စီးဆင်းသွားသော နှစ် ၃၀

စီးဆင်းသွားသော နှစ် ၃၀
Published 18 January 2018

ဧရာဝတီမြစ်ကြောင်း ဟင်္သာတဆိပ်ကမ်းဝင်ပေါက် ရေစူးတိမ်လာသည်ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်။(ဓာတ်ပုံ - မျိုးသူရကိုကို)

ကာလအတော်ကြာ ဝေးကွာခဲ့ရသော်လည်း ကျွန်တော်သည် ဤမြို့သားဟု ပြောနိုင်ပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်အိမ်ထောင်စုစာရင်းသည် ဤမြို့လေး၏ လူဝင်မှုကြီးကြပ်ရေးမှူးရုံးထဲမှ အမှုတွဲဖိုင်အထပ်ကြီး တစ်နေရာ၌ ရှိနေသေး သောကြောင့်ဖြစ်ပါသည်။

သို့သော်လည်း ကတ္တရာလမ်းမနှင့် ကျွန်တော်သည် စိမ်းနေသလိုခံစားရသည်။လမ်းနံဘေးဝဲယာမှ သက်ရှိသက်မဲ့ဟူသမျှတို့သည် ကျွန်တော့်ကို မမှတ်မိကြသလို၊ အသိအမှတ်မပြုကြသလို ရင်ထဲ၌ ခံစားနေရသည်။စိတ်မှာ သိပ်ပြီးလန်းဆန်းမှုမရှိ။ မနေ့ညက  ရထားပေါ်မှာ တစ်ညလုံး အိပ်ခဲ့ရသော်လည်း  အိပ်ရေးမဝသလို ငြီးစီစီခံစားနေရသည်။အလုပ်တွေပစ်ထားခဲ့ပြီး မမျှော်လင့်ဘဲ လာခဲ့ရသော ခရီးအတွက် အစတွင်အတွေးများဖြင့် ကြည်နူးနေခဲ့သေးသည်။ အခုတော့ ထပ်ပိုးလွှာအထပ်ထပ် အုပ်ထားခြင်း ခံခဲ့ရသော ကတ္တရာလမ်းမလေးကပင် သူစိမ်းတစ်ရံဆံ ပမာပြုမူနေရက်ပြီဟု ထင်နေမိသည်။

ရုံးရှေ့ရောက်တော့ တံခါးများပင် မဖွင့်ကြသေး။ လွယ်အိတ်လေးထဲ စမ်းကြည့်ပြီး  ဒိုင်ယာရီစာအုပ်လေးကို ထုတ်ကြည့်မိသည်။စာအုပ်လေးထဲမှာ ညှပ်ထားသော မှတ်ပုံတင်ကတ်ပြားလေးနှစ်ခုကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားဖို့တွေးမိလိုက်ပြီး မူလအတိုင်းပင်  ပြန်ထားလိုက်မိသည်။ ရုံးအဖွင့်စောင့်ရင်းထိုင်ရန်အတွက် လက်ဖက်ရည်ဆိုင်လေးများ ရှိနေသေးသလား ရှာကြည့်မိသေးသည်။တစ်ချိန်က လက်ဖက်ရည်ဆိုင်လေးနေရာတွင် အစိမ်းရောင်ဆိုင်းဘုတ်ကြီးနှင့် ဘီယာဆိုင်ကြီးကိုသာ တွေ့ရသည်။

လမ်းတစ်ဖက်သို့ကူးကာ အုတ်ခုံဟောင်းလေးမှာထိုင်ရင်း မြစ်ဖက်သို့ ငေးကြည့်မိသည်။ မြစ်ထဲတွင် ဝါကျင့်ကျင့်မြစ်ရေများ  တအိအိဖြင့် စီးဆင်းနေသည်။ ယခုအုတ်ခုံလေးတွင ်လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် လောက်က အဖေနှင့် ကျွန်တော် ထိုင်ခဲ့ကြဖူး ပါသည်။ ထိုစဉ် မြစ်ရေများ၏အရောင်နှင့် စီးဆင်းနေပုံကို ကြည့်ဖြစ်ခဲ့ဖူးသလားဟု ပြန်တွေးနေမိသည်။ မြစ်ကမ်းနားတွင် ဖွဲ့သီထားသော သစ်ဖောင်ကြီးများကိုတော့ ကျွန်တော် ကြည့်ခဲ့ဖူးမှာ သေချာပါသည်။ ထိုစဉ်အခါက သစ်ဖောင်ကြီးများမှာ ရေချိုးချိန်အခိုက် အတန့် ပျော်ရွှင်ဖွယ်ဆော့ကစားရန် နေရာတစ်ခု ဖြစ်ခဲ့ဖူးပါသည်။ သစ်လုံး တစ်လုံးပြီး တစ်လုံးကို နင်းပြေးလာရင်း ရေထဲသို့ ကျွမ်းပစ်ချရခြင်းသည် အလွန်ပျော်ရွှင်ဖွယ်ရာ ကိစ္စတစ်ခု။ ပျော်ရွှင်စွာဆော့ကစားကြရုံမှလွဲ၍ ထိုသစ်လုံးကြီးများ၏ လာရာနှင့်လားရာ ကိစ္စသည် ကျွန်တော့်တို့ အတွေးအိမ်ထဲ ဝင်ရောက်ခဲ့ခြင်း မရှိတာတော့ သေချာပါ သည်။ မြစ်ရေသည်လည်း ချိုးရုံမျှမက သောက်သုံး၍ပင် ရသဖြင့်  ယခုလို ဝါကျင့် ကျင့်အရောင်မျိုး မဟုတ်တာတော့ သေချာပါသည်။

ထိုစဉ်က စာမေးပွဲတစ်ခုကို မြို့နယ် ကိုယ်စားပြုဖြေဆိုရန်အတွက် ကျွန်တော့်ကို ရွေးချယ်ခဲ့ကြသည်။ စာမေးပွဲဖြေဆိုရန်အတွက် အသက် ၁၀ နှစ်ပြည့်မှတ်ပုံတင်ပြုလုပ်ရန်လိုအပ်လာသည်။ ထိုမှတ်ပုံတင် ကိစ္စအတွက် သားအဖနှစ်ယောက် လာခဲ့ကြရခြင်း ဖြစ်သည်။ လက်မှတ်ထိုးပေးမည့် အရာရှိ မလာသေး၍ အုတ်ခုံလေး၌ ထိုင်စောင့်ဖြစ်ခဲ့ကြသည်။ ထိုစဉ်က အဖေသည်လည်း မြစ်ဖက်သို့ငေးနေခဲ့သည်။ အဖေ့စိတ်ထဲ မည်သည့် အကြောင်းအရာများကို တွေးနေခဲ့သနည်းဟု ယခုမှ သိချင်နေမိပြန်သည်။ ကျွန် တော်ကတော့ မြစ်ကမ်းနားမှသစ်လုံးဖောင်ကြီးများကို ကြည့်ရင်း ကျောင်းပိတ်ရက်အတွက် ကြိုတွေး၊ ကြိုပျော်နေခဲ့သည်။ သစ်လုံး ဖောင်ကြီးများ ဆိုက်ကပ်ထားရာ အောက်ဖက်ကျကျတွင် ကမ္ဘာစစ်အတွင်း ဖောက်ခွဲနှစ်မြုပ်ထားခဲ့သော သင်္ဘောများကို ပြန်လည်တူးဖော်နေကြသည်။ ထိုနေရာကို ကျွန်တော်တို့က သင်္ဘောကျင်းဟု လွယ်လွယ်ခေါ်ခဲ့ကြသည်။

အင်္ဂလိပ်များ ဖောက်ခွဲနှစ်မြုပ်လိုက်သော သင်္ဘောများမှာ စုစုပေါင်းစင်းရေ ၂၀၀  ခန့်ရှိသည်ဟု ကြားသိခဲ့ရဖူးသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဖဆပလအစိုးရ တက်လာပြီး ကန်ထရိုက်စနစ်ဖြင့် ပြန်ဖော်ခွင့်ပေးခဲ့သည်။ မည်သည့် သင်္ဘောကို သမိုင်း ဝင်အဖြစ် ပြန်လည် မွမ်းမံသည်ဆိုခြင်းကို  ကျွန်တော်မသိခဲ့ပါ။ သံပြားကြီးများ၊ သံတို သံစများအဖြစ် ကုန်းပေါ်ရောက်လာသည်ကိုတော့ သေချာမှတ်မိနေခဲ့သည်။

ယခုအချိန်တွင် မြစ်ကမ်းပါး၌ ရေထိန်းနံရံများ ပြုလုပ်ထားကြသည်။ ငယ်စဉ်အခါက ရေချိုးမဆင်းကြမီ ဘောလုံးကန်ကြသော ကမ်းပါးနေရာလေး ပြိုကျသွားခဲ့ပြီ။ သံစောင်းထက် ရေစောင်းက ထက်လှသည်။မြစ်ညှာတွင် ရှိသော ဥပဒေကိုမမှုသည့် ရွှေဖောင်လုပ် ငန်းများက ယခုအချိန်အထိ ရှိနေဆဲဟု ကြားသိရသည်။ ဧရာဝတီမြစ်ကြီးကို ရာဇဝင်များရဲ့သတို့သမီးဟု သီချင်းဖွဲ့သီခဲ့ကြသည်။ ယခုအချိန်တွင်တော့ သတို့သမီးသည် သူ၏ ရင့်ကျက်မှုကို ထိပါးခံနေရဆဲ။ထို့ကြောင့်ထင်၏ တည်ငြိမ်မှုသည် ပျောက်ဆုံးသွားခဲ့ရသည်။ပျင်းရိစွာစီးဆင်းခြင်းနှင့် ကြမ်းတမ်းစွာစီးဆင်းခြင်းနှစ်မျိုးကိုသာ ကျင့်သုံးနေလေသည်။

မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားသော မော်တော်တစ်စင်းကို မြင်ရသည်။ထိုမော်တော်လေးဖြင့် လိုက်သွားပါက ထီးချိုင့်မြို့လေးသို့ ရောက်နိုင်သည်။ထီးချိုင့်မြို့တွင် ကျောက်မှော်အရပ်ရှိသည်။ လွတ်လပ်ရေးမရမီကာလများ၌ ထိုအရပ်တွင် ယုံကြည်ချက် သွေးရဲရဲနီသောသူတချို့ နေထိုင်ခဲ့ကြဖူးသည်။ ထိုအရပ်တွင်ရှိသော ကမ်းပါးကြီးပေါ်မှ တစ်ဖက်ကမ်းကို မျှော်ကြည့်လျှင် မြတောင်ရွာလေးကို မြင်နိုင်သည်။ထိုမြတောင်ရွာလေးတွင် တရံရောအခါက ပြည်သူချစ်သော စာရေးဆရာကြီးရွှေဥဒေါင်းနှင့် သူ့ဇနီးဖြစ်သူ ဒေါ်ကြီးစိုးတို့ နေထိုင်ခဲ့ကြဖူးသည်။မြန်မာလူစွမ်းကောင်း ဇော်ဟိတ်သည် ထိုရွာလေး၌ ဆရာကြီး၏ကလောင်ဖျားတွင် မွေးဖွားခဲ့ဖူးသည်။ ယခုတော့ ထိုအဖြစ်အပျက်များသည်လည်း  ကျွန်တော့်ရှေ့မှကမ်းပါးပမာ ပဲ့ပဲ့ကျ၍  တချို့တစ်ဝက်သာ ကျန်နေရစ်တော့သည်။

ရုံးရှေ့သို့ သမင်လည် ပြန်ကြည့်မိ၏။တံခါးဖွင့်ထားပြီး ရုံးသူရုံးသားများ ရောက်နေကြပေပြီ။ လွယ်အိတ်လေးထဲမှ ဒိုင်ယာရီ စာအုပ်လေးကိုထုတ်ယူလိုက်သည်။ စာအုပ်ကြားတွင် ညှပ်ထားသော မှတ်ပုံတင်လေးနှစ်ခုကို ထုတ်ယူလိုက်သည်။ အရွယ်အစားနှစ် မျိုးနှင့် နံပါတ်တစ်မျိုးတည်းသာ ဖြစ်သော ကတ်လေးနှစ်ခုကို ကြည့်နေမိရင်း အတွေးများ အရောင်တောက်လာပြန်သည်။မှတ်ပုံတင်ဆိုက်ကြီးက ပို၍ သစ်လွင်နေသေးသည်။အသေးကတော့ ရံဖန်ရံခါခရီးသွားလာရင်း သုံးခဲ့သဖြင့် ကော်ရည်လောင်းထားသည်များ ခပ်မှိန်မှိန်ဖြစ်နေပါပြီ။

အလုပ်ကိစ္စအတွက်မို့သာ မဖြစ်မနေ လဲလှယ်ရသော်လည်း ၁၀ နှစ်သား မှတ်ပုံတင်လေးကို နှမြောနေမိသည်။

ထို ၁၀ နှစ်သားမှတ်ပုံတင်လေးဖြင့် ရန်ကုန်မြို့ကြီးတွင် ကျွန်တော်ကျင်လည်ခဲ့ဖူးသည်။ ဧည့်စာရင်းတိုင်ရန်အလို့ငှာ ရာအိမ်မှူးအိမ် အခေါက်ခေါက်ရောက်ဖူးသည်။စာရိတ္တကောင်းမွန်ကြောင်းကို စာရိတ္တ ကောင်းမွန်သလား၊ မကောင်းမွန်ဘူးလားဟု  ကျွန်တော် ရေရေရာရာ မသိသူများကို ထောက်ခံခိုင်းခဲ့ရဖူးသည်။ ထိုကတ်လေးထဲမှ ကျွန်တော်သည် ဇာတိမြို့လေးအနီးရှိ နေရောင်ခြည်ပင် အတော်အတန်မခနိုင်သော ရွှေဥဒေါင်းသစ်တောကြိုးဝိုင်း၊ ယင်းခဲသစ်တော ကြိုးဝိုင်းကြီးများအတွင်း လေးခွတစ်လက်ဖြင့်  ငှက်ပစ်ထွက်တတ်စအရွယ်။ ဓာတ်ပုံလေးကို ကြည့်နေရင်း သူ့ကို ကျွန်တော် နှမြောစိတ် ဝင်မိပါသည်။

ယခု သူမရှိတော့ပါ။ အသက် ၄၀ ကျော် အရွယ်ဖြစ်သည့် လူတစ်ဦး။ ဘဝအသိမှ ထုနှက်သင်ကြားပေးခဲ့သဖြင့် လိုအပ်လျှင်ရက်စက်တတ်သည့် သွေးအေးသောလူတစ်ဦး၏  ခပ်ရိရိအပြုံးကို စိတ်မချမ်းမြေ့ဖွယ် မြင်နေရသည်။ သစ်တောကြိုးဝိုင်းကြီးများထဲသို့ လည်း အိုဇုန်းလွှာအပေါက်မှ ပူပြင်းသော နေရောင်များ ကျရောက်နေကြပါပြီ။ မြို့လေး၏ သမိုင်းတန်ဖိုးတစ်ခုဖြစ်သော ရေအောက် ရတနာများသည်လည်း သံကူကွန်ကရစ် အဆောက်အအုံများကြား မြုပ်ကျသွားပါပြီ။

မှတ်ပုံတင်ကတ် လဲလှယ်ခြင်းသည် ခဏအတွင်း ပြီးစီးသွားသည်။ ကျွန်တော့် ဘဝတွင် ၁၈ နှစ်သားမှတ်ပုံတင်ဟူ၍ မရှိခဲ့တော့။ မှတ်ပုံတင်ကတ်ပြားတွင် နိုင်ငံသား အမှတ် ပါရှိလေရာ အသက် ၁၈ မှ ယခု ၄၀ ကျော်အရွယ် ကြားကာလကို ကျွန်တော် ကျော်ချမိခဲ့သလို ခံစားလိုက်ရသေးသည်။

တည်းခိုရာအိမ်လေးသို့ အပြန်တွင် အသစ်ဆောက်ထားသည့်ဈေးကြီးကို တွေ့ခဲ့ရသည်။  ကျင်လည်ခဲ့ဖူးသည့် ဈေးဟောင်း လေးမီးထဲပါသွားသည်ဟု သိရ၏။ ဟိုးအရင် တစ်ချိန်က အမေ့ကုန်ခြောက်ဆိုင်နေရာလေးကို ယခုနေခါ ရှာဖွေရန် မလွယ်ကူတော့ပါ။ဈေးဟောင်းနှင့်မနီးမဝေးမှ ပျဉ်ထောင်အိမ်ကြီးလည်း မရှိတော့ပါ။ ထိုပျဉ်ထောင်အိမ်ကြီးတွင် နေထိုင်ခဲ့ဖူးသော ဝမ်းအိုဝမ်းမှ လေထီးတပ်သားတစ်ယောက်နှင့် ကျောင်းဆရာမလေးတစ်ယောက်အကြောင်းကို တစ်ခုတ် တရပြောကြသူများ ရှိပါသေးရဲ့လားဟု တွေးမိပါသည်။

စာရေးဆရာကြီး လူထုဦးလှနောက်သို့ အမေလူထုဒေါ်အမာ အရေးတကြီးလိုက်သွားရာခရီးတစ်ခု၌ အမေရိကန်စစ်ဖက် လေယာဉ်ပေါ်တွင် စောင့်ရှောက်ခဲ့ဖူးသည့် လေထီးစစ်သားလေးမှာ ထိုပျဉ်ထောင်အိမ်ကြီး၌ မျိုးဆက်များ ချန်ထားရစ်ခဲ့သည်။ ထိုမျှမက သေး ကျောင်းသားခေါင်းဆောင် တစ်ဦးလည်းဖြစ်ခဲ့သဖြင့် မြို့လေးတွင် ရဲရဲနီမျိုး ဆက်ကျောင်းသားများကိုလည်း ချန်ထားခဲ့ပြန်သေးသည်။

မြို့လေးမှ ကားကြုံစီး၍ ကျွန်တော် ခဲ့သည်။ မြို့လေး၏ သချုႋင်းဘေးမှ ကားအဖြတ်တွင် အဖေလှဲလျောင်းနေသော အုတ်ဂူလေးရှိရာသို့ မှန်းဆ၍ ဦးချမိပါသည်။ထို့နောက် အတွေးတစ်ခု ဝင်လာခဲ့ပါသည်။ ၁၀ နှစ်သား မှတ်ပုံတင်လေးကို သွားရောက်ပြု လုပ်ကြစဉ်က အဖေလည်း မြစ်ကိုငေးရင်း တွေးနေခဲ့သည်။ ကျွန်တော်ကလည်း ကျောင်းပိတ်ရက်များကို ဆော့ကစား၊ ပျော်ပါးရန် တွေးနေခဲ့သည်။ အဖေ့အတွေးမှာ ကျွန်တော့် အနာဂတ်အတွက်များဖြစ်လေမည်လားဟု  စဉ်းစားမိပါသည်။ စဉ်းစားမှုသည် ရာနှုန်း ပြည့် မှန်ကန်နေလောက်ပါသည်။

ကျွန်တော်၏ သမီးလေးကို လုပ်ငန်းခွင်တစ်ခုသို့ သွားရောက်အပ်နှံပေးရဦးမည်။ သို့ဖြစ်၍ ဇာတိမြို့လေးမှာ ညဉ့်အိပ်ညဉ့်နေ မနေနိုင်ခဲ့တော့ပါ။ နောက်တစ်နေ့ နံနက် ၁၀ နာရီတိတိတွင် ကျွန်တော်၏ သမီးလေး စတင်တာဝန်ထမ်းဆောင်ရမည်။ မြန်မာနိုင်ငံ ပညာရေးစနစ်အရ ကျောင်းတက်ပြီး တက္က သိုလ်မှဘွဲ့တစ်ခုရခဲ့သည့်တိုင် သူ့အတွက် ပညာရည်မပြည့်စုံနိုင်သေးဟု ကျွန်တော် ယူဆထားပါသည်။ သူ့ဘဝတစ်လျှောက်လုံး တွင် ဆက်လက်သင်ကြားရမည့် သင်ခန်းစာပေါင်း မြောက်မြားစွာ ကျန်နေလိမ့်ဦးမည်။စာအသိများနှင့်ဘဝအသိများကို ယှက်လိမ်တွေးဆမှသာ မှန်ကန်သောဆုံးဖြတ်ချက်များ ရရှိမည်ဖြစ်ကြောင်းကို မှာကြားရဦးမည်။ တရိပ်ရိပ်ပြေးနေသော ကားပြတင်းမှ လှမ်းအကြည့်တွင် လယ်ကွင်းပြင်စိမ်းစိမ်းများကို မြစ်ပြင်သဖွယ် ထင်မှတ်မိသေးသည်။ သမီးလေးကို ပြသရန်အတွက် ဓာတ်ပုံလေးတစ်ပုံ နှစ်ပုံ ရိုက်ခဲ့ဖို့ မေ့လျော့သွားခဲ့သည်။ ရိုက်ခဲ့ ဖြစ်လျှင်လည်း အရင်လိုရှုခင်းများ ပါနိုင်တော့မည်မဟုတ်ချေ။

သမိုင်းသည် မေ့လျော့ပေါ့ဆတတ်သူ  အများစုကြောင့် ပါးလျရာမှ ပျက်သုဉ်းသွားတတ်ပါသလား။