နေ့စဉ်ဘဝထဲက စာသားများ

နေ့စဉ်ဘဝထဲက စာသားများ
Published 6 December 2017

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ မြင်းမူကျေးရွာအနီးဝန်းကျင် သဘာဝအလှရှုခင်းများနှင့် ရောင်စုံသီးနှံစိုက်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)

ဒီနံနက်ခင်း အိပ်ရာထတော့ ပြတင်းပေါက်ကို ဖွင့်လိုက်တဲ့အချိန် စိတ်ထဲကြည်နူးမိသလို ဖြစ်သွားပါတယ်။ အဆောင်ရှေ့က ကတ္တရာလမ်းမတွေဟာ ညကကျထားတဲ့ နှင်းတွေကြောင့် စိုစွတ်ပြောင်လက်နေကြတာကို မြင်လိုက်ရလို့ပါ။ ကျွန်တော်တို့ လက်ရှိနေထိုင်နေကြတဲ့နေရာက မြို့အပြင်ဘက်အစွန်မှာ ရှိနေတာဆိုတော့ အများအားဖြင့် သစ်ပင်များ၊ မြက်ခင်းများ၊ ဖြတ်သွားဖြတ်လာကား အချို့နဲ့ ကျယ်ပြောလှတဲ့ ကွင်းပြင်ကိုပဲ နေ့စဉ် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ အမြဲခြောက်သွေ့နေတဲ့လမ်းတွေကို အခုလို စိုစွတ်လတ်ဆတ်နေတာကို မြင်ရတော့ တစ်မျိုးလှပနေတယ်လို့ ခံစားမိပါတယ်။

အခုတစ်လော ခါတိုင်းရက်တွေထက် နည်းနည်း ပိုအေးလာတယ်လို့လည်း ထင်မိပါတယ်။ နေရောင်ခြည် နည်းနည်းမြင်ရပြီဆိုတာနဲ့ အဆောင်အပြင်ဘက်ထွက်ကာ လမ်းလျှောက်ရင်းနဲ့ လေကောင်းလေသန့်ရှူပါတယ်။ ကျန်းမာရေးအတွက် ခန္ဓာကိုယ် လေ့ကျင့်ခန်းအချို့လည်း လုပ်ဖြစ်ပါတယ်။ အခြားရာသီတွေနဲ့စာရင် အေးစိမ့်ချမ်းအေးတတ်တဲ့ ဆောင်းရာသီကို ငယ်ငယ်လေးကတည်းက ကျွန်တော်ကြိုက်နှစ်သက်ခဲ့ပါတယ်။ အဆောင်အပြင်ဘက်မှာ ခဏတစ်ဖြုတ်လမ်းလျှောက်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာတော့မှ အဆောင်ထဲပြန်ဝင်ကာ သူငယ်ချင်းတွေ အိပ်ရာကနိုးလာတာကို ထိုင်စောင့်ပါတယ်။ သူတို့ အိပ်ရာထလာတဲ့အခါ ကော်ဖီသောက်ရင်းနဲ့ ကျွန်တော်တို့ စကားပြောကြလေ့ ရှိပါတယ်။ ဒီမှာက ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ပဲ နေရတာဆိုတော့ အခုလို အချင်းချင်းဆုံတဲ့အချိန် စကားထိုင်ပြောရင်းနဲ့ပဲ အချိန်တွေကို ကုန်လွန်အောင်လုပ်ရတာ ဖြစ်ပါတယ်။

စကားမပြောဖြစ်တဲ့ အချိန်တွေဆိုရင် အင်တာနက်သုံးလိုက်၊ စာဖတ်လိုက်နဲ့ပဲ ပျင်းရိငြီးငွေ့ဖွယ်ရာ အချိန်တွေကို ဖြတ်ကျော်ရပါတယ်။ လူစုံပြီဆိုရင် ကိုယ့်အတွေ့အကြုံတွေကို ပြောဆိုကြသလို အင်တာနက်ထဲက သတင်းတွေနဲ့ စာအုပ်တွေအကြောင်းကို စိတ်ပျော်ရွှင်စရာဘက်ကနေ ယူပြီးတော့ ပြောဆိုကြပါတယ်။ အပြင်သွားစရာကိစ္စမရှိတဲ့ နေ့ရက်တွေဆိုရင် ကျွန်တော်တို့နေတဲ့ အဆောင်လေးဟာ အမြဲတိတ်ဆိတ်နေတတ်ပါတယ်။ ကိုယ့်အခန်းထဲကိုယ်နေပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတေ့ာ အခုလို စားပွဲဝိုင်းတစ်ခုထဲမှာ လူစုံမှပဲ အဆောင်လေးက စကားသံတွေနဲ့ စိုလက်တောက်ပလာတတ်ပါတယ်။

အမြဲအေးနေတတ်တဲ့ ဆောင်းရာသီကို အကြောင်းပြကာ ဟိုနား၊ ဒီနားလည်း မသွားဖြစ်တော့ဘဲ အွန်လိုင်းပေါ်က သတင်းတွေ ဖတ်လိုက်၊ စာအုပ်တွေဖတ်လိုက် လုပ်ရင်းနဲ့ပဲ အချိန်ဖြုန်းနေဖြစ်တာ များပါတယ်။ သူငယ်ချင်း လင်းလွင်ကတော့ ညနေခင်းဘက်တွေမှာဆိုရင် အခန်းအပြင်ဘက်ထွက်ကာ စကားပြောဖို့ လူရှာတတ်ပါတယ်။ သားအေး ညကတော့ သူအပြင်ထွက်လာလို့ အခန်းအပြင်ဘက်မှာ ဘယ်သူ့ကိုမှ မတွေ့တော့ဘူးဆိုရင် ကျွန်တော်တို့ကိုခေါ်ကာ စကားတွေပြောဆိုတတ်ကြပါတယ်။ စကားလုံးတွေဟာ လူတစ်ယောက်ကို စိတ်ဆင်းရဲမှုဖြစ်စေသလို စိတ်ပျော်ရွှင်ကြည်နူးမှုကို ပေးတယ်လို့လည်း နားလည်မိပါတယ်။ သူငယ်ချင်းတွေက သူတို့အခန်းထဲမှာ အလုပ်ကိုယ်စီလုပ်နေတဲ့အချိန် တစ်ယောက်တည်း ပျင်းရိလာလို့ ကျွန်တော့် စိတ်ထဲ ပြောဆိုစရာ တစ်ခုခုရှိလာတဲ့အခါ ဒိုင်ယာရီစာအုပ်ထဲမှာပဲ ကိုယ့်စိတ်ထဲရှိတာတွေ ချရေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ တစ်ခါတစ်ရံ ဒိုင်ယာရီစာအုပ်ထဲမှာ တချို့အဖြစ်အပျက်တွေ၊ မှတ်သားထားသင့်တဲ့ အကြောင်းအရာတွေ၊ မေ့ပျောက်သွားမှာစိုးတဲ့ ကိစ္စတွေကို ရေးမှတ်ထားလေ့ ရှိပါတယ်။ ဒိုင်ယာရီရေးတဲ့အကျင့်က နှစ်နည်းနည်းကြာလာပြီဆိုတော့ စာအုပ်တွေလည်း နည်းနည်းများလာပြီ ဖြစ်ပါတယ်။ အကြောင်းအရာတွေကို ပါးစပ်က ပြောတဲ့အခါ စကားလုံးတွေဖြစ်လာပြီး စာအုပ်ထဲချရေးတဲ့အခါ စာလုံးတွေ၊ စာသားတွေ ဖြစ်လာပါတယ်။ စကားပြောတဲ့အခါ၊ နားထောင်တဲ့အခါတွေမှာ ပျော်ရွှင်ကြည်နူးစရာတွေကိုပဲ ပြောချင်၊ နာထောင်ချင်မိသလို စာအုပ်ထဲကို စာသားတွေအဖြစ် ချရေးတဲ့အခါမှာလည်း ဝမ်းသာစရာ၊ စိတ်ချမ်းသာစရာ၊ နှစ်သက်ကြည်နူးစရာ ကိစ္စတွေကိုပဲ ချရေးချင်မိပါတယ်။ ဒါပေမဲ့ လောကသဘာဝအရ အကောင်းနဲ့အဆိုးက ဒွန်တွဲ တည်ရှိနေတတ်တယ်ဆိုတော့ ဆင်းရဲဒုက္ခတွေ အကြောင်းတွေကိုလည်း မလွှဲမရှောင်သာချ ရေးရတာပါပဲ။ စကားလုံးအနေနဲ့ပဲ ဖြစ်ဖြစ် စာအုပ်ထဲက စာသားတွေအနေနဲ့ပဲဖြစ်ဖြစ် စိတ်မချမ်းသာစရာကိစ္စများကို တစ်ခါတစ်ရံ မလွဲှမရှောင်သာ ကျွန်တော်တို့အနေနဲ့ တွေ့ကြုံပြောဆိုရလေ့ ရှိပါတယ်။

ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာတော့ စိတ်ပျော်ရွှင် ကြည်နူးစရာတွေပါသလို စိတ်ဆင်းရဲစရာ ကိစ္စတွေလည်း အများအပြား ရှိနေပါတယ်။ လူတစ်ယောက်ရဲ့ ဘဝထဲကတွေ့ကြုံရတဲ့ အရာတွေဟာ အချို၊ အချဉ်၊ အဖန်၊ အခါး၊ အစပ် အစရှိတဲ့ အရသာမျိုးစုံပါဝင်တဲ့ ထမင်းဝိုင်းတစ်ခုနဲ့ တူနေလိမ့်မယ် ထင်ပါတယ်။ အရောင်အဆင်း၊ အနံ့၊ အရသာမျိုးစုံ ပေါက်ရောက်ရှင်သန်နေတဲ့ ပန်းခင်းတစ်ခု၊ သစ်တောတစ်ခုနဲ့လည်း တူနေနိုင်ပါသေးတယ်။ အသက်အရွယ်၊ ပညာရေး၊ မိသားစု အခြေအနေ၊ ပတ်ဝန်းကျင် စတာတွေ မတူညီကြသလိုပင် အခြားသော ဘဝဖြတ်သန်းမှု၊ အတွေ့အကြုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီမှု မရှိနိုင်ကြပါဘူး။

ဘာပဲဖြစ်ဖြစ် မတူညီကြတဲ့ဘဝထဲမှာ ဘယ်သူမဆို စိတ်ချမ်းသာစရာ၊ ပျော်ရွှင်ကြည်နူးစရာ၊ ဝမ်းနည်းစရာ၊ စိတ်ဆင်းရဲစရာ ကိစ္စတွေဟာလည်း မလွဲမသွေ ရှိနေမှာပါပဲ။ အခုလို သူငယ်ချင်းသုံးယောက်တည်း နေထိုင်နေရတဲ့ အချိန်၊ လူနေရပ်ကွက်နဲ့ ပတ်ဝန်းကျင်နဲ့လည်း အနည်းငယ် အလှမ်းဝေးနေတဲ့အချိန်မှာ နေ့စဉ်ဘဝကို စကားလုံးတွေ၊ စာသားတွေနဲ့ ပုံဖော်နေရပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဒိုင်ယာရီစာအုပ်ထဲက စာသားတွေကိုတော့ ပျော်ရွှင်စေချင်မိပါတယ်။ ဒိုင်ယာရီစာအုပ်ထဲမှာတော့ တချို့အကြောင်းအရာတွေကို အကျယ်တဝင့်ရေးပြီး တချို့အကြောင်းအရာတွေကို စာသား အနည်းအကျဉ်းနဲ့ပဲ ရေးမှတ်ထားပါတယ်။ ပျော်ရွှင်ကြည်နူးစရာ ကိစ္စတွေကိုပဲ ရေးသားချင်ခဲ့တဲ့ ကျွန်တော်ဟာ ဝမ်းနည်းမျက်ရည်ကျရတဲ့ ကိစ္စတစ်ခုကိုလည်း ရေးသားခဲ့ရဖူးပါတယ်။ အခုလို အလုပ်မရှိလို့ တစ်ယောက်တည်း ဖြစ်နေချိန်မှာ ပျင်းလို့ စာရွက်တွေ လျှောက်လှန်ဖတ်နေရင်းနဲ့ အတိတ်တစ်ချိန်က ရေးသားခဲ့ဖူးတဲ့ အဲဒီအဖြစ်အပျက်ကို ပြန်ဖတ်မိရာကနေ ဝေဒနာဟာ အဟောင်းကနေ အသစ်ပြန်ဖြစ်လာပါတယ်။ ဒီစာသားတွေကို ပြန်မဖတ်မိခဲ့ရင် ကောင်းမှာပဲလို့လည်း ခံစားမိပါတယ်။ တချို့စာသားတွေဟာ လူတစ်ယောက်ကို ပျော်ရွှင်စေပြီး တချို့စာသားတွေကတော့ ဝမ်းနည်းပူဆွေးမှု ဖြစ်စေပါတယ်။

ကျွန်တော်တို့ တောနယ်ဘက်မှာ ရိုးရိုးခွေးကို လူတိုင်းမြင်ဖူးကြပေမယ့် ခွေးရူးဆိုတာကို ကြားပဲကြားဖူးပြီး လူကိုယ်တိုင် တွေ့မြင်ဖူးတဲ့သူက ရှားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဟိုကပြော၊ ဒီကပြောတာ ကြားခဲ့ဖူးသလို စာအုပ်တွေထဲမှာလည်း ဖတ်ခဲ့ဖူးပေမယ့် တကယ့်အပြင်မှာတေ့ာ တစ်ခါမှ ခွေးရူးဆိုတာကို မတွေ့မမြင်ခဲ့ဖူးပါဘူး။ အခုအချိန်အထိလည်း ခွေးရူးဆိုတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးသေးပါဘူး။ ခွေးရူးဆိုတာကို ကိုယ်တိုင်စိတ်ဝင်စားမှုမရှိဘဲနဲ့ အရေးကြီး ကိစ္စတစ်ခုကြောင့် အွန်လိုင်းကနေတစ်ဆင့် အရေးတကြီး လေ့လာဖြစ်သွားတာပါ။ အဲဒီနေ့က ကျွန်တော့်အထက်က အစ်မက ရွာမှာ ခွေးရူးအကိုက်ခံရလို့ ဆေးရုံတက်နေတဲ့အကြောင်း ညီဝမ်းကွဲတစ်ယောက်က ဖုန်းဆက်လာပါတယ်။ လွန်ခဲ့တဲ့နှစ်လလောက်က ရွာထဲမှ ခွေးတစ်ကောင်ဟာ အစ်မကိုကိုက်တဲ့ အကြောင်း၊ အဲဒီခွေးကို မြင်ရတာဟာ သာမန်လို့ပဲထင်နေပြီး ရူးနေတယ်လို့လည်း မထင်ခဲ့ကြောင်း၊ အစ်မက ညီမနဲ့အတူ ဆေးခန်းသွား ဖို့ပြင်ဆင်ခဲ့ပေမယ့် ခွေးပိုင်ရှင်အိမ်က သူတို့ ခွေးမရူးတဲ့ အကြောင်းလာပြောလို့ ဆေးရုံမတက်ဖြစ်ခဲ့တဲ့အကြောင်း၊ အခု နှစ်လကျော်ကြာမှ အရိုးအဆစ်တွေ ကိုက်ခဲလာလို့ ဆေးရုံတင်လိုက်ရတာဖြစ်ကြောင်း ဆိုတာတွေကို ဖုန်းဆက်ပြောလာပါတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက အိမ်က ထွက်လာခဲ့တာဆိုတော့ အစ်မ ခွေးကိုက်ခံရတဲ့ကိစ္စနဲ့ ဆေးရုံတက်ရတဲ့ ကိစ္စတွေကို မသိပါဘူး။ အခုလို ဖုန်းဆက်လာတော့ အင်တာနက်ကနေ ခွေးရူး အဆိပ်ဖြေပုံဖြေနည်းတွေကို အလောတကြီး လိုက်ရှာမိပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နောက်တစ်နေ့ နံနက်မှာ ရန်ကုန်ကနေ အစောဆုံးထွက်တဲ့ကားနဲ့ ရွာပြန်ခဲ့ပေမယ့် ညနေခင်းရွာရောက်တဲ့အချိန်မှာ အစ်မက အသက်ဆုံးပါးသွားခဲ့ပါပြီ။ ရပ်ရွာတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ မြို့ဆေးရုံမှာ ဆုံးခဲ့တာကြောင့် အလောင်းကို ရွာထဲအထိ သွင်းခွင့်မရဘဲ ရွာအပြင်မှာပဲ ခုတင်တစ်လုံးနဲ့ အလောင်းပြင်ပြီး အစ်မကို မီးသြင်္ဂိုဟ်ခဲ့ရပါတယ်။ အခုအချိန် ဒိုင်ယာရီစာအုပ်ထဲက အဲဒီအဖြစ်အပျက်၊ စားသားတွေကို ပြန်ဖတ်မိတော့ ဝမ်းနည်းပူဆွေးမှုတွေဟာ နောက်တစ်ကြိမ် ပြန်ဖြစ်ပေါ်လာပါတယ်။ အမှန်တကယ်လည်း ဖြစ်ပျက်ခဲ့သလို အခုအချိန်မှ ပြန်ဖျက်လို့လည်းမရတေ့ာ ရေးခဲ့ပြီးသား စာသားကို ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒီ စာရွက်တွေကို ရွေးပြီးဖြဲဆုတ်လိုက်ရင်တောင် တကယ့်အဖြစ်အပျက်တွေက စာရွက်တွေလို စုတ်ပြဲသွားမှာမဟုတ်သလို ဝေဒနာတွေကလည်း ပျောက်ကွယ်သွားမယ် မထင်ပါဘူး။

ဘဝတစ်ခုထဲရှိ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေထဲမှာ တချို့သော ကိစ္စရပ်တွေက အသိဉာဏ်ထဲကနေ ပျောက်ပျက်သွားခဲ့ကြပေမယ့် တချို့သော အကြောင်းအရာတွေကတော့ ပျောက်ကွယ်သွားခြင်းမရှိဘဲ အမြဲတမ်း ရှင်သန်စွဲကျန်နေလေ့ ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ်ရေးသားမယ့် အကြောင်းအရာတွေထဲမှာ အဲဒီလို ဆုံးရှုံးမှုကြီးမားလွန်းတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုတော့ စာသားတွေအဖြစ် ချမရေးချင်တော့ပါဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ နောက်ထပ် နေ့စဉ်ပြောဆိုကြမယ့် အကြောင်းအရာတွေထဲမှာလည်း ဝမ်းနည်းပူဆွေးစရာ၊ စိတ်ဆင်းစရာ၊ ဘဝရဲ့ ဒုက္ခဆင်းရဲများအကြောင်းကို မကြားချင်၊ မပြောဆိုချင်တေ့ာပါဘူး။

ဘဝဆိုတာ စာအုပ်တစ်အုပ်ဆိုရင် နေ့စဉ်ဘဝထဲမှာ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်၊ အကြောင်းအရာ၊ ကိစ္စရပ်တွေဟာ စာသားတွေ ဖြစ်ကြမယ်ထင်ပါတယ်။ အခြားသူတွေလိုပဲ ကျွန်တော့်ဒိုင်ယာရီစာအုပ်ထဲက စာသားတွေဟာလည်း ကျွန်တော့်ဘဝနဲ့ ဘဝရဲ့အစိတ်အပိုင်းများပဲ ဖြစ်ပါတယ်။ နေ့စဉ်ဘဝထဲက အကြောင်းအရာ၊ အဖြစ်အပျက်တွေကပဲ ဒိုင်ယာရီစာအုပ်ထဲမှာ စာသားတွေအဖြစ် ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ထူးထူးခြားခြား တွေ့ဆုံရမယ့် လူလည်းမရှိ၊ သင်တန်းတက်ရမယ့်ရက်လည်း မဟုတ်ဘဲ အပြင်သွားဖို့ကိစ္စလည်း အထွေအထူးမရှိတဲ့ နေ့တွေဆိုရင် ကိုယ့်အဆောင်ထဲမှာပဲ စကားလုံးများ၊ စာသားများနဲ့ နေ့စဉ် ပတ်သက်နေထိုင်နေရပါတယ်။ ကျောင်းတက်နေစဉ် ငယ်ဘဝမှာပဲဖြစ်ဖြစ် ကျောင်းအပြင်ဘက်ရောက်လို့ တကယ့် ဘဝထဲမှာပဲဖြစ်ဖြစ် စကားလုံးများ၊ စာသားများနဲ့တော့ ပတ်သက်နေကြရဦးမှာ ဖြစ်ပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှပေမယ့် အခြားသူတွေရေးတာကို ဖတ်ရတာဖြစ်ဖြစ်၊ ကိုယ်တိုင်ရေးရတာပဲဖြစ်ဖြစ် စာသားတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ စာသားတွေဟာ ဘဝတွေ၊ လူတွေနဲ့ အဖြစ်အပျက်တွေအကြောင်း ရေးထားလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက အဖြစ်အပျက်တွေကို ကျွန်တော်တို့ နေ့စဉ် ပတ်သက်နေရတဲ့ စာသားတွေကပဲ ပုံဖော် ပြောပြနေကြတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ စာသားတွေဟာ ဘဝတွေအကြောင်းကို ပြောပြနေကြပါတယ်။