ရပ်တည်ချက်များ မှန်ပါစေ

ရပ်တည်ချက်များ မှန်ပါစေ
Published 5 August 2017

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုကမ်းစေတီပြင်တိုက်နယ် မေယုတောင်တန်း အနီးရှိ ကျေးရွာအချို့တွင် နယ်မြေလုံခြုံမှုအရ စိုးရိမ်မှုမြင့်တက်ကာ ဒေသခံ တိုင်းရင်းသားများ နေရပ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေးနေကြစဉ်

ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လလုံး စာမရေးဖြစ်ခဲ့ပါဘူး။ ကျန်းမာရေး မကောင်းတာလည်းပါသလို စာရေးဖို့ စိတ်ခွန်အား မရှိတာလည်း တစ်ကြောင်းကြောင့် ဖြစ်ပါတယ်။ သူများတွေရေးတဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ဝတ္ထုတွေ ဖတ်ပြီး စာရေးသူတွေကို စိတ်ထဲက ချီးကျူးဂုဏ်ယူ နေမိပါတယ်။ သူတို့ရဲ့ ရပ်တည်ချက်တွေ စိတ်ကူးစိတ်သန်းတွေ၊ ရည်ရွယ်ချက်တွေဟာ အများပြည်သူအကျိုး၊ နိုင်ငံတော် အကျိုးစီးပွားတွေအတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ ဝေဖန်ထောက်ပြ ရေးသားမှုတွေကြောင့်လည်း ဖြစ်ပါတယ်။

စာပေအသိုင်းအဝိုင်းက သူတွေ၊ စာနယ်ဇင်း အသိုင်းအဝိုင်းက သူတွေအများစုဟာ ချမ်းသာသူတွေ မဟုတ်ကြပါဘူး။ မိသားစု စားဝတ်နေရေးအတွက် သူတို့ရဲ့အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ အများစုဖြစ်ပါတယ်။ ချမ်းသာချင်လို့ ဒီအလုပ်ကို လုပ်နေကြသူတွေ မဟုတ်ကြပါဘူး။ ဝါသနာကို အရင်းခံပေမယ့် တစ်ဖက်က အများပြည်သူ အကျိုးစီးပွားကောင်းစားရေးဆိုတဲ့ မှန်ကန်တဲ့ ရ့ပ်တည်ချက်ထားသူတွေ အများစုဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ အကြောင်းမရှိပါဘူး။

စာရေးသူဟာ စာနယ်ဇင်း အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ဦး မဟုတ်ပါဘူး။ ဒါပေမဲ့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ မစိမ်းသူဖြစ်ပါတယ်။ အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်သလို ကိုယ်ပိုင်လုပ်ငန်းနဲ့ ဘဝရပ်တည်နေသူ ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေဘက်က ရှေ့နေလိုက်ပြီး လော်ဘီလုပ်ပေးနေတာ မဟုတ်ပါဘူး။ စာနယ်ဇင်းသမား အများစုနဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ဝတ္ထုရေးဆရာတွေ အများစုနဲ့ဟာ ကိုယ်ချင်းစာစိတ်တွေ ရှိပြီး မှန်ကန်တဲ့ ရပ်တည်ချက်တွေနဲ့အတူ အများပြည်သူတွေကို မှန်ကန်တဲ့အသိ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆရရှိကြပါစေဆိုတဲ့ စိတ်စေတနာတွေ အပြည့်အဝရှိနေကြသူတွေက အများစုဖြစ်ကြပါတယ်။

လူတစ်ဦး တစ်ယောက်ပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ရပ်ပဲဖြစ်ဖြစ် မှန်ကန်တဲ့ ရပ်တည်ချက်တွေ ထားရှိဖို့ လိုပါတယ်။ မိမိတို့ရဲ့ ရပ်တည်ချက်တွေ မှန်ကန်မှလည်း မိမိတို့ရဲ့အနာဂတ်နဲ့အတူ အခွင့်အလမ်းတွေ တိုးတက်ရှင်သန် ခိုင်မာမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ရပ်တည်ချက်တွေ မရှိရင် မိသားစုဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ဖြစ်စေ ရေရှည်တည်တံ့ ခိုင်မြဲဖို့ ခဲယဉ်းနေမှာ ဖြစ်ပါတယ်။ မိမိတို့ မိသားစု၊ မိမိတို့ရဲ့ အဖွဲ့အစည်းရဲ့ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ မိမိတို့ အကျိုးစီးပွားကို ဦးတည်နေတယ် ဆိုပေမယ့် မိမိတို့အတွက် ကောင်းကျိုးတွေဟာ ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေ မပေးမိဖို့ လိုပါတယ်။

ထို့အတူပါပဲ မိမိတို့ အဖွဲ့အစည်း အောင်မြင် တိုးတက်ကြီးပွားပြီး ရေရှည်တည်တံ့ ခိုင်မြဲဖို့ အခြားသော အဖွဲ့အစည်းတွေ၊ ပြည်သူတွေရဲ့အပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ၊ အနှောင့်အယှက် အဟန့်အတားတွေ မပေးမိဖို့လည်း လိုပါတယ်။ မိမိတို့လျှောက်တဲ့လမ်း၊ မိမိတို့ အဖွဲ့အစည်း လျှောက်တဲ့လမ်းဟာ မှန်ကန်မယ်၊ တရားမျှတမယ် မှန်ကန်တဲ့ ရပ်တည်ချက်တွေ ရည်မှန်းချက်တွေရှိပြီး အများပြည်သူ ကောင်းစားရေးနဲ့အတူ နိုင်ငံတော်အကျိုးစီးပွားတွေကို ရှေးရှုမယ်ဆိုရင် ပြည်သူတွေရဲ့ ထောက်ခံမှုတွေ၊ ပြည်သူတွေရဲ့မေတ္တာတွေကို ရရှိနိုင်မှာ ဖြစ်ပေမယ့်၊ မတရားမှုတွေ ရပ်တည်ချက်တွေ မမှန်ကန်ကြဘူးဆိုရင်တော့ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းနဲ့အတူ ပြည်သူတွေရဲ့ မေတ္တာနဲ့ ဝေးနေကြမှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့ လျှောက်လှမ်းနေကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ၊ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး။ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ ရပ်တည်ချက်တွေ၊ ရည်မှန်းချက်တွေဟာ အများပြည်သူ အကျိုးစီးပွားအတွက် ဦးတည်နေမယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ ဆိုးကျိုးသက်ရောက်မှု မရှိဘူး။ ထိခိုက်နစ်နာမှုတွေ မရှိဘူးဆိုရင် ကြောက်စိတ်တွေ ကင်းပြီး အင်အားတွေလည်း အလိုလို တိုးပွားလာမှာ ဖြစ်ပါတယ်။ ကြောက်စိတ်ကင်းပြီး မှန်ကန်တဲ့ ရပ်တည်ချက်၊ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေရှိမှသာ လိုရာခရီးကို ရောက်မှာ ဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် မိမိတို့ရဲ့ ရပ်တည်ချက် ရည်ရွယ်ချက် ဆုံးဖြတ်ချက်တွေဟာ ဘယ်သူ့ပယောဂမှ မပါဘဲ မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ရပ်တည်ချက်တွေ ဖြစ်ဖို့လိုပါတယ်။

လောကဓမ္မတာအရ မိမိတို့ ဘဝခရီးလမ်းတစ်လျှောက် အခက်အခဲတွေ၊ အကျပ်အတည်းတွေကို မဖြစ်မနေ ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြတ်ကျော်ခြင်း မရှိဘဲ ရရှိလာတဲ့ အောင်မြင်မှုဟာ ရှေရှည်တည်တံ့ မခိုင်မြဲနိုင်သလို လွယ်လွယ်နဲ့ အောင်မြင်မယ်။ လွယ်လွယ်နဲ့ ချမ်းသာကြီးပွားမယ်ဆိုရင် လွယ်လွယ်နဲ့ပဲ ဇာတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ရပ်တည်ချက်တွေ ခိုင်မာတဲ့ စိတ်ဓာတ်တွေ၊ မဆုတ်မနစ်ကြိုးစားအား ထုတ်မှုတွေ၊ မလျှော့တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေ နဲ့သာ အခက်အခဲကြမ်းတမ်းတဲ့ခရီးလမ်းတွေ ကို ကျော်ဖြတ်သွားနိုင်ကြမှာဖြစ်ပါတယ်။
ဘဝကို ရေစုန်မျောပြီး အလွယ်လိုက်ကာ ဖြတ်လမ်းလိုက်ပြီး အောင်မြင် ကြီးပွားလိုသူတွေ အနေနဲ့လည်း သူတို့ကို မသေချာ မရေရာမှုတွေနဲ့အတူ တရားဥပဒေရဲ့ ဒဏ်ခတ်မှုတွေက ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ထို့အတူပါပဲ တရားမျှတမှု မရှိဘဲနဲ့ ရယူထားကြတဲ့ ပိုင်ဆိုင်မှု၊ ဥစ္စာဓနနဲ့ ရာထူးအာဏာတွေဟာ မှန်ကန်တဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်တွေ ကင်းမဲ့နေမယ်။ မိမိတို့ အဖွဲ့အစည်းအကျိုး၊ မိမိတို့ ကိုယ်ကျိုးတွေကို ရှေ့တန်းတင်ထားကြမယ် ဆိုရင်တော့ အဆုံးတစ်နေ့ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်း၊ ရှုတ်ချခြင်း၊ ဆန့်ကျင်ခြင်းတွေနဲ့ မလွဲမသွေ ဧကန်မုချ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃) နှစ်ပြည့် အခမ်းအနားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ထုတ်ပြန်ခဲ့တဲ့ သဘောထား ထုတ်ပြန်ချက်ထဲက ယခုဆောင်းပါးနဲ့ ဆက်စပ်မယ်ထင်တဲ့ စာပိုဒ်အချို့ကို ဖော်ပြလိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် NLD အစိုးရ တက်လာသည်မှာ တစ်နှစ်ကျော်ကာလ ရှိပြီဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့မတိုးနိုင်ဘဲ စစ်ရေး၊ ထိုးစစ်၊ တိုက်စစ်များ ပြင်းထန်လာနေပါသည်။ စစ်ပြေးဒုက္ခသည် စခန်းများ တိုးပွားလျက် ရှိနေပါသည်။

ထို့ပြင် ပြည်သူလူထုမှာ နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ် ခံနေရခြင်း၊ အလုပ်သမားများ၏ လုပ်ခနှင့်လစာ မမျှတသည့်အတွက် ဆန္ဒပြသပိတ်မှောက်နေရခြင်း၊ လယ်ယာမြေများ မတရားသိမ်းပိုက် ခံရမှုကြောင့် လယ်သမားများ၏ လယ်သိမ်းယာသိမ်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေရခြင်း၊ ပွင့်လင်းမြင်သာမှု မရှိသော စီမံကိန်းကြီးများကို လူထုက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြစသည့် အခွင့်အရေးတိုက်ပွဲများကို ဆင်နွှဲနေရပါသည်။
မီဒီယာ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ထားပါသည်။ ဒေသအသီးသီးတွင် ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ပေါက်ကွဲလာမည်ကိုလည်း စိုးရိမ်ဖွယ်ရာ တွေ့နေရပါသည်။

“ထို့အပြင် ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ယင်းတို့၏ တိုင်းပြည်တွင် ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး စွမ်းရည်များကို တည်ဆောက် မြှင့်တင်နေကြပါသည်။ ရှေ့သို့ အရှိန်အဟုန်ဖြင့် ချီတက်ရွေ့လျားနေကြပြီ ဖြစ်သည်။ ကျွနု်ပ်တို့၏နိုင်ငံတွင် တောင်ပေါ်မြေပြန့်ပြဿနာအရပ်ရပ် ရှုပ်ထွေး ကျယ်ပြန့်လာနေပါသည်။ လက်ရှိ အနေအထားတွင် တိုင်းပြည်တစ်ခု၊ အစိုးရနှစ်ရပ်၊ အုပ်ချုပ်ရေးစနစ် သုံးခုရှိနေပါသည်။ ပွတ်တိုက်မှုမှ တိုးတိုက်မှု၊ တိုးတိုက်မှုမှ ထိပ်တိုက်ရင်ဆိုင်မှုသို့ ဆိုက်ရောက် ဖြစ်ပွားမည်ကို စိုးရိမ်ဖွယ် အနေအထား ဖြစ်နေပါသည်။”

“တရားမျှတ၊ လွတ်လပ်၊ တန်းတူမှုနှင့် ပွင့်လင်း၊ ရိုးသား၊ ဖြောင့်မတ်စွာ တွေ့ဆုံဆွေးနွေးရေး၊ တစည်းတလုံးတည်းသော ဥမကွဲသိုက်မပျက် မိသားစုစိတ်ဓာတ် သန္နိဋ္ဌာန်နှင့် ရပ်တည်ချက်ရှိရေး၊ လက်ရှိ အခြေအနေနှင့် ကိုက်ညီပြီး အားလုံး လက်ခံနိုင်သော ငြိမ်းချမ်းရေးမူတစ်ရပ်ကို လည်းကောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေတစ်ရပ်ကို လည်းကောင်း ရရှိအောင် ကြိုးပမ်းကြရပါမည်” ဟု ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမှန်တကယ်လည်း မျက်မှောက်ခေတ် စာရေးသူတို့နိုင်ငံ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ အကျပ်အတည်း အခက်အခဲ အတားအဆီးတွေနဲ့ ကြုံတွေ့နေရချိန်လည်း ဖြစ်ပါတယ်။ ဘယ်လိုပင် အတားအဆီး အခက်အခဲတွေနဲ့ ကြုံတွေ့ကြုံတွေ့ နောက်မဆုတ်တမ်း မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ခိုင်မာတဲ့ စိတ်ဓာတ်ရည်ရွယ်ချက် ဆုံးဖြတ်ချက်တွေနဲ့အတူ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရီယတွေနဲ့ ရှေ့ဆက်လှမ်းကြရမှာ ဖြစ်ပါတယ်။
ဟာကွက်ပျော့ကွက် လိုအပ်ချက်တွေကို သင်ခန်းစာယူပြီး မိမိတို့ လျှောက်လှမ်းမယ့် ခရီးလမ်းဆုံးသည့်တိုင် အကျပ်အတည်း အတားအဆီးတွေကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု အင်အားကို တည်ဆောက်ကာ ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်သွားရမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ နိုင်ငံတော် အနာဂတ်နဲ့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ အကျိုးစီးပွားအတွက် အရေးကြီးတဲ့ အချိန်ကာလမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမုန်းတရားနဲ့ သံသယစိတ်တွေ ဖယ်ရှားပြီး ယုံကြည်မှု အပြည့်အဝထားကာ အတူတကွ ဖော်ဆောင်ကြဖို့ လိုသလို အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး အပါအဝင် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နယ်ပယ်ကဏ္ဍ အသီးသီးမှာ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုတဲ့မှန်ကန်တဲ့ ရပ်တည်ချက်တွေရှိဖို့ လိုပါတယ်။ အစိုးရအဖွဲ့အစည်းဖြစ်စေ၊ နယ်ပယ်ပေါင်းစုံက အရပ်ဘက် အဖွဲ့အစည်းဖြစ်စေ တိုင်းရင်းသားပြည်သူတွေကို မျက်နှာမမူဘဲ မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေကနေ သွေဖည်နေမယ်ဆိုရင်တော့ တိုင်းရင်းသားပြည်သူတွေနဲ့ အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် မှန်ကန်တဲ့ ရပ်တည်ချက်တွေ၊ ရည်ရွယ်ချက်တွေ ထားရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအပေါ် ပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးနေမှာ ဖြစ်ပါတယ်။သို့သော်လည်း အဖွဲ့အစည်းအသီးသီးရှိ လူပုဂ္ဂိုလ်များရဲ့ ရပ်တည်ချက်တွေ မမှန်သေးသရွေ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း အရိုးစွဲလာတဲ့ စိတ်ဓာတ်တွေ မပြောင်းလဲသေးသရွေ့ စာရေးသူတို့နိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေအကြားမှာ အဘက်ဘက်က နိမ့်ပါးနေဦးမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။