ဂုဏ်သိက္ခာ စတင်မြှင့်တင်မယ်ဆိုတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ တပ်မတော်စွန့်လွှတ်မြေပေါ်က စီမံကိန်းအရှုပ်တော်ပုံနဲ့ ဆန်လောက လိမ်လည်မှု

ဂုဏ်သိက္ခာ စတင်မြှင့်တင်မယ်ဆိုတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ တပ်မတော်စွန့်လွှတ်မြေပေါ်က စီမံကိန်းအရှုပ်တော်ပုံနဲ့ ဆန်လောက လိမ်လည်မှု
Published 7 January 2018

မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော်ပေါ်တွင် တိုင်များစိုက်ထူသည့်အပေါ် ကန့်ကွက်ခဲ့ကြသည့် မူလလယ်ပိုင်ရှင်များအား ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်များစွာ ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။ ပြည်သူများစွာရဲ့ လူနေမှုဘ၀ တည်ငြိမ်စေရေးအတွက် ကုန်စည်တစ်ခုက ဈေးနှုန်းကြီးမြင့်တော့မယ့် အရိပ်အယောင်မြင်တာနဲ့ တင်သွင်းတဲ့လုပ်ငန်းရှင်ကို ဈေးနှုန်းမတက်ဖို့ သတိပေးထိန်းကျောင်းတာ၊ ဈေးကွက်ဝယ်လိုအားအတိုင်း ဖြစ်ပေါ်ဖို့အတွက် ကုန်စည်ကို ချိန်ညှိတာမျိုးတွေ လုပ်လေ့ရှိတာကြောင့် ထိုင်းနိုင်ငံရဲ့ ကုန်ဈေးနှုန်း ထိန်းကျောင်းမှုပုံစံမျိုးဟာ မြန်မာနိုင်ငံအတွက် အတုယူစရာဖြစ်နေပေမယ့် လက်ရှိအချိန်မှာတော့ ပြည်သူတွေက Mindset မပြောင်းနိုင်ဘူးဆိုပြီး ကဲ့ရဲ့ပြစ်တင်ခံနေရချိန်မှာ ဟင်းတစ်ခွက်လျှော့စားရုံ၊ အလှူမလုပ်ဘူးဆိုရုံနဲ့ ကုန်ဈေးနှုန်းကျဆင်းစေမယ့် သီအိုရီအသစ်ကို မြန်မာနိုင်ငံက စတင်တီထွင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် IRI စစ်တမ်းအရ မြန်မာနိုင်ငံက ပြည်သူတွေမှာ တစ်ပတ်ဝင်ငွေကို စားဝတ်နေရေးအတွက် ဘယ်လောက်အထိ သုံးနေရလဲဆိုတဲ့ စစ်တမ်းမှာဆိုရင်  တစ်ပတ်ဝင်ငွေရဲ့ ရာခိုင်နှုန်း ၇၀ ကနေ ရာနှုန်းပြည့်ကို စားဝတ်နေရေးအတွက် သုံးနေတဲ့ ပြည်သူက ၆၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီလို ရရစားစား ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ထမင်းကို အသက်ရှင်ရုံ စားနေရတယ်ဆိုတဲ့ အခြေအနေမျိုးကို ခရီးစဉ်တိုင်းမှာ ပြည်သူ့ဘဏ္ဍာနဲ့ စားသောက်နေတဲ့ လူတန်းစားတွေ မစာနာနိုင်တာကတော့ ထုံးစံပါပဲ။

ဟင်းတစ်နပ်လျှော့စားရုံနဲ့ ကုန်ဈေးနှုန်းကျဆင်းစေမယ်ဆိုတဲ့ သီအိုရီကို ပြည်သူအများစု ကဲ့ရဲ့ခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ဂုဏ်သိက္ခာ စတင်မြှင့်တင်ရင်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်မယ်ဆိုတဲ့ ကော်မရှင်သစ်ရဲ့ ခြေလှမ်း၊ တပ်မတော်စွန့်လွှတ်မြေပေါ်မှာ စတင်လာတဲ့ စီမံကိန်းတစ်ခုရဲ့ အရှုပ်တော်ပုံနဲ့ ပဲလောကရဲ့ လေပတ်ကားအရောင်းအဝယ်ကနေ ဆန်လောကဆီ ကူးစက်လာတဲ့ လိမ်လည်မှုတွေအကြောင်းကို တင်ပြလိုပါတယ်။

 

ကိုယ်ကျင့်သိက္ခာ စတင်မြှင့်တင်မယ်ဆိုတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ နာရီနဲ့ စိန်လက်စွပ်ကို ဝတ်ဆင်ထားတဲ့ ဒုတိယဝန်ကြီးချုပ်တစ်ယောက်ကို သူရာထူးလက်ခံစဉ်က ဒီလိုပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ထားခဲ့သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့သလို ဒီပိုင်ဆိုင်မှုတွေက ဘယ်လိုရလာသလဲဆိုတာကို ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖြေရှင်းဖို့ ရက်ပေါင်း ၃၀ အချိန်ပေးလိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာတော့မဟုတ်ဘဲ ထိုင်းနိုင်ငံက ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ်ပေါင်ဆူဝမ်ရဲ့ ဘတ်ငွေ သန်းပေါင်းများစွာ တန်တဲ့နာရီနဲ့ စိန်လက်စွပ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်က အစိုးရအဖွဲ့အစည်း အပြောင်းအလဲလုပ်ဖို့ ပထမဆုံးအစည်းအဝေးမှာ ဓာတ်ပုံမရိုက်မီ နေရောင်ကနေကာကွယ်ဖို့ လက်မြှောက်ရာကနေ ဘတ်ငွေ သန်းပေါင်းများစွာတန်တဲ့ နာရီနဲ့ စိန်လက်စွပ်ကို သတိပြုမိသွားရာကနေ ခြစားမှုတိုက်ဖျက်ရေးကော်မရှင် ဝင်ပါလာခဲ့တဲ့ အခြေအနေပါ။

ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငုံ့ခံနေရတာက ပြည်သူပါ။ အဂတိလိုက်စားမှုဖြစ်လာရင် တိုင်ကြားခံရတဲ့သူကို စစ်ဆေးစုံစမ်းဖို့ထက် အာဏာရှိနေတဲ့ တိုင်ကြားခံ လာဘ်စားသူက တိုင်ကြားသူကို အရင်ဆုံး ထောင်ထဲထည့်တဲ့ အခြေအနေတွေ ကြီးစိုးနေတဲ့ မြန်မာနိုင်ငံမှာ အရင်အစိုးရဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စတင်ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့တာ အစိုးရသက်တမ်း တစ်နှစ်ကျော်မှပါ။

ကော်မရှင်အသစ်ဟာ ဘယ်လိုပုံစံ ခြေလှမ်းပြင်လာမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပေမယ့် ထူးထူးထွေထွေ ပြင်ဆင်ထားနိုင်မှုမရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြောင့် ခြေလှမ်းသွက်ဖို့မရှိပေမယ့် လက်ရှိအချိန်မှာတော့ နိုင်ငံ့ဖွံဖြိုးတိုးတက်ရေးနဲ့ အများပြည်သူ ကိုယ်စိတ်နှစ်ပါးကို အဓိကဟန့်တားနေတဲ့ ဘေးရန်ဖြစ်တဲ့ အဂတိလိုက်စားမှုကို တွန်းလှန်နိုင်ဖို့အတွက် ကိုယ်ကျင့်သိက္ခာမြှင့်တင်နိုင်အောင် ရည်ရွယ်ထားပြီး ရေရှည်အတွက်မဟာဗျူဟာ ရေးဆွဲထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာဆိုရင် ပြန်ကြားရေးဝန်ကြီးဟောင်းနဲ့ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည်ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တင်ပြတိုင်ကြားစာပေါင်း ၃၉၂ စောင်အထိရှိနေပြီး စိစစ်ဆဲအမှု ၁၈၈ မှုရှိနေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကိုလည်း ပြင်ဆင်မယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့ အစီအစဉ်၊ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ဖို့ မီးစိမ်းပြ မပြ ဆိုတဲ့အခြေအနေ၊ ပိုင်ဆိုင်မှုချပြထားမှုမရှိတဲ့ အစိုးရအဖွဲ့ဝင်တွေကြားမှာ အဆင့်မြင့်နဲ့ အဂတိလိုက်စားနိုင်ခြေရှိတဲ့ ရာထူးနေရာတွေက နိုင်ငံ့ဝန်ထမ်းတွေကို ပိုင်ဆိုင်မှု ကြေညာရမယ်ဆိုတဲ့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် လုံလောက်တဲ့ လစာမပေးနိုင်သရွေ့ဆိုတဲ့ အခြေအနေ၊ အရိုးစွဲနေပြီဖြစ်တဲ့ လာဘ်ပေးမှု ဓလေ့တွေနဲ့ မြန်မာ့ရိုးရာဂါရဝပြုတာဆိုပြီး လာဘ်ယူနေမှုတွေအကြားမှာ ဘယ်လိုစွမ်းဆောင်သွား မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

 

တပ်ကပြန်ပေးတဲ့ မြေဧက ၇၀၀ ကျော်၊ တိုင်းအစိုးရနဲ့ ကုမ္ပဏီတစ်ခုရဲ့ မြေသိမ်းမှုနဲ့ နင်းပြားပြည်သူ

ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေက ၂၀၁၆ ခုနှစ်ကနေစပြီး သူတို့သိမ်းဆည်းထားတဲ့ မြေတွေကနေ အသုံးပြုခြင်း မရှိတဲ့မြေတွေကို နိုင်ငံပိုင်မြေအဖြစ် ပြန်လည်ပေးအပ်နေတာ ဧကသိန်းနဲ့ချီ ရှိနေပါပြီ။ ဒီလိုနိုင်ငံပိုင်မြေအဖြစ် ပြန်လည်စွန့်လွှတ်ရာမှာ အများစုကတော့ သိမ်းဆည်းခံရတဲ့ ပြည်သူတွေဆီ ရောက်လာတာ မတွေ့ရသလို လက်ရှိမှာဆိုရင်လည်း စစ်တပ်က ပြန်လည်စွန့်လွှတ်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က လယ်မြေဧက ၇၀၀ ကျော်ပေါ်မှာ တိုင်းဒေသကြီးအစိုးရနဲ့ ကုမ္ပဏီတစ်ခုက စီမံကိန်း အကောင်အထည်ဖော်ဖို့ တိုင်တွေစိုက်ထူခဲ့မှုအပေါ် မူလလယ်ပိုင်ရှင်တွေက လက်မခံဘဲ ကန့်ကွက်နေတဲ့ဖြစ်စဉ် ဖြစ်နေပါတယ်။

“အဲဒါက ပြီးခဲ့တဲ့ တစ်ပတ်လောက်က တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်ရတယ်ဆိုပြီး ကုမ္ပဏီတစ်ခုက တိုင်တွေဝင်စိုက်တယ်။ လယ်သမားတွေက ကျွန်တော့်ကိုအကြောင်း ကြားတယ်။ လယ်မြေတွေကို သိမ်းလို့မရဘူး။ သိမ်းမယ်ဆိုရင် ပြည်ထောင်စုအဆင့်ကပဲ သိမ်းလို့ရတယ်။ NLD က တာဝန်ရှိသူတွေက တိုင်းအစိုးရကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားတွေ့တယ်။ သွားတွေ့ရတာက သိမ်းပိုက်ခံခဲ့ရတဲ့လယ်တွေကို ပြန်ပေးဖို့ လုပ်နေတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုက သိမ်းဖို့လုပ်နေတာကို စောင့်ကြည့်မယ်ဆိုပြီး လယ်သမားတွေက လယ်စောင့်တဲလေးလုပ်တယ်။ လယ်စောင့်တဲလေးလုပ်တာကို စကားက ကားသွားပြီး သပိတ်စခန်းဖွင့်တယ်ဆိုပြီး သတင်းက ထွက်သွားတယ်။ တိုင်းဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့လို့ ပြောတာပဲ။ ရဲအင်အား ၁၀၀ လောက် ချက်ချင်းရောက်လာတယ်။ လယ်သမားတွေက တဲကိုဖျက်ရင် တိုင်ကိုလည်း ဖျက်ပေးဆိုပြီး ပြောတယ်။ တိုင်တွေက ကုတ်နံပါတ်တွေနဲ့ အခိုင်အမာ လုပ်ထားတာ။ စနစ်တကျကို စိုက်ထူသွားတာ။ ပါတီကလူတွေရော လယ်သမားတွေရယ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသွားတွေ့တာ ဦးဖြိုးမင်းသိန်းနဲ့တော့ မတွေ့ခဲ့ရဘူး။ ဝန်ကြီးအချို့နဲ့ တွေ့ခဲ့ရတယ်။ တွေ့တော့ မေးတာ ဒီကုမ္ပဏီကို ခိုင်းထားတာရှိလားဆိုတော့ မရှိဘူးပြောတယ်။ အဲဒီတော့ တဲဖျက်မယ်ဆိုရင် တိုင်တွေပါ ဖျက်ပေးဆိုပြီးပြောတော့ တိုင်းဘက်က တာဝန်ရှိသူတွေက တဲကိုတော့ဖျက်ပေး၊ ငုတ်တိုင်ကိုမဖျက်နဲ့ဆိုပြီး ပြောတယ်။ အဲဒီကွင်းကြီးပေါ်မှာ စီမံကိန်းရှိလို့ဆိုပြီးပြောတယ်။ ဒီဘက်က တာဝန်ရှိသူတွေက စီမံကိန်းကိုတော့ လက်မခံနိုင်ဘူး လယ်တွေကို ပြန်ပေးပြီးတော့မှ ပြန်သိမ်းရင်သိမ်း၊ စီမံကိန်းရှိတယ်ဆိုပြီး လယ်တွေကို ဝင်လုပ်တာ၊ ကုမ္ပဏီတစ်ခုကို ပေးလိုက်တာတော့ လက်မခံနိုင်ဘူး။ လုပ်ရင်လည်း ပြည်ထောင်စု အစိုးရကနေပြီးတော့ လက်ရှိတည်ဆဲ မြေသိမ်းဥပဒေမှာလည်း ရှိပြီးသား ဖြစ်နေတဲ့ မြေသိမ်းဖို့ရည်ရွယ်ချက် ရှိနေတယ်ဆိုတာကို ကြေညာရမယ်။ အဲဒီလိုကြေညာပြီးတော့မှ ပြန်တမ်းထုတ်ပြီးတော့ သိမ်းရမယ်။ ဒီလိုလုပ်လို့ မရဘူး။ နောက်ဆုံးတော့သူတို့ အမိန့်ပေးလိုက်တယ်နဲ့တူတယ်။ တဲကိုလည်း ဖျက်သွားတယ်။ တိုင်တွေကိုလည်း နုတ်သွားတယ်” လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

ဝန်ကြီးဌာနတွေက ပြန်ပေးပြီးဖြစ်တဲ့ လယ်မြေတွေက မူလပိုင်ရှင် ဆီမရောက်ဘဲ ကုမ္ပဏီတစ်ခုဆီရောက်၊ အဲဒီကုမ္ပဏီကနေ စီမံကိန်း အကောင်အထည်ဖော်၊ အမြတ်အစွန်းအကြီးကြီးရ၊ လယ်သိမ်းခံပြည်သူတွေက ဆန္ဒထုတ်ဖော်ဆိုတဲ့ အရင်အစိုးရလုပ်ထုံး လုပ်ပုံတွေအောက်မှာ မြန်မာပြည်က မြေယာပြဿနာ ရှုပ်ထွေးလို့ မြှုပ်နှံဖို့မသင့်ဘူးဆိုတဲ့ နာမည်ဆိုးထွက်ရတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းရတာပါ။ ဒီလိုမျိုး ပွင့်လင်းမြင်သာမှု မရှိဘဲ မြေယာပြဿနာတွေကို မရှင်းနိုင်ဘဲ ငါအစိုးရ။ ငါမြေပိုင်တယ်။ ငါလုပ်ချင်တာ လုပ်မယ်ဆိုတာမျိုး ဆက်လုပ်နေသရွေ့တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို စီမံကိန်းက ရှေ့ကသွား၊ ပြဿနာက နောက်ကလိုက်နဲ့ပဲ တိုင်းပြည်က နာမည်ဆိုးအဖတ် ဆယ်မရဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေရဲ့ ယုံကြည်မှုကျဆင်းပြီးရင်း ကျရင်းပဲဖြစ်နေမှာပါ။

 

ဆန်လောကရဲ့ ကျပ်သိန်းသောင်းချီလိမ်လည်မှု

လေပတ်ကား အရောင်းအဝယ်တွေကနေ ငွေလိမ်လည်မှုဖြစ်ခဲ့တဲ့ ပဲလောကရဲ့ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်ဟာ လက်ရှိမှာဆိုရင် ဆန်လောကကို ကူးစက်လာခဲ့ပြီလားဆိုတာမျိုး ဖြစ်လာခဲ့ပါပြီ။ ပြည်ပဆန်တင်ပို့မှုနဲ့ ပြည်တွင်းဆန် အရောင်းအဝယ် အားကောင်းနေချိန်မှာ ပြည်တွင်းဆန်ဈေးကွက်အတွင်း ကျပ်သိန်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းတစ်ခုက ၂၀၁၇ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာဖြစ်ခဲ့သလို အချိန်မကွာခြားခင် ၂၀၁၈ ဇန်နဝါရီ လဆန်းမှာဖြစ်ခဲ့တဲ့ ကျပ်ငါးဘီလျံကျော် လိမ်လည်မှုဖြစ်စဉ်ဟာ ဆန်လောကကို အထိနာစေမလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီလို လိမ်လည်မှုတွေ ထပ်ဖြစ်မလာဖို့ဆိုရင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရောင်းအဝယ်မှန်ဖို့၊ အရည်အသွေးမှန်ဖို့နဲ့ ကုန်ရောင်းသူ ကုန်ဝယ်သူအကြားက Ethic အပိုင်းတွေမှာ လိုက်နာစောင့်ထိန်းအပ်တဲ့ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့နဲ့ အစိုးရက အချိန်မီ ထိန်းကျောင်းဖို့၊ ပြည်တွင်းဆန်ဈေး ကွက်အပေါ် ဂယက်ရိုက်မလာအောင် ထိန်းကွပ်ဖို့လိုအပ်သလို ပဲလောကပြီး ဆန်လောက၊ ဆန်လောကပြီးရင် ရွှေလောကဆိုတာမျိုး နောက်ဆက်တွဲ လိမ်လည်မှုတွေ ဖြစ်မလာစေဖို့အတွက် ဥပဒေကြောင်းအရ ဘယ်လိုများ စွမ်းဆောင်ကြမလဲလို့တွေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။