ပြည်သူလူထုကိုယ်စားပြုမှု၊ လွှတ်တော်များနှင့် ဒီမိုကရေစီရှေ့ခရီး

ပြည်သူလူထုကိုယ်စားပြုမှု၊ လွှတ်တော်များနှင့် ဒီမိုကရေစီရှေ့ခရီး
Published 17 January 2018

ဇန်နဝါရီ ၁၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကို မျက်နှာမူလျက်  စွမ်းဆောင်ရည် မြင့်မားလာမည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီရှေ့ခရီးသည် အားကောင်း မောင်းသန်လာမည်ဖြစ်သည်။ ပြည်သူက တိုက်ရိုက်ရွေးချယ်သူ အများစုပါဝင်နေသည့် လွှတ်တော်များသည် ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒ၊ ကိုယ်စားပြုမှုစစ်စစ်ကို လေးပုံသုံးပုံ လွှမ်းခြုံထားသည်။ လွှတ်တော်များနှင့် အစိုးရများ အကြား အပြန်အလှန်ထိန်းကျောင်းနိုင်ပြီး ကောင်းမွန်သော အစိုးရများ၊ ကောင်းမွန်သော လွှတ်တော်များအဖြစ် ဗျူဟာမြောက် စနစ်တကျတည်ဆောက်နိုင်ရေး ရှေးရှုကြရမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အ ခြေခံသည့် ပြည်ထောင်စု သို့မဟုတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟုဆိုလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ လွှတ်တော်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်နှင့် တန်းတူရည်တူရှိခွင့် တို့ကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ တင်းပြည့်ကျပ်ပြည့်ရရှိနိုင်မှသာ အနှစ်သာရ ပြည့်ဝမည်ဖြစ်သည်။ ဒီမိုကရေစီပြုရေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ လွှတ်တော်များသည် ဗျူဟာမြောက် အရေးပါပြီး နိုင်ငံသားများ သို့မဟုတ် ပြည်သူလူထုနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ လွှတ်တော်များသည် ဒီမိုကရေစီ ဖက်ဒရယ်ခရီးရှည်ကြီးတွင် စွမ်းဆောင်ရည်မြင့်မြင့်မားမားဖြင့် အကြောက်တရားကင်းကင်း ပြုပြင် ပြောင်းလဲ၊ ရှေ့ခရီးဆက်ရန် လိုအပ်နေဆဲဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထက် ပိုမိုသော့ချက်ကျ အရေးပါသည်ဟု သုံးသပ်၊ ကောက်ချက်ပြုနိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့် ချိန်ထိုးဆန်းစစ်မည်ဆိုလျှင် လွှတ်တော်များသည် အစိုးရများကို စနစ်တကျ ဗျူဟာမြောက် ထိန်းကျောင်း၊ ညှိနှိုင်းဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီရှေ့ခရီးတွင် အဖုအထစ်နည်းပါးမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လွှတ်တော်သည် အစိုးရနှင့် တန်းတူရည်တူ အပြန်အလှန်ထိန်းကျောင်းနိုင်လေလေ၊ ဒီမိုကရေစီ အပြောင်းအလဲသည် အခြေခိုင်လေလေပင် ဖြစ်သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အစပ်အဟပ်မတည့်သော ခြေလှမ်းများ လှမ်းပြီး ဒီမိုကရေစီ ပြောင်းပြန်လုပ်လာပြီဆိုလျှင် အချိန်အခါမရွေး နောက်ကြောင်းပြန်ရန်၊ အာဏာရှင်စနစ်ဆီ ပြန်ဦးတည်ရန် အလား အလာ များသွားနိုင်ဖွယ်ရှိသည်။ ကိုယ်စီးသည့်မြင်း အထီးလား အမလားဆိုသည်ကို ခွဲခြမ်းစိတ်ဖြာ၊ သိရှိနိုင်ရမည်ဖြစ်သည်။ ‘ငါ့ မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်’ ထုံးကိုလည်း မကိုင်စွဲမိရန် အရေးကြီးသည်။ ဒီမိုကရေစီသည်ကား အများဆန္ဒ၊ အများသဘောတူညီမှုတို့ကို လွတ်လပ်၍ တရားမျှတစွာ ရယူဆုံးဖြတ်၊ စီမံဆောင်ရွက်ခြင်းပင်ဖြစ် သည်။ ဒီမိုကရေစီပြောင်းလဲစ နိုင်ငံများတွင် အာဏာရှင်စနစ်၏ အငွေ့အသက်များ အမြစ်တွယ်နေလေ့ရှိတတ်သည်ကို မျက်ခြည်မပြတ်သင့်ပေ။ အသွင်ကူးပြောင်းစ နိုင်ငံ များနှင့် ခေါင်းဆောင်များသည် အာဏာရှင်ဆန်သည့်အတွေးအခေါ်၊ လမ်းစဉ်၊ လုပ်နည်း လုပ်ဟန်များကို ပြတ်ပြတ်သားသား ကျောခိုင်းထားနိုင်ရမည်ဖြစ်သည်။

ဒီမိုကရေစီ စပ်ကူးမပ်ကူး လူမှုအဖွဲ့အစည်းတွင် ဒီမိုကရေစီဇောက်ထိုး၊ ဒီမိုကရေစီပြောင်းပြန်တို့ ခေါင်းထောင်ထလေ့ရှိသည်။ အစိုးရများနှင့် လွှတ်တော်များတွင် ဗဟိုချုပ်ကိုင်မှုနှင့် ကြိုးနီစနစ်တို့သည် ထိုးထောင်ထွက်လာပြီဆိုလျှင် ပါးစပ်က ဒီမိုကရေစီ၊ ဒီမိုကရေစီ။ လက်က အာဏာရှင်၊ အာ ဏာရှင်ဖြစ်သွားတတ်သည်ကို သုံးသပ် ဆင်ခြင်သင့်သည်။ ဒီမိုကရေစီကို ယုံကြည်သော ဒီမိုကရေစီဝါဒီများ၏ အခန်းကဏ္ဍသည် အားကောင်းလာမှသာ ဒီမိုကရေစီအပြောင်းအလဲသည်လည်း အားကောင်းမည်ဖြစ်သည်။ ဒီမိုကရေစီ မိတ်ကပ်လူးထားသည့် အာဏာရှင် စရိုက်လက္ခဏာများ လွန်ကဲနေမည်ဆိုလျှင် နိုင်ငံရေး အဆိုးသံသရာထဲက ရုန်းထွက်ရန် ခက်ခဲဦးမည်ဖြစ်သည်။

ဗဟိုချုပ်ကိုင်မှု၊ ကြိုးနီစနစ်နှင့် ဗျူရိုကရေစီယန္တရားတို့သည် ဒီမိုကရေစီနိုင်ငံရေးကို နောက်ကြောင်းပြန်စေနိုင်သည့်အပြင် အစိုးရများ၊ လွှတ်တော်များကို ပြည်သူလူထုနှင့် ဝေး ရာသို့ သိမ်သိမ်မွေ့မွေ့၊ ပရိယာယ်ကြွယ်ကြွယ် တွန်းပို့နိုင်သည့် အစွမ်းအစရှိကြသည်။ ဗဟိုချုပ်ကိုင်မှု၊ ကြိုးနီစနစ်နှင့် ဗျူရိုကရေစီယန္တရားတို့ကို ပြည်သူကို မျက်နှာမူသည့်ကုထုံးဖြင့်သာ ကုစားရမည်ဖြစ်ပြီး အားကောင်းမောင်းသန် အပြန်အလှန်ထိန်းကျောင်းခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ ပေါင်းစပ်ထိန်းကျောင်းမှုကို အသိအမှတ်ပြု၊ နေရာပေးခြင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက် တွေ့ဆုံနားထောင်ခြင်း စသည့်ကုထုံးများနှင့် ပေါင်းစပ်အားဖြည့်ကာ ကုစားကြရမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ လွှတ်တော်များ အနေဖြင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူကိုမျက်နှာမူလျက် အပြောသက်သက်မဟုတ်၊ စကားလုံးသက်သက်မဟုတ်၊ ဖေ့စ်ဘွတ်ပေါ်တွင် ရေးရုံသက်သက်မဟုတ်၊ လက်တွေ့ကျကျ၊ ထိထိရောက်ရောက် အချင်းချင်း အပြန်အလှန်ထိန်း ကျောင်းဆောင်ရွက်လာနိုင်မည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ အုတ်မြစ်သည် ပို၍အခြေခိုင်လာမည်ဖြစ်ပြီး အစိုးရများနှင့် လွှတ်တော်များသည်လည်း စွမ်းဆောင် ရည်မြင့်မားလာနိုင်ဖွယ်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် လွှတ်တော်များသည် ဥပဒေပါပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ဆန်းစစ်၊ ဖော်ထုတ်ရမည်ဖြစ်သည်။

ဒေသဆိုင်ရာ လွှတ်တော်များဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်ကို  တာဝန်ခံရန် မလိုအပ်သည့်အလျောက်  သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ဒေသဆိုင်ရာလွှတ်တော်များသည် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲတွင် သီးခြားလွတ်လပ်စွာ ရပ်တည်ပြီး၊ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း နှင့် ထိန်းကျောင်းခြင်းတို့ကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပိုမိုဖြန့်ကြက် ဆောင်ရွက် လာနိုင်မည်ဆိုလျှင် ဒီမိုကရေစီစပ်ကူးမပ်ကူးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ဆန်းစစ်မည်ဆိုလျှင် ပြည်သူက တိုက်ရိုက် ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ် ငါးမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များကို လွှမ်းခြုံသည့် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ် လေးပုံသုံးပုံကို တင်းပြည့်ကျပ်ပြည့် ကိုယ်စားပြုလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှ လွဲ၍ သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရဝန်ကြီးများသည် ပြည်သူက ရွေးကောက်တင်မြှောက်သည့် လွှတ် တော်ကိုယ်စားလှယ်ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပေ။ သက်ဆိုင်ရာ လွှတ်တော်များအနေဖြင့် ပြည်သူက တိုက် ရိုက်မဲပေးရွေးချယ်ခဲ့သည့် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မျှ မပါဝင်လင့်ကစား ဖွဲ့စည်းနိုင်သည့် ပြည်ထောင်စုအစိုးရနှင့် ဝန်ကြီးချုပ်မှလွဲ၍ ရွေးကောက်တင်မြှောက်ခံရ သူမဟုတ်သော်ငြား ဝန်ကြီးခန့်အပ်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ထိထိရောက်ရောက် ထိန်းကျောင်းနိုင်ရန် အရေးကြီးမည်ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ကိုယ်စားလှယ်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်၏ အကြီးအမှူးဖြစ်သည်။ အကယ်စင်စစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရများကို ပိုမိုထိထိရောက်ရောက် ထိန်းကျောင်းနိုင်မည့် အခွင့်အလမ်း ရှိနေသည်။ သို့ဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် လွှတ်တော်များနှင့်အစိုးရများ အကြား ဟန်ချက်ညီညီ ပူးပေါင်းညှိနှိုင်း၊ ထိန်း ကျောင်းဆောင်ရွက်နိုင်ရေး မျက်မှောက်ပြုခြင်းမှသည် လွှတ်တော်များ၏အခန်းကဏ္ဍ အားကောင်းမောင်းသန်ရေးကို ဦးစားပေး ဆောင်ရွက်သင့်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာ့ဒီမိုကရေစီ စပ်ကူးမပ်ကူးကာလ၊ အသွင်ကူးပြောင်းရေးကာလနှင့် တည်ဆောက်ရေးကာလတို့ အားကောင်းမောင်းသန်ရန်ဆိုလျှင် လွှတ်တော်များသည် အစိုးရများကို တန်းတူရည်တူ အပြန်အလှန်ထိန်းကျောင်းနိုင်ရန် သော့ချက်ကျပြီး အစိုးရများသည်လည်း လွှတ်တော်များမှတစ်ဆင့် အများပြည်သူကို ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးဆောင်ရွက်နိုင်ရန် အရေးကြီးမည် ဖြစ်သည်။ ပြည်သူလူထုက တိုက်ရိုက်ရွေး ကောက်တင်မြှောက်သော ကိုယ်စားလှယ် လေးပုံသုံးပုံ ပါဝင်နေသည့် လွှတ်တော်များ၏အခန်းကဏ္ဍကို ကိုယ်စားပြုရေး၊ ဥပဒေပြုရေးနှင့် အစိုးရအား ထိန်းကျောင်းရေးတို့တွင် အားကောင်းမောင်းသန်ဖြစ်လာရန် ဥပဒေပါပြဋ္ဌာန်းချက်များကို အကိုးအကား ပြုလျက် ဗျူဟာမြောက် ပြင်ဆင်ဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။