မြန်မာပြည်ပန်းချီအသင်းကြီး၏ ပထမဆုံးဥက္ကဋ္ဌ ပါမောက္ခဝါ့ဒ်

မြန်မာပြည်ပန်းချီအသင်းကြီး၏ ပထမဆုံးဥက္ကဋ္ဌ ပါမောက္ခဝါ့ဒ်
Published 14 September 2017

ပါမောက္ခဝါ့ဒ်၏ ပန်းချီလက်ရာတစ်ခု

ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဝါ့ဒ်ကို မြန်မာပန်းချီဆရာများ၏ ဖခင်ကြီးဟု ပန်းချီအသိုင်းအဝိုင်းက အသိအမှတ်ပြုကြပါသည်။ ပါမောက္ခဝါ့ဒ်သည် ပါမောက္ခတာဝန် ထမ်းဆောင်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ၁၉၁၈ ခုနှစ်တွင် မြန်မာပြည် ပန်းချီအသင်းကြီးကို ထူထောင်ကာ မြန်မာနိုင်ငံတွင် အနောက်တိုင်းပန်းချီ တိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာလူငယ် ပန်းချီဝါသနာရှင်များသည် ဥရောပပန်းချီရေးနည်းများကို သင်ယူရန် လမ်းစပွင့်ခဲ့ရသည်။ မြန်မာပြည် ပန်းချီအသင်းကြီး၏ ကျေးဇူးကြောင့်ပင် သင်တန်းသားများထဲမှ ပန်းချီဦးဘဉာဏ်၊ ပန်းချီဦးဘဇော်တို့ကို လန်ဒန်သို့ ပန်းချီပညာတော်သင် စေလွှတ်နိုင်ခဲ့သည်။ ဦးဘဉာဏ် ပန်းချီပညာကောင်းစွာ သင်ကြားနိုင်စေရန်အတွက် ပါမောက္ခဝါ့ဒ်သည် တော်ဝင်ပန်းချီသိပ္ပံ ကျောင်းအုပ်ကြီး ဆာဝီလျံရိုသင်စတိန်၊ တံခါးဝါ ပန်းချီကျောင်းအုပ်ကြီး စပင်းလပ်တို့နှင့် လန်ဒန်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ကြောင့် ဘိလပ်ပြန် ပန်းချီဆရာကြီ ဦးဘဉာဏ်က “ပရော်ဖက်ဆာဝါ့ဒ်က ကြပ်မတ်၍ သွင်းပေးသဖြင့် ပန်းချီအဆီအနှစ်ကို တွက်စစ်၍ သင်ပြသော ကျောင်းတစ်ကျောင်းသို့ ရွှေ့ပြောင်းသင်ကြားခွင့်ရလေသည်” ဟုမှတ်တမ်းတင်ခဲ့သည်။

ပါမောက္ခဝါ့ဒ်ကို အင်္ဂလန်နိုင်ငံ ကင်းဘရစ်မြို့တွင် ၁၈၇၃ ခုနှစ်ခန့်က မွေးဖွားခဲ့သည်။ ဖခင်ပါမောက္ခဂျမ်းဝါ့ဒ်နှင့် မိခင်မစ္စဘီဂျိမ်းတို့မှ ဖွားမြင်ခဲ့ပြီး မွေးချင်းသုံးဦးတွင် ဒုတိယမြောက်သားဖြစ်သည်။ ငယ်စဉ်ကပင် ပန်းချီဝါသနာပါခဲ့သူဖြစ်သည်။ အရွယ်ရောက်သောအခါ အင်္ဂလန် တံခါးဝါပန်းချီကျောင်းတွင် (YELLOW DOOR) တွင်ပန်းချီပညာ သင်ယူခဲ့သည်။ ကင်းဗရစ်တက္ကသိုလ်မှ အမ်အေဘွဲ့ရခဲ့သည်။ ပါမောက္ခဝါ့ဒ်က “ငါငယ်ငယ်တုန်းက နတ်သမီးလေးတွေနဲ့ ကစားရတယ်။ သူတို့က မင်းဒီမြို့အနောက်သွားရင် ချစ်သူတွေ့မယ်။ အရှေ့သွားရင် မိတ်ကောင်းဆွေ ကောင်းတွေ့မယ်” ဟုဆိုခဲ့သည်။ ပါမောက္ခဝါ့ဒ်သည် နတ်သမီးလေးများဆိုခဲ့သည့်အတိုင်း အမေရိကတွင် ဘဝကြင်ဖော်ကိုတွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မိတ်ကောင်းဆွေကောင်းများကို တွေ့ခဲ့ရသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။

ပါမောက္ခဝါ့ဒ်သည် ၁၉၀၀ ပြည့်နှစ်ကျော်ခန့်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ မြန်မာ့တောတောင် ရေမြေသဘာဝကို မြင်တွေ့ရသည်နှင့် ကြည်ကြည်နူးနူးခံစားခဲ့ပြီး အင်္ဂလန်တွင် ခင်မင်ခဲ့သည့် ငွေတိုက်မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေ၏အိမ်တွင် နေထိုင်ခဲ့သည်။ ရခိုင်အမျိုးသားများဖြစ်သော ဦးလှအောင်နှင့် ဦးမေအောင်တို့ လန်ဒန်တွင်ဝတ်လုံဘွဲ့ယူစဉ်က ပါမောက္ခဝါ့ဒ်က အကူအညီများပေးခဲ့ဘူးလေသည်။ ဒေါ်မြမေ ဗုဒ္ဓဘာသာသို့ သွတ်သွင်းပေးခဲ့သော အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီးနှင့် ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးရသည်ကို ပါမောက္ခဝါ့ဒ် နှစ်သက်သည်။ အားလပ်ချိန်များတွင်လည်း ဗုဒ္ဓဝါဒနှင့် ပတ်သက်သည့်စာများကို ရေးသားခဲ့သည်။ ကျောင်းပိတ်ရက်များတွင် ပုဂံညောင်ဦး၊ ကျိုက္ခမီကမ်းခြေများသို့ ခရီးထွက်၍ ပန်းချီအောက်ဒိုးဆွဲလေ့ရှိသည်။ ပါမောက္ခဝါ့ဒ်သည် မြန်မာ့တောတောင် ရေမြေရှုခင်းကားများစွာကို ရေးဆွဲခဲ့ပြီး ရှုခင်းများနှင့် လူပုံတွဲဖက်ရေးသည့်နည်းကို အစောဆုံး တီထွင်ဆန်းသစ်ခဲ့သည်။ လူပုံ၏စရိုက်ကို မိအောင်ဖမ်းရာ၌ အရောင်အသွေး၊ ဟန်ပန်အမူအရာ နှစ်မျိုးစလုံးတွင် ကျွမ်းကျင်သူဖြစ်သည်။ ပါမောက္ခဝါ့ဒ်သည် ကျိုက္ခမီ ပင်လယ်ကမ်းခြေကို သဘောကျသူဖြစ်ပြီး အင်္ဂလန်ရှိ မိခင်ထံသို့ ကျိုက္ခမီဆည်းဆာဆီ ဆေးပန်းချီကားကြီးကို ပို့ပေးခဲ့သည်။ ပါမောက္ခလုစ်နှင့်အတူ မြန်မာစာပေသမိုင်းနှင့် အနုပညာရပ်ဆိုင်ရာ တိုးတက်မှုများ လုပ်ဆောင်ခဲ့သည်။ ဘုရင်ခံက ပါမောက္ခဝါ့ဒ်အား မြန်မာအလိုတော်ရိ တစ်ယောက်ဟုပင်ဆိုခဲ့သည်။ ပါမောက္ခဝါ့ဒ်သည် မြန်မာလူငယ်များ၏ ပန်းချီပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပန်းချီကျောင်း ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်းခဲ့သည်။ တရားဥပဒေပြု လွှတ်တော်အမတ်များ၏ အစည်းအဝေး (Legislative Council) သို့တက်ရောက်ရန်လာသော မင်းတိုင်ပင်အမတ် တောင်ငူဦးဘချို (M.L.C) နှင့်တိုင်ပင်ကာ မြန်မာပြည်တွင် ပန်းချီကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန်အဆိုကို တင်ပြတောင်းဆိုခဲ့သည်။ သို့သော် ဘုရင်ခံက ပါမောက္ခဝါ့ဒ် လက်ရာမှန်းသိ၍ “မင်း နိုင်ငံရေးမှာ ဝင်မစွက်ပါနဲ့” ဟူ၍အပြစ်တင်ခဲ့သည်။

ပါမောက္ခဝါ့ဒ်သည် ကျိုက်က္ခမီကမ်းခြေသို့သွားတိုင်း ပန်းချီဗီဇရှိသည့် နောင်ပန်းချီဆရာကြီးဖြစ်လာမည့် မောင်စံဝင်းကို အုပ်ထိန်းသူများထံမှ တောင်းလေ့ရှိသည်။ နောက်ဆုံး စိတ်ရင်းစေတနာကောင်း၍ ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူ ပါမောက္ခဝါ့ဒ်ထံ မောင်စံဝင်းကို အဘိုးအဘွားများက ထည့်ပေးခဲ့သည်။ ပါမောက္ခဝါ့ဒ်နှင့် မောင်စံဝင်းတို့သည် မင်းကြီးကတော် ဒေါ်မြမေ၏ အိမ်တွင်ပင် နေထိုင်ခဲ့ကြသည်။ ပါမောက္ခဝါ့ဒ်သည် ၁၉၁၈ ခုနှစ်တွင် မြန်မာပြည်ပန်းချီအသင်း (Burma Art Club) ကို ကင်းထောက်မင်းကြီး မစ္စတာကင့်ချ်၊ မီးရထားကုန်ဝန် မန်နေဂျာ မစ္စတာမာတင်ဂျုံးတို့နှင့်အတူ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အသင်းစတင်တည်ထောင်ချိန်တွင် မင်းကြီးကတော် ဒေါ်မြမေ၏အိမ်တွင် တည်ထောင်ခဲ့ကြပြီး အသင်းသားများအဖြစ် ပန်းချီဦးရွှေစိုး၊ ပန်းချီဦးမောင်မောင်ကြီး၊ ပန်းချီဦးစံလွင်၊ အေလှမောင်၊ ဒေါ်ခင်အေးတို့ ပါဝင်ခဲ့ကြသည်။ အတွင်းရေးမှူးအဖြစ် ဦးသာထွန်း (ဗိသုကာ) ကဆောင်ရွက်ခဲ့ပြီး တနင်္ဂနွေနေ့တိုင်း ပန်းချီသင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ပန်းချီဝါသနာရှင် မြန်မာလူငယ်များသည်လည်း မျက်စိပွင့်နားပွင့်ဖြစ်လာကြပြီး ပန်းချီဟောပြောပွဲများ၊ လက်တွေ့ရေးဆွဲပွဲများသို့ မလွတ်တမ်း တက်ရောက် သင်ကြားလာခဲ့ကြသည်။ ပါမောက္ခဝါ့ဒ်သည် ဆီဆေး၊ မစ္စတာမာတင်ဂျုံးသည် လူ့ခန္ဓာကိုယ်အချိုးအစား ရေးဆွဲနည်းများကို ပြသပေးခဲ့ကြသည်။ ပါမောက္ခဝါ့ဒ်သည်လည်း မြန်မာပန်းချီလောကအတွင် သြဇာကြီးသူတစ်ဦး ဖြစ်လာခဲ့သည်။

ကျောင်းပိတ်ရက်တစ်ရက်တွင် ပါမောက္ခဝါ့ဒ်နှင့် သားဖြစ်သူ မောင်စံဝင်းတို့သည် မော်လမြိုင်သို့ အလည်အပတ်သွားရာမှ ဦးဘဉာဏ်နှင့် ဆုံခဲ့သည်။ ဦးဘဉာဏ်၏ ဆရာဖြစ်သူ မော်လမြိုင် ကျောင်းအုပ်ဆရာကြီး မစ္စတာကင့်ချ်က “ဘဉာဏ်ဟာ အရုပ်ရေးတတ်ပေမယ့် အရောင်သိပ်ပြီးမနိုင်သေးဘူး။ ငါလည်းနားမလည်၊ မင်းကြည့်လုပ်ပေးပါဦး” ဟု ပါမောက္ခဝါ့ဒ်ထံ အပ်ခဲ့သည်။ ဦးဘဉာဏ်၏ ပန်းချီလက်ရာများကို နှစ်သက်သော ဘုရင်ခံ၏အစီအစဉ်ဖြင့် ဦးဘဉာဏ် ရန်ကုန်ရောက်လာသောအခါ ပါမောက္ခဝါ့ဒ်တို့နှင့် လိုက်နေခဲ့သည်။ ပါမောက္ခဝါ့ဒ်သည် ဦးဘဉာဏ်ကို ရန်ကုန်ဟိုက်စကူးကျောင်းတွင် လက်ထောက်ပုံဆွဲဆရာအဖြစ် အလုပ်သွင်းပေးခဲ့သည်။ ထို့နောက် မြန်မာမှုဒီဇိုင်းများ ရေးဆွဲထုတ်လုပ်ရန်လည်း တိုက်တွန်းခဲ့သည်။ ဦးဘဉာဏ်ကို အကြောင်းပြု၍ ညီဖြစ်သူ ဦးဘဖန်မှာလည်း ပါမောက္ခဝါ့ဒ်တို့နှင့်အတူ နေထိုင်ခဲ့သည်။ ထို့နောက် ဦးဘဇော်နှင့် ဦးသာထွန်း (ဗိသုကာ) တို့လည်းရောက်လာပြီး ပါမောက္ခဝါ့ဒ်ထံတွင် ပန်းချီပညာသင်ကြားကြသည်။ ပါမောက္ခဝါ့ဒ်သည် ပန်းချီအကြောင်းများ ဟောပြောလိုက်၊ ပန်းချီကားများရေးပြလိုက်နှင့် အမှုထမ်းဘ၀ မလွတ်လပ်မှုများကိုလည်း တပည့်များကို ပြောပြလေ့ရှိခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် ပါမောက္ခဝါဒ်သည် ပန်းချီပြပွဲတစ်ခုကို ဦးစီးကျင်းပခဲ့သည်။ ထိုပန်းချီပြပွဲသို့ ပါမောက္ခဝါ့ဒ် အပါအဝင် ဦးဘဉာဏ်၊ ဦးဘဖန်၊ ဦးစံဝင်းနှင့် ဦးသာထွန်းတို့သည် ပန်းချီကားများကို တင်သွင်းခဲ့ကြပြီး ဦးသာထွန်း ပထမဆုရရှိခဲ့သည်။ ဦးဘဉာဏ်မှာလည်း မြန်မာပြည်ပန်းချီအသင်းကြီးတွင် မြန်မာလူမျိုးထဲမှ ပထမဆုံးသင်တန်းနည်းပြ ဖြစ်လာခဲ့သည်။ ထို့နောက် မြန်မာပြည် ပန်းချီအသင်းကြီးသည် မြန်မာလူငယ်များထဲမှ အလားအလာရှိသူများကို မြေတောင်မြှောက်ပေးရန် စီစဉ်ခဲ့ရာ ဦးဘဉာဏ်ကို အင်္ဂလန်သို့ ပညာတော်သင်လွှတ်ရန် ရွေးချယ်ခဲ့သည်။ အစပိုင်းတွင် ပါမောက္ခဝါ့ဒ်၊ မစ္စတာကင့်ချ်နှင့် မစ္စတာမာတင်ဂျုံးတို့သည် ၎င်းတို့၏ငွေဖြင့် ဦးဘဉာဏ်ကို ပညာတော်သင်လွှတ်ရန် ရည်ရွယ်ခဲ့သော်လည်း ကုန်ကျစရိတ်က များလွန်းနေသဖြင့် အစိုးရစရိတ်ဖြင့်ပင် လွှတ်ခဲ့ကြသည်။ ဦးဘဉာဏ် လန်ဒန်တွင် ပညာသင်ကြားနေစဉ် ပါမောက္ခဝါ့ဒ်သည် ဦးဘဉာဏ်ထံ မကြာခဏစာရေး၍ တိုးတက်မှုအခြေအနေများကို မေးမြန်းစုံစမ်းခဲ့သည်။ ပထမနှစ်ကုန်ဆုံးသည့်တိုင် ဆေးရောင်စုံမကိုင်ရသေးကြောင်း သိရသည့်အခါ အားမလိုအားမရ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဆက်လက်ကြိုးစားမြဲ ကြိုးစားရန်နှင့် မိမိနွေရာသီ ကျောင်းပိတ်ရက် အင်္ဂလန်သို့ပြန်လာလျှင် တစ်မျိုးတစ်ဖုံ ပြောင်းလဲပေးမည်ဖြစ်ကြောင်း စာရေးခဲ့သည်။ ပါမောက္ခဝါ့ဒ် လန်ဒန်သို့ရောက်သောအခါ ဦးဘဉာဏ်ထံသွား၍ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက် ဦးဘဉာဏ်ကို ပြင်ပဆရာတစ်ဦးဦးထံ အပ်နှံပေးရန် ဆုံးဖြတ်ခဲ့သည်။ ထု့ိနောက် ပါမောက္ခဝါ့ဒ်သည် သူတက်ရောက်ခဲ့သော ပန်းချီဆရာကြီး စပင်းလပ်၏ တံခါးဝါပန်းချီကျောင်းတွင် ဦးဘဉာဏ်ကို ဆက်လက်ပညာယူစေခဲ့သည်။ ပါမောက္ခဝါ့ဒ်၏ ထောက်ခံချက်အရ ကျောင်းဝင်ခွင့်လည်း အဆင်ပြေပြေရရှိခဲ့သည်။ ထို့နောက် ပါမောက္ခဝါ့ဒ်သည် တော်ဝင်ပန်းချီသိပ္ပံ ကျောင်းအုပ်ကြီး ဆာဝီလျံရိုသင်စတိန်နှင့် သွားရောက်တွေ့ဆုံကာ ဦးဘဉာဏ်အား ကျောင်းပြောင်းရခြင်း အခြေအနေမှန်ကို တင်ပြခဲ့သည်။

ဦးဘဉာဏ်ဒုတိယအကြိမ် ပညာတော်သင် သွားခါနီးတွင်လည်း ပါမောက္ခဝါ့ဒ်သည် ဦးဘဉာဏ်၏ မြန်မာမှုဒီဇိုင်းများကို ကျောင်းသုံးစာအုပ်များတွင် အသုံးပြုစေရေးအတွက် ကူညီခဲ့သည်။ ထိုမှရသောငွေသည် ဦးဘဉာဏ်ကို ပညာတော်သင်သွားရာတွင် အထောက်အကူဖြစ်စေခဲ့သည်။ ပါမောက္ခဝါ့ဒ်သည် ၁၉၂၆ ခုနှစ်တွင် မကျန်းမာသဖြင့် အင်္ဂလန်သို့ဆေးကုသရန် ခေတ္တပြန်သွားခဲ့သည်။ အင်္ဂလန်သို့မပြန်ခင်တွင် သားဖြစ်သူ မောင်စံဝင်းကို ‘စံဝင်း ငါ့စာတစ်ဝက် မင်းဆီမှာထားခဲ့မယ်။ တစ်ဝက်တော့ ငါယူသွားမယ်။ တစ်စုံတစ်ခုသော အကြောင်းကြောင်းကြောင့် ပျက်စီးဦးတော့ တစ်ဝက်ကျန်ရင်တော်ပြီ’ ဟုဆိုကာ သူ၏ဗုဒ္ဓစာစုများကို ပေးအပ်ခဲ့သည်။ ထို့နောက် ဆက်လက်၍ ‘စံဝင်း မင်းဟာ ဦးတည်ချက်မမှားဘဲ ထိပ်တန်းရောက်အောင် ကြိုးစားပါ။ မင်းရဲ့ကောလိပ်ကျောင်းမှာ မင်းသင်နိုင်သလောက်သင်ဖို့ ငါငွေအလုံအလောက်ထားခဲ့မယ်’ ဟုမှာခဲ့ပြန်သည်။ ၁၉၂၇ ခုနှစ်တွင် ပါမောက္ခဝါ့ဒ်သည် လန်ဒန်တွင် ဆေးကုသခံယူရင်း ကွယ်လွန်သွားခဲ့သည်။

ပါမောက္ခဝါ့ဒ် ကွယ်လွန်ချိန်တွင် ဦးဘဉာဏ်မှာ ဥရောပတခွင်သို့ လေ့လာရေးခရီး ထွက်နေချိန်ဖြစ်သည်။ ဦးဘဉာဏ်၏ ဆရာဖြစ်သူ တံခါးဝါပန်းချီကျောင်းအုပ်ကြီးကလည်း မထူးတော့သည်မို့ ပါမောက္ခဝါ့ဒ်၏ နာရေးသတင်းကို ဦးဘဉာဏ်ထံ အကြောင်းမကြားခဲ့ပေ။ ပါမောက္ခဝါ့ဒ် ကွယ်လွန်ကြောင်း မြန်မာပြည်ပန်းချီအသင်းသို့ သတင်းရောက်လာသောအခါ အသင်းသားများ ယူကျုံးမရဖြစ်ခဲ့ကြရသည်။ ဦးစံဝင်းနှင့် ဦးဘဉာဏ်တို့အတွက်မှု ရွှေတောင်ကြီးပြိုသကဲ့သို့ ခံစားကြရသည်။ ဦးစံဝင်းမှာ ထိုနှစ်တွင် ၁၀ တန်းအောင်မြင်ရာ မွေးစားဖခင်ကြီး၏ သတင်းကြောင့် မပျော်နိုင်ဖြစ်ခဲ့ရသည်။ ထိုအချိန်မှာပင် ပါမောက္ခဝါ့ဒ်၏ မိခင်မစ္စဘီဂျိမ်းက ပါမောက္ခဝါ့ဒ်၏ သေတမ်းစာအရ တက္ကသိုလ်ပညာ သင်ကြားတော့မည့် ဦးစံဝင်းထံသို့ ထိုစဉ်က မြန်မာငွေကျပ် သုံးထောင်ပို့လိုက်လေသည်။ သို့သော် မောင်စံဝင်းက သားလည်းဆုံး၊ အသက်အရွယ်လည်း ထောက်လာသည့် ပါမောက္ခဝါ့ဒ်၏ မိခင်ကြီးအား ထိုငွေများဖြင့် ပြန်ကန်တော့လိုက်လေသည်။

ပါမောက္ခဝါ့ဒ် ကွယ်လွန်ကြောင်း သတင်းကြားရ၍ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့၊ ရန်ကုန်တက္ကသိုလ်အဓိပတိ ဘုရင်ခံဆာဟာကုတ်ဘာတလာ၊ ပါမောက္ခဂျီအိပ်ချ်လု(စ်) တို့ကလည်း ရန်ကုန်တက္ကသိုလ်အတွက် အရည်အချင်းပြည့်ဝသော ပါမောက္ခတစ်ဦး ဆုံးရှုံးရကြောင်း၊ မြန်မာပန်းချီလောကအတွက်လည်း မိတ်ဆွေကောင်းတစ်ဦး ဆုံးရှုံးရကြောင်း၊ အလင်းရောင်ကွယ်ခဲ့ရကြောင်းဖြင့် ဝမ်းနည်းသဝဏ်လွှာများ ရေးပို့ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့က ပါမောက္ခဝါ့ဒ် ကွယ်လွန်ခြင်းသည် တက္ကသိုလ်အတွက် ဆုံးရှုံးမှုကြီးဖြစ်ကြောင်းကို တက္ကသိုလ်ဘွဲ့နှင်းသဘင် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပါမောက္ခဝါ့ဒ် ကွယ်လွန်ပြီး နှစ်နှစ်အကြာ ၁၉၂၉ ခုနှစ်တွင် လန်ဒန်တွင် Memories of Kenneth Martin Ward ဟူသည့်စာအုပ်ကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့သည်။

ပါမောက္ခဝါ့ဒ် ကွယ်လွန်ပြီးနောက် သူ၏ဗုဒ္ဓစာစုများကို စာအုပ်အဖြစ်ထုတ်ဝေရန် မိခင်ဖြစ်သူက ကြိုးပမ်းခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ မော်ရစ်ကောလစ်က “မြန်မာပြည်မှာ အမှုထမ်းကြတဲ့ ဗြိတိသျှလူမျိုးထဲမှာ ဝါ့ဒ်နဲ့လုစ်တို့ နှစ်ယောက်စလုံး အလွန်ထူးခြားတဲ့လူတွေ၊ ဝါ့ဒ်ဟာ သူရေးတဲ့ ဗုဒ္ဓအဘိဓမ္မာစာအုပ်ကို ထုတ်ဝေလိုက်ရင် သူဟာဗုဒ္ဓဘာသာအပေါ် ဘယ်လောက် သက်ဝင်ယုံကြည်တယ်ဆိုတာ လက်တွေ့ပြနိုင်ပြီး ထင်ရှားကျော်ကြားသွားမှာပဲ။ စိတ်ဓာတ်တည်ငြိမ်တယ်” ဟုဆိုခဲ့သည်။ ဦစံဝင်းသည် ၁၉၄၈ ခုနှစ်ဧပြီလတွင် လန်ဒန်မြို့ရှိ ဂိုးလ်စမစ်ကောလိပ်သို့ ပန်းချီပညာတော်သင် သွားရောက်ခဲ့သည်။ ထိုစဉ်က ဦးစံဝင်းကို ပါမောက္ခဝါ့ဒ်၏ မိခင်ကြီးကလည်း စောင့်ရှောက်ပေးခဲ့သည်။ ဦးစံဝင်းက “လန်ဒန်တွင်နေစဉ် မွေးစားဖခင် ပါမောက္ခဝါ့ဒ်၏မိခင် အဘွားမစ္စဘီဂျိမ်းနှင့်တွေ့ပြီး အားတက်ခဲ့ရသည်။ အဘွားကလည်း မိမိကိုကျွေးမွေးပြုစု စောင့်ရှောက်ရာ မွေးစားဖခင်ကိုယ်စား အလွမ်းပြေခဲ့ရပါသည်” ဟုအမှတ်ရခဲ့သည်။ ဦးစံဝင်းသည် ၁၉၆၀ ပြည့်နှစ်တွင် ယူနက်စကို အရှေ့အနောက်ယဉ်ကျေးမှု ဖလှယ်ရေးဆုရရှိသဖြင့် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်စသော နိုင်ငံများသို့ လှည့်လည်ရာတွင်လည်း ပါမောက္ခဝါ့ဒ်၏ အစ်မဖြစ်သူနှင့် တွေ့ဆုံခဲ့လေသေးသည်။

ရည်ညွှန်း
■ ဦးဘဉာဏ်၏ဘဝနှင့် သူ့လက်ရာ (ဦးမင်းနိုင်)

■ ဝဏ္ဏကျော်ထင် ပန်းချီဆရာကြီးဦးစံဝင်း (ပန်းချီလှတင်ထွန်း)

■ စာရေးသူ၏မှတ်စုများ