အီရန်ဆန္ဒပြပွဲများနှင့် ပတ်သက်သော မေးခွန်းများ

အီရန်ဆန္ဒပြပွဲများနှင့် ပတ်သက်သော မေးခွန်းများ
Published 1 January 2018

ဒီဇင်ဘာ ၃၀ ရက်က တီဟီရန်တွင် ဆန္ဒပြပွဲများ ပြုလုပ်စဉ်အတွင်း တီဟီရန်တက္ကသိုလ်၌ အီရန်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ်

အီရန်နိုင်ငံတွင် ၂၀၀၉ ခုနှစ် အစိမ်းရောင်လှုပ်ရှားမှုနောက်ပိုင်း အကြီးမားဆုံး လူထုမကျေနပ်မှုကြီး ဖြစ်ပေါ်လာမှုက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ Twitter ပို့စ်များ အတွဲလိုက် တက်လာစေပြီး အီရန်အစိုးရ၏ နှိမ်နင်းမှုကို ခံရသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တွေးကြည့်ရန်ပင် ခက်ခဲသော မြင်ကွင်းတစ်ရပ်အဖြစ် ဆန္ဒပြသူများက ဘာသာရေးဥသျှောင် အယာတိုလာခါမေနီ၏ အုပ်စိုးမှုကို စိန်ခေါ်ကြသည်။

ဒါတွေ ဘာ့ကြောင့်ဖြစ်တာလဲ

ဒီဇင်ဘာ ၂၈ ရက်မှာ စတင်တဲ့ ဆန္ဒပြမှုတွေဟာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်လာတဲ့ စီးပွားရေးနဲ့ ထူပြောနေတဲ့ ခြစားမှုတွေအပြင် လောင်စာဆီနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုတွေအပေါ် တုံ့ပြန်မှုဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်က အဲဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ တစ်စုံတစ်ရာ ရှိနေပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ်မှာ P5+1 (လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ+ ဂျာမနီ) နဲ့ အီရန်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ် ရရှိပြီးတဲ့နောက် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်တဲ့အခါ အီရန်နိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ဘဝဟာ ပိုပြီးကောင်းလာတော့မယ်လို့ မျှော်လင့်ထားကြတာကြောင့် အခု အီရန်နိုင်ငံသားတွေ ဒေါသထွက်ကြတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဘဏ္ဍာရေး၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးလိုက်ပေမယ့် အီရန်က ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမည်မည်းစာရင်းကနေ ဖြုတ်မပေးခဲ့ပါဘူး။ ပြီးတော့ အမေရိကန်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဒုံးပျံလွှတ်တင်မှုတစ်ရပ် အပါအဝင် တခြားချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ဖန်တီးခဲ့ပါသေးတယ်။

အမျိုးသား အီရန်-အမေရိကန်ကောင်စီ ဥက္ကဋ္ဌ ထရီတာပါဆီနဲ့ တခြားကျွမ်းကျင်သူတွေက ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ စီမံမှုအလွဲတွေနဲ့ ခြစားမှုတွေဟာ အီရန်နိုင်ငံသားတွေကို စိတ်ပျက်စေခဲ့တာလို့ ဆိုကြပါတယ်။

အစိုးရ မူဝါဒတွေက အလုပ်လက်မဲ့ဖြစ်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို ပိုမိုမြင့်မားစေခဲ့ပါတယ်။ ခိုင်မာတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု မရှိဘူးလို့လည်း ပါဆီက ဆိုပါတယ်။

“နျူကလီးယား သဘောတူညီချက်ကို အီရန်လူထုက အကြီးအကျယ် ထောက်ခံကြပါတယ်။ အဲဒီသဘောတူညီချက်ကနေ စီးပွားရေးပိုမိုဖွံ့ဖြိုးလာလိမ့်မယ်လို့ မျှော်လင့်ထားတာပါ” လို့ ပါဆီက ပြောပြပါတယ်။

ဒါဆို ဒီကိစ္စက ပေါင်မုန့်နဲ့ လောင်စာဆီ ဈေးတက်တာကြောင့်ပဲလား

မဟုတ်ပါဘူး။ နှစ်တွေချီပြီး ကြာလာခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးနာကျည်းချက်တွေက ၂၀၀၉ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး လမ်းပေါ်ဆန္ဒပြမှုတွေဖြစ်အောင် ပြည်သူတွေကို တွန်းပို့ခဲ့ပါတယ်လို့ အမျိုးသား အီရန်-အမေရိကန်ကောင်စီက ညွှန်ကြားရေးမှူး ရေဇာမာရာရှီက ပြောပါတယ်။

“စီးပွားရေးပိတ်ဆို့မှုတွေက အီရန်ကို အခြေပြုတဲ့ စီးပွားရေးပြဿနာတွေ အားလုံးကို အလွန်အမင်း ကြီးထွားသွားစေပါတယ်။ ခင်ဗျားတို့အနေနဲ့ စီးပွားရေးကို နိုင်ငံရေးကနေ သီးခြားခွဲထုတ်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ မာရာရှီက ဆိုပါတယ်။

“ထုတ်ဖော်ပြသလိုက်တဲ့ တရားဝင် နာကျည်းချက်တွေကို ကိုင်တွယ်ဆောင်ရွက်ပေးဖို့ အစိုးရမှာ အခွင့်အလမ်းနဲ့ တာဝန်ရှိပါတယ်” လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးဆိုင်ရာ ကာနက်ဂီ ထောက်ပံ့ရေးအဖွဲ့ အကြီးတန်းအရာရှိ ကာရင်ဆက်ဂျက်ပါက အမျိုးသမီးတွေအတွက် တန်းတူညီမျှ အခွင့်အရေးရရှိရေးကလည်း နိုင်ငံသားတွေကြားမှာ တွန်းအားဖြစ်နေပါတယ်လို့ ဆိုပါတယ်။

အီရန်ဒုတိယသမ္မတက စီးပွားရေး အခက်အခဲတွေကို ဖြေရှင်းဖို့ အစိုးရဟာ အလုပ်ကို ပိုပြီးပြင်းပြင်းထန်ထန် လုပ်မယ်လို့ ဒီဇင်ဘာ ၃၀ ရက်က ပြောပါတယ်။

အခုဆန္ဒပြပွဲတွေက ၂၀၀၉ ခုနှစ်က ဆန္ဒပြပွဲတွေနဲ့ အတူတူပဲလား

အခု ဆန္ဒပြပွဲတွေက တော်လှန်ရေးတစ်ရပ်ထက်စာရင် အရပ်သားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုနဲ့ပဲ ပိုပြီးတူတယ်လို့ မာရာရှီက ဆိုပါတယ်။ သူက ၂၀၀၉ ခုနှစ်နဲ့ တခြားကွဲပြား ခြားနားတဲ့ အချက်တွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်က ဆန္ဒပြပွဲတွေဟာ အဓိကအားဖြင့်တော့ တီဟီရန်မြို့မှာပဲ ဖြစ်ပါတယ်။ ဒီအပတ် ဆန္ဒပြပွဲတွေကတော့ အစိုးရရဲ့ အမာခံနယ်မြေတွေဖြစ်ပြီး ခိုင်မာတဲ့ ဘာသာရေးဗဟိုချက်တွေလို့ ထင်ရှားတဲ့ ကွန်နဲ့ မာရှ်ဟက်မြို့တွေမှာ ဖြစ်ခဲ့ပါတယ်။

ပြီးတော့ အခုဆန္ဒပြပွဲတွေက ဘာသာရေးဥသျှောင်ရဲ့အုပ်စိုးမှုကို တိုက်ရိုက်စိန်ခေါ်တာမျိုးလည်း ဖြစ်နေပါတယ်။

“ဒါဟာ ၂၀၀၉ ခုနှစ်မှာ မဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ရာ ဖြစ်ပါတယ်။ ဒါဟာ အီရန်မှာ ဖြစ်ပွားတဲ့ ဧရာမအရာကြီးတစ်ခုပါ။ လူတွေ လမ်းပေါ်မှာ လူသိရှင်ကြား မပြောကြတဲ့အရာပါ” လို့ CNN သတင်းဌာနရဲ့ နိုင်ငံတကာ သံတမန်ရေးရာ အယ်ဒီတာ နစ်ရောဘတ်ဆန်က ဆိုပါတယ်။

တီဟီရန်တက္ကသိုလ်အနီးမှာ ခါမေနီရဲ့ ရုပ်ပုံ ပိုစတာတစ်ခုကို ဆန္ဒပြသူတစ်ဦးက စုတ်ဖြဲပစ်လိုက်တာ မြင်တယ်လို့ ဒေသခံ မျက်မြင်သက်သေတစ်ဦးက ပြောပြပါတယ်။

ထရန့်ရဲ့ Twitter ပို့စ်တွေက အကူအညီဖြစ်စေတာလား၊ ထိခိုက်စေတာလား

ကျွမ်းကျင်သူတွေ တညီတညွတ်တည်း သဘောတူကြတာကတော့ ထရန့်ရဲ့ပို့စ်တွေက အကူအညီမဖြစ်စေဘူး ဆိုတာပါပဲ။ အဲဒီအစား ကမ္ဘာကြီးအနေနဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ကို ထောက်ခံပြီး အီရန်လူထုနဲ့ တစ်သားတည်းရှိကြောင်း ပြသသင့်တယ်လို့ သူတို့က ဆိုကြပါတယ်။

ထရန့်က Twitter မှာ “ကမ္ဘာကြီးက စောင့်ကြည့်နေတယ်။ ဖိနှိပ်တဲ့ အစိုးရတွေဟာ ကြာကြာမခံနိုင်ဘူး” လို့ ရေးခဲ့ပါတယ်။ ထရန့်က အီရန်နိုင်ငံရဲ့ ခေါင်းဆောင်မှုဟာ နေရာအနှံ့က အကြမ်းဖက်မှုတွေကို ရန်ပုံငွေပေးဖို့ ချမ်းသာကြွယ်ဝမှုတွေကို ဖြုန်းတီးနေတာပါလို့လည်း ပြောပါသေးတယ်။

မာရာရှီက ဒီဆန္ဒပြလှုပ်ရှားမှုဟာ အီရန်မှာအခြေခံပြီး အီရန်မှာပဲ အဆုံးသတ်ရမယ်လို့ ဆိုပါတယ်။

ပါဆီကလည်း “ဒီဆန္ဒပြမှုတွေဟာ အမေရိကန်ရဲ့ကိစ္စမဟုတ်ဘူး၊ ဒါက ထရန့်အကြောင်းလည်း မဟုတ်ဘူး။ ဒီကိစ္စထဲ ထရန့်ဝင်လာတာဟာ မလိုအပ်ဘူး၊ အထောက်အကူလည်း မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ အီရန်မှာ ယုံကြည်မှုရရှိအောင် လုပ်နိုင်မှာ မဟုတ်လို့ပဲ” လို့ ဆိုပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာရမ်ကက်ဆီမီက အီရန်လူထုဟာ ထရန့် ဒါမှမဟုတ် သူ့အစိုးရအဖွဲ့ရဲ့ အချောင်နာမည်ဝင်ယူတဲ့ မှတ်ချက်တွေကို ယုံကြည်လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နောက်ပြီး ဘာတွေဖြစ်လာမှာလဲ

၂၀၀၉ ခုနှစ် အစိမ်းရောင်လှုပ်ရှားမှုဟာ လနဲ့ချီပြီးကြာပါတယ်။ အခုဆန္ဒပြပွဲတွေက ရက်ပိုင်းလေးပဲ ရှိပါသေးတယ်။ အစိုးရအနေနဲ့ သူ့ကို အတိုက်အခံလုပ်တာကို ဘယ်လောက်အတိုင်းအတာအထိ ခွင့်ပြုမလဲဆိုတာ မရေရာပါဘူး။

“၁၉၇၉ ခုနှစ်မှာ အီရန်နိုင်ငံသားတွေဟာ ဒီမိုကရေစီမပါတဲ့ တော်လှန်ရေးတစ်ရပ်ကို တွေ့ကြုံရပါတယ်။ ဒီကနေ့မှာတော့ သူတို့ဟာ တော်လှန်ရေးတစ်ရပ်မပါတဲ့ ဒီမိုကရေစီကို ဆန္ဒပြင်းပြနေကြပါတယ်” လို့ ဆက်ဂျက်ပေါက ဆိုပါတယ်။

သူက “အီရန်လူငယ်တွေဟာ ပိုပြီးလစ်ဘရယ်ကျတဲ့ တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးပမ်းနေတာဖြစ်ပေမယ့် လက်နက်ကိုင်ဖွယ်မရှိဘူး၊ ကိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ အာဏာကို ဆက်ထိန်းထားနိုင်ဖို့ အင်အားသုံးဖို့သာ လိုလားတယ်လို့ သူတို့သိထားတဲ့ အစိုးရတစ်ရပ်ကို သူတို့ ဆန့်ကျင်နေတာပါ” လို့လည်း ဆိုပါတယ်။

“အီရန်နိုင်ငံသား အများအပြားဟာ တော်လှန်ရေး အဆုံးသတ်တွေကို ကြုံခဲ့ဖူးမှာ ဖြစ်ပေမယ့် ဆီးရီးယား ဒါမှမဟုတ် အီဂျစ် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းက လွန်ခဲ့တဲ့ ငါးနှစ်ကို ဖြတ်သန်းခဲ့ရတဲ့ တခြားနိုင်ငံတွေကို နမူနာယူပြီး တော်လှန်ရေးလမ်းကြောင်းကိုလိုက်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး” လို့လည်း သူကဆိုပါတယ်။

ဒါပေမဲ့ “ဆန္ဒပြပွဲတွေ သူခန့်မှန်းထားသလို နှိမ်နင်းခံလိုက်ရမယ်ဆိုရင်တောင် ဒါက အဆုံးသတ်မဟုတ်သေးပါဘူး။ အစိုးရအပေါ် မကျေနပ်မှုတွေက ကျန်နေဦးမှာဖြစ်ပြီး အနာဂတ်မှာ အခါအားလျော်စွာ ပြန်ပေါ်လာဦးမှာပဲ” လို့ ဆက်ဂျက်ပေါက ဒီဇင်ဘာ ၂၉ ရက်မှာ သူ့ Twitter ပေါ်ရေးထားပါတယ်။