ငလျင်မလှုပ်ခတ်မီနှင့် လှုပ်ပြီးအချိန်များတွင် ဆောင်ရွက်သင့်သည့် အချက်များ

ငလျင်မလှုပ်ခတ်မီနှင့် လှုပ်ပြီးအချိန်များတွင် ဆောင်ရွက်သင့်သည့် အချက်များ
Published 18 January 2018

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှအခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့်နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက် ရုန်းကန်ကာ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခုဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။

ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့် ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားရနိုင်သည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီးငါးခု ရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိ လှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့်အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးမျိုးစုံ ဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရဘဲ ကြိုတင်သိရှိရခြင်းလည်း မရှိသဖြင့် အလွန်အန္တရာယ်ကြီးမားသည့် ဘေးအန္တရာယ်တစ်မျိုး ဖြစ်ပါသည်။

၂။ အင်အားပြင်းငလျင်များ ဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ (Aftershocks) လှုပ်ခြင်း၊ ရေကာတာကြီးများ ကျိုးပျက်၍ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီ ရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက် လျှပ်စစ်ကြိုးများ ပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတစ်ဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓာတ်ငွေ့ပိုက်များ ပျက်စီးရာမှတစ်ဆင့် မီးလောင်ကျွမ်းခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

၃။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းမှသည် လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချည့်နဲ့သွားသော တိုက်တာအဆောက်အအုံများ၊ လမ်း၊ တံတားများသည် နောက်ဆက်တွဲ မြေငလျင်များကြောင့် ထပ်မံပျက်စီး၊ ပြိုကျတတ်ပါသည်။ အဆောက်အအုံများတွင် အုတ်ကျိုးအုတ်ပဲ့များ ပြိုကျမှု၊ လျှပ်စစ်ဓာတ်ကြိုးများ ပြုတ်ကျမှုနှင့် အခြားဘေးအန္တရာယ်များ ရှိနိုင်ကြောင်းကိုလည်း သတိရှိရမည်ဖြစ်ပါသည်။

၄။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များ အကြိမ် ၇၀ ခန့် လှုပ်ခတ်ခဲ့ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ယခု ဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

■ မိမိအိမ်တွင် ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင် ပြုလုပ်ထားပါ။

■ မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။

■ မိမိအိမ်၏ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားပါ။

■ ငလျင်လှုပ်ပါက ငါးစက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မပြေးထွက်နိုင်ပါက ခိုင်ခံ့သည့် စားပွဲ၊ ခုတင်အောက်တွင်လည်းကောင်း၊ အခန်း၏ထောင့်နေရာများတွင်လည်းကောင်း အကာအကွယ်ယူ၍နေပါ။

■ မြင့်မားသောအဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်များ၊ သစ်ပင်များ၊ ပြိုကျနိုင်သောအရာများနှင်‌့ ဝေးရာသို့ပြေးပါ။ ကွင်းပြင်များတွင် ခေတ္တခိုလှုံပါ။

■ မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ။ မီးခလုတ်များ ပိတ်ပါ။

■ ဆိုင်ကယ်၊ ကားစသည်တို့ မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။

■ ငလျင်လှုပ်နေချိန်တွင် အဆောက်အအုံထဲသို့ ပြေးမဝင်ပါနှင့်၊ ဓာတ်လှေကားများ အသုံးမပြုပါနှင့်၊ အထပ်မြင့်တိုက်များမှ ခုန်ချခြင်းမပြုပါနှင့်။

■ ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ၏ ခိုင်ခံ့မှုကို စစ်ဆေးခြင်းမပြုဘဲ မဝင်ပါနှင့်၊ မြစ်ကမ်းပါး၊ တောင်စောင်းများသို့ မသွားပါနှင့်၊ မြေပြိုနိုင်ပါသည်။ ဆည်၊ ရေလှောင်ကန်များအနီးတွင် မနေပါနှင့်။ ဆည်ကျိုးပေါက်ပြီး ရေကြီးနိုင်သည်။ တာဝါတိုင်များ၊ မျှော်စင်များ၊ အထပ်မြင့် အဆောက်အအုံများ ပြိုကျနိုင်သဖြင့် အနီးသို့မသွားပါနှင့်။

■ အသိပညာပေး ဆွေးနွေးဟောပြောပွဲများသို့ တက်ရောက်ပါ။ သတင်းထုတ်ပြန်ချက်များ၊ ပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် နားထောင်ပါ။ ကြည့်ရှုပါ။ မျှဝေပါ။

၅။ ပြည်သူလူထုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြု နေထိုင်ရန်နှင့် တာဝန်ရှိအဖွဲ့အစည်းများ၊ ပညာရှင်များ၏ အသိပညာပေး ဆောင်ရွက်မှုများအပေါ် လေ့လာမှတ်သား၍ အကြံပြုချက်များကိုလည်း လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ကိုးကား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန