ဒီမိုကရေစီစံနှုန်းကိုက်ရမည့် ဒီချုပ်ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)

ဒီမိုကရေစီစံနှုန်းကိုက်ရမည့် ဒီချုပ်ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)
Published 1 February 2018

(၇၀) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပစဉ်

ဒီမိုကရေစီနိုင်ငံရေးကို ကမကထပြု၊  ဦးဆောင်ဦးရွက်ပြုမည့် နိုင်ငံရေးပါတီတိုင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းသည် ဒီမိုကရေစီ အငွေ့ အသက်များနှင့်ပြည့်ဝ၊ ထုံမွမ်းနေရန် သော့ချက်ကျမည်ဖြစ်သည်။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းသည် ဒီမိုကရေစီစနစ်ကိုကျားကန်မှသာ  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အားကောင်းမောင်းသန်မည် ဖြစ်သည်။ ပါတီခေါင်းဆောင်အဆင့်ဆင့်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ရေး လက်တစ်လုံးခြားလုပ်နေသရွေ့၊ ဒီမိုကရေစီအရွေ့သည် တိုင်ပတ်နေဦးမည်ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများအနေဖြင့် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းများကို ဒီမိုကရေစီ စံနှုန်းကိုက်ရေးဆွဲနိုင်ရေး မျက်မှောက်ပြုကြရမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံစည်းမျဉ်း (Constitution of the National League for Democracy) ကို ပြင်ဆင်ရေးဆွဲဖို့ တိုက်တွန်းရေးသားလျက်၊ တိုက်တွန်းဆွေးနွေးလျက်ရှိသည်မှာ ၂၀၁၂ ခုနှစ်ကတည်းကပင် ဖြစ်သည်။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းသည် ပါတီတည်ဆောက်ရေးတွင် အသက်သွေးကြောပင် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ခရီးရှည်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းသည် အရေးကြီးသည့်နည်းတူ၊ ဒီမိုကရေစီခရီးရှည်တွင် ဦးဆောင်၊ ဝန်းရံ၊ လိုက်ပါမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတိုင်းအတွက် ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို ဒီမိုကရေစီစံနှုန်းကိုက် ရေးဆွဲနိုင်ရေးသည် သော့ချက်ပင်ဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားကောင်းများကို ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းများနှင့်အညီ တည်ဆောက်၊ ပျိုးထောင်နိုင်မှသာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် လမ်းကြောင်းမှန် ပေါ်ခြေချပြီဟုဆိုနိုင်မည် ဖြစ်သည်။

Facebook လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင်စာမျက်နှာအဖြစ် အသိအမှတ်ပြုသည့် အပြာရောင်အမှတ်အသားရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာ(ဝက်ဘ်ဆိုက်) ကို စုန်ချည်ဆန်ချည် လှန်လှောလေ့လာရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) ကို တွေ့ရှိခဲ့ရသည်။ အဆိုပါဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)တွင် အခန်း (၁၄) ခန်း နှင့် အပိုဒ်  ၈၈ ခု ပါဝင်ပြီး နိုင်ငံရေးပါတီတစ်ခု၏ ဖွဲ့စည်းပုံစည်းမျဉ်းဆိုင်ရာ ကြန်အင်လက္ခဏာများနှင့် ပြည့်စုံသည်ဟု ယေဘုယျသုံးသပ်နိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိဖွဲ့စည်းပုံစည်းမျဉ်းတွင် အပိုဒ် ၁၀ ခု သာပါရှိပြီး နိုင်ငံရေးပါတီ၏ဖွဲ့စည်းပုံ စည်းမျဉ်း၌ ရှိသင့်ရှိထိုက်သည့် ကြန်အင်လက္ခဏာများ ပျောက်ဆုံးနေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

လတ်တလောအခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပါတီဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲရေးကော်မတီကို ဦးစွာဖွဲ့စည်းသင့်သည်။ အဆိုပါကော်မတီတွင် ပြင်ပဥပဒေ ပညာရှင်များနှင့် ဥပဒေရေးရာန့ှံစပ်သူများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်း၊ ဖွဲ့စည်းနိုင်မည်ဆိုလျှင် လုပ်ငန်းဆောင်ရွက်ရာ၌ ပိုမိုထိရောက်အလုပ်ဖြစ်နိုင်မည့်အပြင်၊ ပိုမိုပြည့်စုံသည့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းတစ်ရပ် ပြုစုနိုင်ရေး လမ်းဖောက်ပြီးဖြစ်လိမ့်မည်ဟု ယူဆမိသည်။ ကော်မရှင်သည် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ကို လေ့လာ၊ သုံးသပ်ပြီး၊ အားနည်းချက်များ၊ လိုအပ်ချက်များ၊ ပြုပြင်သင့်သည့်အချက်များ၊ ဖြည့်စွက်သင့်သည့်အချက်များနှင့် ပယ်ဖျက်သင့်သည့် အချက်များကို ဖော်ပြလျက် စည်းမျဉ်းမူကြမ်း သုံးသပ်အကြံပြုချက် အစီရင်ခံစာအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီထံသို့ တင်သွင်းနိုင်ရေး ဆောင်ရွက်သင့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိဖွဲ့စည်းပုံစည်းမျဉ်းပါပြဋ္ဌာန်းချက်အရ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပခြင်း မပြုနိုင်သည့် ကာလများတွင် ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံကို လိုအပ်ပါက၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ပြင်ဆင်နိုင်ခွင့်ရှိသည်။ ပြင်ဆင်ဖြည့်စွက်ချက်များကို အနီးကပ်ဆုံးညီလာခံတွင်  တင်ပြအတည်ပြုချက်ရယူရမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ ဗဟိုကော်မတီတို့အနေဖြင့် ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း)နှင့်ပတ်သက်၍ အကြိတ်အနယ်၊ ဆွေးနွေးပြီး၊ ပါတီတွင်းနှင့် ပါတီပြင်ပ ဥပဒေပညာရှင်များ၏မှတ်ချက်၊ သဘောထား၊ အကြံဉာဏ်တို့ကို မဖြစ်မနေ ရယူနိုင်ရန်လိုအပ်မည် ဖြစ်သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီတို့အနေဖြင့် ပါတီဖွဲ့စည်းပုံ စည်းမျဉ်း (မူကြမ်း) ကို ဆောလျင်စွာပြင်ဆင်၊ ဖြည့်စွက်၊ အချောသတ်ကြရမည်ဖြစ်သည်။ ပြီးလျှင် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံ၌ ညှိနှိုင်းဆွေးနွေး၊ အချောသတ်ပြီးသည့် ပါတီဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) ကို တင်သွင်း၍ ညီလာခံကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များရယူကာ အပြီးသတ်၊ အတည်ပြု၊ ပြဋ္ဌာန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပါတီ၏ခြေလှမ်းတိုင်းနှင့် ဆက်စပ်လျက် ပြည်သူလူထု၏စိတ်ဝင်စားမှု၊  ပါဝင်မှုနှင့် ထောက်ခံမှုကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေးကို ရည်မှန်းချက်ထားရမည် ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပြီးသည့် ဖွဲ့စည်းပုံစည်း မျဉ်း(မူကြမ်း) ကို ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အုပ်စုအထိ အဆင့်ဆင့်ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီ၏မိတ်ဆွေများအကြား အချိန်ကာလသတ်မှတ်၍ ဖြန့်ဝေ၊ အကြံဉာဏ်ရယူနိုင်မည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုထိရောက်အလုပ် ဖြစ်နိုင်ခြေရှိသည်။ ပါတီ၏အဆင့်ဆင့်ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ လူနည်းစုများနှင့် ဝန်းရံသူ မိတ်ဆွေများ၏ ဝေဖန်အကြံပြုချက်များ၊ ဆွေးနွေးချက်များကိုလည်း ပါတီဖွဲ့စည်းပုံစည်း မျဉ်း(မူကြမ်း)တွင် လိုအပ်သလို ထည့်သွင်းပြင်ဆင်ရေးဆွဲနိုင်ရေး ရှေးရှုသင့်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးသည်  ပါတီ၏ အန္တိမရည်မှန်းချက်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရန် အရေးကြီးသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အလုပ်အမှုဆောင်အဖွဲ့မှသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အထိ ရွေးကောက်တင်မြှောက်မှု အဆင့်ဆင့်သည် ဒီမိုကရေစီနည်းကျဖြစ်မှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်နှင့်ဟန်ချက်ညီမည် ဖြစ်သည်။ လက်ရှိပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊ အပိုဒ် ၈(ဂ)ပါ မှတ်ချက်တွင် မူအားဖြင့် အထက်အောက် အဖွဲ့အစည်းများကို ဒီမိုကရေစီနည်းအရ  ရွေးကောက်တင်မြှောက်ရမည်ဖြစ်သော်လည်း အခြေအနေအရ အရေးပေါ်ဖွဲ့စည်းရန် လိုအပ်ပါက ဒီမိုကရေစီနည်းကျကျ ညှိနှိုင်းမှုဖြင့် ဖွဲ့စည်းသွားမည်ဟု ပြဋ္ဌာန်းထားသည်။ အထက်အောက်အဖွဲ့အစည်းများကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရမည် ဆိုသည့်မူကို ကိုင်စွဲထားရန် အရေးကြီးသည်။ အရေးပေါ်ဖွဲ့စည်းရန်လိုအပ်သည့် အခြေအနေများကိုလည်း တစ်ပါတည်းသတ်မှတ်ထားသင့်သည်။ သို့မှသာ စည်းမျဉ်းပါပြဋ္ဌာန်းချက်ကို လိုသလိုဆွဲသုံး၍ နိုင်ငံရေးအရ လက်တစ်လုံးခြားလုပ်သည့် အလေ့အထအား ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။

ပါတီဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) ပုဒ်မ (၂၆) ပါ ဗဟိုကော်မတီသည် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ညှိနှိုင်းဆွေးနွေးမှုဖြင့်သော်လည်းကောင်း၊ ဆန္ဒမဲပေးရွေးချယ်၍သော်လည်းကောင်း ဖွဲ့စည်းတာဝန်ပေးရမည်ဆိုသည့် ပြဋ္ဌာန်းချက်သည် ဒီမိုကရေစီ ပြောင်းပြန်လုပ်မည်ဆိုလျှင် လုပ်ခွင့်ပေးထားပြီး၊ ဗဟိုဦးစီးစနစ်ကို လက်တစ်လုံးခြားဖော်ဆောင်နိုင်ရန် အားပေးအားမြှောက်ပြုသကဲ့သို့ အဓိပ္ပာယ်ဆောင်နေသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်မည့်နိုင်ငံရေးပါတီ၏  ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီမိုကရေစီနည်းကျ၊ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်၍ ဖွဲ့စည်းတာဝန်ပေးရန်မှ တစ်ပါး၊ အခြားနည်းလမ်း မဖြစ်သင့်ကြောင်း သုံးသပ်၊ အကြံပြု တိုက်တွန်းလိုပါသည်။

ပါတီဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) တွင် ဗဟိုကော်မတီ ရွေးချယ်တင်မြှောက်မှုနှင့် စပ်လျဉ်း၍ဖော်ပြထားသည်ကို မတွေ့ရှိရပေ။ မူအားဖြင့် ဗဟိုကော်မတီဝင်များကို ဒီမိုကရေ စီနည်းကျ အဆင့်ဆင့် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခြင်းသည် အလျော်ကန်ဆုံး ဖြစ်မည်။ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမတိုင်မီကာလ၊ အထက်အောက်ပါတီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှုပုံစံကို ပြန်လည်သုံးသပ်ပြီး၊ အားနည်းချက်များ၊ လိုအပ်ချက်များ ဆန်းစစ်လျက်၊ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ဆွေးနွေးရာတွင် ပေါင်းစပ်စဉ်းစားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ညီလာခံပြီးလျှင် ပါတီ၏အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်သည့် ဗဟိုကော်မတီအဖွဲ့ဝင်များသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဆင့်တွင် ဒီမိုကရေစီနည်းကျ အများစုထောက်ခံမှုကို ရရှိသူများဖြစ်ရန် ပဓာနကျသည်။

နိုင်ငံလုံးဆိုင်ရာညီလာခံ၊ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့အကြား အပြန်အလှန်ထိန်းကျောင်းနိုင်မည့်၊  အပြန်အလှန် ညှိနှိုင်းဆောင်ရွက်နိုင်မည့် ယန္တရားကို ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး သုံးသပ်စဉ်းစားသင့်သည်။ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တို့သည် နိုင်ငံလုံးဆိုင်ရာ ညီလာခံက အတည်ပြုချမှတ်ထားသည့် မူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်၊ တည့်မတ်ထိန်းကျောင်းနိုင်မည့် အခင်းအကျင်းတစ်ရပ်ရှိရေးသည်လည်း ပဓာနကျမည် ဖြစ်သည်။ အပြန်အလှန်ထိန်းကျောင်းနိုင်မှသာ ဗဟိုဦးစီးစနစ်၊ နိုင်ငံရေးလက်ဝါးကြီးအုပ်စနစ်၊ နိုင်ငံရေးဖားဗျူဟာတို့ကို ရေရှည်တွင် ထိထိရောက်ရောက် ဟန့်တားနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံရေးသည် အားကောင်းခိုင်မာမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံရေးသမားကောင်းများ၊ နိုင်ငံရေးခေါင်းဆောင်ကောင်းများက ဦးဆောင်ဦးရွက်ပြုနိုင်မှသာ နိုင်ငံရေး အပြောင်းအလဲသည် ဗလောင်းဗလဲနည်းမည်ဖြစ်ပြီး၊ ဒီမိုကရေစီစံနှုန်းကိုက်၊ စနစ်ကျအားကောင်းသော နိုင်ငံရေးပါတီများက ဦးဆောင်လမ်းညွှန်နိုင်မည်ဆိုလျှင် ဒီမိုကရေစီနိုင်ငံရေးသည် အခြေခိုင်မာမည် ဖြစ်သည်။ ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းသည် ဒီမိုကရေစီအားနည်းနေမည်ဆိုလျှင်၊ ဗဟိုဦးစီးစနစ်ကို လက်တစ်လုံးခြား အားပေးနေမည်ဆိုလျှင် နိုင်ငံရေး အပြောင်းအလဲသည် မီးကျိုးမောင်းပျက်ဖြစ်ရုံမှတစ်ပါး၊ အခြားမရှိနိုင်ပေ။ မြန်မာ့ဒီမိုကရေစီခေတ်ပြောင်း တော်လှန်ရေးအထ မြောက်အောင်မြင်ဖို့ဆိုလျှင် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းများကို ရေးဆွဲအတည်ပြု၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အပြောသက်သက် မဟုတ်၊ အလုပ်နှင့်သက်သေပြ ယုံကြည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးပါတီများအား ကောင်းလာရေး မဖြစ်မနေ ရှေးရှုသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။