လူ့ဘောင်သမိုင်း ယှဉ်နှိုင်းကြည့်သောအခါဝယ်

လူ့ဘောင်သမိုင်း ယှဉ်နှိုင်းကြည့်သောအခါဝယ်
Published 11 August 2017

ဝါဆိုလပြည့်နေ့က ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

လူမျိုးနွယ်စုများနှင့် သက်ရှိသတ္တဝါများသည် ဤကမ္ဘာမြေပေါ်၌ မည်ကဲ့သို့စတင် ဖြစ်ပေါ်ခဲ့ကြသည်ကို သိနိုင်သူဟူ၍ မရှိသလောက် ရှားပါးလှပါသည်။

လူသားများ စတင်ဖြစ်ပေါ်လာသော သက်တမ်းသည် ကမ္ဘာမြေကြီး စတင်ဖြစ်ပေါ်လာသော ကာလသက်တမ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်တရာ ကွာခြားလွန်းလှသည်ဟု ဆိုကြသည်။

ပညာရှင်များကမူ ဤကမ္ဘာမြေကြီး စတင်ဖြစ်ပေါ်လာသည့် ကာလအပိုင်းအခြားကို ခန့်မှန်းခြေအားဖြင့် အများဆုံးလွန်ခဲ့သော နှစ်သန်းပေါင်း နှစ်သောင်းခန့်၊ အနည်းဆုံး နှစ်သန်းပေါင်း နှစ်ထောင်ဟု ခန့်မှန်း တွက်ချက်ခဲ့ကြပါသည်။

လူသားများ ဖြစ်တည်လာရမှုကာလကိုမူ လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းခန့်ကဟု ခန့်မှန်းဖော်ပြထားကြ၍ သက်ရှိကမ္ဘာ့သက်တမ်းနှင့် သက်မဲ့ကမ္ဘာ (သုညကမ္ဘာ) သက်တမ်းတို့မှာလည်း နှိုင်းယှဉ်ကြည့်ပါက အလွန်တရာမှပင် ကွာခြားလှသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

လူ့ဘောင်သမိုင်းဟူသည်မှာလည်း စဉ်ဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲနေမှုသဘော တရားအရ အတက်အကျများ ရှိပါသည်။ ဥပမာအားဖြင့် လွန်ခဲ့သော ရာစုနှစ်များမှ ကြီးကျယ်ခမ်းနားခဲ့သော မြို့ရွာအချို့သည် ယခုအချိန်အခါများ၌ တိမ်မြုပ်ပျောက်ကွယ် ပျက်စီးသွားခဲ့ရပြီး နောက်တစ်ဖန် အဆိုပါ နေရာဟောင်းများ၌ လူ့အဖွဲ့အစည်းသစ်များ၊ ယဉ်ကျေးမှုသစ်များဖြင့် ပြန်လည်ထွန်းကား စည်ကားလာသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

သိပ္ပံပညာရှင် အိုင်းစတိုင်းကမူ -

“တတိယကမ္ဘာစစ် မည်သည့်အချိန်တွင်ဖြစ်မည်ကို ကျွန်ုပ်တို့ မသိပါ။ သို့ရာတွင် စတုတ္ထကမ္ဘာစစ်တွင်ကား လူတို့သည် တစ်ဦးနှင့်တစ်ဦး ကျောက်လက်နက်ဖြင့် ပစ်ခတ် တိုက်ခိုက်ကြလိမ့်မည်” ဟူ၍ ပြောကြားခဲ့ဖူးပါသည်။

ဆိုလိုသည့် အကြောင်းအရာမှာ တတိယကမ္ဘာစစ်တွင် နျူကလီးယားလက်နက်တို့ဖြင့် တိုက်ခိုက်ကြသဖြင့် လူ့ဘောင်အဖွဲ့အစည်းနှင့်တကွ လူ့ယဉ်ကျေးမှုများပျက်စီး၍ ကျောက်ခေတ်၊ သမိုင်းဦးဘုံမြေလူသားခေတ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိကြလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ဤကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်များနှင့်အတူ အခြားသော သက်ရှိများလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ စာရေးဆရာ အိပ်ချ်ဂျီဝဲလ်ကမူ “ကမ္ဘာပေါ်၌ သက်ရှိများ ဘယ်ပုံဘယ်နည်း စတင်ဖြစ်ပေါ်ခဲ့သည်ကို ဧကန်မုချ မပြောနိုင်ပါ” ဟု ရေးသားဖော်ပြခဲ့ပါသည်။

အသိဉာဏ်ပိုင်ရှင် လူသားများအနေဖြင့် လူသားမျိုးနွယ်တို့ စတင်ဖြစ်ပေါ်လာပုံများကို ဉာဏ်ကစား၍ တွေးခေါ်မြော်မြင်ခဲ့ကြပြီး အဖြေရှာလာခဲ့ကြသည်။

ရောမအတွေးအခေါ်ပညာရှင်ကြီး အနက် ဇီးမန်းဒါးကမူ (၆၁၀-၅၄၇ -ဘီစီ) ခန့်က လူသည် ငါးမှသက်ဆင်းလာသည်ဟု တွေးခေါ်ပြီး ငါးကိုမစားရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

အတွေးအခေါ်ပညာရှင်ကြီး ဒီမိုကရိ တပ်ဆိုသူကမူ လူသည် အဏုမြူမှဖြစ်ခဲ့သည်ဟု ဆိုထားခဲ့ပါသည်။

ပညာရှင် ချားလ်ဒါဝင် (AD-၁၉ ရာစု) ကမူ လူသည် နိမ့်ကျသောသတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲတိုးတက်ဖြစ်ပေါ်လာသည်ဟု ဆိုစမှတ်ပြုခဲ့သည်။ ပထမဦးစွာ ကျောရိုးမဲ့သတ္တဝါ၊ နောက်နှစ်သန်းပေါင်းများစွာ ကြာလာသောအခါ ငါးသတ္တဝါ၊ ထို့နောက် ကုန်းတစ်ပိုင်း ရေတစ်ပိုင်းသတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်များ၊ နို့တိုက်သတ္တဝါများ စသဖြင့် အဆင့်ဆင့် ဖြစ်ပေါ်လာခဲ့ပြီးနောက်မျောက်ဝံ (လူဝံ) ဘဝမှ လူဟူသည့် သတ္တဝါများ ဖြစ်ပေါ်လာခဲ့ကြရသည်ဟု ဖော်ပြခဲ့ပါသည်။

မြန်မာ့စွယ်စုံကျမ်း၌ ဖော်ပြထားချက်အရ ကမ္ဘာပေါ်၌ ဘာသာစကားပေါင်း ၆၀၀၀ ကျော်ခန့် ရှိသည်ဟု ဖော်ပြထား၍ လူမျိုးပေါင်းမှာလည်း ၆၀၀၀ ကျော်ခန့်ရှိမည်ဟု ယေဘူယျအားဖြင့် ခန့်မှန်းရပါသည်။

အသားရောင်အားဖြင့်မူ အသားဖြူ၊ အသားမည်း၊ အသားဝါ၊ အသားနီနှင့် အသားညိုလူမျိုးများဟု ခွဲခြားသတ်မှတ်ထားကြကာ ၎င်းလူမျိုးစုငါးမျိုးမှ လူ့အဖွဲ့အစည်းအသီးသီး ကွဲပြားပေါ်ပေါက်လာကြသည်ဟု သမိုင်းပညာရှင်များက လက်ခံထားကြပါသည်။

ရေမြေဒေသ၊ ပတ်ဝန်းကျင် အနေအထားတို့အရ အသားရောင်ကွဲပြားမှုများမှာလည်း ဖြစ်ပေါ်လာခဲ့ရ၍ အသားအရောင်အရ လူမျိုးစုများကို သတ်မှတ်မှုမပြုကြတော့ဘဲ သွေးအမျိုးအစားကိုသာ တိုင်းတာ သတ်မှတ်လာခဲ့ကြပါသည်။ အဆိုပါ သွေးအမျိုးအစားများမှာ အေအမျိုးအစား၊ ဘီအမျိုးအစား၊ အေဘီအမျိုးအစားနှင့် အိုအမျိုးအစားဟူ၍ဖြစ်ပြီးလျှင် ထိုမှတစ်ဆင့် ဘာသာစကားကွဲပြားမှုများ ဖြစ်ပေါ်ကာ လူ့ဘောင်အဖွဲ့အစည်းများနှင့် လူမျိုးနွယ်စုများမှာလည်း အဆင့်ဆင့် ကွဲပြားခြားနားလာကြရသည်ကို တွေ့ရှိရပါသည်။

အဆိုပါ မျိုးနွယ်စုတို့သည် မိမိတို့၏ အတွင်းစိတ်သန္တာန်၌ ကိန်းအောင်းဖြစ်တည်လာခဲ့ရသော အကြောက်တရားများကို အခြေခံကာ ယုံကြည်ကိုးကွယ်မှုများလည်း အမျိုးမျိုး ပြုလုပ်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။

အတွေးအခေါ် ပညာရှင်များစွာ ပေါ်ပေါက်လာခဲ့ကြသည့်အထဲ၌ ပထမဦးဆုံး ပေါ်ပေါက်လာခဲ့သော အတွေးအခေါ်ပညာရှင်မှာ (BC-၆၂၅-၅၄၅) ခုနှစ်အတွင်း ပေါ်ထွန်းလာခဲ့သော ဂရိပညာရှင်ကြီး သေလိ-ဆိုသူပင် ဖြစ်ပါသည်။

၁၉၃၉ ခုနှစ်နောက်ပိုင်း၌ လူမျိုးစုံပါဝင်သော ခေတ်သစ်လေ့လာရေးဂိုဏ်းဟူ၍ ပေါ်ပေါက်လာခဲ့ပြီး အဆိုပါ အနောက်နိုင်ငံများစွာတို့မှ ဗုဒ္ဓ၏ ဓမ္မတရားများကိုပါ ရှာဖွေဖော်ထုတ်ခဲ့ကြကာ လေ့လာလိုက်စားလာကြသည်ကို တွေ့မြင်ခဲ့ရပါသည်။

အထူးသဖြင့် ဂျာမနီနာဇီခေါင်းဆောင် ဟစ်တလာ ထူထောင်လာခဲ့သော နာဇီတို့၏ အရိုင်းမြေမှာလည်း သာသနာ့ အသွေးအရောင်များကို ထူးခြားစွာ တွေ့မြင်နိုင်ပါကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါသည်။

Most Read

Most Recent