မနေဖြစ်သောမြို့

မနေဖြစ်သောမြို့
Published 6 December 2017

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒုတိယကမ္ဘာစစ်မတိုင်မီက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော် ဘယ်ဘ၀ ရောက်နေသည်မသိ။ မှတ်လည်းမမှတ်မိ။၂၀ ရာစု ကုန်ခါနီးတွင် ကျွန်တော် လူဖြစ်လာရသည်။မြန်မာလိုရေးသော စာနည်းနည်းပါးပါး လေးဖတ်၍ ဗမာလို တွေးခေါ်ကာ ဗမာများ နှင့် အဆင်ပြေသည်။ ဇာတိက မြန်မာပြည်ကဖြစ်သည်။ ရထားလက်မှတ်ဖြတ်ရန်နှင့် ဘဏ်ထုတ်ရန် သုံးရလေ့ရှိသော ပန်းရောင် နိုင်ငံသားကတ်တစ်ကတ် ရှိသည်။ ကျွန်တော်ကိုယ်တိုင်က မြန်မာပြည် ဖြစ်နေပါသည်။

ရုပ်ရှင်ရုံထဲ၌ နေကြာစေ့ခွံများ လွှင့်ပစ်ဖူးသည်။ ရထားလက်မှတ်ခ မပေးဘဲ ‘မမ’ ဟုခေါ်သော မြန်မာ့မီးရထားကို ခိုးစီးဖူးသည်။ ကျောင်းက စာသင်စားပွဲပေါ်တွင် ခဲချွန်ဓားဖြင့် ဟိုခြစ်ဒီခြစ် ခြစ်ဖူးသည်။ လမ်းပေါ် ကွမ်းတံတွေးများ ပေနေအောင် ထွေးဖူးသည်။ လူလစ်လျှင် စာခိုးကြည့်သည်။ အများနားနေချိန်တွင် ဆူလောင် ရယ်မောဖူးသည်။ အများမြင်သည့် အရပ်တွင် ခေတ်မီအောင် ဗရုတ်ကျဖူးသည်။ အများလှူဒါန်းထား သော သောက်ရေအိုးစင်မှ ရေခွက်ကို ခိုးဖူးသည်။ အများစုပိုင်ဆိုင်သော ဘုံဆိုင်ပစ္စည်းများကို ကိုယ့်ပစ္စည်းသဖွယ် သုံးစွဲဖူးသည်။ ပြောမဆုံးပါချေ။

ခုတစ်ခေါက် ရွာပြန်ဖြစ်တော့ လမ်းက တော်တော်ဆိုးနေသည်။ အဆက်မပြတ် ရွာနေသောကြောင့် လမ်းမှာ ဗွက်များက အများကြီး။ အိမ်ပြန်ချင်စိတ်က တားမရ၍သာ အတင်းလာခဲ့ရသည်။ လမ်းလျှောက်စ မရှိ၍ ပင်ပန်းလှသည်။ မွန်းတည့်ချိန်ဖြစ်၍လည်း ချွေးများပြန်နေသည်။ အားတင်း၍ သာလာခဲ့ရသည်။ လူက မောလှပြီ။

မောမောနှင့် ဆက်လျှောက်လာလိုက်သည်။ ရှေ့တွင် ဦးလေးကြီးတစ်ဦး ဗွက်ထဲ ဆိုင်ကယ်နစ်နေသည်။ ဆိုင်ကယ်ကို တစ်ယောက်တည်း တွန်းမရ ဖြစ်ဖူးသည်။ လယ်တောထဲ ရှင်သန်ရဖူးသူတိုင်း ကြုံရသည်။ ကျွန်တော်လည်း မကြာခဏ ကြုံခဲ့ဖူးသည်။ ထို့ကြောင့် ပုဆိုးပြင်ဝတ်ပြီး ကူ၍ တွန်းပေးလိုက်သည်။ ဆိုင်ကယ်မှာ ဗွက်ထဲမှ လွတ်သွားတော့သည်။ မိမိမှာ ရွှံ့များ ပေကျံကုန်သည်။ ဦးလေးကြီး ဆိုင်ကယ်တက်ရ သွားပြီဆိုသည်နှင့် မောင်းပြေးတော့သည်။ ‘‘ကျေးဇူးတင်ပါတယ်’’ဟုလည်း မပြော။ လမ်းကြုံပင် မခေါ်။ ဒိုးလေပြီ။ မိမိကရော ဆိုင်ကယ်ကြုံစီးချင်၍ ကူတွန်းလိုက်ခြင်းတော့ မဟုတ်ပါ။ မသိစိတ်ကတော့ အလိုက်သိမှုကို မျှော်နေတတ်သည်။ တွေးရင်းငေးရင်း လျှောက်ရင်းဖြင့် ရွာသို့ ရောက်ခဲ့သည်။ အမောတို့ ပြေလေပြီ။

လမ်းတွင် ရေချမ်းစင်ကလေး တစ်ခုရှိသည်။ အလှူရှင်၏ စေတနာကြောင့် အုတ်၊ ဘိလပ်မြေတို့ဖြင့် သပ်သပ်ရပ်ရပ် ရှိနေသည်။ ကော်ခွက်၊ စတီးခွက်လေးနှစ်ခွက်။ ကြိုးသိုင်းမထား။ ဒီအတိုင်းပင် ရှိနေသေးတော့ လမ်းသွားလမ်းလာတို့၏ စာရိတ္တကို လေးစားမိသည်။ မြန်မာပြည်အနှံ့ ရေချမ်းစင်များစွာ တွေ့ဖူးပါသည်။ မွန်ပြည်နယ် ဘီလူးကျွန်းရွာများတွင်တော့ အဆင့်မီလှသည်။ စတီးတိုင်ကီတွင် ရေသန့်စက်တပ် ထားသည့်အပြင် အဲကွန်းတစ်လုံးဖြင့် ရေကို အေးစေသည်။ မြင်ရရုံဖြင့်ပင် ရင်ထဲအေးမြသွားစေပါသည်။ ထိုဒေသမှ လူများ အေးချမ်းစွာ တင့်တင့်တယ်တယ် နေနိုင်ကြပါသည်။ အချို့ဒေသများတွင်တော့ ရေခွက် များကို သော့ခတ်ရသည်။ ရေအိုးဖုံးကအစ ကြိုးသိုင်းထားရသည်။ လူအချို့ကို စိတ်မချရ၍ဖြစ်မည်။ လူအချို့ထဲတွင် မိမိလည်း ပါနေတတ်သည်။ စာရိတ္တဟူသည် မိမိကစရမည် ဖြစ်သည်။ ကျွနု်ပ်တို့သည် သူ့တစ်ပါးအ ပြစ်ပုံချရန်သာ အမြဲကြိုးစားလေ့ရှိသည်။ ရေချမ်းစင် ဓလေ့လေး မပျောက်ကွယ်သေးခြင်းကပင် ဤမြေပေါ်၌ ချစ်စရာလေးများ ရှိနေပါသေးသည်။

အလှူများ ဟည်းနေအောင် လှူကြသည်။ ကမ္ပည်းများ မနိုင်မနင်း ထိုးကြသည်။ သို့သော် စာသင်ကျောင်းလေးများစွာ မိုးယိုနေသော တိုင်းပြည်ဖြစ်သည်။ လွန်ခဲ့သော လေးငါးနှစ်ကမှ ကန်ထရိုက် တည်ဆောက်သွားသော စာသင်ကျောင်းလေးသည် မြေပေါ်သို့ ပြိုကျနေပေပြီ။ ဆင်ခြင်မှု ပြုမိပါ၏။ မိမိ         အထက်တန်းကျောင်းသားဘဝတွင် ကြုံဖူးသည်။ ဆည်မြောင်းဘောင်ပြင်ရန်အတွက် အုတ်နီခဲများ လာချသွားသည်။ နောက်တစ်နေ့ မိုးရွာတော့ ထိုအုတ်နီခဲများ အရည်ပျော်ကုန်သည်။ မီးမကျက်၍ဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ တည်ဆောက်လာခဲ့သော နိုင်ငံတော် ဖြစ်ပါသည်။

လူတတ်ကြီးလုပ်၍သာ ပြောနေရပါသည်။ မိမိမှာလည်း ထိုသို့သော လူ့အဖွဲ့အစည်းတွင် မွေးဖွားကြီးပြင်းလာရသည်။ အလုပ်လုပ်လျှင် မြန်မာဆန်သည်။ ဖြစ်ကတတ်စမ်း လုပ်တတ်သည်။ ပြီးစလွယ် နေထိုင်သည်။ မတိကျ မသေမချာ လုပ်သည်။ အားစိုက်မှုနည်းပါးသည်။ အမေရိကကဲ့သို့ နိုင်ငံတွင် တစ်နာရီမျှ အလုပ်လုပ်ရုံဖြင့် တစ်နေ့စာ ဖူလုံသည်ဟု ဆိုပါသည်။ ထိုသို့သာရလျှင် အမှိုက်လှည်းဆိုလျှင်လည်း မိမိသည် လှည်းမည်ဖြစ်သည်။ တစ်နေ့ ရှစ်နာရီလောက် အလုပ်လုပ်လိုက်ရရုံဖြင့် တစ်ပတ်စာ ဖူလုံပြီ။ တစ်ပတ်စာလုပ်လျှင် တစ်လစာ ဖူလုံပေ ပြီ။ ဝင်ငွေမမျှတမှုကလည်း စိတ်များကို သတ်ပစ်လိုက်သကဲ့သို့ဖြစ်သည်။

မိမိ နေထိုင်ခဲ့ဖူးသော ဒေသတစ်ခုတွင် မှတ်သားဖူးပါသည်။ အဖွဲ့အစည်းနှစ်ခုက လုပ်ငန်းနှစ်ခုကို တစ်ပြိုင်နက် ဆောက်ကြသည်။ တစ်ဖွဲ့မှာ ပြည်တွင်းအဖွဲ့အစည်း တစ်ခုဖြစ်ပြီး တစ်ဖွဲ့မှာ အလုပ်လုပ်၍ တိုးတက်နေသော နိုင်ငံတစ်ခုမှဖြစ်သည်။ ထို နိုင်ငံခြားအဖွဲ့တွင် အလုပ်လုပ်နေကြသော အများစုက မြန်မာအလုပ်သမားများပင် ဖြစ်သည်။ ပြည်တွင်းအဖွဲ့ကလည်း မြန်မာအလုပ်သမားများပင် ဖြစ်သည်။ ကြာလာသည်နှင့်အမျှ အခြေအနေမှာ ထူးခြားစွာ သိသာလာပါသည်။

နိုင်ငံခြားသား စီမံခန့်ခွဲမှုအောက်တွင် အလုပ်လုပ်ရသော အလုပ်သမားများမှာ လုပ်ငန်းခွင်သုံး ဝတ်စုံများဖြင့် အလုပ်လုပ်နေကြသည်မှာကြည့်၍ပင်ကောင်း၏။ အချိန်မှန် အလုပ်ဆင်း၍ အချိန်မှန် အလုပ်သိမ်းကြသည်။ နားရက်ရကြသည်။ မြန်မာအလုပ်သမားများပင်ဖြစ်သော်လည်း စနစ်တကျရှိနေသည်မှာ မြင်သာသည်။ လုပ်အားခလည်း ထိုက်ထိုက်တန်တန်ရကြသည်။ ပြည်တွင်းက ဦးစီးသော လုပ်ငန်းတစ်ခုတွင် နားရက်မရှိ၊ လုပ်ငန်းအချိန်မီပြီးနိုင်ရေးအတွက် နေ့မအား ညမနား အလုပ်လုပ်နေကြရသည်။ သူတို့ရည်ရွယ်ချက်က အချိန်မီပြီးရေး ဖြစ်သည်။ ပြီးလည်း ပြီးသွားပါသည်။ လုပ်ငန်းနှစ်ခု ပြီးချိန်တွင် အဆောက်အအုံနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ဂျပန်များ ဦးဆောင်ဆောက်သော အဆောက်အအုံက သပ်ရပ်ခိုင်ခံ့လှသည်။ ကြာရှည်ခိုင်ခံ့မည်။ ဂျပန်များ နှင့် တွဲလုပ်ရသော အလုပ်သမားများမှာလည်း မြန်မာအလုပ်သမားများပင်။ အဂတိကင်းသော ဦးဆောင်စီမံခန့်ခွဲသူကို နိုင်ငံခြားက ဒေါ်လာပေး၍ ငှားရမ်းခိုင်းစေရမည်လား တွေးမိနေပါသည်။

ငြိမ်းချမ်းရေးပွဲတော်များ အတော်လုပ်ကြသည်။ စကားပြောကောင်းသူတို့က ဟိတ်ကြီးဟန်ကြီးလုပ်၍ စကားများ ပြောနေကြသည်။ ကောင်းသည့်ဘက်မှ တွေးကြည့်လျှင် ငြိမ်းချမ်းရေးစကားလုံးကို အတော်ကြားလာရသည်။ ငြိမ်းချမ်းပြီလားတော့မသိ။ ပြီးကျ ဆုများပေးကြသည်။ ဆုများက အနုပညာကို သတ်သွားနိုင်သည်လားတော့ မသိ။ အနုပညာကို လိုချင်ခြင်းလား။ ကျော်ကြားမှုကို လိုချင်ကြခြင်းလား သေချာမသိသေး။ မိမိသည်လည်း ထိုသို့သော အရာများကို နှစ်သက်ခဲ့ဖူးပါသည်။ ငြိမ်းချမ်းစေချင်ပါသည်။ အထူးသဖြင့် မိမိအနီးနားတွင် ငြိမ်းချမ်းစေချင်ပါသည်။ ငြိမ်းချမ်းရေး၌ပင် အတ္တများ ပါနေတတ်ပါသည်။

ယခင်ကဲ့သို့ပင် ဖော်ရှိုးများသာ များနေသည်။ ဘာဆုတောင်းပွဲ  ညာဆုတောင်းပွဲ  စသည်ဖြင့် ဓာတ်ပုံများသာ ပလူပျံလာသည်။ တစ်ခုခုဆို ဓာတ်ပုံရိုက်တင်လိုက်ရမှ နေသာထိုင်သာရှိသော ယဉ်ကျေးမှုဖြစ်လာရသည်။ ယင်းက အသက်အရွယ်အားလုံးတွင် ကူးစက်ခံနေရသည်။ ယင်းက ရောဂါလက္ခဏာတစ်ခု ဖြစ်နေပြီလား။ တစ်ခုခုဖြစ်ပြီဆိုလျှင် ပုရောဟိတ်များ များလှသည်။ ကျွမ်းကျင်သူများကဲ့သို့ပင် ထင်ရာပြောကြသည်။ လော်ဘီများကို အတော်မုန်းမိပါသည်။ နာမည်ကြီးလို၍ ရပ်တည်ကြခြင်းလည်း ဖြစ်မည်။ သူ့ဘက်ကိုယ့်ဘက် စကားလုံးများနှင့် ပစ်ပေါက်ကြသည်။ ယင်းကသာ ယဉ်ကျေးမှု ဖြစ်လာရ တော့သည့် မြန်မာပြည် ဖြစ်လာရသည်။

အဝေးသင်ပြီးစ တရားရုံးတစ်ခုတွင် ချိန်ဘာဆင်းခဲ့ဖူးပါသည်။ လူတို့၏အကြောင်း လေ့လာခဲ့ရဖူးသည်။ စကားအများကြီး နားထောင်ခဲ့ရဖူးပါသည်။ ထိုစဉ်က ထူးခြားသော လူတစ်ဦးကို တွေ့ခဲ့ပါသည်။ စတစ်ကော်လာ သပ်သပ်ရပ်ရပ်ဖြင့် သူ့အိတ်ကပ်ထဲတွင် ဘောပင်လေးငါးချောင်းရှိသည်။ စာရွက်တစ်ရွက်ရှိသည်။ ဆံပင်မှာ သပ်ရပ်နေသည်။ ရုပ်က အရာရှိပုံ ပေါက်နေသည်။ သို့ဖြင့် ထိုသူအကြောင်းကို စုံစမ်းကြည့်တော့ သူက သာမန်ဆိုက်ကားသမားပင်။ သို့သော် သူ့ဂိုက်က သာမန်ဝန်ထမ်းထက်ပင် သားနားနေတော့သည်။ ထိုသူက တရားသူကြီးမ၏ ကလေးများကို ကျောင်းပို့ရသည်။ တရားသူကြီးမ ဈေးသွားလိုသည့်အခါ ဈေးလိုက်ပို့ရသည်။ ယုံကြည်ရသည်။ မသောက်မစား ဆိုတော့ အခြားအရာရှိများကလည်း သူ့ကိုသာ ခိုင်းကြသည်။ သို့နှင့် အဆင်ပြေနေတော့သည်။ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သူသည် အလိုလိုပင် နေရာရသွားတတ်ပါသည်။ ကိုယ်ရည်မသွေးရန်လည်း အတော်လိုပါသည်။

ဆယ်တန်း စာမေးပွဲများ၊ အချို့စာမေးပွဲများအပြီးတွင် ဘာဂျာခေါက်ကလေးများ ခေတ်စားခဲ့ဖူးသည်။ မိတ္တူဆိုင်များက ခါတော်မီ စီးပွားရှာခဲ့ကြပါသည်။ ထိုသူများ လူ့အဖွဲ့အစည်းအတွင်း နေရာရလာကြသည့်အခါ ပေမီဒေါက်မီ ဖြစ်မလာတော့ပါ။ ကိုယ့်ဉာဏ်ထိုးထွင်း၍ ရုန်းရမည့် နေရာများတွင် ပညာအခြေခံက အရေးကြီးလာပါသည်။ အစမ်းသပ်ခံမျိုးဆက်များ ဖြစ်ထွန်းမလာသင့်တော့ချေ။

တစ်ခါက ကြားဖူးသည်။ တကယ်လည်း ကျင့်သုံးခဲ့ပါသည်။ ဌာနကြီးတစ်ခုတွင် သူကအကြီးဆုံး ပါဝါအရှိဆုံး ဖြစ်လာရသည်။ သူ့ ကိုရှိအောင်ပင် လက်အောက်ဘဝများကို တမင်တကာ နှိပ်ကွပ်ထားသော ကာလ တစ်ခုဖြစ်သည်။ တစ်တိုင်းပြည်လုံး ပိပြား၍နေသည်။ သူက အကြီးအကဲဖြစ်ပြီ။ စာရင်းကိုင် တတ်စရာမလို။ စာရင်းကိုင်တတ်သူကို ခိုင်းတတ်ရမည်။ ထု့ိကြောင့် တက်စမျိုး ဆက်တစ်ခုကို ကျောင်းဆက်တက်ခွင့် မပေးတော့။ ထိုကဲ့သို့ အတွေးများမှ မျိုးဆက်များစွာ သေဆုံးခဲ့သည်။ ယခုလည်း ယခင်လက် ကျန်များအများကြီးရှိသေးသည်။ တိုင်းပြည်က သေဆုံး၍ ကောင်းဆဲနစ်၍ကောင်းနေဆဲပင် ဖြစ်ပါသည်။

ရေးပြီးသား မိန့်ခွန်းများ ရှည်လျားလာသည်။ တဝကြီး ဖတ်ရသည်။ ကြိုးစားပြုပြင် နေသည်ကိုတော့ သတိထားမိပါသည်။ ပူးသတ်နေသူများကို သတိထားရမည်။ အကျင့်စာရိတ္တခိုင်မာသော နိုင်ငံရေးအခင်း အကျင်း ဖြစ်စေချင်ပါသည်။ လူတို့သည် အရောင်ပြောင်းလွယ်တတ်ကြပါသည်။ အားသာရာ ကပ်ပါချင်ကြသည်။ ဖားတတ်ကြသည်။ မြှောက်ပေးတတ်ကြသည်။ အဆင်း ဘီးတွန်းပေးတတ်ကြသည်။

ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုအတွက် အမည်ပြောမပြလိုသော ရွာကလေးတစ်ရွာတွင် ရေကန်တူးပေးမည်ဟု ဆိုပါသည်။ထိုဒေသသည် မိုးအခါတွင် မိုးများ၍ နွေတွင် ရေရှားပါးပါသည်။ သောက်ရေပင် ခက်ခဲသည်။ တူးပေးမည့်သူက ပေါ်လာသည်။ကုန်ကျစရိတ်ငွေ အကုန်ခံမည်။ ရွာက မြေနေရာ ပေးကြရမည်ဖြစ်သည်။ ရွာသားများ စုပေါင်းတိုင်ပင်သောအခါ မြေနေရာ ရွေးမရ။ ဝိုင်းဝန်း ကန့်ကွက်နေကြ၍ မပြီးမြောက်။ မြေကိုစု၍ ဝယ်ယူရန် တိုင်ပင်ကြတော့လည်း မည်သူမျှ သဘောမတူ။ ထိုသို့ဖြင့် ကန်တူးပေးမည့်စီမံကိန်းသည် အခြားညီညွတ်သော ကျေးရွာတစ်ရွာက ရရှိသွားသည်။ ထိုရွာလေးမှာ ရေငတ်မြဲငတ်လျက်ရှိသည်။

အရက်မူးသမားများ ဆူညံနေသည့် ရပ်ကွက်ကလေးထဲမှာ ညကို အိပ်မောကျရသည်။ ဆိုင်ကယ်များ တရကြမ်းမောင်းသွားသော လမ်းမထက်မှာ ကလေးငယ်များ စာသင်ကျောင်းများဆီ သွားကြရသည်။ ဖမ်းစားမှု အရိပ်အယောင်ကြောင့် ပျက်စီးလွယ်သော အရပ်ဝန်းကျင်တွင် တက္ကသိုလ်များရှိနေသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုက ကမ္ဘာနှင့်ချီ၍အရှိန်ရနေသည်။ မငြိမ်းချမ်းသော နယ်ပယ်ဒေသများ၌ စာသင်ကျောင်းများမရှိ။ အသိပညာ မဲ့သွားသောအခါ သူတစ်ပါး၏ အသုံးချခံနယ်ပယ်ထဲ၌ ဘဝကို ထိုးအပ်လိုက်ရတော့သည်။ ပြည်သူများဖြစ် ပါသည်။ အနာဂတ်များဖြစ်ပါသည်။ ပြည်ထောင်စုကြီးဖြစ်ပါသည်။