သဘာဝသယံဇာတ ထုတ်နုတ်ခြင်းနှင့် EITI

သဘာဝသယံဇာတ ထုတ်နုတ်ခြင်းနှင့် EITI
Published 7 December 2017

ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တစ်နေရာကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

(၁)

လွန်ခဲ့သည့် သုံးနှစ်ကျော်က EITI နှင့် ပတ်သက်သော ဆောင်းပါးများ ရေးသားခဲ့သည်ကို အမှတ်ရနေသေးသည်။ မှတ်မိနေသေးသည့် အချက်တစ်ချက်မှာ မက္ကဆီကိုနိုင်ငံ၌ ကျင်းပခဲ့သည့် EITI လုပ်ငန်းစဉ်နှင့် ယှက်နွှယ်သော အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လျှောက်ထားမှုအရ မြန်မာအား အဖွဲ့ဝင်လောင်း (Candidate Member) အဖြစ် ၂၀၁၄ ဇူလိုင် ၂ ရက်တွင် စတင်လက်ခံခဲ့သည့်အချက် ဖြစ်သည်။ ယင်းအစည်းအဝေးတွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီးသည့် နိုင်ငံများအပါအဝင် တင်းပြည့်အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် နိုင်ငံများကိုပါ EITI လုပ်ငန်းစဉ်နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းတို့နှင့် ကိုက်ညီခြင်းရှိ၊ မရှိ ဆိုသည်ကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

EITI (Extractive Industries Transparency Initiative) ဟူသည် သဘာဝသယံဇာတ ထုတ်နုတ်တူးဖော်ခြင်းကိစ္စနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ EITI ၏ လို အပ်ချက်တစ်ရပ်မှာ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်ဟူသော သုံးပွင့်ဆိုင်အဖွဲ့အစည်းတို့  သုံးဦးသုံးဖလှယ် ပါဝင်လုပ်ဆောင်ရမည့် အချက်ဖြစ်သည်။

EITI ဖွဲ့စည်းရန် ၂၀၀၂ ခုနှစ်တွင် ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲက အာဖရိကနိုင်ငံ ဂျိုဟန်းနာ့စ်ဘာ့ဂ်မြို့၌ ကျင်းပသည့် ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၌ ၎င်း၏ စိတ်ကူးကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီ နှစ်များစွာကတည်းကပင် ကုမ္ပဏီများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့သည် သဘာ၀ သယံဇာတမှ ကြီးမားသော ငွေပမာဏရရှိနေသော အစိုးရနှင့်တကွ နီးစပ်သူတို့၏ ပွင့်လင်းမြင်သာမရှိမှုတို့အား မည်သို့ တန်ပြန် ကုစားရမည်ဆိုသည်ကို မျက်နှာချင်းဆိုင် အဖြေရှာခဲ့ပေါင်းလည်း များလှပြီဆိုသည်။

Extractive Industries သယံဇာတ ထုတ်နုတ်တူးဖော်သည့် စက်မှုလုပ်ငန်း၊ အဓိကအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်တော၊ လျှပ်စစ်။ Transparency = ထင်သာမြင်သာရှိခြင်း။ Initiative = သတ္တုတူးဖော်လုပ်ငန်းလုပ်သူများသည် EITI က ချမှတ်ထားသော စံနှုန်းအတိုင်း မိမိတို့ဘာသာ (အခွန်ဆောင်ခြင်းအပါအဝင်) ပြည်သူအား ပွင့်လင်းမြင်သာစွာ မှန်မှန်ကန်ကန် ချပြကြေညာသည့်လုပ်ရပ်။

လက်ရှိအချိန်အထိ EITI ပါ စည်းမျဉ်းစည်းကမ်းများအား အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နေသော မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်လောင်းနိုင်ငံ ၅၁ နိုင်ငံ ရှိနေပြီဆိုသည်။ EITI စံနှုန်းအတိုင်း လုပ်ငန်းကိစ္စ အကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံတစ်နိုင်ငံရှိ သဘာဝသယံဇာတများအား မည်သို့ ကိုင်တွယ်ဖော်ဆောင်သည်၊ သတ္တုထုတ်လုပ်ခြင်းမှရသော အစိုးရဝင်ငွေ ပမာဏ မည်မျှရှိသည်၊ သက်ဆိုင်သည့် လုပ်ငန်းရှင် (ကုမ္ပဏီ) က ဝင်ငွေခွန် မည်ရွေ့မည် မျှပေးဆောင်သည် စသဖြင့် ပြည့်စုံစွာ၊ ပွင့်လင်းမြင်သာစွာ ကြေညာရသော အခြေအနေမျိုးကို တည်ဆောက်ဖန်တီးပေးရန်လိုသည်။

မြန်မာနိုင်ငံအဖို့ အဖွဲ့ဝင်လောင်းဖြစ်သည့်နေ့မှစ၍ အချိန်ကာလအားဖြင့် နှစ်နှစ်ခွဲကြာပြီးနောက် ကတိဖြစ်ထားသည့်အတိုင်း EITI သို့ အထောက်အထားပြည့်စုံစွာဖြင့် တင်ပြအစိစစ်ခံရမည်ဖြစ်ရာ ယင်းမှ ကျော်လွှားအောင်မြင်ပါမှ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာမည် ဖြစ်သည်။

လက်ရှိ EITI အဖွဲ့၏ ဥက္ကဋ္ဌမှာ Fredrik Reinfeldt ဖြစ်သည်။ သူသည် ဆွီဒင်နိုင်ငံ၏ ယခင်ဝန်ကြီးချုပ် ဖြစ်သည်။ Reinfeldt မတိုင်မီ EITI ဥက္ကဋ္ဌမှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Clare Short ဖြစ်သည်။

(၂)

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်လောင်း အဆင့်မှ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာရေးအတွက် ကြိုးပမ်းနေခြင်းအား စာရေးသူအပါအဝင် သာမန်ပြည်သူများက စောင့်ကြည့်နေသည့် အချိန်တွင်ပင် မကြာသေးမီကပဲ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှ ရရှိသည့် နိုင်ငံတော်၏ဝင်ငွေများအား နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ရေး အစီအစဉ် ချမှတ်ပေးရန်အတွက် အစိုးရကို တိုက်တွန်းကြောင်း အဆိုတစ်ရပ်အား ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းခဲ့သည်ဟု သိရသည်။  ယင်းကိစ္စမှာ မြန်မာနိုင်ငံက EITI အဖွဲ့တွင် အဖွဲ့ဝင်လောင်းအဖြစ် အသိအမှတ်ပြုခံရပြီးသည့် နောက်ဆက်တွဲ EITI စံနှုန်းနှင့် ကိုက်ညီသော လုပ်ဆောင်ချက် ဖြစ် မဖြစ်ဆိုသည့် မေးခွန်းကို ဖြစ်ပေါ်လာစေသည့် ကိစ္စရပ်ဖြစ်သည်။

အဆိုပါ မေးခွန်းမေးမြန်းသည့်ကိစ္စအား နွားထိုးကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုဆွေးနွေးခဲ့ရာ “သဘာဝသယံဇာတတူးဖော်ခြင်းမှ ရတဲ့ဝင်ငွေကို နိုင်ငံသားများအတွက် ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကို အလုံးစုံဝင်ရောက်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်ဖို့ဖြစ်ပါတယ်။ ဒီကိစ္စမှာ နိုင်ငံတော်ထဲကို အများဆုံးထည့်ဝင်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE - Myama Oil & Gas Enterprise) ကို အဓိက ဆွေးနွေးပါမယ်။ MOGE ကရတဲ့ငွေဟာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းရဲ့ ဝင်ငွေတွေပဲဖြစ်လို့ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေထဲကို ဝင်ရောက်လာမှာပဲလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ MOGE ကရလာတဲ့ အမြတ်ငွေရဲ့ ၄၅ ရာခိုင်နှုန်းသာ နိုင်ငံ့ဘဏ္ဍာရန်ပုံငွေထဲရောက်ပြီး ကျန် ၅၅ ရာခိုင်နှုန်းက MOGE ရဲ့ (Other Account) အခြားဘဏ်အကောင့်ထဲကို ရောက်သွားပါတယ်။ ဘယ်လိုပဲ ဘတ်ဂျက် ဥပဒေတွေနဲ့ပဲဆိုဆို ပွင့်လင်းမြင်သာမှု အတော်အားနည်းတာတွေ့ရလို့ ဒီ Other Account တွေဟာ လွှတ်တော်ရဲ့ ကြပ်မတ် ထိန်းကျောင်းမှုရဲ့ အဝေးကို ရောက်နေပါတယ်။ ဒီအကောင့်ရဲ့ ငွေပမာဏဟာ ကြောက်ခမန်းလိလိ များပြားနေတာကို တွေ့နေရပါတယ်။ နိုင်ငံသားတွေမပြောနဲ့၊ လွှတ်တော်ကတောင် ကိန်းဂဏန်းအချို့ကလွဲလို့ ဘာမှ ရေရေရာရာ မသိရဘူးဖြစ်နေပါတယ်…”ဟု ထောက်ပြသုံးသပ်သွားသည်။ (The Daily Eleven - ၂၄-၁၁-၂၀၁၇ နေ့ထုတ်)။

မြန်မာ EITI (MEITI) ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရ သဘာဝသယံဇာတ ထုတ်နုတ်ခြင်းကဏ္ဍမှ ရရှိသည့်ဝင်ငွေ၏ ထက်ဝက်ကျော်သာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲသို့ ထည့်ဝင်ပြီး ကျန်တစ်ဝက်နီးပါးမှာ သက်ဆိုင်ရာ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၏ အခြားရန်ပုံငွေထဲသို့ ရောက်ရှိသွားသည်ကို ထူးဆန်းစွာ တွေ့ရှိရသည်ဟု အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံသားများ စုပေါင်းပိုင်ဆိုင်သည့် သဘာဝသယံဇာတမှ ရရှိသောဝင်ငွေများအား နိုင်ငံသားများ အကျိုးငှာ အသုံးပြုရမည့် ဘဏ္ဍာရန်ပုံငွေထဲသို့ အပြည့်အ၀ မရောက်သည့်အတွက် EITI စံနှုန်းပါ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီခြင်းရှိ၊ မရှိ သံသယဖြစ်ဖွယ် ဖြစ်လာရသည်ဟု ဝေဖန်သုံးသပ်မှုများစွာ ကြားသိနေရပေသည်။ ထို့ပြင် လက်ရှိတွင် အရှုံးပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်မှ စိုက်ထုတ်ပေးနေရသည့် အချိန်တွင် ဌာနလုပ်ငန်း အမည်တပ်ထားသည့် သီးခြားငွေစာရင်း အကောင့်များပမာဏ တိုးပွားရင်း တိုးပွားလာနေသည်မှာ ဖြစ်သင့်သည့်ကိစ္စမဟုတ်ဟု သန်လျင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သောအဆိုကို သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးတို့က ရှင်းလင်းဖြေကြားပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာတွင် ထောက်ခံမဲများ၍ အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။ လွှတ်တော်က အတည်ပြုခဲ့သည်ဟုဆိုရာတွင် စာရေးသူအပါအဝင် ပြည်သူအများစုကတော့ လက်ရှိအစိုးရတာဝန်ရှိသူတို့က အတည်ပြုချက်အပေါ် မည်သို့မည်ပုံ အမြန်ဆုံး ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို မျှော်လင့်တကြီး စောင့်ကြည့်လျက်ရှိနေကြသည်။

(၃)

ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်လောင်းဖြစ်ခြင်းနှင့် စပ်လျဉ်း၍ ထိုစဉ်က ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြားခဲ့သည်များကို အမှတ်သညာထဲတွင် စွဲထင်နေသေးသည်။ ၎င်းက “EITI  အဖွဲ့ဝင်ဖြစ်သွားပြီဆိုရင် သယံဇာတနဲ့ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေ အလိုအလျောက် ပပျောက်သွားမယ်။ အခြားအကျိုးကျေးဇူးကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာမယ်။ သဘာဝသယံဇာတက ရတဲ့ငွေတွေဟာ ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေပဲ။ သယံဇာတဆိုတာ မကုန်ခန်းနိုင်တဲ့အရာတွေ မဟုတ်ဘူးဆိုတာ သတိထားနေသင့်တယ်။ ဒါကြောင့် သတိကြီးစွာနဲ့ အသုံးပြုသင့်ပါတယ်…” ဟု ပြောကြားသွားခဲ့ဖူးသည်။

ထိုစဉ်က ဒုဝန်ကြီးပြောကြားသွားခဲ့သလို အဂတိလိုက်စားမှုများ အလိုအလျောက် ပပျောက်သွားမည်ဆိုသည်မှာ ငြင်းဖွယ်ရာ မရှိ။ သို့ရာတွင် ယင်းသို့ဖြစ်လာရန်မှာ EITI ပါ စံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်း အစိုးရနှင့် ပြည်တွင်းလုပ်ငန်းရှင်များက တိတိကျကျ လိုက်နာကျင့်သုံးမှသာ ဖြစ်နိုင်မည်။ သယံဇာတမှ ရသည့်ငွေသည် တကယ်ပင် ပြည်သူများ၏ ဘဏ္ဍာငွေဖြစ်လာသလား၊ မဖြစ်ဘူးလား၊ စောင့်ကြည့်နေရပေဦးမည်ဟု ဝေဖန်သံများ ညံစီနေသည်။

(၄)

EITI နှင့်ပတ်သက်၍ သိလိုသည်များအား အမေးအဖြေပုံစုံဖြင့် EITI ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်များအနက် သိကောင်းစရာအချို့အား ဖော်ပြလိုက်ပါသည်။

■ မေး - နိုင်ငံ့ခေါင်းဆောင်များသည် မူလက ပြည်သူတို့အသံနှင့် လိုအင်ဆန္ဒကို အလေးမထားဘဲ နေသည်ဆိုပါက ဤ EITI စံနှုန်း အစီအစဉ်ကို ကျင့်သုံးခြင်းဖြင့် အထောက်အကူ ဖြစ်စေပါသလား။

■ ဖြေ - နိုင်ငံတိုင်း၌ ပွင့်လင်းမြင်သာမှုသည် အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ အထူးအားဖြင့် ပြည်သူ့အရေးကို တာဝန်မယူတတ်သော တာဝန်ရှိသူများအတွက် ပွင့်လင်းမြင်သာမှုသည် ပို၍ပင်အရေးကြီးသည်။ ယင်းသို့သော နိုင်ငံမျိုး၌ သဘာဝအရင်းအမြစ်များမှ ရရှိသောဝင်ငွေကို ပွင့်ပွင့်လင်းလင်း ချပြကြေညာခြင်းအားဖြင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအချော်တွေကို ပိုမိုသတိမူ သိရှိဆင်ခြင်လာနိုင်ကြမည် ဖြစ်၏။

■ မေး - ဝင်ငွေပွင့်လင်းမြင်သာမှုကို ပိုမိုမြင့်တက်လာစေရန် ကြိုးပမ်းခြင်းကိစ္စနှင့် EITI စံနှုန်း မည်သို့ကွာခြားပါသလဲ။

■ဖြေ - EITI သည် ငွေကြေးကိန်းဂဏန်းများကို ထုတ်ပြန်ကြေညာရုံ အဖွဲ့တစ်ခုသက်သက် မဟုတ်ပေ။ EITI ကို အကောင်အထည်ဖော် ဆောင်နေသော နိုင်ငံများသည် ထိုနိုင်ငံရှိ သဘာဝအရင်းအမြစ်များအား အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍ သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ (MSG - Multi Stakeholder Group) အကျေအလည်ဆွေးနွေးသည့် စင်မြင့်တစ်ခု ဖန်တီးထားရှိသည်။

EITI သည် ကုမ္ပဏီများက အစိုးရသို့ ပေးသွင်းသော ငွေကြေးပမာဏ (အခွန်ငွေ) ကို ထုတ်ပြန်ကြေညာခြင်းတစ်ခုတည်းနှင့် ပတ်သက်ရုံမျှမဟုတ်၊ ငွေကြေးမည်မျှ လက်ခံရရှိကြောင်းကို အစိုးရများက ထုတ်ပြန်ကြေညာရန်လည်း တာဝန်ယူရသည်။ ထို့ပြင် ကုမ္ပဏီများကထုတ်ပြန်သော ပေးဆောင်ပြီး ငွေကြေးပမာဏနှင့် အစိုးရက ထုတ်ပြန်သော လက်ခံရရှိသည့် ငွေကြေးပမာဏတို့အကြား ကွာဟချက်ရှိမည်ဆိုပါက ယင်းအား စေ့စပ်အဖြေရှာခြင်းဖြင့် စာရင်းဇယားကွာဟမှုနှင့် မသေချာ မတိကျမှုများကို ဖော်ထုတ်နိုင်မည် ဖြစ်သည့်ပြင် အရေးယူဖြေရှင်းခြင်း ပြုလုပ်ပေးသည်။

■ မေး - ‘သယံဇာတကျိန်စာ’ ဆိုသည်မှာ အဘယ်နည်း။

■ ဖြေ - ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံများသည် အဆိုပါအရင်းအမြစ်နည်းပါးသော နိုင်ငံတို့ထက် ဆင်းရဲမွဲတေသည့် ဝိရောဓိဆန်ဆန် ကျိန်စာမိနေသော အဖြစ်သနစ်။

■ မေး - EITI အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ထားသည် ဆိုခြင်းမှာ အဘယ်နည်း။

■ ဖြေ - EITI ပါ လုပ်ထုံးလုပ်နည်းအတိုင်း အကောင်အထည်ဖော်နေသော နိုင်ငံတစ်ခုသည် ယင်းစံနှုန်းအတိုင်း လေးစားလိုက်နာရန် ပျက်ကွက်ခဲ့လျှင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခံထားရခြင်းကို ဆိုလိုသည်။

■ မေး - EITI အစီရင်ခံစာဆိုသည်မှာ အဘယ်နည်း။

■ ဖြေ - EITI စံနှုန်းကို အကောင်အထည်ဖော် လုပ်ဆောင်နေသည့် နိုင်ငံများသည် မိမိတို့နိုင်ငံ၏ သဘာဝအရင်းအမြစ် ထုတ်နုတ်ခြင်းမှ ရရှိသည့် ငွေကြေးများအား ပွင့်လင်းစွာ ထုတ်ပြန်သော အစီရင်ခံစာမျိုး ဖြစ်သည်။ ကုမ္ပဏီများသည် အစိုးရသို့ပေးသွင်းသည့် အခွန်ငွေကဲ့သို့သော ငွေကြေးပမာဏကို အစီရင်ခံရပြီး အစိုးရကလည်း လက်ခံရရှိသော ငွေကြေးပမာဏကို အစီရင်ခံရခြင်း ဖြစ်သည်။ နှောင်ကြိုးမဲ့ အမှီအခိုကင်းသည့် စီမံခန့်ခွဲသူတစ်ဦးက ယင်းငွေကြေးကိန်းဂဏန်းများအား တိုက်ဆိုင်စစ်ဆေးပြီး EITI အစီရင်ခံစာကို ထုတ်ပြန်ရသည်။

■ မေး - သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) ဆိုသည်မှာ အဘယ်နည်း။

■ ဖြေ - MSG (Multi Stakeholder Group ) တစ်ရပ်တွင် အစိုးရ၊ ကုမ္ပဏီများနှင့် အရပ်ဘက်တို့မှ ကိုယ်စားလှယ်များပါဝင်သော အစုအဖွဲ့ပါဝင်သည်။ ယင်းကိုယ်စားလှယ်များသည် EITI လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကြီးကြပ်ကွပ်ကဲပေးကြသည်။

■ မေး - EITI ၏ ကောင်းကျိုးသက်ရောက်မှုကို ဖော်ပြပါ။

■ ဖြေ - ပြန်လည်ပြုပြင်ပြောင်းလဲရေးနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတို့ကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သော EITI ၏ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုခံထားသည့် စံနှုန်းကြောင့် အခွန်ရရှိခြင်းအပိုင်း တိုးတက်မြင့်မားလာရုံမျှမက စီးပွားရေးကဏ္ဍ၏ တည်ငြိမ်မှုနှင့် အချင်းချင်း ယုံကြည်မှုတို့ကိုလည်း ပိုမိုခိုင်မာဖြစ်ထွန်းလာစေသည်။ ကုမ္ပဏီများအနေဖြင့် သာတူညီမျှ အခြေအနေတစ်ရပ်တွင် လုပ်ဆောင်ခွင့်ရသောကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် အားပေးသည့် ရာသီဥတုမျိုးကိုလည်း ဖန်တီးပေးရာရောက်သည်။

(၅)

မည်သို့ပင်ဆိုသော်ငြား သဘာဝသယံဇာတ အရင်းအမြစ် ပေါကြွယ်ဝသော မိမိတို့ နိုင်ငံသည် အဆိုပါအရင်းအမြစ် ပိုမိုနည်းပါးသော အခြားနိုင်ငံတို့ထက် ဆင်းရဲမွဲတေသည့် ‘သယံဇာတကျိန်စာ’ အနှောင်အတည်းမှ ရှောင်လွှဲရုန်းထွက်နိုင်ပါတော့မည်လား။