အိမ်ပြန်ချင်သူတွေရဲ့ အိပ်မက်တွေ ဘယ်တော့ဖြစ်လာမလဲ

အိမ်ပြန်ချင်သူတွေရဲ့ အိပ်မက်တွေ ဘယ်တော့ဖြစ်လာမလဲ
Published 22 January 2018

တိုက်ပွဲများကြောင့် ကျောက်မဲမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်မိသားစုများကို ဇန်နဝါရီလလယ်ပိုင်းက တွေ့ရစဉ်

(၁)

“အိမ်ပြန်ချင်တယ်။ ဒီမှာနေရတာ ကိုယ့်အိမ်မှာလို ဘယ်အဆင်ပြေမလဲနော့။ အိမ်ကိုပဲပြန်ချင်တယ်…”

တိုက်ပွဲတွေနဲ့လွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ပလောင်တိုင်းရင်းသူတစ်ဦးက မြန်မာစကားကို ပလောင်လေသံ ခပ်ဝဲ၀ဲနဲ့ ပြောဆိုလာပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ တိုက်ပွဲတွေရဲ့အကြားမှာ မြေစာပင် ဖြစ်နေရသူတွေဆိုလည်း မမှားပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတော်များများ အခြေစိုက်ထားကြသလို မကြာခဏဆိုသလို အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအချင်းချင်း တိုက်ပွဲဖြစ်ပွားတာတွေက မကြာခဏဆိုသလိုပါ။ အဲဒီလိုတိုက်ပွဲတွေဖြစ်လာတိုင်းမှာ အရင်ဆုံးထိခိုက်ခံစားရတာက ဒေသတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက အရင်ဆုံးထိခိုက်ခံစားရပြီး စစ်ဘေးနဲ့ဝေးရာကို မကြာခဏထွက်ပြေးကြရ၊ တိုက်ပွဲတွေ ပြန်ငြိမ်သက်သွားရင် အိမ်ကိုပြန်ကြ နောက်ထပ်တိုက်ပွဲတွေ ထပ်ဖြစ်လာရင် ထပ်ပြေးကြရနဲ့ ဂျာအေးသူ့အမေရိုက် မုန့်လုံးစက္ကူကပ်နေရတဲ့ဘဝတွေက အများအပြား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းမှာ PSLF/ TNLA တအာင်းန် လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတိုင်းရင်းသားအများအပြားဟာ စစ်ပွဲတွေကြားထဲကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ရင်း ၂၀၁၈ ဆိုတဲ့ နှစ်သစ်ကိုစစ်ပွဲနဲ့အတူ ကြိုဆိုခဲ့ကြရပါတယ်။ ယခု ဇန်နဝါရီလထဲမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA တအာင်းန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ RCSS  ရှမ်းပြည် လည်ထူထောင်ရေးကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာသူတို့ရဲ့ နေအိမ်တွေကို ပြန်နိုင်ဖို့အတွက် ခက်ခဲနေကြဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ တိုင်းရင်းသားလက်နက်ကိုင်အများစု အခြေစိုက်လှုပ်ရှားကြတဲ့ နေရာဒေသတွေ ဖြစ်တာကြောင့် မကြာခဏဆိုသလို အစိုးရတပ်တွေနဲ့ ထိပ်တိုက်ထိတွေ့မှုတွေ ဖြစ်ပွားပြီး တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် အဖွဲ့တွေရဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်ပစ်ခတ်တာ၊ လမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေနဲ့ ခရီးသွားပြည်သူအချို့ ထိခိုက်သေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ယမ်းငွေ့တွေ မပြယ်နိုင်သေးသလို ဒေသခံအများအပြားဟာလည်း စစ်ဘေးဒုက္ခသည်တွေအဖြစ်နဲ့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

(၂)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ တိုက်ပွဲတွေနဲ့အတူ လက်နက်ကြီးလက်နက်ငယ်ပစ် သံသေနတ်သံဗုံးသံတွေနဲ့ ညံစီနေခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ မြန်မာ-တရုတ် အဓိက ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို လက်နက်ကိုင်အဖွဲ့ တွေရဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ကုန်စည်စီးဆင်းမှုတွေလည်း အချိန်အတော်ကြာ ရပ်တန့်သွားခဲ့ရပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်တဲ့ လောက်ကိုင်ဒေသကိုလည်း MNDAA ကိုးကန့်အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ အချိန်အတော်ကြာ ဖြစ်ပွားခဲ့ရပါတယ်။ ဒါ့အပြင် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ပြောက်ကျားပုံစံ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာသေဆုံးရတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တစ်ဖွဲ့ချင်းစီအလိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို MNDAA၊ KIO/KIA ၊ TNLA ၊ AA တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (NAB) တို့နဲ့ တပ်မတော်တို့အကြားမှာလည်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေ ပြုလုပ်ပေးနေတာကို တွေ့ရသလို တိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့တွေကလည်း တိုက်ပွဲဖြစ်စဉ်သတင်းတွေကို သူတို့ရဲ့ Facebook စာမျက်နှာထက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အချို့ လက်မှတ်ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် NCA ကို လက်မှတ်မရေးထိုးထားရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတာကိုတွေ့ ရပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားတဲ့ MNDAA၊ KIO/KIA ၊ TNLA ၊ AA တို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့အကြား ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ရှိအစိုးရနဲ့ တပ်မတော်ကသတ်မှတ်ထားတဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ငြင်းဆိုထားပြီး “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC” ရဲ့ နိုင်ငံရေးဆွေးနွေးမှု မူဝါဒတွေအတိုင်း အစိုးရအဖွဲ့တပ်မတော်တို့နဲ့  ဆွေးနွေးခွင့်ရဖို့ တောင်းဆိုထားကြပါတယ်။ ဒါကြောင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ကချင်ပြည်နယ်က KIO/KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မ တော်တို့အကြားက တိုက်ပွဲတွေ၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက တိုက်ပွဲတွေဟာ NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှု တွေကိုပါဝင်လာစေဖို့အတွက် စစ်ရေးအရ ဖိအားပေးခြင်းတစ်ခုလား၊ NCA လက်မှတ်ထိုးခြင်း မထိုးခြင်းအပေါ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာမူတည်နေသလားဆိုတဲ့ မေးခွန်းထုတ်သူတွေ၊ ဝေဖန်သုံးသပ်သူတွေလည်း ရှိနေကြပါတယ်။

ဘယ်လိုပဲဆိုဆို ဘာကြောင့်ပဲဖြစ်ဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲပါ။ တိုက်ပွဲတွေဖြစ်လာရင် ကနဦးဒေသခံတွေ ထိခိုက်နစ်နာရသလို စစ်တိုက်နေကြတဲ့ ညီနောင်တိုင်းရင်းသားတွေ အချင်းချင်းလည်း ထိခိုက်နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံရတာလည်း ဖြစ်ပါတယ်။ ကျဆုံးသွားခဲ့ရတဲ့ စစ်သည်တွေဟာလည်း တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးသွားရခြင်း ဖြစ်ပါတယ်။ တိုင်းတစ်ပါးကျူးကျော်စစ် မဟုတ်တဲ့ တိုင်းရင်းသား အချင်းချင်း တိုက်ပွဲတွေအတွက် အသုံးပြုနေရတဲ့နှစ်ဖက်သော စစ်အသုံးစရိတ်တွေဟာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျဆဲဖြစ်နေတဲ့ နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှုဆိုလည်း မမှားပါဘူး။

(၃)

မကြာသေးတဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွေထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ၊ မြောက်ပိုင်းလမ်းမတွေပေါ်မှာ ဗုံးဖောက်ခွဲမှုတွေ စတဲ့တိုက်ပွဲ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ Facebook စာမျက်နှာမှာ ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ပထမပတ်ထဲမှာပဲ KIA/TNLA တို့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို လစ်လျူရှုလျက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ကို ဆန့်ကျင်ကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရေရှည်ဆက်လက်လျှောက်လှမ်း ရန်ရည်ရွယ်လုပ်ဆောင်လျက်ရှိရာ ၂၀၁၇ ဒီဇင်ဘာလလယ်ပိုင်းနှင့် လကုန်ပိုင်းတို့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိနယ် မြေခံနောက်တန်း တပ်ဌာနချုပ်များ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးစခန်းများနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့အား လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိသည့်အပြင် စစ်သည်အချို့နိုင်ငံတော်အတွက် အသက်စွန့်ခဲ့ရကြောင်း၊ ထိုကဲ့သို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများကအများ ပြည်သူအထိတ်တလန့်ဖြစ်စေရန်၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ထိခိုက်ပျက်စီးစေရန်နှင့်  နောက်တန်းဌာနချုပ်ရှိ မိသားစုဝင်များနှင့် ကလေးငယ်များအား အန္တရာယ်ကြီးစွာ ဖြစ်စေနိုင်သည့် နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက တရားဥပဒေစိုးမိုးမှုရှိစေရေးနှင့် နယ်မြေ အေးချမ်းစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းအစရှိတဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို သတင်းထုတ်ပြန်ထားပါတယ်။

ထို့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့များထဲမှာပါဝင်တဲ့ PSLF/TNLA တအာင်းန် လက်နက်ကိုင်အဖွဲ့ကလည်း သူတို့အဖွဲ့အစည်းရဲ့ ဗဟိုကော်မတီနှစ်ပတ်လည် အစည်းအဝေးရဲ့ သဘောထား ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်  ရက်စွဲနဲ့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။ တအာင်းန်လက်နက်ကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဆိုရင်  “၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်” ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာအစိုးရက ကြုံးဝါးပြောဆိုခဲ့သော်လည်း၊ မြန်မာ့တပ်မတော်၏ ပြည်တွင်းစစ် အဓွန့်ရှည်ရေးဦးတည်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ‘တိုင်းရင်းသားဒေသများတွင် တိုက်ပွဲပိုမိုပြင်းထန်သည့်နှစ်’ သာဖြစ်ခဲ့သည်ဟု အစည်းအဝေးကြီးက ရှုမြင်သုံးသပ်ကြောင်း၊ ပလောင်လွတ်မြောက်ရေး တပ်ဦးအနေဖြင့် ‘ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC’၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဝါဒအတိုင်း အခိုင်အမာရပ်တည်ပြီး မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင်သွားရန် အစည်းအဝေးကြီးက သဘောတူဆုံးဖြတ်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် မြန်မာအစိုးရမှ တိုင်းရင်းသားပြည်သူ လူထုနှင့်အတူပူးပေါင်းလက်တွဲကာ နိုင်ငံရေး ပြဿနာများကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဦးဆောင်ဖြေရှင်းသင့်သည်ဟု ရှုမြင်သုံးသပ်ကြောင်း အစရှိတဲ့ တအာင်းန်လက်နက်ကိုင်အဖွဲ့က သဘောထားထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ KIA/TNLA  အကြမ်းဖက် သောင်းကျန်းသူတွေဟာ ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို လစ်လျူရှုပြီး နိုင်ငံတော် အစိုးရနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ လမ်းစဉ်ကိုဆန့်ကျင်ကာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရေရှည်ဆက်လက် လျှောက်လှမ်းရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိနေပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာရှိတဲ့ တပ်မတော်ရဲ့ နယ်မြေခံ နောက်တန်းတပ်ဌာနချုပ်များ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးစခန်းများနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တရားဥပဒေစိုးမိုးရေး ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးတို့အတွက် လုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ သူတို့ရဲ့နယ်မြေမှာရှိတဲ့ တပ်စခန်းတွေကို အစိုးရတပ်မတော်က ထိုးစစ်ဆင်ပြီးတိုက်ခိုက်နေတယ်လို့ ပြန်လည်ပြောဆိုထားတာ တွေ့ရပါတယ်။ သို့သော် …ဘာကြောင့်ပဲ တိုက်ပွဲတွေဖြစ်ပါစေ ထိခိုက်ဆုံးရှုံး သွားတာတွေက ဒေသခံတိုင်းရင်းသားတွေနဲ့ နှစ်ဖက်စစ်သည်တွေ ကျဆုံးရတယ်၊ ထိခိုက်ဒဏ်ရာတွေ ရကြတယ်။ ဒီလိုအပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေသရွေ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်ရသလိုတိုင်းပြည်ဟာ နစ်နာဆုံးရှုံးမှုတွေနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း အလှမ်းဝေးနေရဆဲပါ။

(၄)

“ငြိမ်းချမ်းရေးလား…။ အမြန်ဆုံးရချင်တာပေါ့။ တိုက်ပွဲတွေမကြာခဏဖြစ်တော့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ မရကြဘူး။ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးနေကြတယ်ဆိုတာတော့ကြားတယ်။ ဒါပေမဲ့ ဘာတွေဆွေးနွေးကြတယ်ဆိုတာ ငါတို့ကတောင်ပေါ်မှာနေတာဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူး။ အိမ်ပြန်ချင်နေကြပြီ တိုက်ပွဲတွေထပ်ဖြစ်လာမှာလဲ စိုးရိမ်နေကြတယ်။ အမြန်ဆုံးငြိမ်းချမ်းရေးရချင်ပြီ” …

အစိုးရတပ်မတော်နဲ့ PSLF/TNLA တအာင်းန်လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ နမ့်ဆန်မြို့နယ်အတွင်းက စစ်ဘေးရှောင် ပလောင်တိုင်းရင်းသားတစ်ဦးက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ကြားသိထားတာကို ပြောပြလာတာပါ။ ဒါပေမဲ့ သူတို့ အိမ်ပြန်ချင်ပေမဲ့ တိုက်ပွဲတွေဟာ သူတို့နေထိုင်ရာ အနီးဝန်းကျင်မှာ ဆက်လက်ဖြစ်ပွားနေဆဲပါ။ လက်ရှိအချိန်ဟာ တောင်ယာခုတ်ထွင်ရှင်းလင်းပြီး ရွှေဖီလက်ဖက် စိုက်ပျိုးထားချိန်ဖြစ်တာကြောင့် စစ်ဘေးတိမ်းရှောင်ရတဲ့ အချိန်ကြာလာရင် တောင်ယာမလုပ်ကိုင်ရမှာကိုလည်း သူတို့တစ်တွေက စိုးရိမ်နေကြသလို အိမ်ပြန်ရောက်လို့ တိုက်ပွဲတွေ ပြန်ဖြစ်လာရင်လဲ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အတွေးတွေနဲ့ စစ်ဘေးရှောင်တိုင်းရင်းသားတွေရဲ့ မျက်နှာတွေပေါ်မှာက စိုးရိမ်ထိတ်လန့်မှုတွေကို အထင်းသား တွေ့မြင်နေရပါတယ်။

တိုက်ပွဲတွေပြန်ဖြစ်လာမှာကို စိုးရိမ်ကြတဲ့အတွက် အိမ်ပြန်ချင်နေကြတဲ့သူူတွေဟာ စစ်ဘေးရှောင်စခန်းတွေထဲမှာ အခြားနီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရဆဲပါ။ ကျောင်းဖွင့်ရာသီဖြစ်တဲ့အပြင် စာမေးပွဲဖြေဆိုချိန်လည်း နီးကပ်နေပြီဖြစ်တာကြောင့် သူတို့ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း အခက်အခဲဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ စစ်ဘေးတိမ်းရှောင်နေရတာ ရက်ကြာရှည်လာခဲ့မယ်ဆိုရင် အနေအထိုင် အစားအသောက်တွေ အခက်အခဲတွေဖြစ်လာနိုင်တာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ အစားအသောက်တွေ လိုအပ်နေဆဲလည်း ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေသရွေ့ ယမ်းငွေတွေမပြယ်သရွေ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တို့အကြားသေချာတဲ့ဆွေးနွေးမှု အဖြေရှာမရသေးသရွေ့ ဒေသခံတိုင်းရင်းသားတို့ဟာ စစ်ဘေးရှောင်ပြည်သူတွေဘဝနဲ့  သူတို့ရဲ့ နေအိမ်တွေ ယာခင်းတွေနဲ့ အနီးအဝေး သံသရာက လည်နေဦးမှာပါ။ သူတို့ရဲ့ အိမ်ပြန်ချင်တဲ့ အိပ်မက်တွေဟာလည်း နီးမလိုနဲ့ ဝေးနေကြဦးမှာပါ။

တိုက်ပွဲများကြောင့် ကျောက်မဲမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်မိသားစုများကို ဇန်နဝါရီလလယ်ပိုင်းက တွေ့ရစဉ်

(၅)

ရှမ်းမြောက်ဒေသတွင်းမှာ အပြန်အလှန် တိုက်ခိုက်ပစ်ခတ်မှုတွေနဲ့အတူ ဆောင်းနှင်းတို့နဲ့အပြိုင် ယမ်းငွေ့တွေက ဝေနေဆဲ။ တိုက်ပွဲတွေအကြား ပြည်သူတွေက မြေစာပင်အဖြစ် သွေးစွန်းနေကြရဆဲ။ တိုင်းပြည်အတွက် ညီနောင်တိုင်းရင်းသားတွေ အသက်ဆုံးရှုံးနေကြရဆဲ။ မပြေလည်မှုတွေကို စားပွဲဝိုင်းမှာ အဖြေမရှာကြဘဲ တိုက်ပွဲကြားမှာ အဖြေရှာနေသမျှ ဒေသခံတိုင်းရင်းသားတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ မျှော်လင့်နေကြတဲ့ ထာဝရငြိမ်းချမ်းရေးသည် မတိကျသေးတဲ့ ဟိုးအဝေးမှာ မှုန်ပျပျသာ။ စစ်ရှောင်စခန်းမှ အိမ်လွမ်းသူတို့ ဝေဒနာများသည်လည်း နီးလျက်နဲ့ဝေးနေကြရမှာဖြစ်သလို တိုက်ပွဲတို့ ရှိနေသမျှ အိမ်နှင့် စစ်ရှောင်စခန်း ကူးချည်သန်းချည် မပြီးဆုံးသည့် ပန်းချီကားတစ်ချပ် ဖြစ်နေမှာ ဧကန်မလွဲပါ။ ထာဝရငြိမ်းချမ်းရေးနဲ့အတူ သူတို့ရဲ့အိမ်လေးတွေဆီကို ဘယ်အချိန်မှာ အပြီးတိုင်ပြန်နေကြရမလဲဆိုတဲ့ အတွေးတွေက ဟိုးအဝေးမှာလား၊ သည်အနီးနားမှာလား ဆိုတာ။ အိမ်ပြန်ချင်တဲ့ အိပ်မက်တွေကို ဘယ်သူက သယ်ဆောင်လာပေးမလဲ ဘယ်တော့လဲဆိုတဲ့ မေးခွန်းပေါင်းများစွဲထဲမှာ အဖြေကတော့ နှင်းနှင့်အတူ မှုန်ဝါးပျောက်ကွယ်နေဆဲ။ အိမ်လွမ်းသူတို့ အိပ်မက်တွေ ဘယ်တော့ဖြစ်လာမလဲ။

ကျည်ဆံများအစားပန်းများပွင့်စေ၊ သေနတ်သံဗုံးသံတွေအစား ကလေးများ၏ စာသင်ဆော့ကစားသံများ ပြန့်လွင့်နိုင်စေ။ အမိမြန်မာပြည် အမြန်ဆုံးထာဝရ ငြိမ်းချမ်းပါစေဟု။