မေတ္တာကို ရောက်အောင်ပို့ပေးကြပါ

မေတ္တာကို ရောက်အောင်ပို့ပေးကြပါ
Published 10 January 2018

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုသားဇော်)

နှုတ်ဖြင့်ပို့ခြင်း ပို့မေတ္တာ၊ စိတ်ဖြင့်ပို့ခြင်း ပွားမေတ္တာ၊ အခြားသူတို့၏ ကောင်းကျိုးကို လိုလားခြင်း၊ ဒုက္ခကို ဖယ်ရှားပေးလိုခြင်း ထားမေတ္တာ၊ ဤမေတ္တာသုံးမျိုးအနက် ပေါင်းသင်းဆက်ဆံရေးတွင် ထားမေတ္တာလိုအပ်၏။

အတူယှဉ်တွဲ နေထိုင်ကြသူ အချင်းချင်း တစ်ဦးချင်းစီ၏ ကောင်းကျိုးကိုလိုလားသော စိတ်ထားအပြင် မိမိကိုအကြောင်းပြု၍အခြား သူတို့ကို ဒုက္ခမဖြစ်စေလိုခြင်း၊ တစ်ဦးက တစ်ဦးကို ဘယ်နေရာ၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မထီမဲ့မြင် မပြုခြင်း၊ အထင်မသေးခြင်း၊ ကိုယ်နှုတ်တို့ဖြင့် မထိပါး၊ မပုတ်ခတ်၊ မစော်ကားခြင်းဟူသော မေတ္တာဖြင့် သူရော ကိုယ်ပါ နေထိုင်နိုင်ကြပါမှ လူအသိုင်းအဝိုင်းသည် နေချင်စဖွယ်ဖြစ်မည်။

လူသားတို့သည် မီး၊ ရေ၊ လေ တို့နှင့် အတူနေထိုင်ကြရသဖြင့် မီး၊ ရေ၊ လေတို့၏ ကောင်းကျိုး ဆိုးပြစ်ကို တစ်နည်းနည်းဖြင့် တွေ့ကြုံကြရမြဲ။ မီး၊ ရေ၊ လေတို့သည် သူတို့ချည်းသက်သက်ဆိုက ကြောက်စရာဖြစ်၍ ဘေး ဟု လည်းကောင်း၊ လူသားတို့၏ဆိုးကျိုးကို ဖြစ်စေလျှင် အန္တရာယ် ဟုလည်းကောင်း ဆို၏။ ထို့ကြောင့် “ဘေးအန္တရာယ်” ဟု တွဲလျက် ခေါ်ဆိုခြင်းဖြစ်၏။

ထို ဘေးအန္တရာယ်များမှ သူရောကိုယ်ပါ လွတ်ကင်းစေရန် ပို့မေတ္တာ၊ ပွားမေတ္တာ၊ ထားမေတ္တာတို့ လိုအပ်၏။ သဘာဝကပေးသော ဘေးတို့အပြင် လူအချင်းချင်းကပေးသော ဘေးတို့ကလည်း မနည်းလှ။

ရှေးမထေရ်ကြီးများက အမနုဿဘေးကို လူသားစိတ်မရှိသူ၊ လူသားမဆန်သူ၊ လူယုတ်မာတို့ကြောင့်ဖြစ်သော ဘေးဟု ဆိုကြ၏။ ရောဂါဘယဖြစ်စေသော အစားအသောက်များကြောင့်၊ လက်နက်ဗုံးဒဏ်တို့ကြောင့် သေကျေ ဒဏ်ရာ အနာတဖြစ်နေရခြင်းကို အမနုဿဘေး ဟု ဆိုနိုင်အံ့ထင်၏။

စာရေးသူငယ်စဉ်က ဇာတိရွာ ညောင်စာရေးတွင် ပန်းတင်က အဘွား ဒေါ်ဖွားမြစ်က စားတော်ပဲပြုတ်၍ လည်းကောင်း၊ လမ်းရှည်လမ်းက ဒေါ်သိန်းမြက အကြော်ကြော် ၍လည်းကောင်း၊ ဒေါ်သစ်ကြီးက ပဲဟင်း၊ ငရုတ်ဆီချက်ဖြင့် တစ်ပင်တိုင်မုန့်ဟင်းခါးကို လည်းကောင်း၊ ဒေါ်စာကြီးက ကြက်သား အရည်စမ်းထားသော ထမင်းသုပ်ကိုလည်း ကောင်း၊ ဆယ်ကြီးရွာ၊ ကျောက်အိုင်ရွာတို့မှ ထွက်သော အင်ဖက်ဖြင့်ထုပ်လျက် အသက်ထက်ဆုံး နေ့စဉ် နေ့စဉ် နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း ရောင်းပေးသွားကြ၏။

သရေစာ ရှားပါးသည့်ခေတ်မို့ မနက် မိုးလင်းသည်နှင့်သူတို့ကို မျှော်နေကြရ၏။ ငါးပြား၊ ၁၀ ပြား၊ တစ်မတ်ခေတ်ဖြစ်၍ မချမ်းသာကြ။ သို့ပေမဲ့ သူတို့ရောင်းကုန်ကို ဘာမှ မရောနှော။ ထိုခေတ်က ရွာသူရွာသားတို့ ရောဂါကင်းကြ၏။ ထားမေတ္တာကြောင့် ဖြစ်၏။

ယခုအခါ ရွာတွင် ခေတ်သစ်သရေစာ များ ပေါလာ၏။ ရောဂါကြီးများလည်း ထူပြောလာ၏။

အာဠာဝကသုတ္တန်တွင် ဘုရားမြတ်စွာက “မင်းသားလေးလည်း အာယုကပ်ကျော် တက်အောင် အသက်ရှည်ပါစေ။ သင်ဘီလူးလည်း ချမ်းသာပါစေ။ သင်တို့နှစ်ဦးသည် လောကသားတို့ကို ဒဏ်ရာအနာတရ ဖြစ်အောင် မညှဉ်းဆဲကြပါနဲ့။ လောကရဲ့ကောင်း ကျိုးဘက်မှာ ရပ်တည်နိုင်ကြပါစေ”ဟု ဆုံးမတော်မူ၏။

အာဠဝီပြည်သူပြည်သားတို့ကို နှစ်ရှည်လများ ဒုက္ခပေးခဲ့သော အာဠဝကဘီလူးသည် ဘုရားတရားတော်ကြောင့် ယဉ်ကျေး သွားသည့် အဆုံး၌ ဘုရားမြတ်စွာက ရက်စက်တတ်သည့် စရိုက်ဉာဉ်ရှိခဲ့ဖူးသူ ဘီလူးနှင့် အာဠဝီပြည်ကို တစ်ချိန်တွင် အုပ်ချုပ်မည့် မင်းသားတို့ကို ကိုယ့်ကြောင့် နိုင်ငံသားတို့ကို ဒဏ်ရာအနာတရ နောင်ထပ်မဖြစ်စေဖို့၊ ဘေးဒုက္ခ မခံစားရစေဖို့၊ ထားမေတ္တာ ရှိကြဖို့ကို သတိပေးတော်မူခြင်း ဖြစ်ပါသည်။

လူသားတိုင်းသည် ကိုယ့်ပယောဂဖြင့် ကိုယ်နှင့်ကိုယ့်ပတ်ဝန်းကျင်ရှိ လူသားတို့ကို ဒဏ်ရာဒဏ်ချက်တို့ မရစေသင့်၊ ရခဲ့သည် ဆိုလျှင်လည်း ထိုဒဏ်ရာဒဏ်ချက်တို့ကို ကိုယ်တိုင်ဖြေလျှော့ သက်သာစေကြရပါမည်။ သို့မှသာ လူသားတာဝန်ကျေပွန်ပြီး လူသားကျင့်ဝတ်နှင့် ညီညွတ်သူ၊ ထားမေတ္တာ ရှိသူ ဖြစ်၏။

ဗုဒ္ဓဒေသနာ ပါဠိပိဋကတ်ကို ဖွင့်ဆိုသော ကျမ်းတို့ကို အဋ္ဌကထာကျမ်းဟု ဆို၏။ ထိုကျမ်းများကို အရှင်မဟာ ဗုဒ္ဓဃောသမထေရ် ရေးသားတော်မူပြီး ကျမ်းစာတိုင်း၏ ကျမ်းပြီးနိဂုံးတွင် “ရှေးမင်းကောင်းမင်းမြတ်တို့သည် တိုင်းသားပြည်သူတို့ကို စောင့် ရှောက်ကြသကဲ့သို့ အလားတူ ယခု မင်းကလည်း တိုင်းသားပြည်သူတို့ကို မိမိ၏ရင်နှစ်သည်းချာ သားသမီးပမာ တရားနှင့်အညီ စောင့်ရှောက်နိုင်ပါစေ” ဟူသော ဆုတောင်းစာဖြင့် အမြဲအဆုံးသတ်လေ့ရှိ၏။

ဘယ်စနစ်ဖြင့်သွားသွား ရာဇာ ပဓာနံ-ဆိုသည့်အတိုင်း တိုင်းနိုင်ငံနှင့်ဆိုင်သော နောက်ဆုံးပိတ် အဆုံးအဖြတ်၊ စီမံခန့်ခွဲမှု သည် မင်းအစိုးရကသာ အခရာကျ၏။ ဣဿ ရာနုဝတ္တကောလောကော-တိုင်းသားပြည်သူတို့သည် အစိုးရသူ၏ ဆုံးဖြတ်သည့် အတိုင်း၊ စီမံသည့်အတိုင်း လိုက်ပါကြရ၏။အစိုးရမင်းတို့ စီမံခန့်ခွဲမှုကောင်းရန် အရေးပါလှ၏။

အစိုးရမင်းတို့သည် တိုင်းသားပြည်သူတို့ကို မိမိတို့၏ရင်နှစ်သည်းချာ သားသမီးပမာ ထားမေတ္တာဖြင့် စောင့်ရှောက်ကြလျှင် ထိုအစိုးရမင်း၏ အာဏာဖြန့်ကြက်ရာ နိုင်ငံ၌ နိုင်ငံသူနိုင်ငံသားတို့သည် မည်သို့မျှ ကိုယ် စိတ်ဆင်းရဲ ဖြစ်ကြရတော့မည် မဟုတ်။ နှလုံး စိတ်ဝမ်း ငြိမ်းချမ်းကြပေမည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံမှာ  ကုသိုလ်ကောင်းမှု အားထုတ်ပြီးပါက နိဗ္ဗာန်ကိုသာ ဆုတောင်းတတ်ကြမြဲ၊ မထေရ်မြတ်ကား မင်းကို ပဓာနထား၍ လူသားတို့ ကောင်း ကျိုးကို ဆုတောင်းပေးတော်မူခဲ့၏။မထေရ်၏ လူသားတို့အပေါ်ထားသော မေတ္တာ ဖြစ်၏။

ဘုန်းကံကြောင့် နိုင်ငံနှင့်လူမျိုးကို နယ်ပယ်အလိုက် ဦးဆောင်ခွင့်ရကြသူများသည် မထေရ်ဆုတောင်းနှင့်အညီ ရှေးမင်းကောင်းမင်းမြတ်တို့ထုံး နှလုံးမူလျက် မိမိနှင့်ယှက်နွှယ်သူ မှန်သမျှကို ထားမေတ္တာ ရှိကြရပါမည်။

မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံကျောက်စာတွင် ကျန်စစ်သားမင်းကြီး၏ ထားမေတ္တာကို ဤသို့ ကမ္ပည်းထိုးခဲ့၏ “များစွာသောသူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ၊ မိတကွဲ ဖတကွဲ ဖြစ်နေကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါ ငြှိမ်းပါအံ့။ထိုသူတို့၏ မျက်ရည်ကို ငါ သုတ်ပါအံ့။ ငါ၏ လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ဆန်စပါး ရိက္ခာပေးပါအံ့။ ငါ၏ လက်ဝဲလက်ဖြင့် လူအပေါင်းအား ဝတ်စားတန်ဆာ ပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သက် စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သား တို့ကို နှစ်သက်စေအံ့။ ဤသို့ ဓမ္မရာဇာမင်း သည် အကျိုးစီးပွားဖြင့် စောင့်ထိန်းလတ္တံ့” ဟူ၍ ဖြစ်၏။ လူသားတို့၏ ဒုက္ခ,သုက္ခနှင့် မျက်ရည်တို့ကို သုတ်ပေးလိုသူတို့သည် ထားမေတ္တာ မပျက်သူများဖြစ်ကြ၏။

ထားမေတ္တာကို ကာယကံမြောက် လူသားတို့ထံ ရောက်အောင်ပို့ပေးနိုင်ပါလျှင် များလူခပ်သိမ်းတို့ အပူငြိမ်းကြပေမည်။ ချစ်စရာ မျက်လုံး၊ အပြုံးမျက်နှာတို့ဖြင့် အချင်းချင်း ကြည့်ရှုနိုင်ကြပါမည်။ မေတ္တာနှလုံး သူရောကိုယ်ပါ ကိုယ်စီသုံးကြပါမှ “အေးချမ်းပါသည် မြန်မာပြည်” ဖြစ်နိုင်၏။

ကူဋဒန္တသုတ်တွင် များလူခပ်သိမ်းတို့ အပူငြိမ်းစေရန် ထားမေတ္တာကို ဤသို့ မှတ်သားရ၏။

“ငါ့အတွက် ပစ္စုပ္ပန်သံသရာ နှစ်ဖြာ အကျိုးရှိစေဖို့ အလှူကြီးပေးရင် ကောင်းမယ်၊ အကုန်အကျများပြီး ကြီးကျယ်တဲ့ လုပ်ငန်းကြီးဖြစ်လို့ ပညာရှိနဲ့တိုင်ပင်သင့်တယ်” ဟု မဟာဝိဇိတမင်းကြီး အကြံ ဖြစ်၏။

ပရောဟိတ်နှင့် တိုင်ပင်သော် ပရောဟိတ်က “တိုင်းနိုင်ငံဟာ ဆူး,အစူးခံထားရလို့ နှိပ်စက်ခံနေရရင်  နိုင်ငံသူနိုင်ငံသားတို့ကို သတ်နေသလိုမျိုးဖြစ်ပါတယ်။ ဒါကြောင့် မင်းတရား တိုင်းနိုင်ငံကို စူးနေတဲ့ဆူးကို အရင်နှုတ်ပြီးမှ အလှူကြီးပေးသင့်ပါတယ်”

“တိုင်းနိုင်ငံကို စူးနေတဲ့ ဆူးဆိုတာ အဘယ်အရာတို့ပါလဲ”

“သူခိုးများ၊ ဆန့်ကျင်ဘက်လက်နက်ကိုင်များ၊ အကျင့်ပျက်ဝန်ထမ်းများဟာ တိုင်း နိုင်ငံကို စူးနေတဲ့ ဆူးများ ဖြစ်ပါတယ်။ ၎င်းတို့ကြောင့် တိုင်းသားပြည်သူတို့ အထိနာ ဆင်းရဲနေကြရပါတယ်။ ဒါကြောင့် ထိုဆူးများကို အရင်နှုတ်ရပါမယ်။ ဆူးတို့ကို မနှုတ်ဘဲ အလှူငွေကောက်ခံပြီး လှူတယ်ဆိုရင် မပြုသင့်တာကို ပြုခြင်းမည်ပါတယ်”

“ထိုဆူးတို့ကို သတ်ပစ်ခြင်း၊ ထောင်ချခြင်း၊ ဒဏ်တပ်ခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း၊ နိုင်ငံ့ အပြင်ထွက်ခွာစေခြင်း နည်းလမ်းတွေနဲ့ နုတ် ပစ်မယ်ဆိုရင်လည်း နည်းမမှန် လမ်းမမှန်ပါ၊ ကြွင်းကျန်ဆူးများက အားပြန်ကောင်းလာရင် တိုင်းနိုင်ငံကို ထပ်စူးဦးမည်သာ ဖြစ်ပါတယ်”

“နည်းလမ်းမှန်နဲ့ ဆူးများကို ဘယ်လို နှုတ်ရမှာပါလဲ”

“တောင်သူလယ်သမားတို့ကို မျိုး ကောင်းမျိုးစေ့များ ပေးရပါမယ်။ ကုန်သည် ပွဲစား လုပ်ငန်းရှင်များကို အရင်းနှီးများ ထုတ်ပေးရပါမယ်။ မင်းမှုထမ်းတို့ကို လစာရိက္ခာများ တိုးပေးရပါမယ်။ ဆန့်ကျင်ဘက် လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရပါမယ်။ ထိုအခါ နိုင်ငံသူနိုင်ငံသားတို့သည် ကိုယ့်အလုပ်ကို စိတ်အေးလက်အေး လုပ်ဆောင်နိုင်ကြပြီး မင်းတရားရဲ့ နိုင်ငံကို ဒုက္ခ ပေးကြမှာမဟုတ်။ နိုင်ငံသားတို့ စီးပွားဖြစ် ထွန်းလာရင် နိုင်ငံလည်း ချမ်းသာ ကြွယ်ဝလာမယ်။ အချင်းချင်း မနှိပ်စက်ကြတော့ဘဲ ရွှင်ကြည်နှလုံး အပြုံးမျက်နှာ ဝမ်းသာစွာနဲ့ သားသမီးငယ်များကို ရင်ခွင်မှာထားပြီး ကခုန်၍ပင် နေကြပါလိမ့်မယ်။ အိမ်တိုင်းလည်း တံခါးတွေဖွင့်လို့ စိတ်ချလက်ချနဲ့ ငြိမ်းချမ်းခြင်းရသကို ပီပီပြင်ပြင် ခံစားနေကြ ရပါမယ်”

မဟာဝိဇိတမင်းလည်း ပရောဟိတ် နည်းလမ်းပေးသည့်အတိုင်း ဆောင်ရွက်နိုင်သဖြင့် နိုင်ငံသည် အေးချမ်းခြင်း၊ ခေတ်မီဖွံ့ ဖြိုးခြင်း၊ နိုင်ငံသားတို့ အသိဉာဏ် မြင့်မား လာခြင်းတို့ကြောင့် မင်းတရား၏အလှူကို အားတက်သရော အလှူပါဝင်ကြပါတော့သတဲ့။

ထားသောမေတ္တာကို သက်ဆိုင်သူများက တိုင်းသားပြည်သူတွေထံ ရောက်အောင် ပို့ပေးနိုင်ကြပါမှ တိုင်းသားပြည်သူတို့ အပြည့်အ၀ ကြည်နူး ကျေနပ်ကြမှာ ဖြစ်၏။

ထားမေတ္တာမရှိလျှင် မရိုးသားခြင်း မာယာ၊ စဉ်းလဲခြင်း သာဌေယျတို့ ဖြစ်တတ်၍ ပရကို ဗဟိုမပြု။ ပရကိုဗဟိုမပြုသော အုပ်ချုပ်ကြသူ အစိုးရမင်းတို့သည် တိုင်းသားပြည်သူတို့ပေါ် ထားမေတ္တာ အမှန်မရှိက ဖြောင့်မှန်ခြင်း၊ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ခြင်း မရှိတတ်ကြ။

ယခုလို စနစ်ပြောင်းမှာ နိုင်ငံနှင့်လူမျိုး နှလုံးစိတ်ဝမ်းငြိမ်းချမ်းဖို့ဆိုလျှင် နယ်ပယ်အလိုက် ဦးဆောင်ကြသူ အားလုံးတို့သည် မိမိတို့၏ထားမေတ္တာကို နိုင်ငံနှင့် လူမျိုးထံသို့ အမှန်ရောက်အောင် ပို့ပေးကြရမှာ ဖြစ်ပါကြောင်း။