ဆေးလိပ်၊ ကွမ်းယာနဲ့ အရက် ဘယ်လိုဖြတ်ကြမလဲ

ဆေးလိပ်၊ ကွမ်းယာနဲ့ အရက် ဘယ်လိုဖြတ်ကြမလဲ
Published 7 November 2017

ဓာတ်ပုံ-အောင်မျိုးသန့်

စာရေးသူတို့ မြန်မာစကားမှာ “အတုမြင် အတတ်သင်” ဆိုတာရှိပါတယ်။ လူတွေမှာ အရာရာကို အတုခိုးလိုကြတဲ့ သဘော သဘာ၀ ရှိကြတယ်။ အထူးသဖြင့် မကောင်းတဲ့အရာကို တွေ့မြင်ရရင် အတုခိုးလုပ်ဆောင်လေ့ ရှိတတ်ကြတယ်။ အသိနဲ့ သတိမရှိကြရင် လူတစ်ဦးချင်းက မကောင်းတာကို လုပ်ဆောင်ဖို့ စိတ်ညွှတ်လွယ်စေတဲ့သဘော ရှိပါတယ်။ ဒီကနေ့ စာရေးသူတို့ ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်ကြည့်ရင် ဆေးလိပ်သောက်သူ၊ ကွမ်းစားသူ၊ အရက်သောက်သူတွေရဲ့ ပမာဏက အင်မတန်များပြားလာနေတယ် ဆိုတာကို သတိပြုမိကြမယ်ထင်ပါတယ်။ အသက် ၁၂ နှစ်အရွယ်လောက်ကနေ စတင်ပြီး ဆေးလိပ်သောက်နေတဲ့ လူငယ်တွေ တွေ့နေရတယ်။ ဆေးလိပ်သောက်သူ တွေသာမက အရက်သောက်နေတဲ့ လူငယ်တွေကိုပါ တွေ့နေရတော့ စာရေးသူကိုယ်တိုင်တွေ့ရင် အကျိုးအကြောင်း ရှင်လင်းပြောပြပြီး မသောက်ဖို့ ပြောမိတယ်။

တစ်ခါက ဆရာဝန်တစ်ယောက် စီးကရက်သောက်နေတာတွေ့လို့ စာရေးသူက ဆရာဝန်ဖြစ်ပြီး ဘာလို့ စီးကရက်သောက်နေတာလဲလို့ မေးလိုက်တော့ ချက်ချင်းပဲ စီးကရက်ကို မီးသတ်ပြီး လွှင့်ပစ်လိုက်တာ တွေ့ဖူးတယ်။ ဆရာဝန်ကိုယ်တိုင် ကွမ်းစားနေတာလည်း တွေ့ဖူးတယ်။ သူတို့ဆရာဝန်တွေ ကိုယ်တိုင် ဆေးလိပ်၊ ကွမ်းယာတွေ သောက်နေ၊ ဝါးနေမှတော့ ကျန်တဲ့လူငယ်တွေ သောက်တာ ဘာမျှမဆန်းတော့ပါ။ အမှန်က ဆေးလိပ်၊ ကွမ်းယာ၊ အရက်တွေကို မသောက်မစားကြစေဖို့ အသိပညာပေးမှုတွေ၊ စည်းကမ်းနဲ့ ကိုင်တွယ်တာတွေ လုပ်သင့်ပါတယ်။ အထူးသဖြင့် လူသွားလူလာများတဲ့ နေရာတွေမှာ ဆေးလိပ်သောက်တဲ့ အတွက် ကာဗွန်ဒိုင်အောက်ဆိုက်အငွေ့က အနီးပတ်ဝန်းကျင်က ဆေးလိပ်မသောက်သူတွေကို တိုက်ရိုက်မသောက်ပေမယ့် Passive Smokers လို့ခေါ်တဲ့ သွယ်ဝိုက်သောက်သူတွေအဖြစ် သူတို့လည်း ဆေးလိပ်သောက်သူတွေနည်းတူ ရောဂါရရှိစေတာ ဖြစ်ပါတယ်။

အနာဂတ်ကို မမျှော်တွေးဘဲ စီးကရက်စက်ရုံတွေ၊ အရက်စက်ရုံတွေကို နေရာများစွာမှာ တည်ဆောက်ထုတ်လုပ်တာက လွဲမှားတဲ့ လုပ်ဆောင်ချက်လို့ ဆိုချင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဓိကဖြစ်စေနိုင်တဲ့ ရောဂါကတော့ အဆုတ်ကင်ဆာ ရောဂါဖြစ်ပါတယ်။ ကွမ်းစားတဲ့အတွက် ရရှိနိုင်တဲ့ ရောဂါတွေကတော့ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာတွေ ဖြစ်ပါတယ်။ အရက်ကတော့ မိတ်ဆွေသူငယ်ချင်းတွေ တွေ့ဆုံကြရင် အပျော်အနေနဲ့ သောက်သုံးကြရင်း ကြာတော့ အရက်စွဲသွားပြီး အရက်နဲ့ဆက်စပ်တဲ့ရောဂါတွေ ရရှိစေတာဖြစ်ပါတယ်။ အဓိက,ကတော့ အရက်က ကျောက်ကပ်နဲ့ နှလုံးကို ထိစေတယ်လို့ သိရပါတယ်။

လူတွေရဲ့သဘောက မလုပ်ဖူးတာတွေကို စမ်းပြီးလုပ်ကြည့်ချင်ကြတဲ့သဘော ရှိပါတယ်။ ဆေးလိပ်၊ ကွမ်းနဲ့ အရက်တွေကလည်း ဒီသဘောတွေ များစွာပါပါတယ်။ စာရေးသူကိုယ်တိုင်လည်း တက္ကသိုလ်ရောက်ချိန်မှာ အခြားသူတွေ သောက်တာကို တွေ့မြင်ရပြီး ငါလည်း စတိုင်ကျအောင် စမ်းသောက်ကြည့်ဦးမှပဲဆိုတဲ့ အတွေးနဲ့ သောက်လိုက်တာ စွဲသွားခဲ့တယ်။ သို့ပေမယ့် စာရေးသူက စာဖတ်ထားတဲ့ အကျိုးကျေးဇူးကြောင့် ဆေးလိပ်ရဲ့ဆိုးကျိုးကို သိတာကြောင့် ၁၉၈၈ ခုနှစ် မေ ၃၀ ရက်မှာ တစ်နေကုန် တစ်ဝသောက်လိုက်တာ ည ၈ နာရီ မိနစ် ၃၀ မှာ ဆေးလိပ်တွေ ကုန်သွားတယ်။ ဒါသော်မှ စိတ်က ခေတ္တလောက် တွေဝေသွားခဲ့သေးတယ်။ သို့ပေမဲ့ ယတိပြတ်ဖြတ်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် နောက်ရက်ကစပြီး ဆေးလိပ်သောက်တာ ပြတ်သွားတယ်။ ငါးသုံးလုံးစီးကရက်တွေ လာပေးလည်း မသောက်တော့ပါ။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် အထူးခြားဆုံးရရှိတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ အမောခံနိုင်သွားစေတာ ဖြစ်ပါတယ်။ စာရေးသူက ရှစ်လွှာမှာနေတာဖြစ်လို့ အတက်အဆင်း လှေကားထစ် အတက် ၁၀၀၊ အဆင်း ၁၀၀ ရှိပါတယ်။ တစ်ရက်ကို အနည်းဆုံး နှစ်ခေါက်လောက် အတက်၊ အဆင်း ရှိပါတယ်။ အချို့ရက်တွေကို လေးခါ၊ ငါးခါလောက် အတက်၊ အဆင်း ရှိပါတယ်။ အပေါ်ကို တက်လာတိုင်း သတိထားမိတာက မမောဘူးဆိုတာ ဖြစ်ပါတယ်။ နှလုံးခုန်တာ ပုံမှန်အတိုင်းဖြစ်နေတာကို သတိထားမိပါတယ်။

အရက်ကလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ရင် ရံဖန်ရံခါသောက်ဖြစ်ခဲ့တယ်။ သို့ပေမဲ့ အရက်ကိုလည်း စိတ်နဲ့ပဲ လုံးဝဖြတ်လိုက်ပါတယ်။ ကွမ်းကတော့ စားလေ့စားထ မရှိတာကြောင့် မူလကတည်းက ပြတ်ပြီး သားဖြစ်သွားတယ်။ ကွမ်းစားတာနဲ့ပတ်သက်ပြီး စာရေးသူရဲ့မိတ်ဆွေတစ်ဦး (အခုတော့ ဆုံးသွားပါပြီ) ကွမ်းဆိုဘူးနဲ့ထည့်ပြီး တစ်နေကုန်စားတယ်။ မိဘတွေပေးစားသူနဲ့ အိမ်ထောင်ကျတော့ ပြဿနာက မင်္ဂလာဦးညမှာ ကွမ်းစားခြင်းရဲ့ အကျိုးကိုခံစားရတော့တာ ဖြစ်တယ်။ ဖြစ်ရပ်က ပန်းသေသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူက ကွမ်းစားနေသူတွေကိုတွေ့ရင် အထူးသဖြင့် တက္ကစီယာဉ်မောင်းတွေအများစုက ကားမောင်းရင် အိပ်ငိုက်မှု မရှိအောင်ဆိုပြီး ကွမ်းတွေဝါးနေကြတယ်။ စာရေးသူကတော့ ကွမ်းစားသူတွေကိုတွေ့ရင် မစားကြဖို့ သူငယ်ချင်းရဲ့ဖြစ်ရပ်ကို ဥပမာနဲ့ ပြောပြတယ်။ တက္ကစီယာဉ်မောင်းက သူကိုယ်တိုင်ပန်းသေနေတာကို ဝန်ခံပြောကြားပါတယ်။ အဲဒီလိုပြောပြတာတောင်မှ အတော်များများက ပန်းသေရင် သေပါစေ ကွမ်း၊ ဆေးလိပ်တော့ မဖြတ်နိုင်တဲ့ အခြေအနေဖြစ်နေကြတယ်။ လူတစ်ဦးချင်းအနေနဲ့ ဆေးလိပ်၊ ကွမ်းနဲ့ အရက်ဆိုတဲ့ ဖြတ်သုံးဖြတ်ကို ဖြတ်နိုင်ကြစေဖို့ အရေးကြီးဆုံးက မိမိစိတ်ကိုမိမိ အနိုင်ယူဆုံးဖြတ်ပြီး စိတ်နဲ့ယတိပြတ်ဖြတ်လိုက်တဲ့နည်း ဖြစ်ပါတယ်။

စာရေးသူတို့ နိုင်ငံမှာ စည်းကမ်းလိုက် နာဘေးကင်းကွာလို့ ဆိုထားပေမယ့် စည်းကမ်းမလိုက်နာသူတွေ များနေတယ်။ မြက်ခင်းပေါ်မနင်းရလို့ စာကပ်ထားပေမယ့် နင်းနေကြတယ်။ ဤနေရာ အမှိုက်မပုံရလို့ ဆိုင်းဘုတ်ရေးထားပေမယ့် အဲဒီစာတန်းအနားမှာသော်မှ အမှိုက်တွေ ပုံထားတာတွေ့ဖူးပါတယ်။

အခုဆောင်းပါးရေးနေစဉ်မှာ မန္တလေး ကျုံးပတ်လည်မှာ ဝိုင်းဖွဲ့ပြီးအရက်သောက် စားနေသူတွေကို စီမံချက်နဲ့အရေးယူဖမ်းဆီးရာမှာ ၁၁၁ ဦး ရှိတယ်လို့သိရတယ်။ ဒါကလည်း နှစ်ရက်အတွင်း ဖမ်းဆီးမိတဲ့ အရက်သောက်သူတွေ ဖြစ်ပါတယ်။ အရင်က ဘယ်လောက်အထိ ရှိခဲ့သလဲ မသိနိုင်ပါ။ မန္တလေးတစ်မြို့တည်းသာ ရှိသေးတာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တစ်ရက် တစ်ရက် အရက်သောက်တဲ့သူဦးရေ ဘယ်လောက်ရှိမလဲ။ သောက်သုံးတဲ့အရက်ပမာဏ ဘယ်လောက်ရှိမလဲ သုတေသနလုပ်ကြည့်ရင် သိနိုင်ပါတယ်။ အရက်သောက်ရာကနေ တစ်ဖက်မှာ ရာဇဝတ်မှုတွေလည်း ထူပြောလာစေတယ်။

နိုင်ငံတော်အနေနဲ့ မိမိနိုင်ငံသားတွေရဲ့ အနာဂတ်ကိုမျှော်တွေးပြီး ဆေးလိပ်ဖြတ်စေ လိုတယ်ဆိုရင် အဲဒီပစ္စည်းသုံးခုကို အခွန်တိုးကောက်တဲ့နည်းလမ်း၊ အသက် ၁၈ နှစ်အောက် ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ၊ အရက်မသောက်ရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ပေးဖို့ လိုအပ်ပါမယ်။ ဒါနဲ့ တစ်ဆက်တည်းမှာလည်း ဒီသုံးခုကနေ လူတစ်ဦးချင်းကိုကျရောက်လာစေနိုင်မယ့် ရောဂါတွေကို ဆေးပညာရှုထောင့်ကနေ ထင်သာမြင်သာဖြစ်အောင် အသိပညာပေးတာတွေ လုပ်ပေးသင့်ပါတယ်။ အသက်အရွယ်အရ ဆေးလိပ်သောက်တဲ့သူတွေအတွက် ဆေးလိပ်မသောက်ရမယ့်နေရာတွေကို သတ်မှတ်ပြဋ္ဌာန်းပေးပြီး စည်းကမ်းမလိုက်နာသူတွေကို တင်းကျပ်တဲ့အရေးယူဆောင်မှုတွေ လုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ကျောင်းတွေနဲ့ နည်းစပ်တဲ့နေရာတွေမှာ ဆေးလိပ်၊ ကွမ်းနဲ့ အရက်တွေ မရောင်းချစေဖို့လည်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

စည်းကမ်းက လူတစ်ဦးချင်းရဲ့ဘဝမှာ တန်ဖိုးဖြစ်တဲ့အတွက် တန်ဖိုးရှိတဲ့သူတွေ ဖြစ်အောင် နေထိုင်တတ်ကြဖို့ကို အသိပညာပေးတာတွေ လုပ်ဆောင်မှုတွေကနေ ဆေးလိပ်၊ ကွမ်းနဲ့ အရက်ကို ဖြတ်နိုင်ဖို့လုပ်ဆောင်ရန် လိုအပ်တယ်လို့ ဆိုချင်ကြောင်းပါ။