<

ရိုဘော့တစ် ယိမ်း

(၁)

ဂျပန်နိုင်ငံသည် ရိုဘော့ထ် (Robot) ခေါ် စက်ရုပ်နှင့်ပတ်သက်၍ စွန့်ဦးတီထွင်သူများဟု ဆိုစမှတ်ပြုနိုင်သည်။ ရိုဘော့ထ်ဟူသည်မှာ လူကပရိုဂရမ်အစီအစဉ် ရေးသားလျက် ခိုင်းစေပါက လိုရာကိစ္စပြီးမြောက်အောင် စွမ်းဆောင်ပေးနိုင်သောအရာတို့ ဖြစ်သည်။  တစ်နေ့ကပဲ စက်ရုပ်များအ ကြောင်း၊ စက်ရုပ်အများအပြား ညီညာယိမ်းကသည့် ပုံများကို ကြည့်ရှုခဲ့ရသေးသည်။  မိန်းကလေးစက်ရုပ်များ ပရိုဂရမ်အတိုင်း ညီညီညာညာ ယိမ်းကသည်မှာ အလွန်တရာ လှပကာ စွဲမက်ချင်စဖွယ်ကောင်းသည်မှာ ငြင်းနိုင်မည်မထင်။

အမှန်တရားတစ်ခုကို ပြောရမည်ဆိုလျှင် နှလုံးသားထဲမှ ခံစားချက်ဟူသည်မှာလူတိုင်းနီးပါးထံတွင် ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေတတ်သည်။  အနုကဗျာ စာပေများရေးသားလျက်ရှိသူများ၏ နှလုံးသားတို့ကသာ ထိုအရာများအား ခံစားတတ်သည် မဟုတ်၊ အနုကဗျာ စာပေတို့အား ဖတ်ရှုသူ အများအပြားသည်လည်း အထိုက်အလျောက်တော့ ခံစားတတ်ကြသည်ဟုပြောရပေမည်။  စာပေကဗျာ ရေးသားခြင်းအပြင် အနုပညာအစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် စည်းချက်ကျကျ ခြေလက်ချိုး၍ ကခုန်ခြင်းအနုပညာနှင့် ပတ်သက်၍  ပွင့်လင်းစွာ ၀န်ခံရစတမ်းဆိုလျှင် မိမိသည်  ကိုယ်တိုင်မတတ်စွမ်းသည်မှာ မှန်သော်လည်း ယင်း၏ အလှအပအတိမ်အနက်ကိုမူ တရှိုက်မတ်မတ် ခံစားတတ်သူတစ်ယောက်တော့ ဖြစ်ခဲ့သည်။

ဇာတ်စင်ပေါ်ရှိ ကားလိပ်အဖွင့်တွင် ဦးဆုံးတင်ဆက်လေ့ရှိသော တစ်ပင်တိုင် အကကို တင်ဆက်မှုအကမျိုးစုံအနက် စာရေးသူ အနှစ်သက်ဆုံး အကတစ်မျိုးဖြစ်သည်။  ခြေချိုး လက်ချိုး အကပညာအား မည်သို့မှ တတ်ကျွမ်း နားလည်နိုင်ခြင်းမရှိသော်လည်း အနုပညာဓာတ်ခံ၏ လှုံ့ဆော်မှုကြောင့် ထင်သည်  နှစ်သက်စွဲလမ်းခြင်း အထွတ်အထိပ်သို့ ရောက်သွားစေသည်။  ပြီးတော့ ကဗျာစာပေ သမားတစ်ယောက်အဖို့ တစ်ပင်တိုင်အကမျိုးမှာ တစ်ကိုယ်တော်အစွမ်းအစကို  ပြသခွင့်ပေးသော တစ်နည်းအားဖြင့် အခြားပါဝင်သူများ မရှိသဖြင့် သူတို့အား ငဲ့စောင်း၍ ကြည့်နေရန်မလိုသော အကမျိုးဖြစ်သည့် အားလျော်စွာ ပိုမို၍ တီထွင်ကြံဆလက်စွမ်း ပြနိုင်သည့် အနုပညာတစ်ရပ်ဖြစ်သည့်အတွက် ပို၍ပင်နှစ်သက်ဖွယ်ဖြစ်လာသည်။  ပွဲ၏နောက်ပိုင်းအစီအစဉ်တွင် တင်ဆက်လေ့ရှိသော ယိမ်းအကမျိုးမှာမူ လုပ်လီလုပ်လဲ့  ယိမ်းနွဲ့လှုပ်ရှား ဟန်မှန်သမျှတွင် ပါဝင်သူ အားလုံးတစ်ယောက်မျှမကျန် စည်းချက်ကျကျ ညီညာမှုရှိရန် အရေးကြီးပေသည်။  အကယ်၍ ပါဝင်သူတစ်ဦးတလေက စည်းဝါးကျိုးကာ တတ်ကျွမ်းမှုမရှိ ကိုးရိုးကားရားဖြစ်မည်ဆိုလျှင် ယိမ်းအကတစ်ခုလုံး၏ ရသခံစား၍မရအောင်ပင် ပျက်စီးသွားမည်ဖြစ်သည်။ စာရေးသူ၏အမြင်တွင် ယိမ်းအက၌  လွတ်လပ်မှုအားနည်းသော ထိန်းချုပ်မှုမျိုးရှိသည်။  တစ်ပင်တိုင်ကဲ့သို့ လက်စွမ်းပြရန် အခွင့်အလမ်း နည်းပါးသည်၊ တေးသွားအတိုင်းသာ စီးမျောလိုက်ရုံမှတစ်ပါး တီထွင်ကြံဆခွင့် မရှိဟုဆိုရမည်။

(၂)

မြန်မာနိုင်ငံအတွင်း အာဏာရှင်ခေတ်အဆက်ဆက် တစ်လျှောက်လုံး အနုပညာကဗျာစာပေတို့သည် ဖူးပွင့်ဝေဆာချင်တိုင်း ဖူးပွင့်ဝေဆာရန် အခွင့်မသာခဲ့ကြ။  အညှောက် အတက်၊ အခက်ချိုးချိုး၊ အငြိုးကြီး စွာဖြင့် နှိပ်ကွပ်ရာတွင် မွှေးပျံ့ကြိုင်လှိုင်မည့် အဖူးအပွင့်တို့ မြေသို့ ကြွေသက်ကြရ၏။  ကဗျာစာပေ တိုးတက်ဖွံ့ဖြိုးမှု တုံ့ဆိုင်းသည့် ကာလတစ်လျှောက် စာကောင်းပေကောင်းများအား စာရေးဆရာ၊ ကဗျာဆရာများက မဖြစ်ဖြစ်သည့်နည်းဖြင့် ရေးသားထုတ်ဝေကြသည်။ လစဉ်ထုတ် မဂ္ဂဇင်းစာအုပ်အမျိုး အစားရော အရေအတွက်ပါ မြန်မာ့စာပေသမိုင်းတွင် မှတ်တမ်းတင်ခံရလောက်အောင် များပြားလှသည်သာမက စာပေအဆင့်သည်လည်း မြင့်မားလှသည်ဟုဆိုရပေမည်။  ဖိနှိပ်ကျပ်တည်းမှုများကြားမှ ထိုးဖောက် ကာ ပြည်သူတို့ဘက်တွင် ရပ်တည်သည့် စာပေကဗျာများအား မဖြစ်မနေ ထုတ်လုပ်ခဲ့ကြသည်။ ယင်းအထဲတွင်မှ ပြည်သူ့ဘက်တော်သားယောင်ယောင် ယုံကြည်ချက်၊ ခံယူချက် တိတိပပ မရှိသောအချို့ ကဗျာစာပေသမားများလည်း မရှိမဟုတ်၊ ရှိခဲ့သည်။  သူတို့သည် ဆင်းရဲတွင်းနက်နေသော တိုင်းပြည်၏ အဖြစ်သနစ်အမှန်ကို ထင်ဟပ်သည့် စာရေးသားမှု မပြုဘဲ ရာသီသဘာဝ ရှုခင်းအားလုံး သာယာချမ်းမြေ့၊ လှပ၍နေသည်ဟုအထင် အမြင်လွဲမှားစေရန် အများပြည်သူကို လှည့်စားရင်း ဘုန်းတော်ဘွဲ့ဆန်ဆန်၊ အားလုံးကောင်းပါသည်ခင်ဗျားဟူသော စာများ အား တွင်တွင်ရေးဖွဲ့ခဲ့ကြသည်ကိုတွေ့မြင်ခဲ့ကြရသည်။

ယင်းကို စာရေးသူက ထိုထိုသောသူတို့အား ခြေချိုး လက်ချိုး၊ ကွေးညွှတ်ကာ၊ ၀တ်စုံတူပုံစံတူ၊ ကကွက်တူ၊ တညီတညွတ်တည်း ကရသော ယိမ်းအကအဖြစ် စာတစ်ပုဒ်ဖြင့် ခိုင်းနှိုင်းရေးဖွဲ့ခဲ့သည်။ ကြာတော့လည်း  ကြာပြီဖြစ်သည်။  ကြာပင် ကြာခဲ့ပြီဟု ဆိုရစေကာမူ လူတို့၏သဘော၊ အထူးသဖြင့် အာဏာရှင်တို့၏ သဘောမှာ လက်ဝယ်ရယူဆုပ်ကိုင်ထားသော အာဏာကို မည်သည့်အခါမျှ လက်လွှတ်ဆုံးရှုံးခြင်းကိုခံ မည်မဟုတ်၊ တတ်စွမ်းသမျှ ဆုပ်ကိုင်ထားလိုသည့် သဘောရှိသည်။ ယင်းသို့အာဏာ၏ အရသာကို မြည်းစမ်းသိရှိပြီး ဖြစ်သောကြောင့်လည်း အစဉ်ထာဝရ ဆုပ်ကိုင်ကာ လက်မလွှတ်နိုင်ခြင်းလည်း ဖြစ်ပေသည်။ လက်ထဲရှိ အာဏာကို လက်လွတ်ဆုံးရှုံးမသွားစေရန် မည်သို့လုပ်ဆောင်လေ့ရှိသနည်း။

စာရေးသူ တင်ပြခဲ့သလို အနုစာပေကဗျာလောကတွင် ဆင်းရဲမွဲတေသော ပြည်သူအများစု၏ ဘ၀ကို ထင်ဟပ်သည့်  ကဗျာစာပေများအား ကိုယ်စားပြု ရေးသီခြင်း မပြုဘဲ ဘုန်းတော်ဘွဲ့ဆန်ဆန် အားလုံး သာယာဝပြောလျက် ရာသီသဘာဝရှုမျှော်ခင်းတစ်ခုလုံး စိမ်းလန်းစိုပြည်နေကြောင်းသာ ရေးဖွဲ့ကာ အမှန်တရားကို မျက်ကွယ်ပြုပြီး တညီတညွတ်တည်း ယိမ်းကသလို ရေးသားကြသူများမှာ မယုံနိုင်စရာ ဒုနှင့်ဒေးပင် ဖြစ်နေခဲ့သည်။

(၃)

ဇာတ်ဆရာ ညွှန်ကြား ခိုင်းစေသည့်အတိုင်း တစ်သဝေမတိမ်း ပုံတူ ကွက်တူ လှုပ်ရှား ယိမ်းနွဲ့နေချိန်တွင် ပို၍ဆိုးသည်မှာ ပါဝင် ကပြသူတစ်ဦးတစ်ယောက်က ဆိုင်းချက်လွတ်သော်လည်းကောင်း၊ အကျွမ်းတ၀င်  တတ်မြောက်မှု မရှိသော်လည်းကောင်း ဖောက်ဖျက်လိုက်ပါက ယိမ်းအက၏ အနုပညာရသ လုံးဝပျက်ပြားသွားမည် ဖြစ်သည်။

‘လျှပ်စစ်သည် တကယ်တော့ အနုပညာတစ်ရပ်ဖြစ်သည်’ ဟုအစချီ၍ လျှပ်စစ်၏ သိမ်မွေ့မှုအနုပညာအကြောင်း ဆောင်းပါးကိုလွန်ခဲ့သည့် တစ်နှစ်ကျော်က ရေးခဲ့သည်။  ယင်းဆောင်းပါး၌ လျှပ်စစ်သည် အီလက်ထရွန်အမှုန်များ၏ ရွေ့ရှားမှုဖြစ်ရာ အနုစိတ်မြူမှုန်ပစ္စည်းများ၏ ဖွဲ့စည်းလှုပ်ရှား မှုဖြစ်သဖြင့် လျှပ်စစ်ဆိုင်ရာအနုပညာသည်  သိမ်မွေ့လှသည်ဟုရေးသားခဲ့သည်။  အကယ်၍ လျှပ်စစ်စွမ်းအားကို ပို့လွှတ်လိုင်းပေါ်တင်၍ ယင်းလိုင်းတွင် တစ်စုံတစ်ရာ အပြစ်ဖြစ်ပါက လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ လျှပ်ထုတ်စက်များသည် အချင်းချင်း သဟဇာတဖြစ်မှုမှ သွေဖည်ကာ စက်များ ပရမ်းပတာဖြစ်လျက် လျှပ်စစ်စွမ်းအားစနစ်တစ်ခုလုံးကိုရပ်တန့်သွားစေမည်ဖြစ်သည်။   ယင်းဖြစ်စဉ်မှာ အနုပညာယိမ်းအက ကခြင်းနှင့် အလားသဏ္ဌာန်တူနေသည်ဖြစ်ရာ စည်းဝါး ဆိုင်းချက်နှင့် အချက်ကျကျ အံဝင်မနေဘဲ ‘လွတ်’ သွားသကဲ့သို့ အက၏ အလှရှာမရဘဲ ပွဲပျက်သွားစေသည်။  သာဓကတစ်ခုကို တင်ပြရလျှင် လွန်ခဲ့သော နှစ် ၃၀ ခန့်က လျှပ်စစ် ဖြန့်ဖြူးရေးစနစ်တစ်ခုအတွက် တပ်ဆင်အသုံးပြုရန် လျာထားတွက်ချက်ထားသည့် ပစ္စည်းကိရိယာကို ချေးငွေမလုံလောက် ဟူသောအကြောင်းပြချက်ဖြင့် တာဝန်ရှိသူ အကြီးအကဲကိုယ်တိုင်က ကိရိယာအရေအတွက် လျှော့ချသုံးစွဲရန် အမိန့်ရှိဆုံးဖြတ်ချက်ချခဲ့သော သာဓကရှိခဲ့ဖူးသည်။  သို့ဖြစ်ရကား အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုသင့်သည့် လျှပ်စစ်ပစ္စည်းကိရိယာများ လျှော့ချ သုံးစွဲမှုသည် လူ ၁၀ ယောက်ဖြင့် ကပြရမည့် ယိမ်းအကတွင် လူအရေအတွက် လျှော့ပြီး ခုနစ်ယောက်ဖြင့် ကခိုင်းသကဲ့သို့ ကိုးရိုးကားရားဖြစ်ကာ အနုပညာ၏သိမ်မွေ့မှုရသ ပျက်စီးသွားစေခဲ့သည်။

ထို့ပြင် လျှပ်စစ်ကဲ့သို့သော အင်ဂျင်နီယာ နည်းပညာလောကတွင် သက်ဆိုင်ရာနည်းပညာနှင့် မသက်ဆိုင်၊ မအပ်စပ်သူများ စီမံခန့်ခွဲမှုနယ်ပယ်သို့  ၀င်ရောက်နေရာယူစေရန် ပြုလုပ်ခြင်းကိစ္စသည်လည်း ခေါင်း၊ ခါး၊  ခြေ၊ လက်ပင် စည်းဝါးတကျ မချိုးမကွေး တတ်သူများယိမ်းအကတွင် ပါဝင်ဖျော်ဖြေ ခြင်းနှင့်တူနေတော့သည်။  ယင်းအံမ၀င် ခွင်မကျသည့် ပြဿနာများသည် နိုင်ငံ၏ ယန္တရားလည်ပတ်မှု နယ်ပယ်ပေါင်းစုံတွင် ယနေ့တိုင် တိုးတက်ဖွံ့ဖြိုးသည့် အရွေ့ကို ဆွဲဟန့်  ကန့်သတ်လျက်ရှိနေသေးကြောင်း သုံးသပ်မိကြပေလိမ့်မည်။

(၄)

လူ့လောကဇာတ်စင်ပေါ်၌ ယိမ်းကခြင်းမှာ ဇာတ်ဆရာ၏အလိုကျ မလွဲမသွေ ခြေလက်လှုပ်ချိုးရခြင်းဖြစ်၍ စာရေးသူကတော့ မနှစ်သက်၊ သစ္စာတရားစစ်စစ်ကိုဖွေရှာသော လူအများစုသည်လည်း လက်ခံမည် မဟုတ်ဟုယူဆသည်။  ထို့ပြင် သစ္စာတရားဟူသည်မှာ တစ်စုံတစ်ဦးအား သစ္စာခံခြင်းနှင့် တစ်စုံတစ်ရာအပေါ် သစ္စာရှိခြင်းစသဖြင့် ကွဲပြားသည်ကိုသတိချပ်မိမည် ထင်သည်။  သစ္စာခံခြင်းဆိုသည်မှာ မိမိအတွက်  တစ်စုံတစ်ရာ အကျိုးကျေးဇူးပြုပေးဖူး၍  မိမိက မျက်စိစုံမှိတ် ထိုသူအပေါ်  သစ္စာခံခြင်းမျိုးဖြစ်သည်။  မည်သည့်အခြေအနေမျိုးတွင် ဖြစ်စေ၊ မည်သည့်ကိစ္စလုပ်ရပ်ကိုမျှ ငဲ့ကွက်ရန်မလိုဘဲ ထားသောသစ္စာမျိုးကိုသာ သစ္စာရှိခြင်းဟု ခေါ်ဆိုရပေသည်။

ရိုဘော့ထ် (Robot) ခေါ် စက်ရုပ်တစ်ရုပ်သည် ယင်းထဲသို့ ထည့်သွင်းလိုက်သော ပရိုဂရမ်အစီအစဉ်အတိုင်း၊ တစ်နည်းအားဖြင့် အစီအစဉ်ရေးသားသူ ကခိုင်းစေသည့် အတိုင်း လှုပ်ရှားဆောင်ရွက်ရသောကြောင့် အစီအစဉ်ရေးဆွဲသူအပေါ် သစ္စာရှိသည်ဟု ပြော၍မရ။  သစ္စာခံခြင်းသာဖြစ်သည်။  လူတို့၏ နေ့စဉ်သွားလာလှုပ်ရှားမှုကို အတုယူ၍ လူနှင့်တူသောစက်ရုပ်ကို ကြံဆတီထွင်ခဲ့သည့် သိပ္ပံပညာရှင်များသည် သူတို့ကိုယ်တိုင် တီထွင်တည်ဆောက်ခဲ့သည့် စက်ရုပ်ကဲ့သို့ သော သက်ရှိလူအများအပြား လောကထဲတွင် ရှိနေကြောင်း သတိမူမိကြမည်လား မသိ။  သူတို့တည်ဆောက်ခဲ့သည့် စက်ရုပ်များသည် စဉ်ဆက်မပြတ် ယိမ်းကခြင်းဖြင့်  အသက်မွေးနေကြောင်းကိုရော သတိမူမိကြမည်လားမသိ။

December 28, 2017














Copy Protected by Chetan's WP-Copyprotect.