အဓိကကျတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ အခွန်အခတွေ လျော့ကျမှာစိုးလို့ ပုံနှိပ်လုပ်ငန်းတွေ၊ သတင်းစာလုပ်ငန်းတွေကို အခွန်အခလျှော့ချလိုခြင်း မရှိတာကို မြင်နေရပါတယ်။

ကုန်ချောတင်သွင်းမယ်ဆိုရင် အခွန်မကောက်၊ ကုန်ကြမ်းသွင်းရင် အခွန်ကောက်တဲ့ မြန်မာနိုင်ငံ အစိုးရက သတင်းစာထုတ်ပြီး အောက်ဈေးနဲ့ ဈေးကွက်လက်ဝါးကြီးအုပ် ဖြန့်ချိတဲ့နိုင်ငံ၊ အခွန်အခ ကောက်ခံပုံ မှားယွင်းနေတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ စာမဖတ်ခြင်းဟာ အရေးတကြီး အဖြေရှာရမယ့် အခြေအနေမျိုးမှာ ပုံနှိပ်လုပ်ငန်းတွေနဲ့ သတင်းစာလုပ်ငန်းတွေဟာ အခွန်အခတွေရဲ့ ဖိအားအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုအောက်မှာ ချည့်နဲ့နဲ့ရှင်သန် ဖြတ်သန်းနေကြပေမယ့် အများစုကတော့ တောင့်ခံနိုင်စွမ်း မရှိကြတော့ပါဘူးလို့ ပြောရမှာဖြစ်ပါတယ်။