မော်ကွန်းသစ်နဲ့ သမိုင်းကြောင်း

မော်ကွန်းသစ်နဲ့ သမိုင်းကြောင်း
Published 26 December 2017

တိုင်းပြည်တိုင်းမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သမိုင်းကြောင်းတွေ ရှိကြစမြဲပါ။ တချို့ သမိုင်းတွေထဲမှာ မေ့ပျောက်မရနိုင်တဲ့ သမိုင်းဝင် ဖြစ်ရပ်တွေလည်း ကျန်နေခဲ့ကြပါတယ်။ ရက်စက်တဲ့အာဏာရှင်တွေ၊ ကိုယ်ကျိုးရှာတဲ့ အာဏာရှင်တွေနဲ့ ကြုံရတဲ့အခါ မတရား ဖိနှိပ်ခံနေရတဲ့ ပြည်သူလူထုရဲ့ ဆန့်ကျင်အုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တစ်ယောက်စ တစ်ရာဆိုသလို လူထုအင်အား ကြီးမားလာတဲ့အချိန်မှာ နိုင်ငံရဲ့ ဆိုးရွားနေတဲ့ စနစ်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုလာကြပါတယ်။ စနစ်သစ်တစ်ခု မွေးဖွားဖို့အတွက် တောင်းဆိုကြရင်း အာဏာရှင်နဲ့ ထိပ်တိုက်တွေ့ချိန်မှာ အသက်တွေ၊ သွေးတွေနဲ့ ပေးဆပ်ကြရတာတွေလည်း ရှိခဲ့ကြပါတယ်။

မကြာသေးခင်က ရွှေဝါရောင်ပွဲ အထိမ်းအမှတ်လုပ်တဲ့ ဘုန်းကြီးကျောင်း ရောက်တော့ ၈၈၈၈ အရေးတော်ပုံအတွင်း သေဆုံးခဲ့သူ အကသ ကျောင်းသူလေး မဝင်းမော်ဦးရဲ့ မိဘတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ၈၈၈၈ အရေးတော်ပုံမှာ မဝင်းမော်ဦးဟာ ရှစ်တန်းကျောင်းသူ ဘဝနဲ့ ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီစနစ်နဲ့ ၁၉၆၂ ကနေ ၁၉၈၈ အထိ ၂၆ နှစ် ကြာအောင် ဦးနေဝင်း အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးခဝါချမှုတွေကြောင့် မြန်မာပြည်ဟာ အဆင်းရဲဆုံး နိုင်ငံစာရင်းမှာ ဝင်သွားပါတယ်။ ဆင်းရဲငတ်ပြတ်မှုကို မခံနိုင်တော့တဲ့ ပြည်သူတွေဟာ စုရုံးပြီး စနစ်သစ်ကို တောင်းဆိုကြရာက ၈၈၈၈ လူထုလှုပ်ရှားမှုပွဲကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။

အာဏာရှင်အစိုးရဟာ တစ်ပြည်လုံးမှာရှိတဲ့ ဆန့်ကျင်ရေးသမားတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောမပေးခဲ့ပါဘူး။ တောင်းဆိုသူတွေ ချီတက်လာတုန်းမှာပဲ နှိမ်နင်းဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဆေးရုံကြီး တစ်ဝိုက်ပတ်ဝန်းကျင် ပစ်ခတ်နှိမ်နှင်းခဲ့မှုကြောင့် ဆေးရုံကြီးအတွင်းက ဆရာဝန်တွေ၊ ဆရာမတွေပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဆေးရုံကြီးတစ်ဝိုက် ပစ်ခတ်မှုတွေကိုလည်း ရှုတ်ချဟောပြောပွဲတွေ ပြုလုပ်ဟောပြောကြပါတယ်။

တဖြည်းဖြည်းနဲ့ လူစုလူဝေးတွေ များပြားလာခဲ့ပါတယ်။ မခံမရပ်နိုင်တဲ့ ပြည်သူတွေ ပေါင်းစည်းမိကြရာက ၈၈၈၈ အရေး တော်ပုံကြီးအဖြစ် ကူးပြောင်းခဲ့ပါတယ်။

လူထုလှုပ်ရှားမှုတွေ စုစည်းမိလာတဲ့ အချိန်မှာ စစ်အုပ်ချုပ်ရေးပုံသဏ္ဌာန်ပြောင်းပြီး ဖြိုခွဲခဲ့ပြန်ပါတယ်။

အာဏာသိမ်းလိုက်တဲ့ တပ်မတော်ဟာ စစ်အုပ်ချုပ်ရေးကို ကြေညာပြီးတဲ့နောက်မှာ ဆန္ဒပြတောင်းဆိုသူတွေကိုလည်း သေနတ်နဲ့ ဟန့်တားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေ ချီတက်နေတုန်းမှာ ဟန့်တားပစ်ခတ်ခဲ့လို့ လူတွေထောင်ချီ သေဆုံးခဲ့ပါတယ်။

မဝင်းမော်ဦးကလည်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူတွေနဲ့အတူ ရဲရဲတောက် ပါဝင်ချီတက်ခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၁၉ ရက်မှာ မဝင်းမော်ဦး အပါအဝင် အခြေခံပညာကျောင်းသားတွေဟာ တခြားသူတွေနဲ့အတူ ဆူးလေကို ချီတက်စဉ်မှာပဲ စစ်သားတွေရဲ့ ပစ်ခတ်နှိမ်နင်းတာ ကြုံခဲ့ပါတယ်။ သေနတ်မှန်သူတွေကို ကယ်ဆယ်ကြတဲ့ ကြက်ခြေနီလက်ပတ် ဝတ်ထားသူတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်ကြပါတယ်။ အလဲလဲ အပြိုပြိုဖြစ်နေတဲ့ လူတွေ ကြားမှာ မဝင်းမော်ဦးကို ဆွဲထုတ်ကယ်ဆယ်ခဲ့ပေမယ့် အသက်မရှင်နိုင်ခဲ့ပါဘူး။

မဝင်းမော်ဦးနဲ့အတူ ဆေးတက္ကသိုလ်၂ က ကျောင်းသား ကိုဇော်လွင်ထွန်းလည်း အဲဒီနေ့မှာပဲ ကျဆုံးခဲ့ပါတယ်။ ဒီမိုကရေစီအတွက် အသက်ပေးသွားခဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာလိုပဲ တခြားနိုင်ငံတွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ သမိုင်းကြောင်းတွေ ရှိကြပါတယ်။ ကိုရီးယားဖြစ်ရပ်မှန်သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ A Taxi Driver ဆိုတဲ့ဲ ဇာတ်ကားလေးကလည်း သမိုင်းမော်ကွန်းတင်လောက်အောင် ကောင်းလှပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်နေချိန် ၁၉၈၀ ပြည့်နှစ် မေလထဲမှာဖြစ်ခဲ့တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့ အဓိကရုဏ်းအကြောင်းကို ရင်နင့်အောင် ရိုက်ကူးထားပါတယ်။

ဆိုးလ်မြို့က တက္ကစီမောင်းသူ ကင်ဆိုယောင်းဟာ နေ့စဉ် စီးပွားရေးအတွက် ငွေရှာဖို့ကလွဲပြီး ကျန်တာဘာမှ စိတ်မဝင်စားသူ ဖြစ်ပါတယ်။ မိန်းမသေပြီးတဲ့နောက် ၁၁ နှစ်အရွယ်သမီးနဲ့အတူ ဘဝမှာ နေထိုင်နေခဲ့ပါတယ်။

တစ်နေ့မှာ နိုင်ငံခြားသားတစ်ယောက်က ကားငှားခဲ့ပါတယ်။

ဆိုးလ်ကနေ နှစ်နာရီကျော် မောင်းရတဲ့ ဂွမ်ဂျူးမြို့ကို ဝမ် ၁၀ နဲ့ ငှားခဲ့ပါတယ်။ ပိုက်ဆံရလိုဇောနဲ့မို့ ပိတ်ထားတဲ့လမ်းတွေကို ရှောင်ပြီး တောလမ်းကနေ အရောက်သွားခဲ့ပါတယ်။ ဂွမ်ဂျူးမှာ မြို့ထဲလှည့်လာတဲ့ ကျောင်းသားကားနဲ့တွေ့ပြီး နိုင်ငံခြားသားသတင်းထောက်ဟာ အင်တာဗျူးလုပ်ပါတယ်။ မကြာခင်မှာပဲ စစ်တပ်က ဆန္ဒပြနေတဲ့သူတွေကို ပစ်ခတ်နှိမ်နင်းကြပါတယ်။ ဒီသတင်းတွေကို  တစ်ကမ္ဘာလုံးသိအောင်လုပ်ဖို့ အရေးကြီးနေပါတယ်။

ကားပျက်နေတာကြောင့် ဝပ်ရှော့အပ်ထားရလို့ ဂွမ်ဂျူးက တက္ကစီမောင်းဖက် မိတ်ဆွေရဲ့အိမ်မှာ ညအိပ်ကြပါတယ်။

အဲ့ဒီညမှာပဲ တပ်ရဲ့ဖြိုခွဲမှုကြောင့် လူတွေကစဉ့်ကလျားဖြစ်ပြီး ပြေးကြရပါတယ်။ အိမ်အပြင် ထွက်ကြည့်ကြရင်း မီးခိုးဗုံးတွေကြားမှာ နိုင်ငံခြားသား သတင်းထောက်ပီတာကို လိုက်ဖမ်းကြပါတယ်။ ကျောင်းသား လေးဂျယ်ရှစ်ရဲ့ ကယ်တင်မှုကြောင့် သတင်းထောက် ပီတာလွတ်သွားပြီးပေမယ့် ဂျယ်ရှစ်ကတော့ အသတ်ခံလိုက်ရပါတယ်။

မနက်မိုးလင်းချိန်မှာ ကားကိုယူပြီး ဆိုးလ်ပြန်ခဲ့သူ ကင်ဟာလမ်းမှာ သတင်းစာ ဖတ်ကြည့်မိပါတယ်။

ဂွမ်ဂျူးအရေးအခင်းဟာ ကျောင်းသားအစစ်တွေ မဟုတ်ဘဲ ကွန်မြူနစ်ယောင်ဆောင်ထားသူတွေ ဖြစ်နေလို့ ပစ်ခတ်နှိမ်နင်းရတယ် ဆိုတာဖတ်ပြီး သူရင်နင့်သွားပါတယ်။ ကမ္ဘာကြီးဆီ သတင်းမှန်ပေးမယ့် သတင်းထောက်ကို ဆိုးလ်ကို ပြန်ခေါ်ဖို့ သူဆုံးဖြတ်လိုက်ပြီး ဂွမ်ဂျူးကို ပြန်လာခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ဂွမ်ဂျူးဆေးရုံမှာ လိုက်ကြည့်ပါတယ်။

နောက်ထပ်အပစ်ခံရသူတွေလည်း ရှိနေတယ်ဆိုလို့ လူအများနဲ့ ချီတက်သွားကြပါတယ်။ အပစ်ခံရသူကို ဆေးရုံဆေးခန်းပို့ ဖို့စီစဉ်နေသူတွေရော အလံဖြူထောင်ထားသူတွေပါ ထပ်ပြီး အကုန်အပစ်ခံရပါတယ်။

ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပဲ သတင်းထောက် ပီတာနဲ့အတူ ထွက်သွားဖို့ တိုက်တွန်းကြပါတယ်။ တောလမ်းကပြန်ခဲ့ပေမယ့် လမ်းမှာပိတ်ဆို့ထားတဲ့ တပ်သားတွေနဲ့ အချေအတင်ဖြစ်ပြီး အသက်လု မောင်းရပြန်ပါတယ်။ နောက်ဆုံးတော့ သတင်းထောက် ပီတာကို လေယာဉ်ကွင်းအရောက် ပို့နိုင်ခဲ့ပါတယ်။ သတင်းထောက်ပီတာရဲ့ တင်ပြမှုကြောင့် ကိုရီးယားစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ကမ္ဘာက သိခွင့်ရခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။ ၁၉၈၀ ပြည့်နှစ်ရဲ့ ဖြစ်ရပ်ဆိုးကို သက်စွန့်ဆံဖျား တင်ပြခဲ့သူ ဂျာမန်သတင်းထောက် ပီတာကို၂၀၀၃ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ အစိုးရက ဆုတံဆိပ် ပေးအပ်ခဲ့ပါတယ်။

ကိုရီးယားမှာ ဆုလာယူတဲ့ သတင်းထောက် ပီတာဟာ အငှားကားမောင်းသူ မစ်စတာကင်ကို ရှာဖွေပေမယ့် မတွေ့ရတော့ပါဘူး။

မြန်မာ့နိုင်ငံသမိုင်းမှာလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နိုင်ဖို့  အသက်၊ သွေးချွေးနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့အဖြစ်တွေ အများကြီးရှိခဲ့ပါတယ်။ မဝင်းမော်ဦးလို လူသိရှင်ကြား ပေးဆပ်ခဲ့သလို ဘယ်သူမှမသိခဲ့ဘဲ ပျောက်ကွယ်ခဲ့ရတဲ့ ပေးဆပ်မှုတွေလည်း သမိုင်းမှာ ရှိခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်တော်လှန်ရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်သူတိုင်းကိုသမိုင်းမှာ မော်ကွန်းရေးထိုးကြရမှာပါပဲ။ သမိုင်းကြောင်းမှာ  လည်း ဖိနှိပ်ခံပြည်သူအားလုံး ဝန်းရံပါဝင်ခဲ့တဲ့ မော်ကွန်းသစ်အဖြစ်ထာဝရ မှတ်တမ်တင်ကြဖို့ လိုပါတယ်။